လူစားလဲဖို့ စောင့်နေတယ်

 * လူစားလဲဖို့ စောင့်နေတယ်**(စ/ဆုံး)

—————————————-

ဒီကန်ကြီးကို တူးစဉ်က လူအတော်များများကို
စတေးခဲ့ရသည်ဟု လူကြီးသူမတွေ ပြောသံ
ကြားဖူးသည်။ ကန်ကြီးကလည်း ကြီးမားလှသည်။
ကြီးသမှ အလျားပေ ၂ထောင်။ အနံပေ ရှစ်ရာ
ရှိသည်။ လေးထောင့်စပ်စပ် စတုဂံပုံ ကန်ကြီးက
မြို့လေးနှင့်တော့ ဘယ်အချိန်ကြည့်ကြည့်
ပနံရနေသည်။

ကန်ကြီးထဲမှာ လှောင်ထားသော မိုးရေကပင်
မြို့ကလေးအတွက် ဆောင်းနှင့် နွေမှာ သောက်
သုံးရန်အတွက် လုံလောက်လေသည်။

စတေးဆိုသော စကားလုံးကို ယနေ့ခေတ်
လူငယ်များ ကြားဖူးချင်မှာ ကြားဖူးကြတော့မည်။
ကြားဖူးသည်ထားဦး။ အဓိပ္ပာယ်ကိုတော့
အပြည့်အဝ နားလည်ကြမည် မဟုတ်ပေ။
ရှေးဘုရင်များ၊ ခေါင်းဆောင်များသည်
မြို့သစ်တည်ခြင်း၊ နန်းသစ်တည်ခြင်း၊
ရေတွင်းရေကန်ကြီးများ တူးဖော်ခြင်း၊
တံတားကြီးများ ဆောက်လုပ်ခြင်းစသော
ကြီးမားလှသည့် လုပ်ငန်းများတွင် လူ
အရှင်လတ်လတ်ကို ဖမ်းဆီး၍ ထိုနေရာ
တွင် မြေမြှုပ်ကာ ထိုသူ၏ ဝိညာဉ်အား
အစောင့်အရှောက် အကာအကွယ်
အဖြစ် ထားလေ့ရှိသည်။

ထို့ကြောင့် ကျနော်တို့ငယ်စဉ်က ကန်တူး
သည့်အနား ၊ တံတားဆောက်သည့်အနား၊
တံတားဆောက်သည့်အနားများသို့ မိဘ၊
ဘိုးဘွားများက သွားခွင့်မပြုပေ။ သွားလျှင်လည်း…

“ဟဲ့ ကောင်လေး …နင်စတေးခံရမှာ
မကြောက်ဖူးလား၊ နင့်ကို အရှင်လတ်လတ်
မြေတွင်းထဲ ထည့်မြှုပ်လိမ့်မယ်”

ဟု တားမြစ်ကြလေသည်။ ဗေဒင်ကိန်းခန်းနှင့်
တွက်ချက်ပြီး စတေးခံရမည့်သူ ရောက်မလာခဲ့လျှင်
အကျဉ်းသားများကို စတေးသည်ဟုလည်း
ကြားဖူးခဲ့သည်။

ဒီမြို့လေးကို အင်္ဂလိပ်နယ်ချဲ့တို့ တည်ခဲ့ခြင်း
ဖြစ်သည်။ စနစ်ကြီးသော လူမျိုးများပီပီ
မြို့ကလေးကို လှပတင့်တယ် နေချင့်စဖွယ်
ဖြစ်အောင် အကွက်ရိုက်ပြီး လမ်းများကို
ဖောက်လုပ်ခဲ့သည်။

