လှကေသီ

 လှကေသီ(စ/ဆုံး)


————-


သူ့နာမည်က လှကေသီ

သူ့ကို ကျွန်မစသိခဲ့တာ ကအမေ့အိမ်မှာပါ။

ကျွန်မက နယ်ဝေးရောက်နေခဲ့တဲ့ဝန်ထမ်းဘဝမို့ တနှစ်မှတစ်ခါလောက်သာ အမေ့ဆီပြန်ရောက်တတ်သူပါ။

ကျွန်မတို့ရဲ့ပိုနေတဲ့အိမ်တစ်လုံးကို အိမ်ငှားတင်ထားပါတယ်။


လှကေသီက ကျွန်မတို့အိမ်ကို ငှားနေတဲ့ကောင်မကလေးပေါ့။

လူက ပုပုလုံးလုံးညိုညိုကလေးကိုမှ ဆံပင်အရှည်ကခါးလယ်လောက်ရှိတာကို

ထိပ်ကနေစပြီး ကျစ်ဆံမြီးသေးသေးကလေးတွကိုဖဲကြိုးရောင်စုံထည့်ကျစ်ထားတဲ့ ဆံပင်စတိုင်၊ တီရှပ် အနီ၊ဂျင်းဘောင်းဘီတိုကလေးနဲ့ဆုိတော့

ကျောင်းသူလေးလား၊ ငှားနေတဲ့မိသားစုရဲ့သမီးကလေးလားလို့ထင်မိတာပါ။

မေမေက ပြောပြတော့မှ သူကကျွန်မတို့တဘက်ခြံကအိမ်ကို

လာငှားနေသူတွေလို့သိရတယ်။

လင်မယားနှစ်ယောက်ထဲနေပါမယ် ။သူ့အမျိုးသားက အင်ဂျင်နီယာပါပြောပါတယ်။


” မေမေလည်း အရာရှိလင်မယားနှစ်ယောက်တည်း ဆိုပြီး တနှစ်စာချုပ်နဲ့ ငှားလိုက်မိတာ”

” နောက်တော့ အင်ဂျင်နီယာ အမျိုးသမီးက အခု လှကေသီဆိုတဲ့ ကောင်မကလေး ဖြစ်နေတယ်”


မေမေပြောနေတာကို စိတ်ဝင်စားစွာ နားထောင်မိနေရင်းက ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်သည်လင်မယားဖြစ်မှာပေါ့လို့ ကျွန်မက ကြိုတွေးမိလိုက်ပါတယ်။


“ဒါပေမဲ့ သမီးရေ ၂လလောက်ကြာတော့ သူတို့ရုပ်လုံးတွေပေါ်လာတော့မှ မေမေလည်းရိပ်မိတော့တယ်”


” ဘာဖြစ်လို့လဲဟင်မေမေ”


“အဲဒီ အင်ဂျင်နီယာဆိုတဲ့အမျိုးသားက အသက်ကငါးဆယ်နီးပါး၊ သူ့ကားမောင်းပေးတဲ့ ဒရိုင်ဘာနဲ့အတူ တလမှ တစ်ခါနှစ်ခါလောက်သာ ရောက်လာပြီး လှကေသီနဲ့နေတာ”


” သူ့ယောင်္ကျားက လုပ်ငန်းခွင်စိုက်ထဲမှာပဲ နေရတာများတယ်လို့ပြောတာနဲ့မေမေလည်း ယုံကြည်လိုက်ပါတယ်”


” နောက်တော့ ဘာဖြစ်လို့လဲမေမေ”


“အိမ်က ကြိုးဖုန်းနဲ့သူ့ယောင်္ကျားဆီ ဖုန်းလာလာဆက်တော့မှ သူ့အကြောင်းတစ်စတစ်စ ပိုသိလာတာသမီးရေ”


