သောကအမွေ

 သောကအမွေ(စ/ဆုံး)

—————

“မေမေ … မေမေ့ကို တစ်ခုပြောစရာရှိလို့”


“ဘာလဲသား”


“ကားဂိုဒေါင်ကို ကားလည်း မရှိတော့ လူနေတဲ့ အခန်းဖြစ်အောင် လုပ်လိုက်မလားလို့ပါ”


“ဘယ်သူနေဖို့လဲသား”


“ဟိုလေ … မေမေ နေဖို့ပေါ့”


“ဒီအိမ်ထဲမှာ ဘာဖြစ်လို့လဲကွယ်။ မေမေကတစ်ခန်း၊ မင်းတို့ လင်မယားက တစ်ခန်း၊ မင်း သမီးနှစ်ယောက် အတွက်က တစ်ခန်း၊ ဘာဖြစ်လို့လဲ။ ဘယ်သူ့တွေအတွက် အခန်းတစ်ခန်း ထပ်လိုနေလို့လဲ”


“မဟုတ်ပါဘူးမေမေ … ဖေဖေလည်း မရှိတော့ မေမေ နားအေးပါးအေး နေရအောင်ပါ။ ကားဂိုဒေါင်ကို ကျကျနနပြင်လိုက်ရင် မေမေ အခုနေတဲ့အခန်းထက်တောင် ကျယ်ပါသေးတယ်။ အဲဒီမှာ အဲကွန်းတွေဘာတွေ ထည့်လိုက်ရင် တော်တော်သားနားသွားမှာ”


“မောင်မောင်ကျော် … ပိုက်ဆံထပ်ကုန်အောင် ဘာလို့ စဉ်းစားနေရတာလဲကွယ်”


“မဟုတ်ဘူး မေမေ … မေမေ့ မြေးနှစ်ယောက်က တစ်ယောက်တစ်ခန်း နေချင်တယ်ဆိုလို့”


“သား … မင်းအဖေသေတာ တစ်နှစ် မပြည့်သေးဘူး။ ဒီလိုအချိန်မျိုးမှာ မင်း ဒီစကား မပြောသင့်ဘူးထင်တယ်။ မင်းအဖေနဲ့ငါ တစ်သက်လုံး အတူတူနေလာတဲ့နေရာလေးကနေ မင်းက ငါ့ကို ကားဂိုဒေါင်ထဲပို့မယ်ဆိုတာ ကတော့ မင်း ငါ့နေရာကစဉ်းစားကြည့်စမ်းကွယ်”


“မေမေ သဘောမတူရင်မလုပ်ပါဘူး”


သူတို့သားအမိ စကားပြတ်သွားကြသည်။


ဒေါ်ကြည်ကြည်စိန်တစ်ယောက် ခင်ပွန်းဆုံးသည်မှာ တစ်နှစ်မပြည့်သေး။ အိမ်ပေါ်ကို သားတို့မိသားစု လေးယောက် ပြောင်းလာကြသည်။ သူတို့နေသည့်တိုက်ခန်းကို ငှားစားထားပြီး မိခင်တစ်ယောက်တည်းကို စိတ်မချဆိုကာ ပြောင်းလာကြခြင်းဖြစ်သည်။ သားသမီးဆိုတော့လည်း နီးနီးနားနားရှိနေတာ ကောင်းမည် ထင်ပြီး သဘောတူလိုက်သည်။ ယခု မိမိကို ကားဂိုဒေါင်ထဲပို့မည့်အစီအစဉ်ကို သူတို့ချနေပြီ။


သူ့မှာ သားသမီးနှစ်ယောက်ရှိသည်။ တစ်ယောက်ကနိုင်ငံခြားမှာရောက်နေသည်။ သူ့မှာ စိတ်ထဲတွင်တင်းကျပ် မွမ်းကျပ်လာလျှင် သမီးကြီးဆီကိုဆက်သွယ်ရသည်။ သူက အဖြစ်အပျက်တွေကို သမီးကြီးနှင့် ရင်ဖွင့်ရသည်။


“မေမေ … သမီးပြန်လာရမလား”


“ပြန်မလာပါနဲ့ကွယ်။ မေမေကတော့ လက်မခံဘူးပြောထားတယ်”


“လက်မခံနဲ့မေမေ။ တကယ်ဆိုရင် ဒီအိမ်က ဖေဖေနဲ့ မေမေအိမ်ပဲ။ သူ့အိမ်မှမဟုတ်တာ။ သူထင်တိုင်း လုပ်ပိုင်ခွင့် မရှိဘူးလေ။ နေချင်းနေ သူတို့က ကားဂိုဒေါင်ထဲ သွားနေပေါ့”


“အေးပါကွယ် သူ့ကို ပြောမနေပါနဲ့တော့”


ထိုနေ့ကစပြီး သားနှင့်ချွေးမတို့က ပုံစံတွေပြောင်းလာသည်။ သူ့ကိုသိပ်ပြီးစကားမပြောကြတော့။ တစ်အိမ်တည်း နေသော်လည်း သူစိမ်းတွေလိုဖြစ်လာကြသည်။