သောက်ရေကန် သုံးရေကန်တို့ကိုလည်း
သူ့ရပ်ကွက်နှင့်သူ လုံလုံလောက်လောက်
တူးဖော်ထားသည်။ ဒီအထဲမှာမှ ရေကန်ကြီးက
ကြီးမားကျယ်ပြန့်စွာဖြင့် မြို့ဂုဏ်ကို
ဆောင်ထားလေသည်။ ကန်ကြီးကို စတင်
တူးမည် စီစဉ်ကတည်းက အင်္ဂလိပ်စစ်သားတို့က
ကန်ကြီး၏ထောက့်လေးထောင့်ဖြစ်မည့်
နေရာတွင် ကျင်းကြီးများကို တူးထားသည်။

ညစဉ် လူတစ်ဦးစ၊ နှစ်ဦးစ ဖမ်းဆီးကာ
ကျင်းကြီးများအတွင်း အရှင်လတ်လတ်ထည့်ကာ
စတေးကြသည်။ တစ်နေ့ အင်္ဂလိပ်စစ်တပ်က
တရုတ်လူမျိုးတစ်ယောက်ကို ဖမ်းဆီးကာ
စတေးရန် စီစဉ်ကြသည်။ မစတေးခင်
စစ်သားများက တရုတ်ကို သီချင်းဆိုခိုင်းသည်။

ထိုအခါ တရုတ်က သီချင်းလည်းဆိုပြသည်။
ကလည်း ကပြမည်၊ ကြိုးဖြည်ပေးပါဟု
တောင်းဆိုလေသည်။ အင်္ဂလိပ်စစ်သားများက
ယုံကြည်ပြီး ကြိုးဖြည်ပေးလိုက်သည်နှင့်
တရုတ်ခမျာ ထွက်ပြေးလေတော့သည်။

ထိုအခါ စစ်သားများက တရုတ်အား
သေနတ်ဖြင့် ပစ်ဖမ်းကာ တွင်းထဲချ
စတေးလိုက်သည်။ ကန်ကြီးပြီးသောအခါ
တရုတ်အလောင်းစတေးခဲ့သော နေရာမှာ
တရုတ်မန်ကျည်းပင်ကြီးတစ်ပင် ရှင်သန်
ကြီးထွားလျက်ရှိသည်။ ထိုမန်ကျည်းပင်ကြီးတွင်
တရုတ်ဝိညာဉ်မှာ အစောင့်အဖြစ်ရှိနေသည်ဟု
ဘိုးဘွားတို့ ပြောသည်ကိုလည်း သိရှိခဲ့ရဖူးသည်။

တစ်ခုရှိသည်မှာ တရုတ်သရဲသည် နေ့ဘက်တွင်
မည့်သူကိုမျှ ခြောက်လှည့်ခြင်း မရှိသော်လည်း
မှောင်စပြုသည်နှင့် ထိုနေရာမှသီချင်းဆို၍
ဖြတ်သွားဖြတ်လာလုပ်သူ မှန်သမျှကို ခြောက်
လန့်ရုံမျှမက အသက်သေဆုံးသည်အထိ
ဒုက္ခပေးလေ၏။

သီချင်းဆိုခြင်းကို လွန်စွာမှ မုန်းတီးသော သရဲပါပေ။

ထို့နောက် လွတ်လပ်ရေးရခဲ့သည်။ တစ်တိုင်း
ပြည်လုံး ပျော်ရွှင်ကြသည့်နည်းတူ ကျနော်တို့
မြို့ကလေးမှာလည်း အငြိမ့်ပွဲ၊ ဇာတ်ပွဲများ
ခင်းကျင်းပြသခြင်း၊ ပြေးပွဲပြိုင်ပွဲများ ပြုလုပ်ခြင်း
တို့ဖြင့် အပျော်ကြီးပျော်နေကြတော့သည်။
မြန်မာတိုင်းရင်းသားများ သာမက တရုတ်၊
ကုလားတို့မှာလည်း လွတ်လပ်ရေးပျော်ပွဲကို
ဝင်ရောက်ဆင်နွှဲကြလေကုန်၏။

