ဓမ္မမိတ်ဆွေ
ခက်ဇော်
ဦးမြကျော်သည် တောမကျ မြို့မကျ ထိုမြို့လေးမှ အထက်တန်းကျောင်းအုပ်ဆရာကြီးဖြစ်သည်။
နယ်ဘက်ဒေသတို့၏ ထုံးစံအတိုင်း အထက်တန်းကျောင်းအုပ်ဆရာကြီးမို့ ရပ်ရွာက အလွန်လေးစားကြ၏။
နှစ်ပေါင်းသုံးဆယ်ကြာ ပညာရေးလောကတွင် ကျင်လည်ပြီးနောက် ဦးမြကျော် အငြိမ်းစားယူလိုက်သည်။
သူတို့ မြို့လေးတွင် ဆုတောင်းပြည့်စေတီတစ်ဆူရှိသည်။
လမ်းခရီးတစ်ထောက်နေရာဖြစ်သည့်အတွက် စနေ တနင်္ဂနွေနေ့များ၊ အားလပ်ရက်များတွင် ဘုရားဖူးကားများ မပြတ်စည်ကားသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်က မျက်စိလည်လမ်းမှားပြီး ဘုရားဘေးခြုံပုတ်ထဲတွင် အစာမြိုကာ လာခွေနေသည့် စပါးအုံးမြွေကြီးတစ်ကောင်ကို ဘုရားလုံခြုံရေးတစ်ဦးက တွေ့ခဲ့သည်။
အစာမြို့ မလှုပ်နိုင်မရှားနိုင်ဖြစ်နေသည့် ထိုမြွေကြီးအား ဂေါပကလူကြီးများ အမိန့်ဖြင့် ဝိုင်းမကာ ဘုရားရင်ပြင်တော်ပေါ်တွင် သံလှောင်အိမ်တစ်ခုဖြင့် ထားလိုက်ကြသည်။
ထို့နောက် ဘုရားလာဖူးသော သာသနာပြုမြွေကြီး ဟု ဆိုင်းဘုတ်တပ်ကာ အလှူခံပုံး တစ်ပုံးထားလိုက်ကြသည်။
မြွေတို့သဘာ၀ အစာရှာရင်း မျက်စိလည်လာသည့် စပါးအုံးကြီးခမြာ..ဘုရားနားခွေမိသဖြင့် နှစ်အကန့်အသတ်မရှိ လှောင်အိမ်ထဲနေကာ သာသနာပြုရရှာတော့သည်။
မြွေကြီး၏ ပရိသတ်ကလည်း တစ်နေ့တခြားများပြားလာသည်။ မြွေဖူးသလား ဘုရားဖူးသလား မသဲကွဲသည့် ဘုရားဖူးတွေ ကြိတ်ကြိတ်တိုးလာသည်။
ဘုရားကြီးကို လှူသောအလှူငွေ၊ မြွေကြီးကို လှူသောအလှူငွေများ တစ်နေ့တခြားများပြားလာ၏။
တိုက်တိုက်ဆိုင်ဆိုင် ဆရာကြီး ဦးမြကျော် အငြိမ်းစားယူပြီး ခြောက်လအကြာတွင် အနှီဘုရားဂေါပကလူကြီးများထဲမှ အဘိုးကြီးတစ်ယောက် ကွယ်လွန်သည်။
ဒီတော့ မြို့ပေါ်ရှိ လူကြီးသူမများက ဦးမြကျော် ကို လစ်လပ်နေသော ဂေါပက နေရာ တာဝန်ယူခိုင်း၏။
ပင်စင်စားဘဝဖြင့် ယောင်လည်လည်ဖြစ်နေသော ဦးမြကျော်လည်း ကုသိုလ်ရေးမို့ လက်ခံလိုက်သည်။
ဘုရားဂေါပကအဖွဲ့ဝင် ဆယ့်နှစ်ဦးကော်မတီတွင် ဘုရားဝေယျာဝစ္စများ စီမံခန့်ခွဲရေးအပြင် ဘုရားကြီး၏ အလှူခံပုံးများကို ဖွင့်ပြီး ရေတွက်ရသည့် တာဝန်လည်းရှိပါသည်။
အလှူခံပုံးများကို လေးနာရီခြားတစ်ခါ ဂေါပကများက အဆိုင်းသုံးဆိုင်ခွဲပြီး ရေတွက်ကာ စာရင်းသွင်းရသည်။
တစ်ဆိုင်းလျှင် လူကြီးသုံးဦးတာဝန်ကျပါသည်။
အလှူခံပုံးများ စတင်ရေတွက်သော နေ့က ဦးမြကျော်အတွက် အတွေ့အကြုံသစ်ဖြစ်နေပါသည်။
ဂေါပကများသည် စွပ်ကျယ်လက်ပြတ်နဲ့ ဘောင်းဘီတိုလေးများဝတ်ကာ ငွေရေမည့်အခန်းတွင်း ဝင်ရ၏။
ဘုရားပိုင်ငွေကြေးများနှင့်ပတ်သက်ပြီး ဂေါပကများအနေဖြင့် မည်သည့်အရှုပ်အရှင်း အလွဲသုံးစားခြင်းမရှိကြောင်း ပြသသည့်သဘောဖြင့် ထည့်စရာ ဝှက်စရာ အိပ်ကပ်မပြောနှင့် အဝတ်အစားပင်အပိုမဝတ်သွားရဟု ဆိုသည်။
အလှူခံပုံးများထဲမှ ငွေအားလုံးကို ကြမ်းပြင်ပေါ်ပုံချလိုက်ပြီး ဂေါပကအဖွဲ့ဝင်များက ရာတန်များ၊ ငါးထောင်တန်၊ တစ်သောင်းတန်များသပ်သပ်စီ အရင်ခွဲထုတ်ကြရသည်။
ထို့နောက်မှ လေးနာရီစာရသည့် အလှူခံငွေများကို ရေတွက်စာရင်းသွင်းကြသည်။ မီးခံသေတ္တာထဲ ထည့်သိမ်းကြသည်။
ဦးမြကျော်က မြို့မျက်နှာဖုံးအငြိမ်းစားတရားသူကြီး၊ ဆေးဆရာကြီး၊ စီးပွားရေးလုပ်ငန်းရှင်ကြီး တို့နှင့် တစ်ဆိုင်းကျသည်။
အလှူခံငွေများကို တိတ်ဆိတ်စွာရေတွက်နေကြရင်း…ပြီးခါနီးတွင်မှ တရားသူကြီးကစကားစသည်။
'ဒီကဓမ္မမိတ်ဆွေတို့တော့..မသိဘူး..ကျုပ်တော့ တလောက တရားစခန်းသွားဝင်လိုက်တာ ဉာဏ်စဉ် အဆင့် ခုန်တက်သွားလို့ တရားစစ်တဲ့ ဆရာတော်တောင် အံသြယူရတယ်။ သောတပန်အဆင့်ကို နီးလာပြီတဲ့ဗျာ..ဟဲ..ဟဲ..ဟဲ..ဟဲ''
ပြောရင်းဆိုရင်း တစ်သောင်းတန်တစ်ရွက်ကို ကျစ်နေအောင်လိပ်လိုက်သည်။ ထို့နောက် ခါးလယ်မှ ထက်ပိုင်းခေါက်ချိုးလိုက်ပြီး သူ့ပါးချောင်ထဲ ထိုးသွင်းလိုက်သည်။
ဦးမြကျော် မျက်လုံးပြူးပြီးကြည့်သည်။ သောတပန်တည်ခါနီး တရားသူကြီးက ခပ်တည်တည်ပင်။
''ကောင်းပါတယ်..ဓမ္မမိတ်ဆွေကြီးရဲ့..ကျုပ်တော့ဖြင့် တရားအလုပ်လုပ်ချင်ပေမယ့်..ဝေနေယျသတ္တဝါတွေကို ကယ်တင်ဖို့ရာ တာဝန်ကရှိသေးတော့ တတ်တဲ့ ဆေးပညာနဲ့ ကုသပေးနေရသေးတယ်။ ဒါပေမယ့် စိတ်ထဲတော့ တရားကို အမြဲနှလုံးသွင်းပါတယ်။ နောက်နှစ်ထဲတော့ မိုးကုတ်ချောင်မှာ ကျုပ်လှူထားတဲ့ တစ်ပါးကျောင်းလေးပြီးတန်ကောင်းရဲ့..အဲ့ဒီအခါကျ…လောကီအလုပ်တွေ စွန့်လွှတ်ပြီး သင်္ကန်းစည်းမယ် ဆုံးဖြတ်ထားတာပဲ..ဟဲ..ဟဲ..ဟဲ..ဟဲ''
သူ့ရှေ့မှ ဆေးဆရာကြီးကလည်း ပြောပြောဆိုဆိုဖြင့် ငါးထောင်တန်နှစ်ရွက်ကို ကျစ်နေအောင်လိပ်ပြီး ပါးချောင်ထဲ ထိုးထည့်လိုက်ပြန်သည်။
''ဘယ့်နှယ့်..ပိုက်ဆံတွေများ..ဝါးစားနေကြသလား..မဟုတ်သေးပါဘူး''
ဦးမြကျော် မျက်လုံးပြူးသွားသည်။
ဘုရား..ဘုရား.. ဒီလူတွေ ဘုရားအလှူခံငွေတွေ ဘုန်းနေကြတာပဲ။