“မေမေကတော့ လင်မယားဆိုလို့ငှားလိုက်မိတာ..အခုက ကောင်မလေးက မယားငယ်လားပဲမသိဘူး…သူ့ယောင်္ကျားကို တစ်ခါတလေ ဖုန်းထဲကနေ ပြောဆိုနေတာ မကြားဝံမနာသာတွေ..မေမေလည်းနားထောင်တယ်မဟုတ်ပေမယ့်ကြားနေရတာကိုး”


“ဟုတ်လားမေမေ..ဘာတွေကြားလို့လဲ”


” မလာတာကြာရင် သူက ဆဲဆိုနေတာသမီးရေ..နှုတ်ကလည်းကြမ်းတယ်

ငါ့မှာအသုံးစရိတ်ပြတ်နေပြီ.ပို့ပေးအုန်း

နင်က အဲမှာ မယားကြီးနဲ့ပျော်နေလိုက်နဲ့ ပြောနေတာ”


“သူ့ကို မေမေက မေးမကြည့်ဘူးလား..သူကဘယ်ကလဲ..အလုပ်အကိုင်ကရောဘာတွေလုပ်တာလဲ”


မသိပါဘူးအေ၊ စကားကလည်းခုပြောတာတစ်မျိုး နောက်ပြောတာတစ်မျိုးနဲ့ပါ၊ သူ့ဇာတိကတော့ ဒိုက်ဦးနားကရွာမှာမွေးတာတဲ့”


လှကေသီ

အမျိုးသားက အသက်ငါးဆယ်အရွယ် အင်ဂျင်နီယာ

ကျွန်မ စိတ်ထဲတော့ တစ်ခုခုကို စဥ်းစားမိသွားတယ်။


အခြေအနေ ကိုဆက်လက် လေ့လာကြည့်ဘို့ ကျွန်မတာဝန်ဖြစ်သွားပြီ။

အိမ်ဌားစာချုပ်က တစ်နှစ်ချုပ်ထားပြီးသားမို့ မထားလို့လဲမရတော့ပါဘူး။


( ၂ )


တစ်ပတ်လောက်အကြာမှာတော့ လှကေသီနဲ့ကျွန်မ ရင်းနှီးလာတော့မှ သူ့ဘဝအကြောင်းတွေကို ဖွင့်ပြောပြပါတယ်။


သူ့ဘဲကြီးကလည်း တစ်လမှာတစ်ခါအလွန်ဆုံးနေ၂ရက်၃ရက်ပဲဆိုတော့ကျန်တဲ့အချိန်များစွာ သူတစ်ယောက်တည်းပျင်းလို့ပါဆိုပြီး အိမ်ဘက်ကို ကူးလာတတ်ပါတယ်။

အိမ်မှာက တက္ကသိုလ်တက်နေတဲ့ညီမငယ်ရယ် မေမေ့တူမတစ်ယောက်လည်းအတူနေကြတာမို့ သူကအဖော်လာပြုချင်တာပါ။

စားစရာတွေ ယူလာပြီးအတူလာစားလိုက်၊ တစ်ခါတလေ အိမ်မှာပဲထမင်းအတူစားမယ်ဆိုပြီး သူ့အိမ်ကထမင်းဟင်းတွေထည့်လာစားတတ်ပါသေးတယ်။

ကျွန်မလည်း မပြောသာသေးလို့သာ ကြည့်နေရတယ်။ သူ့အကျင့်စရိုက်ကို မကြိုက်ခဲ့ပါဘူး။


“လှကေသီတို့ ဘယ်တုန်းကလက်ထပ်ကြတာလဲ”


“လက်ထပ်တယ်လို့လည်းမဟုတ်ပါဘူးမမ..

