* လူစားလဲဖို့ စောင့်နေတယ်**(စ/ဆုံး)
—————————————-ဒီကန်ကြီးကို တူးစဉ်က လူအတော်များများကိုစတေးခဲ့ရသည်ဟု လူကြီးသူမတွေ ပြောသံကြားဖူးသည်။ ကန်ကြီးကလည်း ကြီးမားလှသည်။ကြီးသမှ အလျားပေ ၂ထောင်။ အနံပေ ရှစ်ရာရှိသည်။ လေးထောင့်စပ်စပ် စတုဂံပုံ ကန်ကြီးကမြို့လေးနှင့်တော့ ဘယ်အချိန်ကြည့်ကြည့်ပနံရနေသည်။ကန်ကြီးထဲမှာ လှောင်ထားသော မိုးရေကပင်မြို့ကလေးအတွက် ဆောင်းနှင့် နွေမှာ သောက်သုံးရန်အတွက် လုံလောက်လေသည်။စတေးဆိုသော စကားလုံးကို ယနေ့ခေတ်လူငယ်များ ကြားဖူးချင်မှာ ကြားဖူးကြတော့မည်။ကြားဖူးသည်ထားဦး။ အဓိပ္ပာယ်ကိုတော့အပြည့်အဝ နားလည်ကြမည် မဟုတ်ပေ။ရှေးဘုရင်များ၊ ခေါင်းဆောင်များသည်မြို့သစ်တည်ခြင်း၊ နန်းသစ်တည်ခြင်း၊ရေတွင်းရေကန်ကြီးများ တူးဖော်ခြင်း၊တံတားကြီးများ ဆောက်လုပ်ခြင်းစသောကြီးမားလှသည့် လုပ်ငန်းများတွင် လူအရှင်လတ်လတ်ကို ဖမ်းဆီး၍ ထိုနေရာတွင် မြေမြှုပ်ကာ ထိုသူ၏ ဝိညာဉ်အားအစောင့်အရှောက် အကာအကွယ်အဖြစ် ထားလေ့ရှိသည်။ထို့ကြောင့် ကျနော်တို့ငယ်စဉ်က ကန်တူးသည့်အနား ၊ တံတားဆောက်သည့်အနား၊တံတားဆောက်သည့်အနားများသို့ မိဘ၊ဘိုးဘွားများက သွားခွင့်မပြုပေ။ သွားလျှင်လည်း…“ဟဲ့ ကောင်လေး …နင်စတေးခံရမှာမကြောက်ဖူးလား၊ နင့်ကို အရှင်လတ်လတ်မြေတွင်းထဲ ထည့်မြှုပ်လိမ့်မယ်”ဟု တားမြစ်ကြလေသည်။ ဗေဒင်ကိန်းခန်းနှင့်တွက်ချက်ပြီး စတေးခံရမည့်သူ ရောက်မလာခဲ့လျှင်အကျဉ်းသားများကို စတေးသည်ဟုလည်းကြားဖူးခဲ့သည်။ဒီမြို့လေးကို အင်္ဂလိပ်နယ်ချဲ့တို့ တည်ခဲ့ခြင်းဖြစ်သည်။ စနစ်ကြီးသော လူမျိုးများပီပီမြို့ကလေးကို လှပတင့်တယ် နေချင့်စဖွယ်ဖြစ်အောင် အကွက်ရိုက်ပြီး လမ်းများကိုဖောက်လုပ်ခဲ့သည်။သောက်ရေကန် သုံးရေကန်တို့ကိုလည်းသူ့ရပ်ကွက်နှင့်သူ လုံလုံလောက်လောက်တူးဖော်ထားသည်။ ဒီအထဲမှာမှ ရေကန်ကြီးကကြီးမားကျယ်ပြန့်စွာဖြင့် မြို့ဂုဏ်ကိုဆောင်ထားလေသည်။ ကန်ကြီးကို စတင်တူးမည် စီစဉ်ကတည်းက အင်္ဂလိပ်စစ်သားတို့ကကန်ကြီး၏ထောက့်လေးထောင့်ဖြစ်မည့်နေရာတွင် ကျင်းကြီးများကို တူးထားသည်။ညစဉ် လူတစ်ဦးစ၊ နှစ်ဦးစ ဖမ်းဆီးကာကျင်းကြီးများအတွင်း အရှင်လတ်လတ်ထည့်ကာစတေးကြသည်။ တစ်နေ့ အင်္ဂလိပ်စစ်တပ်ကတရုတ်လူမျိုးတစ်ယောက်ကို ဖမ်းဆီးကာစတေးရန် စီစဉ်ကြသည်။ မစတေးခင်စစ်သားများက