''အင်းဗျာ..ဓမ္မမိတ်ဆွေကြီးတို့ကို အားကျရပါတယ်။ ကျုပ်ကတော့..ဒါန ပဲ အားကိုးရတယ်ဗျိုး။ ရှာသမျှ လှူဖို့ပဲ မဟုတ်လားဗျ..မအားတဲ့ကြားက ဒီဘုရားကြီးဝေယျာဝစ္စကို အခုလို ပင်ပင်ပန်းပန်းလာလုပ်ပေးနေတာလည်း ကုသိုလ်ယူနေတာပါပဲ..သေရင် ကိုယ့်နောက်ပါမှာ ဒီဒါန ကုသိုလ်လေးပဲရှိတယ်..ဟဲဟဲ..ဟဲဟဲ..ဟဲဟဲ''
ဒါနကုသိုလ်ရှင် စီးပွားရေးလုပ်ငန်းရှင်ကြီးကလည်း အားကျမခံ ကျန်နှစ်ယောက်လုပ်သလိုပင် တစ်သောင်းတန်တစ်ရွက်လိပ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်ပြန်သည်။
''ဟဲ..ဟဲ..ဟဲ..ဟဲ..ဟဲ..ဟဲ''
''ဟဲ..ဟဲ..ဟဲ..ဟဲ..ဟဲ..ဟဲ''
''ဟဲ..ဟဲ..ဟဲ..ဟဲ..ဟဲ..ဟဲ''
သုံးယောက်လုံးက သူတို့ မဟုတ်သလို တဟဲဟဲရယ်ရင်း အလှူငွေတွေပေါင်း၊ စာရင်းသွင်းပြီး လေးဦးစုံညီရှေ့ မီးခံသေတ္တာထဲ ထည့်ကြသည်။
အပြင်ပြန်ထွက်တော့…ဦးမြကျော် တစ်ခုခု ပြောဖို့ ကြံသည်။
သို့သော် ဘာပြောရမည်မသိ။
ဓမ္မမိတ်ဆွေကြီးသုံးယောက်ကတော့ ခပ်တည်တည်ပင် ဘုရားဦးချကြသည်။
ထို့နောက် ''ကဲ..လက်ဖက်ရည်သွားသောက်ကြစို့ဗျာ'' ဆိုပြီး တဟဲဟဲ နှင့် ပြန်သွားကြသည်။
ဦးမြကျော်ကို ဖုတ်လေသည့် ငါးပိရှိသည်ဟုပင် မမှတ်။
နောက်ထပ် ဂေါပက ဂျူတီတစ်ချိန်းလာသဖြင့် ဦးမြကျော်လည်း အိမ်သို့ ပြန်ခဲ့သည်။
ညပိုင်း…ဂျူတီ။
သူတို့ အချင်းချင်း ရယ်မောစကားပြောနေကြသော်လည်း ဦးမြကျော်ကို စကားမပြောကြ။ ပြုံးရယ်ပြခြင်းပင် မပြု။
ဦးမြကျော် အနေရခက်လာသည်။
သင်းတို့ ခိုးနေတာကို လူတွေသိအောင် ဖွင့်ချလိုက်လျှင်ရော။
ဦးမြကျော်စဉ်းစားသည်။
သို့သော်ငြား…သင်းတို့က သုံးယောက်။ အင်း...သုံးယောက်တင်မကသေး။ နောက်အဆိုင်းတွေလည်း ဒီနှယ့်နေလျှင် သူတို့လူစုက တောင့်ပြီ။
ဘုရားငွေကို ညီညီညာညာခိုးနေကြသည်ကို ဘယ့်သူကို တိုင်ရမလဲ။
ခက်သည်က သည်လူတွေက မြို့တွင် သူ့ထက် ငွေကြေးအရ အပုံကြီးချမ်းသာသူတွေ။ နာမည်ကြီးတွေ။
သူတို့ကို ကြည်ညိုကြသူတွေက မနည်းမနော။
သည်လို လူများက ဘုရားငွေ ထဲက သောင်းဂဏန်းလောက်ခိုးနေကြသည်လို့ လိုက်ပြောလျင် မည်သူယုံမည်နည်း။
ပြီးတော့ အားလုံးက ပေါက်ပေါက်ရောက်ရောက်တွေ။
တော်ကြာ ..အမှုက သူ့ပြန်ပတ်နေလျှင်ရော။ အသက်ကြီးမှ ရှုပ်ရှုပ်ယှက်ယှက်အဖြစ်မခံနိုင်။
နောက်ရက်။ နောက်ရက်။ နောက်ရက်များတွင်။
