ဖောက်ပြန်ခြင်းအမှား

 * ဖောက်ပြန်ခြင်း အမှား*📖📖📖(စ/ဆုံး)


————————————


ကြောက်စရာကောင်းသော

လူထွားကြီး နှစ်ယောက်

လက်ထဲတွင် ကြီးမားသော ဓားရှည်ကို

တစ်ယောက်တစ်လက် ကိုင်ထားကာ

ဂူထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး

ကျမကို အတင်းဆွဲခေါ်ကြတယ်။

ကျမ ကြောက်လန့်တကြား အော်ကာ

ရုန်းထွက်သော်လည်း မရ

ထိုလူထွားကြီး နှစ်ယောက်

ဆွဲငင် ခေါ်ဆောင်ရာ နောက်ကို

အော်ရုန်းရင်း လိုက်ပါခဲ့ရတယ်။

ကြီးမားသော ဂူကြီးအတွင်းတွင်

မီးရောင်များ ထိန်ထိန်လင်းလျက်

ကျမ လူထွားကြီး နှစ်ယောက်

်ခေါ်ဆောင်ရာနောက်ကို လိုက်ရင်း

ဘေးပတ်လည်တွင်

မိန်းမ ယောကျ်ား စုံလင်လှသော

လူများစွာတွေဟာ ဒုက္ခ မျိုးစုံနဲ့

နှိပ်စက်ညှင်းပန်းခံနေရတာကို

ချောက်ခြားစရာ မြင်တွေ့ခဲ့ရပါတယ်။

အဲတော့မှ ကျမ သဘော ပေါက်တော့တယ်

ဘုရား ဘုရား…ဒါ…ဒါ ငရဲပြည်ပါလား…။


~~~~~~~~~~~~


( ၁ )

-~-~-


ကျမကို အရမ်းချစ်ခဲ့သူတစ်ယောက်

ကျမပေါ် အရာရာ နားလည်ပေးပြီး

အရမ်းကောင်းခဲ့သူတစ်ယောက်ကို

ကျမ သစ္စာ ဖောက်ခဲ့မိတယ်လို့

သိလိုက်ရတဲ့ သူတွေတိုင်းဟာ ကျမကို

ရွံရှာ မုန်းတီးကြမှာ အမှန်ပါပဲ။


ဒါပေမယ့် ကျမဟာ တကယ်ပဲ

ကျမအပေါ် ကောင်းခဲ့သူတစ်ယောက်

အစစအရာရာ နားလည်ပေးပြီး အမြဲခွင့်လွှတ်

ချစ်ခဲ့သူ တစ်ယောက်ဖြစ်တဲ့

မောင့်ကိုသစ္စာ ဖောက်ခဲ့မိပါတယ်။


………မောင်နဲ့ စတွေ့ခဲ့ တဲ့အချိန်ဟာ

ကျမ ဆယ်တန်း ပထမနှစ် မအောင်လို့

ဒုတိယ နှစ် ပြန်တက်နေတဲ့အချိန်ပါ ပဲ။

ဆောင်းရာသီရဲ့ တစ်ခုသော ညနေခင်း အချိန်

ကျမသူငယ်ချင်း ဝါလေးရဲ့ မွေးနေ့ပွဲမှာ

မောင်နဲ့ ကျမ ဆုံတွေ့ကြခဲ့ပြီး

အသိမိတ်ဆွေတွေ စ ဖြစ်ခဲ့ဲကြတယ်။

အဲဒီတုန်းက မောင်ပြောခဲ့စကားလေးကို

ကျမ အခုအချိန်ထိ အမှတ်ရနေသေးပါတယ်

ကျမ သူငယ်ချင်း ဝါလေး က မောင်နဲ့

ကျမကို မိတ်ဆက်ပေးတော့


.”..အခုလို ချောမောလှပပြီး အနေအေးတဲ့

မိန်းကလေး တစ်ယောက်နဲ့

သူငယ်ချင်း ဖြစ်ခွင့်ရတာ ကျနော် ဝမ်းသာ

မိပါတယ်” တဲ့


တကယ်တော့ ကျမဟာ

မောင်ပြောသလို မဟုတ်ခဲ့ပါဘူး

ကျမ အကြောင်းမသိသေးလို့ မောင်ဒီစကား

ပြောမှန်း ကျမသဘောပေါက်လို့

ဘာမှ ပြန်မပြောခဲ့ပါဘူး။


ဝါလေးဟာ မောင့်ရဲ့ ညီမဝမ်းကွဲတယောက်ပါ

အဲဒီတုန်းက မောင်ပြောခဲ့တဲ့

စကားကြောင့် ကျမ အရမ်းပျော်ခဲ့မိပါတယ်။

အမှန်တိုင်းပြောရရင် ကျမ မောင့်ကို

တစ်ဖက်သတ် စွဲလမ်းမိခဲ့တယ်။

အဲ ဒီအချိန်ကစပြီး

မောင်နဲ့ ကျမ ရင်းနီး ခဲ့ကြတယ်။


မောင့်နာမည်က နိုင်ထူး