သူကသမီးကိုသဘောကျတယ်၊ အတူနေချင်တယ်ဒါနဲ့ သမီးကို အိမ်တစ်ဆောင်မီးတစ်ပြောင်ထားနိုင်ရင် ယူမယ်ပြောလိုက်လို့ သူက အခုလို အိမ်ဌား ပေးထားတာ”


” အမလေး လွယ်လှချည် လှကေသီရယ်”


“သူကသမီးတို့ဆိုင်မှာ အနှိပ်လာခံရင်း သမီးနဲ့တွေ့တာမမ”

“သမီးဘဝကိုသူကသနားတယ်..သမီးအနာဂါတ်ကို သူပြောင်းပေးမယ်ဆိုတာပဲလေ”


” သမီးတို့က ဆင်းရဲပါတယ်။ ဒိုက်ဦးနားက ရွာကလေးမှာနေတာ။အဖေနဲ့အမေလည်းမရှိကြတော့တာလား ကွဲနေတာလားသမီးအတိအကျမသိဘူး။

သမီးသိတတ်တဲ့အချိန်မှာ အဖွားကသမီးရဲ့အမေပဲ။ အဖွားကလည်း ရွာထဲမှာသူများခိုင်းတာလုပ်ပေးရတာဆိုတော့ ထမင်းနပ်မှန်အောင်တောင်မနဲကြိုးစား ရပ်တည်ခဲ့ရတာပါ။

သမီးက လေးတန်းအထိပဲ ကျောင်းတက်ခဲ့ရတယ်။ ကျောင်းကထွက်ပြီး ကောက်စိုက်၊ ပျိုးနှုတ်၊ ပေါင်းရှင်း၊ မြေပဲဖော်နဲ့ ကြုံရာအလုပ် လိုက်လုပ်ခဲ့တယ်။

ဒီလိုနဲ့ ရွာကထွက်သွားတဲ့အမတစ်ယောက်က မြို့ပေါ်မှာ အလုပ်အကိုင်ပေါတယ်၊ ပိုက်ဆံရှာလို့လွယ်တယ်၊

ရွာမှာလို နေပူကျဲတဲမှာပင်ပင်ပန်းပန်း လုပ်စရာမလိုဘူးပြောပြီး သူခေါ်တာနဲ့ မြို့ကိုလိုက်လာခဲ့တာ”


ကျွန်မ တွေးထားမိတဲ့အတိုင်း လှကေသီရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို သိလိုက်ရပါတယ်။


ကျန်တဲ့သူပြောပြနေတဲ့အပိုင်းတွေကတော့

ဟုတ်ချင်မှလည်းဟုတ်မှာပါ။


မြို့ပေါ်ကအလှပြင်ဆိုင်ကြီးတစ်ခုမှာ သူ့ကိုလက်တိုလက်တောင်း အရင်ခိုင်းပြီးမှ သူများတွေကဧည့်သည်ဖောက်သည်ကို ပြုစုပုံ၊ နှိပ်နယ်ပေးပုံကို ကြည့်သင်ယူစေခဲ့တယ်။

ခေါင်းလျှော်တတ်အောင် ဆိုင်ကအမတွေခေါင်းကို အကြိမ်ကြိမ်လျှော်ပေးရတယ်။ လစာလည်းမပေးပဲ ထမင်းဟင်းကျွေးအလုပ်သင်ဘဝနဲ့စခဲ့ရတယ်လို့ပြောပြပါတယ်။


နောက်ရက်တွေမှာ သူ့ရဲ့ကိုကြီးရောက်လာတာနဲ့ အိမ်ဘက်ကိုမလာတော့ပါဘူး။ ကားလေးနဲ့ထွက်သွားကြ၊အပြင်မှာသွားစားကြပုံရပါတယ်။

သူတို့ပြန်လာတော့ အဖွားနဲ့ကျွန်မတို့ စားရအောင်ဆိုပြီး ပါဆယ်တွေဝယ်လာတာလာပို့ပါတယ်။

ကျွန်မက မယူပါဘူးငြင်းပေမယ့် သူ့ရဲ့ကိုကြီးက လှကေသီကို စောင့်ရှောက်ပေးထားလို့ ကျေးဇူးတင်တဲ့အနေနဲ့ပါပြောတာနဲ့ လက်ခံလိုက်ရပါတယ်။


သူ့ရဲ့ကိုကြီးပြန်သွားပြီး ပိုက်ဆံတော်တော်ပေးခဲ့ပုံရပါတယ်။ ရွှေဆိုင်သွားပြီးပစ္စည်းလုပ်ချင်လို့

မေမေ့တူမကို အဖော်လိုက်ခဲ့ပေးပါလို့အကူအညီတောင်းတော့ လိုက်တော့သွား၊ ဟိုဟိုဒီဒီတွေလျှောက်မသွားနဲ့ပြောပြီး ထည့်ပေးလိုက်ရပေမယ့် စိတ်ထဲတော့ဘဝင်မကျချင်ပါဘူး။


ပြန်လာတော့ ရွှေလက်ပတ်ကြိုးလေးတစ်ခုနဲ့ လက်စွပ်ပြောင်လေးတစ်ကွင်းဝယ်လာတာပြပါတယ်။

အင်းလေ…

ဒီလိုဆိုပြန်တော့လည်း သူဘာသာသူ မယားငယ်ဘဝရောက်နေပေမယ့် သူ့ကိုကြီးကချစ်လို့သာပေးနေမှာပါလို့ဖြည့်တွေးပေးလိုက်မိပါတယ်။

ကျွန်မရဲ့ဝန်ထမ်းတာဝန်ကလည်းရှိသေးသမို့

ပြန်ရအုန်းမှာဆိုတော့ အိမ်က ညီမငယ်တွေနဲ့အမေ့ကို လည်းမှာခဲ့ရသေးတယ်။

သူခေါ်တိုင်းလိုက်မသွားကြဘို့နဲ့ ကိုယ်ပါရောပြီး အထင်အမြင်သေးခံရတတ်တယ်နဲ့ ကျွန်မအပျိုကြီးပီပီ တတွတ်တွတ်မှာနေမိပါတယ်။

လှကေသီဆိုတာ ခေသူတစ်ယောက်မဟုတ်မှန်းကို ကျွန်မတို့တစ်တွေ နောက်ပိုင်းဇာတ်ကျမှ ပိုသိခဲ့ရပါတော့တယ်။


( ၃ )


ကျွန်မတာဝန်ရှိရာမြို့ဆီကို ပြန်ခဲ့ရပေမယ့် ကျွန်မညီမလေးများကို စိတ်မချဘူးဖြစ်နေမိတယ်။

ကျောင်းတက်နေတဲ့ ညီမလေးက နေ့တိုင်းကျောင်းသွားတက်ရလို့ လှကေသီနဲ့ သိပ်မတွေ့ဖြစ်ပေမယ့် အိမ်မှာမေမေနဲ့အတူနေတဲ့ ညီမဝမ်းကွဲလေးကို သူက ဟိုဟိုဒီဒီခေါ်သွားချင်ပါတယ်။

သူ့လက်ထဲ ပိုက်ဆံရှိနေလို့ကတော့ တော်တော်ကို အသုံးကြမ်းတဲ့မိန်းကလေးပါ။

အဝတ်အစားတွေဝယ်လိုက်၊စားလိုက်၊မကြိုက်ရင်သူများပေးလိုက်နဲ့ တကယ့်ကို

ငွေတွင်းကြီးတစ်ခု ပိုင်ဆိုင်ထားသလိုဖြစ်နေပါတော့တယ်။


ကံကောင်းချင်တော့ ကျွန်မအပြောင်းအရွှေ့တင်ထားတာ ကိုယ့်မြို့ဆီကိုပြန်ကျခဲ့တာမို့ ကျွန်မမေမေနဲ့အတူ ပြန်နေခွင့်ရခဲ့ပါပြီ။

လှကေသီရဲ့ စရိုက်တွေလည်းပိုပိုပြီး သိလာခဲ့ရပါတယ်။

သူ့အမျိုးသားဆိုသူ အင်ဂျင်နီယာကြီးရဲ့ တရားဝင်အမျိုးသမီးက မန္တလေးမှာရှိပြီး သားနှစ်ယောက်ရှိတယ်လို့ သိလိုက်ရတယ်။