တရုတ်ကို သီချင်းဆိုခိုင်းသည်။ထိုအခါ တရုတ်က သီချင်းလည်းဆိုပြသည်။ကလည်း ကပြမည်၊ ကြိုးဖြည်ပေးပါဟုတောင်းဆိုလေသည်။ အင်္ဂလိပ်စစ်သားများကယုံကြည်ပြီး ကြိုးဖြည်ပေးလိုက်သည်နှင့်တရုတ်ခမျာ ထွက်ပြေးလေတော့သည်။ထိုအခါ စစ်သားများက တရုတ်အားသေနတ်ဖြင့် ပစ်ဖမ်းကာ တွင်းထဲချစတေးလိုက်သည်။ ကန်ကြီးပြီးသောအခါတရုတ်အလောင်းစတေးခဲ့သော နေရာမှာတရုတ်မန်ကျည်းပင်ကြီးတစ်ပင် ရှင်သန်ကြီးထွားလျက်ရှိသည်။ ထိုမန်ကျည်းပင်ကြီးတွင်တရုတ်ဝိညာဉ်မှာ အစောင့်အဖြစ်ရှိနေသည်ဟုဘိုးဘွားတို့ ပြောသည်ကိုလည်း သိရှိခဲ့ရဖူးသည်။တစ်ခုရှိသည်မှာ တရုတ်သရဲသည် နေ့ဘက်တွင်မည့်သူကိုမျှ ခြောက်လှည့်ခြင်း မရှိသော်လည်းမှောင်စပြုသည်နှင့် ထိုနေရာမှသီချင်းဆို၍ဖြတ်သွားဖြတ်လာလုပ်သူ မှန်သမျှကို ခြောက်လန့်ရုံမျှမက အသက်သေဆုံးသည်အထိဒုက္ခပေးလေ၏။သီချင်းဆိုခြင်းကို လွန်စွာမှ မုန်းတီးသော သရဲပါပေ။ထို့နောက် လွတ်လပ်ရေးရခဲ့သည်။ တစ်တိုင်းပြည်လုံး ပျော်ရွှင်ကြသည့်နည်းတူ ကျနော်တို့မြို့ကလေးမှာလည်း အငြိမ့်ပွဲ၊ ဇာတ်ပွဲများခင်းကျင်းပြသခြင်း၊ ပြေးပွဲပြိုင်ပွဲများ ပြုလုပ်ခြင်းတို့ဖြင့် အပျော်ကြီးပျော်နေကြတော့သည်။မြန်မာတိုင်းရင်းသားများ သာမက တရုတ်၊ကုလားတို့မှာလည်း လွတ်လပ်ရေးပျော်ပွဲကိုဝင်ရောက်ဆင်နွှဲကြလေကုန်၏။ဟို့လူကြည့်လည်း ပျော်တပြုံးပြုံး၊ ဒီလူကြည့်လည်း ပျော်တပြုံးပြုံးဖြင့် အပြုံးခြင်း ပြိုင်နေကြသည့်လားဟုပင် မှတ်ထင်ရလေသည်။ညနေပိုင်းတွင် ကန်ဘောင်ရိုးတစ်လျှောက် လမ်းလျှောက်သူ လေညင်းခံသူများဖြင့် အထူးပင်စည်ကားနေလေသည်။ တချို့က ဝတ်ကောင်းစားလှဝတ်ကာ ရှိုးပြဖို့ လာကြသည်။ တချို့ကရည်းစားသနံနှင့် တွေ့ဖို့ရာ လာကြသည်။တချို့ကလည်း လေကောင်းလေသန့် ရှုရင်းအညောင်းပြေ အညာပြေ လမ်းလျှောက်ကြသည်။မည့်သို့ဆိုစေ မှောင်ရီပျိုးသည်နှင့် ကန်ဘောင်ပေါ်တွင် တိတ်ဆိတ်သွားတော့သည်။ လူစလူနပင် မရှိတော့။ အားလုံးပြန်ကြလေပြီ။သို့ပေမယ့် ယနေ့ အနည်းငယ် ထူးခြားသည်။မြို့လေး၏ အခြားတစ်ဖက်ခြမ်း ကမ်းဘောင်တွင် လူလေးငါးယောက် လျှောက်လာကြသည်ကို မှိန်ပြပြ ကျန်နေသော အလင်းရောင်အောက်တွင် မြင်နေရသည်။ကန်ကြီးကိုတစ်ပတ်ပတ်ရင်း အချိန်လင့်သွားဟန်တူသည်။ သေချာအောင် သွားကြည့်မည်ဆိုလျှင်ကုလားလူမျိုးများ ဖြစ်သည်ကို တွေ့ရပေမည်။သူတို့လည်း ပျော်နေကြဟန် တူသည်။ သီချင်းဆိုသည့်သူက ဆိုသည်။ လက်ခုတ်တီးသည့်သူကတီးသည်။ ကုလားမလေး တစ်ယောက်ကရှေ့ဆုံးမှနေ၍ လက်ကလေးမြှောက်လိုက်၊ခြေထောက်ကလေး လိမ်လိုက်ဖြင့် ကွေးနေအောင်ကလျက်လိုက်ပါလာလေသည်။တရုတ်မန်ကျည်းပင်အောက်ရောက်တော့အလင်းရောင်ပင် မရှိတော့။ခပ်ဝေးဝေးရှိဓါတ်တိုင်မှ မီးရောင်မှိန်မှိန် အလင်းရောင်သာရှိလေတော့သည်။ ကုလားလူမျိုးစုလေးကတော့ ဆို၍ ကောင်းဆဲ၊ က၍ကောင်းနေဆဲ။ထိုစဉ် လှည့်ပတ်ကနေသော ကုလာမလေးသည်ကန်ရေပြင်ဘက်သို့ မျက်နှာမူခိုက် တစ်စုံတစ်ဦးက အားနှင့်တွန်းထည့်လိုက်သည့်အလားခါးကလေး ကော့သွားကာ ရေထဲသို့ လွင့်စင်ကျသွားလေသည်။ ရေနစ်သူတို့ ထုံးစံမှာရေထဲကျသွားလျှင် နှစ်ကြိမ်သုံးကြိမ်လောက်တော့ယက်ရင်းကန်ရင်းဖြင့် ပြန်ပေါ်လာမြဲဖြစ်သည်။ယခု ကုလားမလေးကား ကျသွားပြီးလုံးဝပြန်ပေါ်လာခြင်း မရှိတော့။ ကန်ရေစပ်ဖြစ်၍သိပ်ပြီး နက်သည်လည်း မဟုတ်။ ကျန်ခဲ့သောယောင်္ကျားသားများကလည်း ချက်ချင်းဆင်းကာရှာဖွေကြသည်။ အချိန်သာကုန်သွားသည်။ကုလားမလေးကား စုပ်စမြှုပ်စပင် မတွေ့ရတော့။ပို၍ ထူးဆန်းသည်က မည်သည့်အခါတွင်မျှအလောင်းပြန်ပေါ် မလာခြင်းဖြစ်တော့သည်။ထိုအခါမှစ၍ တရုတ်မန်ကျည်းမှ တရုတ်သရဲခြောက်သည်ဆိုသော သတင်းလည်းမြို့လေးမှာ ပျောက်ကွယ်သွားတော့သည်။တစ်ခုရှိသည်က မှောင်ရီပျိုးစ ညဘက်များတွင်ထိုတရုတ်မန်ကျည်းပင်အောက်တွင် ကုလားမလေးတစ်ယောက် ခြေကလေးလိမ်ကာလိမ်ကာဖြင့်ကနေသည်ကို တွေ့သူကတွေ တွေ့ကြရသည်ဟူသောသတင်းကတော့ မြို့ကလေးမှာ ပေါ်ထွက်လာခဲ့သည်။ထိုကလားမလေးသည် ကြောက်အောင်လန့်အောင် မခြောက်မလှန့်တတ်သော်လည်းသီချင်းဆိုပေးလျှင် ကွေးနေအောင်ကသည်။ သူ ကတာ မဝသေးဘဲ သီချင်းကိုရပ်လိုက်လျှင်တော့ စိတ်ဆိုးကာ အန္တရာယ်ပြုတတ်လေသည်။ ထိုအချိန်မှစ၍ ကန်ပေါင်ပေါ်တွင် ခြေလိမ်သရဲမ ရှိသည်ဟု သတင်းမှာမြို့ကလေးဆီသို့ ပျံ့နှံ့သွားလေတော့သည်။အထက်ပါ အကြောင်းအရာများအားကျနော် ကိုးနှစ်၊ ဆယ်နှစ်သားလောက်ကလူကြီးမိဘတို့၏ ပြောစကားများကို ပြန်ရေးပြခြင်းသာဖြစ်ပါသည်။ အသက်နှစ်ဆယ်ရောက်တော့ ထိုစကားများသည်ကျတော့်အတွက် ရယ်စရာမောစရာဖြစ်သွားလေပြီ။ထိုအချိန်က ရုပ်ဝါဒ အားကောင်းချိန်မို့တစ္ဆေသရဲများအကြောင်း ပြောလျင်ရှက်စရာ တစ်ခုအဖြစ် ခံယူထားချိန်လည်းဖြစ်ပါသည်။ ဘယ်သွားသွား ကြောက်စိတ်ဆိုသည်မှာ လုံးဝမရှိကြ။တစ်နေ့တွင် ကျနော်တို့ သူငယ်ချင်းလေးယောက်တိုင်ပင်ကြသည်။ကန်ပေါင်ပေါ်တွင် စားကြ၊ သောက်ကြမည်။ထမင်း၊ ဟင်း၊ အရက်၊ ကြက်၊ ကိုယ်တာဝန်ကိုယ်ယူကြ။ ည ခုနှစ်နာရီ တရုတ်မန်ကျည်းပင်အောက်မှာ ဆုံမည်။ငြင်းသူ မရှိ။ ကျွဲကြီးက ကြက်သားဟင်း၊ဖိုးထောင်က ထမင်းနှင့် ခွက် ပန်းကန်၊ဖိုးရစ်က ဆေးလိပ်၊ ကျတော်က အရက်၊အိုကေမှာ စိုပြည်လို့။ ခုနှစ်နာရီပင် မထိုးသေး။အားလုံးစုံနေပြီ။ မြက်ခြောက်တွေကိုမီးမွှေးပြီး ကြက်သားချိုင့်ကို ပြန်နွေးသည်။ပူလာတော့ အရည်များများနှင့် ချက်ထားသောဟင်းပေမယ့် ချိုသည့်အရသာ မပျောက်။“မင်္ဂလာအချိန်အခါ ကျရောက်ပြီ ဖြစ်ပါ၍သခင်ဖိုးထောင်အား ပုလင်းဖွင့်ရန် ပန်ကြားအပ်ပါသည်”အကြမ်းပန်းကန်လုံးလေးထဲသို့ အရက်တစ်ခွက်ထည့်ကာ ဖိုးထောင် ကောက်မော့လိုက်သည်။“အားပါး”“ဘာလဲ ဟေ့ကောင် မကောင်းဘူးလား”“ကောင်းလွန်းလို့ကွ”ဟု ပြောပြီး ကြက်ရည်တစ်ဇွန်း ခပ်မြည်းလိုက်သည်။ပြီးတော့ နောက်တစ်ယောက်အတွက် တစ်ခွက်။ခွက်လှည့်သောက်ကြသည်မှာ ဘယ်နှလှည့်ဖြစ်သွားပြီမသိ။ ပုလင်းနှစ်လုံး လဲသွားပြီ။လူတွေကတော့ ကြွလာကြလေပြီ။အရက်အရှိန်ကလေးနှင့် ရယ်၍ ကောင်းသလားမမေးနှင့် တစ်ယောက်နှင့်တစ်ယောက် ပြောစကားကရယ်စရာတွေချည်း ဖြစ်နေသည်။စကားပြောရတာ ကြာလာတော့ ကျွဲကြီးကသီချင်းထဆိုသည်။ ထိုစဉ်က နာမည်ကြီးကုလားသီချင်းဖြစ်သော ဒစ်စကိုဒန့်ဆားတစ်ယောက်ဆိုတော့ အားလုံးဝိုင်းဆိုသည်။ကျော်ဟိန်းရူး ရူးနေသော ဖိုးရစ်က ဖင်ကလေးနောက်ပစ်ကာ ထ၍ ကသည်။ဆိုသာဆိုနေကြသည့် အားယားမား ဒစ်စကိုဒန့်ဆား မတက်။ဆယ့်ငါးမိနစ်လောက်ကြာတော့ ကျနော်တို့ဆိုသည့် သီချင်းကို စီးမျောရင်း ကုလားမလေးတစ်ယောက် ဝိုင်းဘေးမှာ လာကနေသည်ကိုအားလုံး တွေ့လိုက်ရသည်။ အရက်အရှိန်ဘာရယ် မတွေးမိကြ။ ဖိုးရစ်က တွဲ၍ပင်ကနေလိုက်သေးသည်။စိတ်ထဲတွင်လည်း လူသားကုလာမလေးဟုပင်ထင်နေကြသည်။ ဒီတော့လည်း သီချင်းတွေကိုတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုရင်း လက်ခုတ်ဝိုင်းတီးပေးကြသည်။ ကုလားမလေးမှာ မရပ်မနားကနေသည်ကြားမှ အကမှာ ကြာလေ သွက်လာလေဖြစ်နေသည်။ သီချင်းဆိုရ လက်ခုတ်တီးရသည့်ကျတော်တို့ပင် လက်ညောင်း