ကျမနာမည်ကမိုးနွေ

မောင်က ရိုးရိုးလေးနဲ့ အနေအေးသလောက်

ကျမကတော့ အရမ်းကို အနေအထိုင်

စည်းကမ်းမဲ့လွန်းခဲ့တယ်

အစစ အရာရာ ပေါ့

ပြောရမယ်ဆိုရင် ကျမက မျက်နှာများတဲ့

မိန်းမတစ်ယောက်ပါ။

ရည်းစားတွေဆိုလည်း တယောက်ပီး

တစ်ယောက်တွဲခဲ့တယ်။

အသိမိတ်ဆွေ ဖြစ်ပြီးလို့ သိပ်မကြာခင်မှာပဲ

မောင်က ကျမကို ချစ်ရေးဆိုလာခဲ့တယ်။

ကျမအံ့သြခြင်းတွေနဲ့အတူ

ဝမ်းသာမိခဲ့ပါတယ်။

ကျမလို ရည်းစားတွေ မှိုလိုပေါက်နေတဲ့

မိန်းမတစ်ယောက်ကို

မောင့်လို ရိုးရိုး အေးအေး

ရည်းစားတောင်မထားဖူးခဲ့တဲ့

လူက ကျမကို ချစ်ရေးဆိုလာတော့

ကျမ ဝမ်းသာမိတာပေါ့။


ကျမဟာ ရည်းစားတွေများစွာထား

အပျော်အပါးနဲ့ အလှအပတွေကိုပဲ

စိတ်ဝင်စားနေခဲ့လို ပင်ကိုဉာဏ် ကောင်းပေမယ့်

ဆယ်တန်းကို နှစ်နှစ်လုံးလုံး ကျခဲ့တယ်။


“ငါ့…ကို တကယ်ချစ်နိုင်လို့လား

နိင်ထူး ရယ်…ငါ့အကြောင်းလေး

နည်းနည်းပါးပါး စုံစမ်းကြည့်ပါဦး”


ကျမအဲလိုပြောတော့


“မိုးရယ်…နင်အရင်တုန်းက ရည်းစားတွေ

ဘယ်လောက်များများ ဘယ်လောက်ထားထား

ငါစိတ်မဝင်စားဘူး

ငါနဲ့ ချစ်တဲ့ အချိန် ငါ့အချစ်ကို လက်ခံတဲ့အချိန်မှာ

ငါ့ကို သစ္စာ ရှိရှိ ချစ်နေပေးဖို့ပဲလိုတယ်

ငါနဲ့ မပတ်သက်ခင် အချိန်တုန်းက

အကြောင်းတွေ ငါဂရုမစိုက်ဘူး

ငါနဲ့ ပတ်သတ်နေတဲ့ အချိန်တွေမှာ အရှုပ်အရှက်

ကင်းကင်း ရှိရင်ရပါပီဟာ…”


မောင်ဟာ ကျမကို တကယ်ပဲချစ်တာလား

ကျမအကြောင်းသိနေလို့ အပျော်တွဲဖို့

အတွက်လား ဆိုတဲ့ သံသယတွေနဲ့

မောင့်အချစ်ကို ကျမလက်ခံခဲ့ပါတယ်။

ဒါပေမယ့် မောင်ဟာ ကျမထင်သလို

မဟုတ်ပဲ ကျမအပေါ် တစ်ကယ်ချစ်ပီး

အစစအရာရာ နားလည်ပေးခဲ့တယ်

သဘောထားပြည့်ဝစွာနဲ့ ကျမကို မောင့်ချစ်ခဲ့ပါတယ်။

ချစ်ခဲ့တဲ့ အချိန်ကာလတွေမှာ ဘယ်တုန်းကမှ

ကျမအပေါ် အနိုင်မယူခဲ့ပါဘူး

အခွင့်အရေးလဲ မယူခဲ့ပါဘူး

ကျမကို တန်းဖိုးထားချစ်ခဲ့တဲ့ မောင့်အချစ်တွေ

အတွက် ကျမ အရမ်းပဲအားရ ကျေနပ်

မိခဲ့ပါတယ်။

ရည်းစား တွေ အများကြီး ထားခဲ့ပေမယ့်

မောင့်လောက်ချစ်ခဲ့သူ

မရှိခဲ့သလိုပါပဲ မောင်နဲ့ချစ်သူဖြစ်တဲ့

နေ့က စပြီး ကျမ ရည်းစားလည်းမရှုပ်တော့ပါဘူး မောင့်ကိုတော့ ကျမ တကယ်

ချစ်ခဲ့မိပါတယ်။

မောင်နဲ့ ချစ်ခဲ့ပီး နောက်ပိုင်းမှာတော့

ကျမဟာ အစစအရာရာ ပြောင်းလဲခဲ့ပါတယ်

ဒါကလည်း မောင်ပြု ပြင်ပေးခဲ့တာဆိုရင်

ပိုမှန်ပါတယ်။

မောင်ဟာ ကျမကို အစစအရာရာ ပြောဆို

ဆုံးမ ခဲ့တယ်။

ကျမလည်း မောင့်ကို တကယ်ချစ်ခဲ့မိတော့

လိုက်နာ နားထောင်ခဲ့တာပေါ့လေ။


( ၂ )