” လှကေသီရယ် ညည်းကို ဟိုကလာရန်တွေ့ရင် ဘယ်လိုလုပ်ကြမလဲ”


” အိုး..မမကလဲ..သမီးကိုလာရန်တွေ့ရင် သမီးက ဗြင်းထည့်လိုက်မှာဗျ..မကြောက်ပါဘူး”


” ငါ့ ညီမရယ် သူ့မှာအိမ်ထောင်ရှိမှန်းလဲသိရဲသားနဲ့ အခုလို နေရတော့ကော ပျော်သလား”


“သူလိုချင်တာသမီးကပေးတယ်၊ သမီးလိုချင်တာသူကပေးနိုင်တယ်လေမမရယ်”


လှကေသီရဲ့ပြောစကားတွေအရတော့ သူ့အကိုကြီးဆိုသူနဲ့ အနှိပ်ခန်း၊ကာရာအိုကေခန်းတွေမှာအတူတွေ့ကြရင်းကနေ အဆင့်တွေပိုတက်လာခဲ့ပြီး သူ့မှာ ကိုကြီးနဲ့ရတဲ့ကိုယ်ဝန်ရှိနေတယ်ဆိုပြီး ညာပြောခဲ့သတဲ့လေ။


” မလုပ်ကောင်းပါဘူး လှကေသီရယ်..အခုကျတော့ ညည်းကိုကြီးကသိသွားရောပေါ့”


” မမကလည်း သူကသမီးဆီကို တစ်လမှ တစ်ခါနှစ်ခါလာတာလေ။ ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုပြီး ပြောလိုက်တော့ သူကပိုတောင်သနားနေသေးတာ”


အော် တော်တော်လည်း မြက်နုကြိုက်တဲ့သူတွေပါလားလို့ ယောင်္ကျားထုတရပ်လုံးကိုစိတ်ကုန်သလို ကျွန်မအပျိုကြီးပီပီ သုံးသပ်လိုက်ပါတယ်။


ကျွန်မ အမေရှိရာကို ပြန်ရောက်လာတော့ လမ်းထဲက အိမ်နီးချင်းများကလဲ ဝမ်းသာနေကြပါတယ်။

လှကေသီရဲ့ သတင်းကလည်း ရပ်ကွက်ထဲမသိသူမရှိသလောက်ဖြစ်လာခဲ့တော့တယ်။

သတင်းဆိုတာကလည်း မကောင်းသတင်းဆို လူပိုသိတတ်ကြတာမို့ လှကေသီရဲ့ နောက်ကြောင်းရာဇဝင်တွေ လည်း ပေါ်လာခဲ့ပါတော့တယ်။

လှကေသီဟာ အခုယူထားတဲ့အမျိုးသားနဲ့မတိုင်ခင်က ကြေးစားမိန်းကလေးဆိုပါလား။


အနှိပ်ခန်းအကြောင်းပြပြီး မကောင်းတာလုပ်နေကြသူတွေရဲ့ သားကောင်တွေဟာ ရွာဘက်တွေမှာ၊အတန်းပညာလည်းမတတ်၊အလုပ်အကိုင်ကရှားပါး၊ ဆင်းရဲတွင်းနက်နေရှာတဲ့မိန်းကလေငယ်ကလေးတွေအတွက် မက်လောက်စရာ လစာနဲ့ လွပ်လပ်ပျော်ရွှင်မှုတွေက ကိုယ်ကျင့်တရားတွေ ကိုဖြိုပြစ်လိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်နေခဲ့တယ်။


အခု လူကြီးကို လည်းအပျိုစင်ကလေးအသွင်နဲ့ဖမ်းချည်ယူနိုင်ခဲ့တဲ့ လှကေသီကတော့ အိမ်ထောင်ရှိတာတွေ မရှိတာတွေ စိတ်မဝင်စားဘူး။