ဟို့လူကြည့်လည်း ပျော်တပြုံးပြုံး၊ ဒီလူကြည့်
လည်း ပျော်တပြုံးပြုံးဖြင့် အပြုံးခြင်း ပြိုင်နေ
ကြသည့်လားဟုပင် မှတ်ထင်ရလေသည်။

ညနေပိုင်းတွင် ကန်ဘောင်ရိုးတစ်လျှောက် လမ်း
လျှောက်သူ လေညင်းခံသူများဖြင့် အထူးပင်
စည်ကားနေလေသည်။ တချို့က ဝတ်ကောင်း
စားလှဝတ်ကာ ရှိုးပြဖို့ လာကြသည်။ တချို့က
ရည်းစားသနံနှင့် တွေ့ဖို့ရာ လာကြသည်။

တချို့ကလည်း လေကောင်းလေသန့် ရှုရင်း
အညောင်းပြေ အညာပြေ လမ်းလျှောက်ကြသည်။
မည့်သို့ဆိုစေ မှောင်ရီပျိုးသည်နှင့် ကန်ဘောင်
ပေါ်တွင် တိတ်ဆိတ်သွားတော့သည်။ လူစ
လူနပင် မရှိတော့။ အားလုံးပြန်ကြလေပြီ။
သို့ပေမယ့် ယနေ့ အနည်းငယ် ထူးခြားသည်။
မြို့လေး၏ အခြားတစ်ဖက်ခြမ်း ကမ်းဘောင်
တွင် လူလေးငါးယောက် လျှောက်လာ
ကြသည်ကို မှိန်ပြပြ ကျန်နေသော အလင်း
ရောင်အောက်တွင် မြင်နေရသည်။

ကန်ကြီးကိုတစ်ပတ်ပတ်ရင်း အချိန်လင့်သွားဟန်
တူသည်။ သေချာအောင် သွားကြည့်မည်ဆိုလျှင်
ကုလားလူမျိုးများ ဖြစ်သည်ကို တွေ့ရပေမည်။
သူတို့လည်း ပျော်နေကြဟန် တူသည်။ သီချင်း
ဆိုသည့်သူက ဆိုသည်။ လက်ခုတ်တီးသည့်သူက
တီးသည်။ ကုလားမလေး တစ်ယောက်က
ရှေ့ဆုံးမှနေ၍ လက်ကလေးမြှောက်လိုက်၊
ခြေထောက်ကလေး လိမ်လိုက်ဖြင့် ကွေးနေအောင်
ကလျက်လိုက်ပါလာလေသည်။

တရုတ်မန်ကျည်းပင်အောက်ရောက်တော့
အလင်းရောင်ပင် မရှိတော့။ခပ်ဝေးဝေးရှိ
ဓါတ်တိုင်မှ မီးရောင်မှိန်မှိန် အလင်းရောင်သာ
ရှိလေတော့သည်။ ကုလားလူမျိုးစု
လေးကတော့ ဆို၍ ကောင်းဆဲ၊ က၍ကောင်းနေဆဲ။
ထိုစဉ် လှည့်ပတ်ကနေသော ကုလာမလေးသည်
ကန်ရေပြင်ဘက်သို့ မျက်နှာမူခိုက် တစ်စုံ
တစ်ဦးက အားနှင့်တွန်းထည့်လိုက်သည့်အလား
ခါးကလေး ကော့သွားကာ ရေထဲသို့ လွင့်စင်
ကျသွားလေသည်။ ရေနစ်သူတို့ ထုံးစံမှာ
ရေထဲကျသွားလျှင် နှစ်ကြိမ်သုံးကြိမ်လောက်တော့
ယက်ရင်းကန်ရင်းဖြင့် ပြန်ပေါ်လာမြဲဖြစ်သည်။

ယခု ကုလားမလေးကား ကျသွားပြီး
လုံးဝပြန်ပေါ်လာခြင်း မရှိတော့။ ကန်ရေစပ်ဖြစ်၍
သိပ်ပြီး နက်သည်လည်း မဟုတ်။ ကျန်ခဲ့သော
ယောင်္ကျားသားများကလည်း ချက်ချင်းဆင်းကာ
ရှာဖွေကြသည်။ အချိန်သာကုန်သွားသည်။