~~~


ပတ်ဝန်းကျင် မှာ ကျမဟာ နာမည်ခပ်ဆိုးဆိုးနဲ့

မောင်ဟာ ပတ်ဝန်းကျင်ရဲ့ အထင်သေးတဲ့

အကြည့်နဲ့ကြည့်ကြ ပြောကြတဲ့

အကြည့်တွေ အပြောတွေကို မကြားချင်ယောင်

ဆောင်ပြီး ကျမကို လက်တွဲခဲ့တယ်။


တခါတခါ ကျမ မောင့်ကို အရမ်းအား

နာမိတယ်။

ကျမကြောင့် မောင့်ရဲ့ အဖြူရောင် အထည်လေးဟာ အစွန်းအထင်း တွေ

ထင်တော့မှာ လားဆိုတဲ့ အတွေးနဲ့

စိတ်မကောင်း ဖြစ်ခဲ့ရပြန်ပေါ့။


“မောင်….မိုးတို့ လမ်းခွဲရအောင်”


ကျမအဲလို ပြောတိုင်း


” ဘာလို့လဲ မိုး ဘာကြောင့် လမ်းခွဲရမှာလဲ”


မောင်ဟာ စိုးရိမ်တကြီး နဲ့ အဲလိုပြန်မေးတတ်တယ်။

“” မိုးရေ မောင် ပတ်ဝန်းကျင် ကိုဂရုမစိုက်ပါဘူး

မောင်….မိုး ကို ချစ်တယ်

မိုးလဲ မောင့်ကို ချစ်တယ် ပြီးပြီပဲ မဟုတ်လား

ဘာလိုသေးလို့လည်း

ဘာတွေကိုမှ တွေးနေစရာ မလိုပါဘူးကွာ””


ကျမ စိတ်မကောင်းစွာနဲ့ လမ်းခွဲမယ်

ပြောတိုင်း မောင်က အဲလိုပြောတော့

ကျမ အရမ်းဝမ်းသာ ခဲ့ရတာပေါ့။


ချစ်သူ ဖြစ်ပီးလို့ တစ်နှစ်လောက် ကြာတော့

မောင်က ကျမကို

လက်ထပ်ခွင့်တောင်းလာတယ်။


“မိုး…မောင်တို့ လက်ထပ်ကြရအောင်”


မောင့် ဆီက အဲစကားကြား လိုက်ရချိန်

ကျမ အရမ်းပဲ ပျော်ခဲ့မိတယ်။


.”.မောင် လက်ထပ်ခွင့်တောင်းတာ

မိုး ဘက်က ငြင်းစရာ မရှိပါဘူး မောင်ရယ်.”.