တစ်နေ့ အိမ်ကို ကားတွေ လူတွေရောက်လာကြသည်။ ဧည့်ခန်းထဲတွင် လူတွေပြည့်နေသည်။ ဒေါ်ကြည်ကြည်စိန်က ဘာဖြစ်လို့လဲ သိချင်သဖြင့် တံခါးကချောင်းကြည့်နေမိသည်။


“ဪ … မြေးအကြီးမကို စေ့စပ်ပွဲလုပ်နေပါလား”


သူအံ့အားသင့်သွားသည်။ တကယ်ဆိုလျှင် အမေတစ်ယောက်လုံး ငုတ်တုတ်ကြီး ရှိနေပါလျက် စေ့စပ်ပွဲကို အဘယ်ကြောင့် မတိုင်ပင် မပြောဆိုဘဲ သူတို့ချည်းလုပ်နေရသနည်း။ သူက ဝမ်းလည်းနည်း၊ ဒေါသလည်း ထွက်သွားသည်။


လူတွေအားလုံး ရှင်းသွားချိန်တွင် သူက အပြင်ကိုထွက်လိုက်ပြီး


“မောင်မောင်ကျော် လာစမ်းပါဦး … အိမ်မှာ ဘာတွေဖြစ်နေကြတာလဲ”


“မေမေ့ မြေးအကြီးမ ပင်ကီကို လာပြီး စေ့စပ်ကြောင်းလမ်းကြတာမေမေ”


“ဒီမယ် … အဲဒီ စေ့စပ်ပွဲကို ငါ့ကိုလည်းမပြော … ငါ့ကိုလည်း မပါခိုင်းတာ ဘာသဘောလဲလို့ မေးနေတာ”


“အို မေမေ ပါလည်း ဘာပြောနိုင်မှာလဲမေမေ … ခုဟာက သတို့သားဘက်က အားလုံး အစစအရာရာ တာဝန်ယူသွားတာပဲ”


“ဘာဖြစ်ဖြစ်လေ ငါလည်း ပင်ကီလေးရဲ့ အဘွားတစ်ယောက်လေ။ ငါ့ကို အသိအမှတ် မပြုကြတော့ဘူးလား ကွယ်”


ဒေါ်ကြည်ကြည်စိန်က ဝမ်းလည်းနည်း၊ ငိုလည်းငိုသည်။


ညမိုးချုပ်သည့်အခါ ထိုအကြောင်းကို သမီးကြီးနှင့်ပြောရင်း ငိုရသေးသည်။


အိမ်တွင် ဒေါ်ကြည်ကြည်စိန်မှာ တဖြည်းဖြည်း လူပိုကြီးတစ်ယောက်လိုဖြစ်လာသည်။ သူ့ကို သားနှင့် ချွေးမ ကလည်း စကားမပြော။ မြေးတွေကလည်း မေးတစ်ခွန်း၊ ခေါ်တစ်ခွန်းနှင့် နေထိုင်ကြသည်။ သူတို့က မိခင် ဖြစ်သူကို အချိန်တန်လျှင် ထမင်းဝိုင်းပြင်ထားပေးပြီးပါက တာဝန်ကျေပြီဟု ယူဆနေကြသည်။


အသက် ၇၀‌ ကျော်လာပြီဖြစ်သဖြင့် သူ့မှာ သားသမီးတွေ မြေးတွေနှင့် သိုက်သိုက်ဝန်းဝန်းနေချင်သောကြောင့် အိမ်ကို တစ်စုတည်းနေထိုင်ရန် ခေါ်လိုက်ရာမှ သူစိမ်းတွေလိုဖြစ်နေရသည့်ဘဝအတွက် နောင်တတွေ ရနေမိသည်။


နောက်ဆုံးတော့ သူတို့မိမိအခန်းကို လိုချင်နေကြသည်မှာ အိမ်ထောင်ချပေးမည့် မြေးမလေးအတွက် ရည်စူးနေခြင်းဖြစ်ကြောင်း ပိုပြီးထင်ရှားလာသည်။


ပင်ကီမင်္ဂလာဆောင်မည့်နေ့နီးလာပြီ။


နိုင်ငံခြားမှ သမီးကြီးရောက်လာသည်။ တူမအတွက် မင်္ဂလာပွဲကိုလာခြင်းဖြစ်သည် ဆိုသော်လည်း သူ့မှာ သူ့အစီအစဉ်တွေနှင့် သူဖြစ်သည်။ လက်ထပ်ပွဲမတိုင်မီရောက်လာပြီး မောင်ဖြစ်သူနှင့် မိခင်ကိုခေါ်၍ တိုင်ပင်ကြသည်။ သူတို့စကားဝိုင်းတွင် ယောင်းမနှင့် သူ့သမီးတွေကို မပါဝင်စေဘဲ သုံးယောက် ဆွေးနွေး ကြခြင်းဖြစ်သည်။


“မောင်ကျော် … ချစ်တုန်း မုန်းစကားပြောတဲ့ကွယ်။ မေမေရှိနေတုန်း ပြတ်ပြတ်သားသားဖြစ်အောင် တစ်ခုခု ဆုံးဖြတ်ကြရင်ကောင်းမယ်ထင်တယ်”