သူပြောသလိုပဲ သူလိုချင်တာကို သူရအောင်ယူနိုင်ခဲ့တယ်။

ပတ်ဝန်းကျင်က မေးငေါ့လာကြပါပြီ။

လှကေသီကို ယူထားတဲ့ သူကိုလည်းမတန်လိုက်တာနော်..တလမှာတစ်ခါနှစ်ခါပေါင်းရဘို့အရေး

ကုန်လိုက်မယ့် ပိုက်ဆံ သောက်သောက်လဲပေါ့။


ကျွန်မအနေနဲ့လည်း နောက်ပိုင်းလှကေသီအကြောင်းတွေပိုသိလာခဲ့တော့ ခပ်တည်တည်သာနေခဲ့တော့တာမို့ အိမ်ကိုအလာကျဲသွားခဲ့ပါတယ်။

နောက်ပြီး သူ့အကိုကြီးက အလှပြင်သင်တန်းတစ်ခုကို တက်ခိုင်းစေခဲ့တာမို့ သူလည်း မအားရတော့ဘူးထင်ပါတယ်။

ကျွန်မ ညီမလေးတွေ လမ်းထဲကမိန်းမပျိုကလေးတွေ လှကေသီကိုကြည့်ပြီး အတုယူမှားကြမှာကို စိုးရိမ်မိပါတယ်။


လှကေသီလို သူမျိုးတောင် ငွေကိုရေလိုသုံးနိုင်တယ်၊ပေးနိုင်တဲ့သူမျိုးကို ယူထားတာ အားကျမိကုန်ရင်တော့

မဖြစ်ဘူး..မဖြစ်တော့ဘူး


” မေမေရေ တစ်နှစ်စာချုပ်ပြည့်ရင် လှကေသီတို့လင်မယားကို ဆက်မထားတော့ဘူးနော်”


” အေးပါသမီးရယ်..မေမေလည်းသိမှမသိပဲကိုး”


ဘဝအခြေမလှတဲ့ လှကေသီလို မိန်းကလေးမျိုးတွေ ဘယ်လောက်တောင်ရှိနေကြပီလည်းနော်။

အဲဒီလိုနဲ့နေလာခဲ့ရင်းက ခုနှစ်လလောက်မှာတင်ကို လှကေသီရဲ့ အကိုကြီးက တစ်လတစ်ခါတောင်မလာတော့ဘူးဖြစ်လာပါတယ်။

သူ့အလုပ်ကလည်း ဟိုးအထက်အညာဘက်ဆီ ပြောင်းသွားခဲ့လို့ပါလို့အကြောင်းပြပါတယ်။

လှကေသီကတော့ လူမလာရင်နေ ပိုက်ဆံသာပို့ပေးဖို့ ဖုန်းဆက်တောင်းနေတုန်းပါပဲ။


ခင်ဗျားကြီးက မယားကြီးသိသွားတော့ ကြောက်နေတာလားနဲ့ဖုန်းထဲကနေ ကြမ်းတမ်းတဲ့စကားတွေနဲ့ ဒေါသူပုန်ထနေပါတော့တယ်။

အိမ်ဖုန်းကလည်း လမ်းထဲမှာ ကိုယ့်အိမ်သာရှိသမို့ အပိုဝင်ငွေလေးရအောင် တမိနစ်၂ဝဝနဲ့ ဖုန်းပြောခယူတာနဲ့မတန်မိအောင် ကြားနေရပါတော့တယ်။


( ၄ )