အဲလိုနဲ့ မောင်နဲ့ ကျမ လက်ထပ်ဖြစ်ခဲ့ကြတယ်။

မောင့်မိဘတွေက ကျမနဲ့သဘောမတူကြဘူး

မောင်ဟာ မိဘတွေနဲ့ခွဲပြီး ကျမကို

လက်ထပ်ယူခဲ့တယ်။

ကျမ အပေါ် အဲလောက်ချစ်ခဲ့တာပါ။


အိမ်ထောင် သက်တန်း တစ်နှစ်လောက်

အကြာမှာ မောင်ဟာ အလုပ်ကိက္စ တစ်ခုနဲ့

ရန်ကုန်ကို သွားခဲ့တယ်။

မောင်နဲ့ ခွဲခွာရတဲ့ အချိန်လေးမှာ

ကျမ မောင့်ကို အရမ်း သတိရ လွမ်းဆွတ်

မိခဲ့ပါတယ်။


အမှန် အတိုင်း ပြောရရင် ကျမရဲ့ ဗီဇက

ပြန်ပေါ် လာတယ်လို့ ပြောရမှာပါပဲ

မောင်နဲ့ ဝေးနေတဲ့ လ အနဲငယ်

အချိန်လေးမှာပဲ ကျမဟာ တခြား ကောင်းလေး

တယောက်နဲ့ သံယောဇဉ် ဖြစ်ခဲ့မိတယ်။


သုံးလလောက် အကြာမှာ မောင်ဟာ

ရန်ကုန်ကနေ ကျမတို့ နေတဲ့ နယ်မြို့လေးကို

ပြန်ရောက်လာခဲ့တယ်။


မောင့်ကိုကြည့်ရတာ ဘာမှမသိလိုရှိပေမယ့်

ကျမ လုပ်ထားတဲ့ အမှား အတွက်

ကျမကို ကျမ ကြောက်လန့် နေခဲ့မိတာတော့

အမှန်ပါပဲ။

နောက်ပိုင်းမှာ ကျမဟာ

တစ်ခြား ကောင်လေးတစ်ယောက်နဲ့

ချိန်းတွေ့တဲ့ အထိ ဖြစ်လာခဲ့တယ်။

မောင်ကတော့ ရန်ကုန်သွားပေမယ့်

အရင်လို ကြာကြာ မနေတော့ဘူး

သွားလိုက် တစ်ပါတ်လောက်နေ ပြန်လာလိုက်နဲ့

ကျမ လုပ်ရပ်တွေကို မောင်သိနေသလားလို့

စိုးရိမ်မိသေးတယ်။

ဒါပေမယ့် မောင်က ဘာမှ မမေး မပြော

တာကြောင့် စိတ်နည်းနည်းတော့

သက်သာမိတာပေါ့လေ။


မောင် ကျမ ကို အမြဲ ပြောတဲ့ စကားလေး

တစ်ခွန်းရှိတယ်၊


” မိုး…လိမ်လိမ်မာမာ နေနော်

နေကောင်းအောင်နေ

ကျန်းမာရေး ဂရုစိုက်”


အဲစကားတွေက ကျမကို မောင် အမြဲ

ပြောခဲ့တဲ့ စကားပေါ့။


နောက်ပိုင်းမှာ ကျမဟာ မောင့်ကို သစ္စာ ဖောက်

ပြီး တခြား တစ်ယောက်နဲ့ ဖောက်ပြန်မိတဲ့

အထိ ဖြစ်လာခဲ့တယ်။

မောင်လည်း ရန်ကုန်ကနေ ပြန်မလာတာ

ငါးလလောက်ရှိနေပြီဆိုတော့

လွတ်လပ်စွာ ပါပဲ ကျမ အမှားတွေကို

ကျူးလွန်နေခဲ့မိတယ်။

အဲဒီအချိန်တွေမှာ မောင်ဟာ ကျမကို

အဆက်အသွယ် မလုပ်တော့ပါဘူး

ကျမ ဆက်သွယ်ကြည့်တော့လည်း မောင့်ဖုန်းက

စက်ပိတ်ထားတယ်တဲ့


မောင် သိများ သိသွားလေပြီလား…


နည်းနည်းတော့ စိုးရိမ်မိတာပေါ့


တစ်နေ့ ဝါလေး ကျမ ဆီ ရောက်လာပီး


…မိုးနွေ…နင်ဟာ မိန်းမပျက်မ

နင့်လို မိန်းမ မျိုးနဲ့ ငါ့အစ်ကို နှင့် မိတ်ဆက်ပေး

မိတာကိုက ငါ့အမှား ”


“ဟေ့..ငါ ဘာလုပ်နေလို့ နင်ငါ့ကို ဒီစကား

လာပြော နေတာလည်း ဝါလေး”


“နင် ဘာလုပ်နေတယ် ဘယ်တွေကို

ခြေဦးလှည့်နေတယ် ဆိုတာ

ငါအကုန်သိတယ် မိုးနွေ ဒီအတိုင်းဆို မဖြစ်ဘူး

ငါ့ အစ်ကို ကိုအကုန်ပြောပြပြီး နင်နဲ့

လမ်းခွဲ ခိုင်းရမယ် နင့်လို မိန်းမမျိုးကို

ငါ ရွံတယ် ..ဘယ့်နယ်ဟယ်…ကာမပိုင်

ယောကျ်ား ရှိပါရဲ့နဲ့ တခြားတယောက်နဲ့

ဖောက်ပြန် ရတယ်လို့ …နင့်ကိုငါ အစတုန်းက

အဲလိုမထင်ထားဘူး အခုတော့ဟေ…””