ဓမ္မမိတ်ဆွေများက ကျစ်နေအောင်လိပ်ကြသည်။ တစ်ခါတစ်ရံ နှစ်လိပ်၊ တစ်ခါတစ်ရံ သုံးလေးလိပ်။ ပါးချောင်ထဲ ထည့်ကြသည်။
ဦးမြကျော် ကို မူ ဘယ်သူမှ အရေးမလုပ်ကြ။ ကြာတော့ ဦးမြကျော် အထီးကျန်လာသည်။ သိမ်ငယ်လာသည်။
တခါတရံ..ထိုသူများထံမှ ဦးမြကျော်ကို ရန်လိုသော ပုံစံများပင်တွေ့လာရသည်။ မျက်နှာကြောတင်းတင်းဆက်ဆံကြသည်။
တစ်ဂျူတီကို တစ်သောင်းတန် နှစ်လိပ် ၊ တစ်နေ့ နှစ်ဂျူတီဆို လေးလိပ်။ တစ်ရက် လေးသောင်း။ ဆယ်ရက်လေးသိန်း။ တစ်လ ဆယ့်နှစ်သိန်း။
သူ့ကျောင်းဆရာသက်တမ်းတစ်လျှောက် ဒီလောက်ငွေကို တစ်ခါမှ မမှန်းဖူးခဲ့။
နေ့စဉ်တွေ့နေကြချင်းအတူတူ..သူတို့က ရယ်ရယ်မောမောပြောဆိုနေကြပြီး မိမိဝင်ပြောလျှင်ပင် မတူသလို မတန်သလို အဖက်မလုပ်သည်ကို ဦးမြကျော်ခံစားရသည်။
ထိုနေ့ကတော့ ဦးမြကျော် တစ်စုံတစ်ခုကို စမ်းသပ်ကြည့်ဖို့ စိတ်ကူးမိသည်။
အလှူခံငွေများရေတွက်ရင်း သူတို့သုံးဦးက ပရိစ္စသမုပ္ပါဒ်တရားတော်အကြောင်း ဆွေးနွေးနေကြ၏။
ထိုစဉ်..ဦးမြကျော်သည် သူ့ရှေ့မှာ…တစ်သောင်းတန်တစ်ရွက်ကို အသာယူကာ လက်နှစ်ဖက်ဖြင့် ကျစ်နေအောင်လိပ်လိုက်သည်။
ထို့နောက်..ခါးမှထက်ပိုင်းချိုးပြီး ပါးချောင်ထဲ အသာထိုးထည့်လိုက်၏။
ဟိုသုံးယောက်က သူ့ကို ကြည့်ပြီး မျက်လုံးချင်းဆိုင်လိုက်ကြသည်ကို သတိထားမိလိုက်၏။
''ဗျိုး.ဓမ္မမိတ်ဆွေ.ဆရာကြီးဦးမြကျော်..ခင်ဗျား လည်း စကားနည်းလိုက်တာ..ကျုပ်တို့နဲ့ ရင်းရင်းနှီးနှီးနေလို့ရပါတယ်ဗျ..ဘယ်နှယ့်လဲ...ဟဲဟဲ..ဟဲဟဲ''
တရားသူကြီးက စကားစသည်။
"ဓမ္မမိတ်ဆွေကြီးရော...ဘာဝနာတွေ စီးဖြန်းဖြစ်ရဲ့လား"
ဆေးဆရာက မိတ်ဆွေရင်းချာတယောက်လို ဖက်လှဲတကင်း။
"ကိုယ့်ဓမ္မမိတ်ဆွေတွေပဲ..ဒီလို စည်းစည်းလုံးလုံးနေကြတာ.. တယ်မကောင်းဘူးလားဗျ"
စီးပွားရေးလုပ်ငန်းရှင်ကြီးက လည်း အားတက်သရောလေသံဖြင့်။
အလို.တစ်သောင်းတန်တစ်ရွက် ပါးစပ်ထဲ ငုံလိုက်တာနှင့် အချိုးတွေက အလိုလိုပြောင်းသွားပုံများ။
ထိုနေ့က တရားသူကြီးဟောင်း၊ ဆေးဆရာနှင့် စီးပွားရေးလုပ်ငန်းရှင် ကြီးတို့က အငြိမ်းစားကျောင်းအုပ်ကြီး ဦးမြကျော်ကို သူတို့ထိုင်နေကျ လက်ဖက်ရည်ဆိုင်သို့ ခေါ်ကြသည်။
စကားတွေပြောကြသည်။
ဦးမြကျော် အထီးမကျန်တော့။ ရန်ရှာမခံရတော့။
ဦးမြကျော် ဓမ္မမိတ်ဆွေ အဖွဲ့ဝင်ဖြစ်ချေပြီ။
ထို့ပြင် တစ်သောင်းတန် တစ်ရွက် ကိုလည်း ဂျူတီချိန်တိုင်း ငုံပေးရတော့မည်ဖြစ်၏။
ခက်ဇော်
#ညမဖတ်ရ