လှကေသီအတွက် ဘဝအနေတည်စေဘို့

ကယ်တင်ပေးမယ်ဆိုတဲ့သူလည်း

လှကေသီရဲ့ စရိုက်တွေကို မနိုင်တော့ဘူးထင်ပါတယ်။


လှကေသီဆီကို အကြောင်းအမျိုးမျိုးပြ အလာကျဲလာတဲ့အခါမှာတော့ လှကေသီတစ်ယောက် ဒေါပွလို့ ဖုန်းထဲကနေ ခြိမ်းခြောက်လိုက် အမေနဲ့ကိုင်တုတ်လိုက်နဲ့ ဆဲဆိုနေတာမြင်ရတော့ ဒီလိုမိန်းကလေးမျိုးကိုမှ စွဲစွဲလန်းပြီး ယူခဲ့တဲ့ သူကိုပဲ အပြစ်တင်မိပါတော့တယ်။


အိမ်ကတစ်နှစ်စာချုပ်နဲ ငှားထားတာမို့ အိမ်လခပေးစရာမပူရပေမယ့် အသုံးအဖြုန်းကြီးတဲ့လှကေသီအတွက် ပိုက်ဆံက အရင်လို မရွှင်နိုင်တော့ပါဘူး။

မကြာသေးခင်ကမှ လည်ပင်းတွေလက်တွေမှာ တဝင်းဝင်းဖြစ်ခဲ့တဲ့ ရွှေလက်စွပ်တွေ လက်ကောက်တွေ ၊ဆွဲကြိုးတွေပျောက်ကုန်ပါတော့တယ်။


အိမ်ကိုလည်း ပြန်မအိပ်တဲ့ညတွေများလာခဲ့သလို အိမ်ပြန်လာရင်လည်း အပေါင်းအဖော်တွေပါလာပြီး သောက်စားမူးယစ်နေပုံပါပဲ။


ကျွန်မကလည်းသူနဲ့စကားပြောမိရင် အပျိုကြီးပီပီ မိန်းမတို့ဣန္ဒေ ရွှေပေးလို့မရတာတွေ၊ စည်းမျဥ်းစည်းကမ်းတွေ ပြောနေမိတာမို့

သူနဲ့ကီးမကိုက်လေတော့ ကျွန်မရှိရင်အိမ်မလာတော့ပါဘူး။


ကျွန်မလည်း အိမ်ကညီမကိုအတန်တန်မှာလို့ သူခေါ်ရင်ဘယ်ကိုမှမလိုက်ကြဘို့နဲ့ သူ့အကျင့်စရိုက်မျိုးနဲ့ ကိုယ့်ပါတစ်မျိုးအမြင်တွေနဲ့ ထင်သွားကြမယ်ဆိုပြီးမှာနေရပါတယ်။


တကယ်တော့ ဟို လူကြီးကလည်း တနှစ်လှအတွင်းမှာပဲ သူ့မယားကြီးရိပ်မိသိရှိသွားတာရယ်၊ မိသားစုနဲ့ ခဏတာသာယာတဲ့ဘဝကိုမလဲနိုင်တာကြောင့် နောက်ဆုတ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။


လှကေသီရဲ့ အကျင့်ဗီဇကို ဘယ်လိုမှပြောင်းမရခဲ့တာကတော့ အသေအချာပါပဲ။

အိမ်ကရှိသမျှ ပစ္စည်းလည်း တဖြည်းဖြည်းကုန်ပါပြီ။

တရားဝင်ယူထားတာလည်းမဟုတ်တဲ့ လှကေသီက သူ့ကိုကြီးကို ဘာတွေများလုပ်လို့ရနိုင်ပါအုန်းမလဲ။

ကျွန်မကတော့ ညီမလေးတွေကို လှကေသီကို ပုံပမာပြုလို့ ပြောဆိုဆုံးမနိုင်ပါပြီ။


” ညီမေလးတို့ တွေ့ပြီမဟုတ်လား..ဘဝမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်နေထိုင်နိုင်တာသာ အကောင်းဆုံးပဲ”


” လှကေသီ ဟာ သူ့ကိုသနားလို့ပဲဖြစ်ဖြစ် သူ့ရဲ့အပြုအစုကိုသာယာလို့ပဲဖြစ်ဖြစ် တပ်မက်မိတဲ့သူဟာ သူ့ကို ဘယ်လိုပဲအမြင့်မှာတင်ထားပါစေ မရဘူးဆိုတာ အခုသိကြပီမဟုတ်လား”