ကုလားမလေးကား စုပ်စမြှုပ်စပင် မတွေ့ရတော့။
ပို၍ ထူးဆန်းသည်က မည်သည့်အခါတွင်မျှ
အလောင်းပြန်ပေါ် မလာခြင်းဖြစ်တော့သည်။
ထိုအခါမှစ၍ တရုတ်မန်ကျည်းမှ တရုတ်
သရဲခြောက်သည်ဆိုသော သတင်းလည်း
မြို့လေးမှာ ပျောက်ကွယ်သွားတော့သည်။

တစ်ခုရှိသည်က မှောင်ရီပျိုးစ ညဘက်များတွင်
ထိုတရုတ်မန်ကျည်းပင်အောက်တွင် ကုလား
မလေးတစ်ယောက် ခြေကလေးလိမ်ကာလိမ်ကာဖြင့်
ကနေသည်ကို တွေ့သူကတွေ တွေ့ကြရသည်ဟူသော
သတင်းကတော့ မြို့ကလေးမှာ ပေါ်ထွက်လာခဲ့သည်။

ထိုကလားမလေးသည် ကြောက်အောင်
လန့်အောင် မခြောက်မလှန့်တတ်သော်လည်း
သီချင်းဆိုပေးလျှင် ကွေးနေအောင်
ကသည်။ သူ ကတာ မဝသေးဘဲ သီချင်းကို
ရပ်လိုက်လျှင်တော့ စိတ်ဆိုးကာ အန္တရာယ်
ပြုတတ်လေသည်။ ထိုအချိန်မှစ၍ ကန်ပေါင်
ပေါ်တွင် ခြေလိမ်သရဲမ ရှိသည်ဟု သတင်းမှာ
မြို့ကလေးဆီသို့ ပျံ့နှံ့သွားလေတော့သည်။

အထက်ပါ အကြောင်းအရာများအား
ကျနော် ကိုးနှစ်၊ ဆယ်နှစ်သားလောက်က
လူကြီးမိဘတို့၏ ပြောစကားများကို ပြန်
ရေးပြခြင်းသာဖြစ်ပါသည်။ အသက်
နှစ်ဆယ်ရောက်တော့ ထိုစကားများသည်
ကျတော့်အတွက် ရယ်စရာမောစရာ
ဖြစ်သွားလေပြီ။

ထိုအချိန်က ရုပ်ဝါဒ အားကောင်းချိန်မို့
တစ္ဆေသရဲများအကြောင်း ပြောလျင်
ရှက်စရာ တစ်ခုအဖြစ် ခံယူထားချိန်လည်း
ဖြစ်ပါသည်။ ဘယ်သွားသွား ကြောက်စိတ်
ဆိုသည်မှာ လုံးဝမရှိကြ။

တစ်နေ့တွင် ကျနော်တို့ သူငယ်ချင်း
လေးယောက်တိုင်ပင်ကြသည်။

ကန်ပေါင်ပေါ်တွင် စားကြ၊ သောက်ကြမည်။
ထမင်း၊ ဟင်း၊ အရက်၊ ကြက်၊ ကိုယ်တာဝန်
ကိုယ်ယူကြ။ ည ခုနှစ်နာရီ တရုတ်မန်ကျည်း
ပင်အောက်မှာ ဆုံမည်။

ငြင်းသူ မရှိ။ ကျွဲကြီးက ကြက်သားဟင်း၊
ဖိုးထောင်က ထမင်းနှင့် ခွက် ပန်းကန်၊
ဖိုးရစ်က ဆေးလိပ်၊ ကျတော်က အရက်၊
အိုကေမှာ စိုပြည်လို့။ ခုနှစ်နာရီပင် မထိုးသေး။
အားလုံးစုံနေပြီ။ မြက်ခြောက်တွေကို
မီးမွှေးပြီး ကြက်သားချိုင့်ကို ပြန်နွေးသည်။
ပူလာတော့ အရည်များများနှင့် ချက်ထားသော
ဟင်းပေမယ့် ချိုသည့်အရသာ မပျောက်။