ဝါလေး ကျမကို ပက်ပက်စက်စက် ပြောပြီး

လှည့်ထွက်သွား ခဲ့တယ်။

ကျမ ဘာမှ ပြန်မပြောထွက်ခဲ့

သူပြောတာလည်း ဟုတ်တာပဲလေ

ကျမကို ကျမတော့ ဟုတ်လှပီ ထင်နေတာ

တကယ်တော့ ပတ်ဝန်းကျင် က ကျမလုပ်ရပ်

တွေကို သိနေကြပြီလေ။


ကျမ တခုခုကို ရွေးခြယ် ဆုံးဖြတ်မှ ရတော့မယ်

မထူးတော့ ပါဘူးလေ ကျမ အကြောင်း

အကုန်သိနေကြပီဆိုတော့

ဒီအသိုင်းအဝိုင်းကြားမှာ အထင်သေးတဲ့

အကြည့်တွေနဲ့ မျက်နာ ငယ်မနေချင်တော့ဘူး


အဲဒီညက ကောင်းကင်မှာ ကြယ်တွေစုံလို့

အာကာ တစ်ခွင် အလှဆင် ထားကြတယ်။


ကျမနဲ့ ချစ်နေကြတဲ့ အောင်ကျော် ဆိုတဲ့

ကောင်လေးဆီကို ကျမ အပြီးသွားဖို့

ထွက်လာခဲ့တယ် ။

အဲဒီ တုန်းက ဘာ့ကြောင့်မှန်းမသိ

ကျမ စိတ်တွေ အရမ်းလှုပ်ခြား

နေခဲ့တယ်။

Taxi ကားလေးပေါ် မှာ ကျမ စိတ်လှုပ်ခြားစွာနဲ့

လိုက်ပါလာရင်း

တစ်နေရာ အရောက်မှာ


…ဝုန်း…ဒုန်း…


ကြယ်လောင်သော ကားဟွန်းတီးသံနှင့်အတူ

ကျမ စီးလာသော ကားကို တစ်ခြားကား

တစ်စီးက ဝင်တိုက်လိုက်တာကိုပဲ

ကျမ သိလိုက်တော့တယ်။


( ၃ )

~~~


ကားပေါ်က ကျမ ထွက်လိုက်တော့

ကားနားမှာ လူတွေ ဝိုင်းအုံနေကြတယ်။

အနားကို သွားကြည့်မိတော့ ကားမောင်း

တဲ့ ဦးလေးကြီး တော့ သွေးအိုင်ထဲမှာ

သေနေလေရဲ့။


ကျမ အဲဒီနေရာက လှည့်ထွက်ခဲ့ပီး

အောင်ကျော်ဆီကို သွားခဲ့တယ်။

သွားရင်း သွားရင်း ဘယ်တွေကို ရောက်သွား

လည်းမသိတော့ဘူး

ဘေးပတ်လည်မှာ မကောင်းဆိုးဝါးတွေပဲ

တွေ့နေရတယ်။

သရဲ တစ္ဆေ နာနာဘာဝတွေ များလိုက်တာ

နေရာတွေ လုကြ လူတွေစွန့်ပစ်ထားတဲ့

အစားအစာ အကြွင်းအကျန် လေးတွေကို

လုယက်စားသောက်နေကြတာတွေကို

တွေ့ရတယ်။

သူတို့တွေ ကြည့်ပြီး စိတ်မကောင်း

ဖြစ်မိသလိုပါပဲ

လမ်းလျောက်ရင်းနဲ့ အိမ်ကြားလေးတွေ နားက

ကျမ ဖြတ်လျောက်သွားမိတော့

တိုးတိုး တိတ်တိတ် ဖောက်ပြန်နေကြတဲ့

လူတွေကို တွေ့ရတယ်။

တစ်ချို့ ယောကျ်ား တွေ မိန်းမရှိရဲ့နှင့်

တခြား မိန်းကလေးတွေနဲ့ ဖောက်ပြား

နေတာတွေကို တွေ့ရတယ်။


..အဲမိန်းမကြီးကို ကို မချစ်ပါဘူးကွာ

ကိုက ချစ်လေးကိုပဲ ချစ်တာပါ..


…အခု မိန်းမကို ကွာရှင်းပြီး

သဲလေး ကို လက်ထပ်မယ်နော်…


ခြုံကြား အိမ်ကြား လေးတွေမှာ

ခိုးတွေ့ နေကြတဲ့ သစ္စာ မရှိတဲ့ လူများစွားကို

