သူ့အလျူ

 ‎သူ့အလှူ(စ/ဆုံး)


———-

‎ရွာတွင် ကိုကြီးမြင့်ဆိုသူသည် ကုန်စုံဆိုင်အကြီးကြီးဖွင့်ထားသည်။ သူက အသက် ၄၀ ကျော်မှ အိမ်ထောင် ကျသူဖြစ်သည်။ သူ့ဇနီးနှင့် ပဲခူးမြို့ကို ကုန်သွားဝယ်ရင်း တွေ့ဆုံချစ်ကြိုက်ပြီး လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ သူ့ဇနီးအမည်က မခင်ကျော့ဖြစ်သည်။ သူတို့တွင် သားလေးတစ်ယောက်သာရှိပြီး သူတို့သားလေးက ကျွန်တော့်ကျောင်းတွင် ဒုတိယတန်း၌ ပညာသင်ကြားနေသည်။

‎ကျွန်တော်က ကျောင်းလွှတ်ချိန်တွင် ကိုကြီးမြင့်အိမ်ဆိုင်ကိုသွားပြီး ချက်ပြုတ်ရန်အတွက် လိုအပ်သည့် ကုန်များကို ဝယ်တတ်သည်။ လကုန်ခါနီး ပိုက်ဆံပြတ်ချိန်ဆိုလျှင် ကိုကြီးမြင့်ဆိုင်တွင် အကြွေးမှတ်ခိုင်းထားပြီး ဝယ်ရသည်။ လကုန်လစာထုတ်ပြီးမှ ပြန်ဆပ်ရသည်။

‎တစ်နေ့ ကျွန်တော် သူ့ဆိုင်ကိုလာပြီး ဆန်နှင့် ဘဲဥအပြင် ရေနံဆီကိုပါ လာဝယ်သည်။ ထိုအချိန်တွင် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် လူတစ်ယောက်သည် ပလိုင်းတစ်လုံးလွယ်ကာ သူ့ဆိုင်ထဲကို ဝင်လာ သည်။ ထိုသူကလည်း ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စသည့် အိမ်အတွက် လိုအပ်သော ကုန်များကို ဝယ်နေသည်။

‎ကျွန်တော်က အေးအေးဆေးဆေးဖြစ်သဖြင့် ထိုသူကို လိုအပ်သော ကုန်များ ဦးစွာချိန်ပေးလိုက်ရန် ကိုကြီးမြင့်ကိုပြောပြီး ရေနွေးကြမ်း ထိုင်သောက်နေသည်။

‎ကုန်တွေအားလုံးကို ချိန်ထုပ်ပြီးနောက် ကိုကြီးမြင့်က တွက်ပေးသည်။ စုစုပေါင်း ၃၀ ကျော်ဖိုးလောက်ကျသင့် သည်။ ထိုသူက သူ့ခါးပုံစထဲမှ ပိုက်ဆံလေးတွေကိုထုတ်ပြီး

‎“ခုတော့ ၁၂ ကျပ် လောက်ပဲပါတယ် … ယူထားပါလား။ ဝါးခုတ်ပြန်လာရင် ကျန်တဲ့ငွေ ပေးပါ့မယ်”

‎“မရဘူးဦးလေး … ဦးလေးကို ကျွန်တော်မသိဘူးလေ”

‎“ကျွန်တော် ရေလည်ရွာကပါ … တောတက်မလို့။ ကျွန်တော့်မိသားစုမှာ စားစရာ မရှိလို့ပါ။ ကျွန်တော်တို့ ထမင်းမစားရတာ နှစ်ရက်ရှိပါပြီ။ အဲဒါ ဒီကုန်လေးတွေတော့ ပေးလိုက်ပါခင်ဗျာ။ ကျန်ငွေကို တောထဲက ပြန်ထွက်လာရင် ပေးပါ့မယ်”

‎“ဦးလေး … ထမင်းမစားရသေးဘူးလား”

‎“ဟုတ်ပါတယ် နှစ်ရက်ရှိပါပြီ”

‎ကိုကြီးမြင့်က သူ့မိန်းမ မခင်ကျော့ကို အော်ခေါ်လိုက်သည်။

‎“ခင်ကျော့ရေ”