“မမက ဘယ်လိုဆုံးဖြတ်ချင်လို့လဲ”


“ခု မင်းတို့နေတဲ့တိုက်ခန်းက ဖေဖေနဲ့ မေမေနာမည်နဲ့ တိုက်ခန်းနော် သိတယ်မဟုတ်လား”


“သိပါတယ်”


“ဒီအိမ်ကလည်း ဖေဖေနဲ့မေမေပိုင်အိမ်ဆိုတာလည်း သိတယ်နော်”


“သိပါတယ် … မမက ဘာဖြစ်ချင်လို့လဲ”


“မမဖြစ်ချင်တာထက် မေမေဖြစ်ချင်တာကို မေမေပြောလိမ့်မယ်။ ကဲ မေမေ ပြောတော့လေ”


“အေး … မြို့ထဲက တိုက်ခန်းကို မင်းအဖေမသေခင်ကတည်းက သားကိုပေးလို့ ပြောခဲ့တယ်။ ဒီအိမ်ကိုလည်း သမီးကြီးကို ပေးလိုက်ဆိုပြီး မေမေတို့စီစဉ်ထားတယ်။ ခုမေမေ မသေခင်ကတည်းက ဒီကိစ္စကို ဖြတ်သွားချင် တယ်။ ရှေ့နေ ဦးခင်ဇော်ကိုခေါ်ထားတယ်။ မကြာခင် ရောက်လာလိမ့်မယ်။ အဲဒါ မေမေဖြစ်ချင်တဲ့ ဆန္ဒပဲ”


“ဒါဆိုရင် ဒီအိမ်က ကျွန်တော်တို့ ဆင်းပေးရမယ်လို့ ဆိုလိုတာလား”


“ဟုတ်တယ် … အားလုံးကိစ္စတွေပြီးရင် ဒီအိမ်ကို ပိတ်ထားမယ်။ မေမေ့ကို ငါနိုင်ငံခြား ခေါ်သွားမယ်”


“သားတို့ ချက်ချင်းကြီးဆင်းလို့ မဖြစ်သေးဘူးလေ … အိမ်ငှားထားတာ သုံးလကျန်သေးတယ်”


“ဟုတ်တယ် … မေမေ့ကိုလည်း သုံးလလောက်နေမှ အပြီးလာခေါ်မှာ။ ဒီကြားထဲမှာ မင်းပြောင်းရွှေ့ပေးဖို့ စီစဉ် ထားလိုက်ပါ”


“ငါ့သားအနေနဲ့ရော အမွေခွဲပေးတဲ့ကိစ္စကို ဘာပြောချင်သေးသလဲ”


“ပြောစရာ မရှိပါဘူး။ မေမေနဲ့ မမတို့က စီစဉ်ပြီးနေပြီပဲ။ ပြောဖို့မှ မလိုတာ”


“ဟော … ရှေ့နေ ဦးခင်ဇော်ရောက်လာပြီ”


သူတို့ အမွေကိစ္စများ တိုင်ပင်ဆွေးနွေးကြသည်။ စာချုပ်များ လုပ်ကြသည်။


ညအိပ်ချိန်တွင် သားအမိနှစ်ယောက် ခုတင်ပေါ်တွင်ထိုင်ပြီး စကားပြောနေကြသည်။


“သမီးရယ် … မေမေတော့ ဒီအိမ်ကြီးကို မရောင်းစေ့ချင်ဘူး”


“မရောင်းပါဘူး မေမေရယ်။ မေမေရှိတုန်း ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ထားတဲ့သဘောပါပဲ။ မေမေက တစ်ယောက်တည်း နေဖို့လည်း မဖြစ်နိုင်ဘူးလေ။ ပြီးတော့ မေမေ့သားနဲ့လည်း မနေချင်ဘူးဆို”


“အေးပါကွယ် တစ်ယောက်နဲ့တစ်ယောက် ဒီလိုချည်းတော့ မနေနိုင်ဘူးကွယ်။ သူစိမ်းပါလာတော့ ပိုဆိုးတာပေါ့။ ခုတော့ သမီးကြီးက အားလုံးကို စနစ်တကျစီစဉ်လိုက်တာ ကောင်းသွားတယ်”


“မေမေ တစ်နေ့ သမီးလည်း မြန်မာပြည်ကို ပြန်လာမှာပါ။ သမီးပြန်လာရင် သမီးအတွက် နေစရာလေး တစ်နေရာ ရှိဖို့လိုတယ်လေမေမေ”


“အေးကွယ် အဲဒီအချိန်အထိ မေမေရှိရင်ကောင်းမယ်”


“ဘာဖြစ်လို့ မရှိရမှာလဲ မေမေရယ် … မကြာတော့ပါဘူး … သမီးတို့ မြန်မာပြည်မှာ အတူတူပြန်နေနိုင်တော့ မှာပါ”


(မိတ်ဆွေတစ်ဦးပြောပြသည့်ဇာတ်လမ်းဖြစ်ပါသည်)


တင်ညွန့်


၂၆.၂.၂၀၂၆