” မြက်ရိုင်းစေ့ကို နှင်းဆီပန်းခင်းထဲလာစိုက်လဲ မြက်ပင်ပဲပေါက်မှာ..နှင်းဆီပန်းတော့ ဘယ်တော့မှပွင့်လာမှာမဟုတ်ဘူးလို့ ဆရာတော် အရှင်ဆေကိန္ဒက လူငယ်တွေအတွက် တရားတပုဒ်ဟောပြခဲ့ဘူးတယ်”


“ဒါပေမဲ့ နှင်းဆီပန်းခင်းထဲကိုတော့ မြက်ရိုင်းတွေကြီးထွားမလာစေအောင်တော့ မမတို့ ပြုပြင်ရမယ်”


” ဟုတ်ကဲ့ပါ မမကြီး..ညီမလေးတို့လည်း ကိုယ့်အိမ်မှာ ငှားနေတဲ့သူမို့ အလိုက်သင့်ပေါင်းသင်း ပြောဆိုနေရပေမယ့် သူ့စရိုက်ကြီးကိုမကြိုက်ပါဘူး”


” ဟုတ်တယ်မမကြီး… ညီမလေးကိုလည်း သူဝယ်လာတဲ ဂါဝန် ငါနဲ့ကြီးနေလို့ နင်ယူလိုက်ဆိုပြီး လာပေးတယ်”


” ငါသူများမကြိုက်တာမတန်တဲ့ဟာ ဘယ်တော့မှမယူဘူး..ငါကြိုက်ရင်ငါ့ဘာသာဝယ်မယ် ပြောပစ်လိုက်တယ်”


လှကေသီရဲ့ ဇာတ်လမ်းကတော့ တစ်နှစ်မပြည့်ခင်မှာပဲ နိဂုံးချုပ်သွားခဲ့ပါတော့တယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှုးက ခေါ်သတိပေးတာခံရလို့ အိမ်ကို အခြားလူတွေတရုံးရုံးခေါ်လာပြီး

နေလို့မရတော့တာရယ်၊

သူ့ဘဝအစ မူရင်းနေရာကို ပြန်သွားမယ်လို့ သူဆုံးဖြတ်လိုက်ပြီး ကျွန်မတို့အိမ်ကိုပြန်အပ်ခဲ့ပါတယ်။


ဘာပဲဖြစ်ဖြစ် လှကေသီလို ညိုချောလေးတွေရဲ့ ဘဝတွေ အများကြီးရှိနေအုန်းမှာပါ။

ငွေကို လွယ်လွယ်ရှာလို့ရနိုင်တဲ့ နည်းလမ်းမှားနေကြတာတစ်ခုပါပဲ။

ဘဝအခြေကပဲမလှပခဲ့လို့ ဒီလိုဘဝမျိုးကို လွယ်လွယ်ရောက်ခဲ့ကြတာလား။


မိဘတွေရဲ့လက်လွတ်စပယ် မွေးထားပြီးပြစ်ထားခံရတဲ့ သူတို့ရဲ့ကံကိုပဲအပြစ်တင်ရမလား တွေးရင်း

လှကေသီဆိုတဲ့မိန်းကလေးတစ်ယောက် ကျွန်မတို့ ရပ်ဝန်းကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။


မြမြဦးခင်


10.10.2020


ခုနှစ်စဉ်ကြယ် အလင်း ရသဝတ္ထုတိုစာအုပ်‌

မှာ ရေးသား‌ပါဝင်ခွင့်ရခဲ့ပါသည်။

ကြိုးဖုန်းများသာရှိသေးသော ခေတ်ကာလ တစ်ခုက

ဖြစ်ရပ်မှန်လေးကိုခံစားဖြည့်ရေးထားပါတယ်