‎အိမ်နောက်ဖေးတွင် ချက်ပြုတ်နေသော မခင်ကျော့ကို အပြေးလေးထွက်လာသည်။

‎“ဘာဟင်းချင်သလဲ”

‎“မနက်က ဝက်သားလေးရထားလို့ ဝက်သားဟင်း ချက်နေတယ်လေ”

‎“ထမင်းတစ်ပန်းကန်လောက်ယူခဲ့ပါကွယ် … ဟင်းပါပုံခဲ့”

‎“ဘာလုပ်မလို့လဲ”

‎“သွားပါ ယူခဲ့စမ်းပါ … ဒီဦးလေးက ထမင်းမစားရသေးလို့တဲ့”

‎မခင်ကျော့က ထမင်းတစ်ပန်းကန်မောက်မောက်တွင် ဝက်သားနှစ်တုံးပုံလာပြီး လာပေးသည်။

‎“ရော့ဦးလေး … စားလိုက်”

‎“နေပါဗျာ … ရပါတယ်”

‎“စားလိုက်ပါ … ကျွန်တော်အလှူလုပ်တာလို့ သဘောထားပါ”

‎ထိုဈေးဝယ်လာသူက သူညွှန်ပြသည့် အိုးဆီသွားကာ လက်တွေကိုဆေးပြီး ကိုကြီးမြင့် ပေးသည့် ထမင်းနှင့် ဟင်းကို အားရပါးရစားသည်။ သူကာ စားပြီးနောက်ပန်းကန်တွေကို သွားဆေးကာ ပြန်လာပြီး

‎“ကျေးဇူးတင်ပါတယ်ခင်ဗျာ … ကျွန်တော့်ကို ကုန်တွေပေးလိုက်မှာလား”

‎“မပေးဘူး … ဦးလေးဆီမှာ ပါလာတာ ၁၂ ကျပ်ဆိုတော့ ကျွန်တော် ဆန်ပဲပေးလိုက်မယ်။ ကျန်တာကိုတော့ မပေးလိုက်နိုင်ဘူး။ ဆန်ဖိုးက တကယ်ဆိုရင် ၁၃ ကျပ်ခွဲလောက်ကျတယ်။ ကျွန်တော် တစ်ကျပ်ခွဲလျှော့ ပေးလိုက်မယ်။ ကျန်တာတွေကတော့ ဦးလေးပိုက်ဆံရမှပဲ လာယူပေါ့”

‎ကိုကြီးမြင့်က သူ့ကိုဆန်ထုပ်လေးတစ်ထုပ်သာ ပေးလိုက်ပါသည်။

‎ထိုသူလည်းပလိုင်းထဲကို ဆန်ထုပ်လေးထည့်ပြီး ငိုက်စိုက်စိုက်နှင့် ထွက်သွားသည်။ ထိုသူထွက်သွားမှ

‎“ကိုကြီးမြင့်ရယ် … သနားပါတယ် … ပေးလိုက်ရောပေါ့”

‎“ဆရာ ကျွန်တော်သနားလို့ ထမင်းကျွေးလိုက်တာပေါ့။ ကျန်တဲ့ကုန်တွေကတော့ ပေးလို့မဖြစ်ဘူးဆရာ”

‎“ဘာဖြစ်လို့လဲဗျာ”

‎“ကျွန်တော် စီးပွားရေး လုပ်နေတာလေဆရာ။ နေရာတကာလိုက်ပြီး သနားနေရင် ကျွန်တော် မွဲသွားမှာပေါ့။ သူ့ကို ကျွန်တော်မသိဘူးဆရာ။ ကျွန်တော်သိတဲ့ ဝါးခုတ်သမားတွေကိုတောင် ကုန်ကြွေးတွေ ပေးလိုက်ပေမယ့် ကိုယ့်ဆီမှာ ဝါးမအပ်ဘဲ အခြားကုန်သည်ဆီမှာ ရောင်းစားတာ ကြုံနေရတာ။ ကိုယ့်ရွာသားအချင်းချင်းတောင် အဲဒီလိုလုပ်ရင် အခြားရွာက ကိုယ်မသိတဲ့သူဆို ဘယ်လိုယုံရတော့မှာလဲ”