ပါးစပ်ညောင်းဖြစ်လာသည်။ပါလာသည့် အရက်တွေလည်း ကုန်ပြီ။ထမင်းစားရန် ကျနော်က ဆော်သြလိုက်သည်။ပြီးတော့ ကုလားမလေးကို ထမင်းစားခေါ်ဖို့ကျတော် လှည့်လိုက်သည်။ကျနော်တို့က ထိုင်လျက် သူက ရပ်နေသူမို့ သူ့ခြေထောက်ကိုစမြင်လိုက်ရသည်။ ကျနော်ဟိုက်ခနဲ မအော်မိအောင် ထိန်းချုပ်လိုက်သည်။ကုလားမလေး ခြေထောက်နှစ်ချောင်းကမုန့်ကြိုးလိမ်ကဲ့သို့ လိမ်နေသည်။ဒူးဆစ်မှစ၍ လိမ်နေသည်မှာ သုံးလေးရစ်လောက်ပင် ရှိမည်ထင်ရသည်။ဒီတော့ ခြေထောက်နှစ်ချောင်းကတစ်ချောင်းတည်းလိုဖြစ်နေသည်။ဒါသွေးရိုးသားရိုး မဖြစ်နိုင်ဟူ၍ ကျနော်တွေးမိသွားသည်။ ထို့ကြောင့် ကျနော်လည်းကုလားမလေးကို ခြေထောက်မှစ၍အပေါ်သို့ တဖြည်းဖြည်း မော့ကြည့်မိသည်။ လတခြမ်းက ထွက်နေသည်မို့ထင်ထင်ရှားရှား မြင်နေရသည်။လားလား အရပ်ကိုးပေ၊ ဆယ်ပေလောက်ရှိမည့် ကုလားမကြီးတစ်ယောက် ဖြစ်နေသည်။ရေထဲမှ တက်လာသည့်ဟန်မို့ တစ်ကိုယ်လုံးစိုရွှဲနေသည်။ ရေစက်ရေပေါက်တွေကကျတော့်အပေါ် ကျနေသည်။ရဲရဲနီနေသည့် မျက်လုံးအစုံက မီးကျီခဲပမာ၊ဒေါသမျက်ထွက်နေသည့် ပုံစံနှင့် ကျနော်တို့ကို ငုံ့ကြည့်နေသည်။ ကုလားမကြီးမှာကျတော့်ကို အန္တရာယ်ရန် ခါးကို ကိုင်းလိုက်သည်။ဒါမျိုးတော့ ဘာရမလဲ။“ဟေ့ကောင်တွေ ပြေးပြေး”အော်ပြောရင်း ကုလားမကြီး လက်နှစ်ဖက်မရောက်လာခင် ကျနော်ထပြေးပါတော့သည်။ဒီတော့မှ ကျန်သုံးယောက်လည်း သတိထားမိကာ ကျနော့်နောက်သို့ အပြေးအလွှားလိုက်ကြလေတော့သည်။ကန်ဘောင်တစ်လျှောက် ပြေးရင်းအဆင်းရှိသော လှေကားနေရာသို့အရောက်သွားရလေသည်။အောက်ရောက်တော့ ကျနော်တို့လေးယောက် ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။ကုလားမကြီးသည် ခြေထောက်က လိမ်နေ၍တစ်ချောင်းတည်းဖြင့် သွားနေဟန်ဖြင့်ခုန်ဆွ ခုန်ဆွဖြင့် နောက်လှည့်သွားရင်းပျောက်ကွယ်သွားတော့သည်။မကြောက်တတ်သူများဖြစ်၍ မနက်ကျတော့ကျတော်တို့ကို ရုပ်ဝါဒ ပို့ချနေသောကုလားကြီးကို ပြောပြလိုက်သည်။“မင်းတို့က အရက်ထွေပြီး မြင်ချင်ရာမြင်၊ထင်ချင်ရာ ထင်နေကြတာပါကွာ”ဟုပြောလေသည်။ လူကြီးမိဘတွေ သိသွားတော့…“အေး နင်တို့ မဟုတ်တာ ကြပ်ကြပ်လုပ်။နင်တို့အထဲက မိတဲ့အကောင် လူစားလဲခံရမှာသိရဲ့လား”ဟူသတဲ့။ပြီးပါပြီမူရင်းရေးသူ ဆရာ ချစ်မုန်းငြိမ်း
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.