“မင်္ဂလာအချိန်အခါ ကျရောက်ပြီ ဖြစ်ပါ၍
သခင်ဖိုးထောင်အား ပုလင်းဖွင့်ရန် ပန်ကြား
အပ်ပါသည်”

အကြမ်းပန်းကန်လုံးလေးထဲသို့ အရက်
တစ်ခွက်ထည့်ကာ ဖိုးထောင် ကောက်မော့
လိုက်သည်။

“အားပါး”

“ဘာလဲ ဟေ့ကောင် မကောင်းဘူးလား”

“ကောင်းလွန်းလို့ကွ”

ဟု ပြောပြီး ကြက်ရည်တစ်ဇွန်း ခပ်မြည်းလိုက်သည်။
ပြီးတော့ နောက်တစ်ယောက်အတွက် တစ်ခွက်။
ခွက်လှည့်သောက်ကြသည်မှာ ဘယ်နှလှည့်
ဖြစ်သွားပြီမသိ။ ပုလင်းနှစ်လုံး လဲသွားပြီ။
လူတွေကတော့ ကြွလာကြလေပြီ။

အရက်အရှိန်ကလေးနှင့် ရယ်၍ ကောင်းသလား
မမေးနှင့် တစ်ယောက်နှင့်တစ်ယောက် ပြောစကားက
ရယ်စရာတွေချည်း ဖြစ်နေသည်။

စကားပြောရတာ ကြာလာတော့ ကျွဲကြီးက
သီချင်းထဆိုသည်။ ထိုစဉ်က နာမည်ကြီး
ကုလားသီချင်းဖြစ်သော ဒစ်စကိုဒန့်ဆား
တစ်ယောက်ဆိုတော့ အားလုံးဝိုင်းဆိုသည်။
ကျော်ဟိန်းရူး ရူးနေသော ဖိုးရစ်က ဖင်ကလေး
နောက်ပစ်ကာ ထ၍ ကသည်။

ဆိုသာဆိုနေကြသည့် အားယားမား ဒစ်စကို
ဒန့်ဆား မတက်။

ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျနော်တို့
ဆိုသည့် သီချင်းကို စီးမျောရင်း ကုလားမလေး
တစ်ယောက် ဝိုင်းဘေးမှာ လာကနေသည်ကို
အားလုံး တွေ့လိုက်ရသည်။ အရက်အရှိန်
ဘာရယ် မတွေးမိကြ။ ဖိုးရစ်က တွဲ၍ပင်
ကနေလိုက်သေးသည်။

စိတ်ထဲတွင်လည်း လူသားကုလာမလေးဟုပင်
ထင်နေကြသည်။ ဒီတော့လည်း သီချင်းတွေကို
တစ်ပုဒ်ပြီး တစ်ပုဒ်ဆိုရင်း လက်ခုတ်ဝိုင်းတီး
ပေးကြသည်။ ကုလားမလေးမှာ မရပ်မနား
ကနေသည်ကြားမှ အကမှာ ကြာလေ သွက်လာလေ
ဖြစ်နေသည်။ သီချင်းဆိုရ လက်ခုတ်တီးရသည့်
ကျတော်တို့ပင် လက်ညောင်း ပါးစပ်ညောင်း
ဖြစ်လာသည်။

ပါလာသည့် အရက်တွေလည်း ကုန်ပြီ။
ထမင်းစားရန် ကျနော်က ဆော်သြလိုက်သည်။
ပြီးတော့ ကုလားမလေးကို ထမင်းစားခေါ်ဖို့
ကျတော် လှည့်လိုက်သည်။