ကျမတွေ့ရတယ်။

အဲတော့ မှ ကျမ မောင့်ကို သတိရမိတယ်

…အော်…မောင်ဟာ ကျမအပေါ် အရမ်းကောင်း

ခဲ့ပါလား…ကျမ မြင်တွေ့နေရတဲ့ ယောကျ်ား တွေ

ဟာ မိန်းမရှိရဲ့နဲ့ ဖောက်ပြန်နေကြတယ်

မောင်ကတော့ အဲလို မဟုတ်ပဲ

ကျမကို သစ္စာ ရှိရှိ ချစ်ခဲ့တာကို

ကျမ ဘာလို့ သစ္စာ ဖောက်ရတာလည်း

ကျမ မှားပြီ …တွေးရင်းနဲ့ မျက်ရည်ဝဲလာမိတယ်

ကျမ မောင့်ဆီပဲ ပြန်မယ်

မှားခဲ့တဲ့ အမှားတွေအတွက် ရှိခိုး တောင်းပန်ပီး

မောင့်ကိုပဲ သစ္စာ ရှိရှိနဲ့ တစ်သက်လုံး

အတူနေသွား တော့မယ်လို့

ဆုံးဖြတ်ပြီး ကျမ အိမ်ပြန် ခဲ့ပါတယ်။


ဒါပေမယ့် ကျမ ဘယ်တွေရောက်လို့

ရောက်သွားမှန်းမသိ

ခြုံနွယ်များ ပိတ်ဆို့ထားတဲ့

ကျောက်ဂူ နား အရောက်မှာ လူနှစ်ယောက်

ရုတ်တရက် ပေါ်လာကြတယ်။


ကြောက်စရာကောင်းသော

လူထွားကြီး နှစ်ယောက်

လက်ထဲတွင် ကြီးမားသော ဓားရှည်ကို

တစ်ယောက်တစ်လက် ကိုင်ကာ

ကျမကို အတင်းဆွဲခေါ်ကြတယ်။

ကျမ ကြောက်လန့်တကြား အော်ကာ

ရုန်းထွက်သော်လည်း မရ

ထိုလူထွားကြီး နှစ်ယောက် ဆွဲငင် ခေါ်ဆောင်ရာ နောက်ကို အော်ရုန်းရင်း လိုက်ပါခဲ့ရတယ်။

ကြီးမားသော ဂူကြီးအတွင်းတွင်

မီးရောင်များ ထိန်ထိန်လင်းလျက်

ကျမ လူထွားကြီး နှစ်ယောက်ခေါ်ဆောင်ရာကို

လိုက်ရင်း ဘေးပတ်လည်တွင်

မိန်းမ ယောကျ်ား စုံလင်လှသော

လူများစွာတွေဟာ ဒုက္ခ မျိုးစုံနဲ့

နှိပ်စက်ညှင်းပန်းခံနေရတာကို

ချောက်ခြားစရာ မြင်တွေ့ခဲ့ရပါတယ်။

အဲတော့မှ ကျမ သဘော ပေါက်တော့တယ်

ဘုရား…ဘုရား…ဒါ…ဒါ ငရဲပြည်ပါလား…။


ကျမ တုန်လှုပ်ချောက်ခြားစွာ ငေးမောနေတုန်းမှာပင် လူထွားကြီး နှစ်ယောက်က

ဂူလေး တစ်ဂူနား ခေါ်သွားကြပြီး

အဝတ်ဗလာနဲ့ ကျောက်သား ထိုင်ခုံပေါ်တွင်

တောင့်တောင့်ကြီး ထိုင်နေသော

မျက်နာထား တင်းတင်းနဲ့

လူကြီး တစ်ယောက်ရှေ့တွင်

ကျမကို ထူးထောက်ခိုင်းလိုက်ပြီး။


.”..လူတစ်ယောက် ခေါ်လာတယ်

ငရဲမင်းကြီး.. “.


ကြားလိုက်ရသော စကားကြောင့်

ကျမ အတော်လေး ထိန့်လန့်သွားမိတယ်

အော်…ငါ့ရှေ့မှာ ထိုင်နေတာ

ငရဲမင်းဆိုပါလား…


“မင်း ဘာကြောင့် ဒီကို ရောက်လာတာလဲ

ကလေးမ”


နီရဲသော မျက်လုံးတွေနဲ့ မေးလိုက်သော

ငရဲမင်းဆိုသော လူကြီး၏ အမေးကြောင့်

ကျမတစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရတယ်။

