ပြန်မရနိုင်သည့်အခွင့်အရေး
-------------------------------
ဖုန်းသံကြားလိုက်ရသည်။
အစည်းအဝေးခန်းထဲတွင် ဖုန်းမပိတ်ထားမိသည့်အတွက် အားလုံးက သူ့ကို ဝိုင်းကြည့်ကြသည်။ သူက အိတ်ထဲက ဖုန်းကိုထုတ်ပြီး ကြည့်လိုက်သည်။ သို့သော် သူ့အထက်အရာရှိက
“မောင်ကျော်ဆွေ ကိုင်လိုက်ပါ … အရေးကြီးလို့ဖြစ်မှာပေါ့” ဟုပြောလိုက်သည်။
ဖုန်းက သူ့ဖခင်ထံမှဖြစ်သည်။
“ဟုတ်ကဲ့”
သူက ဖုန်းကိုကိုင်ပြီး အစည်းအဝေးခန်းအပြင်ကို ထွက်သွားလိုက်ကာ
“ဖေဖေ … ဘာကိစ္စရှိလို့လဲ”
“သားနေကောင်းရဲ့လား”
“ကောင်းပါတယ်ဖေဖေ … အကြောင်းထူးရှိလို့လားဟင်”
“ကိုယ့်သားဆီ သူ့အဖေကဆက်တာ အကြောင်းထူးရှိမှလားကွာ”
“ဖေဖေ … သားအစည်းအဝေးလုပ်နေလို့ … အစည်းအဝေးပြီးမှ ပြန်ဆက်လိုက်မယ်”
“အေး … အေး”
သူက အစည်းအဝေးခန်းထဲပြန်ဝင်သည်။ အစည်းအဝေးပြီးဆုံးသွားသော်လည်း သူဖုန်းပြန်မဆက်မိ။ အလုပ်ဆင်းချိန်ရောက်တော့လည်း သူမေ့နေသည်။ အိမ်ရောက်တော့လည်း အိပ်ပျော်သွားပြန်သည်။
နောက်တစ်နေ့
သူ့အလုပ်ထဲရောက်နေချိန်တွင် သူ့အဖေထံက ဖုန်းထပ်လာသည်။
“ဟုတ်ကဲ့ဖေဖေ”
“သားနေကောင်းရဲ့လား”
“ကောင်းပါတယ်ဖေဖေ”
“မနေ့ကဖုန်းပြန်ဆက်မယ်ဆိုလို့ ဖေဖေက မျှော်နေတာ”
“ဆောရီးပါဖေဖေ … တစ်နေကုန် အလုပ်တွေများပြီးတော့ မေ့သွားလို့ပါ”
“ဖြစ်တတ်ပါတယ်”
“ဒါနဲ့ ဘာကိစ္စရှိလို့လဲဖေဖေ”
“သားကိုတွေ့ချင်လို့”
“အလုပ်တွေကများတယ်ဖေဖေ … ခွင့်ကယူလို့မရဘူး။ ဒီလိုလုပ်ပါလားဖေဖေ။ သားကိုတွေ့ချင်ရင် ဖေဖေ လာလိုက်ပါလား။ သားလေယာဉ်လက်မှတ် ပို့ပေးလိုက်မယ်လေ”
“ဖေဖေက သားပြန်လာတာကိုပဲ မျှော်နေတာ။ သားပြန်လာရင် မင်းအမေ နှစ်ပတ်လည်လေး လုပ်မလားလို့ပါ”
“ဒီကိုလာပြီး လုပ်လည်း ရတာပဲဖေဖေရယ်။ ဒီမှာဆို ဖေဖေ့မြေးတွေနဲ့ရော ချွေးမနဲ့ပါ ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲ။ ဖေဖေ … သားကိစ္စပေါ်လာလို့ နောက်မှ ပြန်ဆက်မယ်နော်”
နောက်မှ
နောက်မှ
သူဘယ်တော့မှ ပြန်မဆက်မိတော့။
နောက်တစ်ပတ် တနင်္ဂနွေနေ့။ သူက ဖခင်ထံဖုန်းဆက်ရန် သတိရသွားသည်။ ထို့ကြောင့်ဖုန်းခေါ်လိုက်သည်။
“ဟဲလို”
“ဟဲလို”
“ဟဲလို”
ဟိုဘက်က သူ့ဖုန်းကို ပြန်ထူးသံမကြားရ။
သူက ညနေပိုင်းတွင် တစ်ခါထပ်ပြီး ဖုန်းခေါ်သေးသည်။
ဟိုဘက်ကဖုန်းမကိုင်ပါ။
ခဏကြာလျှင် သူ့ထံကိုဖုန်းဝင်လာသည်။ သူ့ဖခင်ထံကဖြစ်သည်။
“ဟဲလို ဖေဖေ”
“ဟဲလို … ဒီဖုန်းပိုင်ရှင်ရဲ့သားပါလား”
“ဟုတ်ပါတယ်ခင်ဗျာ … ခုပြောနေတာ ဘယ်သူလဲ။ ဒါကျွန်တော့်အဖေဖုန်းပါ”
“ဟုတ်ပါတယ် … ဒီဖုန်းပိုင်ရှင်က ခုလေးပဲ ဆေးရုံမှာ ကွယ်လွန်သွားပါပြီ”
“ဗျာ”
တင်ညွန့်
၂၄.၂.၂၀၂၆