‎ထိုစဉ် သူ့မိန်းမ မခင်ကျော့က ထွက်လာပြီး

‎“အဲဒါဆိုလည်း စောစောကတည်းက ဆန်ဖိုးပဲသင့်သလောက်ယူပြီး ပြန်ခိုင်းလိုက်ရောပေါ့ကိုကြီးမြင့်ရယ်။ ဘာဖြစ်လို့ ထမင်းပါကျွေးနေရတာလဲ”

‎“ထမင်းကျွေးတာက ငါကုသိုလ်လုပ်လိုက်တာ။ အကြွေးမပေးတာက စီးပွားရေးလုပ်နေတာ။ တစ်ကန့်စီ ထားရမယ်လေ။ သူ့ကို ငါတို့စားမယ့်ထဲက ထမင်းတစ်ပန်းကန် ဖဲ့ကျွေးလိုက်ရလို့ ငါတို့ဘာမှ ထိခိုက်သွားစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ သူ့အပေါ် ငါတို့အကြွေးတင်သွားပြီ”

‎“ဘာအကြွေးလဲ”

‎“ငါစေတနာ သူ့အပေါ်ထားပြီး ကျွေးလိုက်တယ်ဆိုတဲ့ စေတနာကြွေးပေါ့။ သူက နောက်ဆို ငါ့ဆီမှာ လာဝယ်ချင်လည်း လာဝယ်မယ်။ မဝယ်ချင်လည်း မဝယ်ဘူး။ ဒါပေမဲ့ သူဆာနေတဲ့အခိုက်လေးမှာ သူ့ဝမ်းကို ဖြည့်ပေးလိုက်တာကိုတော့ သူတစ်သက်မေ့မှာ မဟုတ်ဘူး။ အဲဒါလည်း စီးပွားရေးလုပ်တာပဲကွယ့်”

‎ကျွန်တော်တို့ရွာတွင် ဆိုင်ပေါင်း လေးငါးဆိုင်လောက်ရှိပါသည်၊ သို့သော် ကိုကြီးမြင့်ဆိုင်လောက် မည်သည့် ဆိုင်မျှ မရောင်းရပါ။ သူ့ဆိုင်မှာ ကြီးသည်ထက်ကြီး၊ စုံသည့်ထက်စုံလာသည်။ သူ့မှာ ဝါးသွင်းသူတွေလည်း များသည်ထက်များလာသည်။

‎နောက်ပိုင်း ကြုံသဖြင့် သူထမင်းကျွေးလိုက်သူအကြောင်း မေးမိသည်။ သူ့ထံတွင် ဝါးသွင်း ကုန်ယူအလုပ်ကို ပုံမှန် လုပ်နေကြောင်း သိရသည်။

‎ကိုကြီးမြင့်ချမ်းသာပြီးရင်းချမ်းသာသည်။ သူက အလုပ်နှင့် ကုသိုလ်ကိုခွဲခြားယူတတ်သည်။ သူလှူလျှင်လည်း လက်ရှိအကျိုးရှိသော အလှူများကိုသာ လှူတတ်သည်။ ကျွန်တော့်ကျောင်းကိစ္စဆိုလျှင် သူလက်မနှေး တတ်ပါ။ တံတားဆောက်၊ လမ်းဖောက်၊ ရေကန်တူး သူအလှူငွေအများဆုံးထည့်ကာ မတည်တတ်သည်။

‎“ဆရာ အလှူဆိုတာ လှူတတ်မှမြတ်တာပါ။ ကျွန်တော်ကတော့ နောင်ဘာဖြစ်လာမယ်ဆိုတာတွေ ပြောပြီး မရေရာတဲ့ အလှူတွေကို လှူရတာထက်၊ လက်တွေ့ ကိုယ့်မျက်စိအောက်မှာ အကျိုးဖြစ်လာတဲ့ လက်တွေ့ မျက်တွေ့ အလှူတွေကိုပဲ စိတ်ဝင်စားတယ်ခင်ဗျ” ဆိုသည့် သူ့ပြောစကားလေးကို ကျွန်တော်တစ်သက်မမေ့ပြီ။

‎တင်ညွန့်

‎၇.၂.၂၀၂၅