…ကျမ ကျမ တကယ်ပဲ ငရဲပြည်

ရောက်နေတာလား ကျမလုပ်ခဲ့မိတဲ့ အပြစ်

အတွက် တကယ်ပဲ ငရဲခံရတော့မှား

တွေးရင်းနဲ့ တုန်လှုပ်ချောက်ခြားပြီး ဇောချွေးတွေ ပြန်လာတယ်။

ကျမ မောင့်ကို သစ္စာ ဖောက်ခဲ့မိလို့

ငရဲပြည်ကို အပြစ်ခံရဖို့

ရောက်လာလေသလား

ကျမ ဇောချွေးတွေ နဲ့အတူ မျက်ရည်တွေပါ

ဝဲလာတယ်။

ဘုရား…ဘုရား…ဒါ..ဒါအိမ်မက်ပဲ ဖြစ်ပါစေ…

ကျမ …ကျမ မှားပီ မောင်

ကျမ ကို ကယ်ပါအူး

ကျမ နောက် မမှားတော့ပါဘူး..


မျက်ရည်တွေ စီးကျလျက် ကျမ

ကြောကြောက်လန့်လန့်နဲ့ ကယောင်ချောက်ခြား

အော်ပြော နေတုန်း ..ဒုန်း..ခနဲ လှံအရိုးနဲ့

ကျောက်ဆောင်ကို ဆောင့်လိုက်ပြီး


…ငါမေးနေတာ မကြားဘူးလား…


…အမလေး…


ငရဲမင်းကြီးရဲ့ ဒေါသတကြီး အမေးကြောင့်

ကြောက်လန့် တကြားအော်ကာ

ကျမ လန့်နိုးလာခဲ့တယ်။


ကျမ တစ်ကိုယ်လုံး ချွေးတွေပြန်လို့

ကျမ အနားမှာ ကျမ အစ်မနဲ့ အစ်မ သူငယ်ချင်း

နှစ်ယောက်သာ ရှိတယ်။

ပတ်ဝန်းကျင် ကို အကဲခပ်ကြည့်တော့

ဆေးရုံ ရောက်နေမှန်းသိရတယ်။

အစ်မပြောတာကတော့ ကားတိုက်လို့

ဆေးရုံရောက်နေတာ

သတိမေ့နေတာ နှစ်ရက် ရှိပြီတဲ့


လက်တစ်ဘက် မှာ လေးနေပြီး နာသလို

ခံစားရလို့ ကြည့်မိတော့

ဘယ်ဘက်လက် မှာ ကျောက်ပတ်တီးစည်းထားတာကိုတွေ့ရတယ်။

တစ်ပြိုင်တည်း ခေါင်းတွေပါ မူးလာခဲ့တယ်။


အစ်မကတော့ ကျမ သတိရလာသည်ကိုပင်

ဝမ်းသာသလို မရှိလှ

ကျမ အကဲခပ်ကြည့်ရသလောက်

အစ်မဟာ ကျမကို စိတ်ပျက်နေသလို


ခဏ ကြာတော့ ဆရာဝန်မ တယောက်

ရောက်လာတယ်။


” မမိုးနွေ သတိ ရလာပြီ လား

သက်သောင့်သက်သာ ရှိရဲ့လား

တစ်ခုခု တွေ့ရင် ကျမကို ပြောနော်”


“ဟုတ်ကဲ့ရှင့် ကျမ ခေါင်းနည်း နည်း

မူးနေတယ် ပီးတော့ လက်ကလည်း နာတယ်

ကျမ လက်က ကျိုးသွားတာလားဟင်”


“ဟုတ်ပါတယ် မမိုးနွေ လက်က

လက်ကောက်ဝတ် နေရာနားက

ကျိုးသွားတာပါ ခေါင်းလည်း အနည်းငယ်

ထိသွားတယ် ဒါပေမယ့် စိုးရိမ်စရာတော့

ဘာမှ မရှိပါဘူး ကျမတို့ အကုန်လုံး

အဆင်ပြေအောင် လုပ်ပေးထားပါတယ်”


“ဟုတ်ကဲ့ ကျေးဇူးပါ ရှင်”


“ဪ…ကျမ မေ့နေလို့

ဒီမှာ မမိုးနွေကို ဆေးရုံလာပို့တဲ့လူက

စာ တစ်စောင် ထားခဲ့တယ်…ရော့..”


“ဟင် ဘယ်သူများလည်း ဆရာမ”


“”ကျမလည်း သေသေချာချာတော့