ကျနော်တို့က ထိုင်လျက် သူက ရပ်နေသူမို့ သူ့ခြေထောက်ကိုစမြင်လိုက်ရသည်။ ကျနော်
ဟိုက်ခနဲ မအော်မိအောင် ထိန်းချုပ်လိုက်သည်။
ကုလားမလေး ခြေထောက်နှစ်ချောင်းက
မုန့်ကြိုးလိမ်ကဲ့သို့ လိမ်နေသည်။

ဒူးဆစ်မှစ၍ လိမ်နေသည်မှာ သုံးလေး
ရစ်လောက်ပင် ရှိမည်ထင်ရသည်။
ဒီတော့ ခြေထောက်နှစ်ချောင်းက
တစ်ချောင်းတည်းလိုဖြစ်နေသည်။

ဒါသွေးရိုးသားရိုး မဖြစ်နိုင်ဟူ၍ ကျနော်
တွေးမိသွားသည်။ ထို့ကြောင့် ကျနော်လည်း
ကုလားမလေးကို ခြေထောက်မှစ၍
အပေါ်သို့ တဖြည်းဖြည်း မော့ကြည့်
မိသည်။ လတခြမ်းက ထွက်နေသည်မို့
ထင်ထင်ရှားရှား မြင်နေရသည်။

လားလား အရပ်ကိုးပေ၊ ဆယ်ပေလောက်
ရှိမည့် ကုလားမကြီးတစ်ယောက် ဖြစ်နေသည်။
ရေထဲမှ တက်လာသည့်ဟန်မို့ တစ်ကိုယ်လုံး
စိုရွှဲနေသည်။ ရေစက်ရေပေါက်တွေက
ကျတော့်အပေါ် ကျနေသည်။

ရဲရဲနီနေသည့် မျက်လုံးအစုံက မီးကျီခဲပမာ၊
ဒေါသမျက်ထွက်နေသည့် ပုံစံနှင့် ကျနော်
တို့ကို ငုံ့ကြည့်နေသည်။ ကုလားမကြီးမှာ
ကျတော့်ကို အန္တရာယ်ရန် ခါးကို ကိုင်းလိုက်သည်။
ဒါမျိုးတော့ ဘာရမလဲ။

“ဟေ့ကောင်တွေ ပြေးပြေး”

အော်ပြောရင်း ကုလားမကြီး လက်နှစ်ဖက်
မရောက်လာခင် ကျနော်ထပြေးပါတော့သည်။
ဒီတော့မှ ကျန်သုံးယောက်လည်း သတိ
ထားမိကာ ကျနော့်နောက်သို့ အပြေးအလွှား
လိုက်ကြလေတော့သည်။

ကန်ဘောင်တစ်လျှောက် ပြေးရင်း
အဆင်းရှိသော လှေကားနေရာသို့
အရောက်သွားရလေသည်။

အောက်ရောက်တော့ ကျနော်တို့
လေးယောက် ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။
ကုလားမကြီးသည် ခြေထောက်က လိမ်နေ၍
တစ်ချောင်းတည်းဖြင့် သွားနေဟန်ဖြင့်
ခုန်ဆွ ခုန်ဆွဖြင့် နောက်လှည့်သွားရင်း
ပျောက်ကွယ်သွားတော့သည်။

မကြောက်တတ်သူများဖြစ်၍ မနက်ကျတော့
ကျတော်တို့ကို ရုပ်ဝါဒ ပို့ချနေသော
ကုလားကြီးကို ပြောပြလိုက်သည်။

“မင်းတို့က အရက်ထွေပြီး မြင်ချင်ရာမြင်၊
ထင်ချင်ရာ ထင်နေကြတာပါကွာ”ဟု
ပြောလေသည်။ လူကြီးမိဘတွေ သိသွားတော့…

“အေး နင်တို့ မဟုတ်တာ ကြပ်ကြပ်လုပ်။
နင်တို့အထဲက မိတဲ့အကောင် လူစားလဲခံရမှာ
သိရဲ့လား”ဟူသတဲ့။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ချစ်မုန်းငြိမ်း