မသိဘူးရှင့် သူပြောသွားတာကတော့

ဒီနေ့သူ နိင်ငံခြားကို ထွက်ရမှာမို့

မမိုးနွေ သတိရတဲ့ အချိန်ထိ မစောင့်နိုင်တော့ဘူးတဲ့ အဲဒီ အတွက် သူစိတ်မကောင်းဖြစ်မိ

တယ်လို့လည်း ပြောသွားတယ်

ပီးတော့ မမိုးနွေ ဆေးကု စရိတ်အတွက်

ငွေကိုလည်း ကျမ ဆီမှာ အပ်သွားခဲ့တယ်

မမိုးနွေ သတိရမှ ပေးမလို့ ကျမသိမ်းထား

ပါတယ်။ ဒါကတော့ သူပေးထားခဲ့တဲ့

စာလေးပါ””


ဆရာဝန်မ ပေးခဲ့သော စာကို

ကျမ စိတ်ဝင်တစားနဲ့ အလျင်တလို

ဖွင့်ဖတ်လိုက်မိတယ်။


…သို့

………မိုး… လိမ်လိမ်မာမာ နေနော်

နေကောင်းအောင်နေ

ကျန်းမာရေး ဂရုစိုက် …

မောင် နှုတ်ဆက်ခဲ့တယ်…

အချစ်သစ်နဲ့ ဘဝသစ်မှာ ပျော်ပါစေ မိုးရေ…

……..ချစ်သော မောင်…


မောင် ရေးထားခဲ့တဲ့စာက

တိုလွန်းပေမယ့် ကျမရင်ကို စူးနစ်စွာ

ဝင်ရောက်ခဲ့တယ်။


ဪ…မောင်ဟာ ကျမ အကြောင်း

အကုန်သိနေပေမယ့်

မသိချင်ယောင် ဆောင်နေခဲ့တာပါလား

ကျမ မှားခဲ့ ပေမယ့်

နောက်ဆုံ အချိန်ထိ ကျမကို ခွင့်လွှတ်နား

လည်ပေးခဲ့ပါလား

ကျမ လို သစ္စာ မရှိတဲ့ မိန်းမ တစ်ယောက်ကို

ဆေးရုံ အထိ မောင်လာပို့ ခဲ့တာတဲ့

ပြီးတော့ ဆေးကုစရိတ်တွေပါ

ပေးထားခဲ့တယ်။

ကျမ အပေါ် အဲလောက် ကောင်းခဲ့တာကို

မောင့်ကို ကျမ သစ္စာ ဖောက်ခဲ့မိတယ်။

ကျမ အရမ်း မှားခဲ့ပြီမောင်


ကျမ မောင့်ကို တောင်းပန်ချင်လိုက်တာ

အခုတော့ မောင်က ကျမကိုထားပြီး

နိင်ငံခြားကို ထွက်သွားခဲ့ပီပေါ့

မောင် …မောင်…ကျမ မောင့်ဖုန်းကို

အလျင်တလို လှမ်းခေါ်မိပေမယ့်

စက်ပိတ်ထားတယ်ဆိုတဲ့

စကားကိုသာ ပြန်ကြားရတော့တယ်။


ဪ…မောင်ရေ…

ကျမ…ကျမ…မှားခဲ့ပြီ

ကျမ အပေါ်မှာ အရမ်းကောင်းပြီး

သစ္စာ ရှိရှိ ချစ်ခဲ့တဲ့ မောင့်ကို ကျမ သစ္စာ

ဖောက်ခဲ့မိတယ်။

ကျမ ကို ခွင့်မလွှတ်ပါနဲ့ မောင်ရေ…

မျက်ရည်များ အတားအဆီး မဲ့စွာ စီးကျလျက်


…မိုး…လိမ်လိမ်မာမာ နေနော်

နေကောင်းအောင်နေ

ကျန်းမာရေး ဂရုစိုက်…


ဆိုတဲ့


မောင့် စကားလေး ပြန်ကြားယောင်ရင်း

ရင်ဘတ်ထဲက စူးရှတဲ့ ဝေဒနာတခု

နှလုံးသားထဲမှ နင့်ခနဲ့ ခံစားလိုက်ရပြီး


…ကျမ မှားခဲ့ပြီ..မောင်..ရေ..


ကျမ ဟာ အဲဒီစကားကို တိုးတိုးလေသာ ပြောထွက်ရင်း


ကုတင်ပေါ်မှာ ပြန်လည် လဲကျသွားခဲ့ပါတော့တယ်။


ပြီးပါပြီ

ကြိုးစားလျက်

………………. ဟယ်ရီဇော်