အတ္တမီးလောင်သော်(စ/ဆုံး)

 အတ္တမီးလောင်သော်(စ/ဆုံး)

————————–

အိပ်နေရင်း ယောင်ပြီးရှိုက်နေတဲ့အလတ်မကိုကြည့်ရင်း မိသီရင်ထဲ သနားစိတ်ကလေးဖျတ်ခနဲဝင်လာတယ်။ဖျတ်ခနဲဆိုမှ ဖျတ်ခနဲလေးပဲ။ညနေက အကြောင်းခေါင်းထဲရောက်လာတော့ သနားစိတ်အစား ဒေါသစိတ်ကပိုလာတယ်။အလတ်မဘေးမှာ အိပ်နေတဲ့ အကြီးမရဲ့စောင်လွတ်နေတဲ့ ခြေထောက်ကိုလည်းမိသီမြင်နေရတယ်။အကြီးမခြေထောက်က အညိုအမည်းတွေကိုမြင်နေရပေမယ် မျက်နှာလွှဲရင်း မိသီပါးစပ်က ကျိန်ဆဲသံတိုးတိုးထွက်လာတယ်။


“အသုံးမကျတဲ့ဟာမတွေ။သူ့အဖေဆေးသမားလိုပဲ ငါ့ကိုကောင်းကျိုးကိုမပေးတဲ့ဟာတွေ”


ညနေကအကြောင်း ပြန်တွေးမိရင် မိသီဒေါသလည်းထွက် မချိတင်ကဲလည်းဖြစ်လိုက်ရတာ။မနက်ဖြန်အတွက် အလုပ်ကလေးရလို့ ခပ်မြူးမြူးလေး အိမ်ကိုပြန်လာတဲ့မိသီကို ကြိုနေတာက နာနာကျင်ကျင်ကြီးကို အော်ငိုနေတဲ့သားရဲ့အသံ။စိုးရိမ်ပူပန်စိတ်နဲ့ မိသီအိမ်ထဲအပြေးသွားကြည့်တော့ သမီးနှစ်ယောက်က မျက်စိမျက်နှာ အပျက်ပျက်နဲ့ ရပ်နေကြလေရဲ့။နှစ်နှစ်ကျော်အရွယ်သာရှိသေးတဲ့ သားတော်မောင်က မအေကိုမြင်တော့ ငိုရင်းအတင်းပြေးလာတယ်။လက်မှာလည်း အဝတ်စုတ်တစ်ခုပတ်လို့။


“မေမေ့ နီမကိုက် ကိုက်”


မပီမသနဲ့ သားစကားသံကိုနားထောင်ရင်း မိသီလန့်သွားတယ်။နီမဆိုတာ လမ်းဘေးကပိုင်ရှင်မဲ့ခွေးမကြီးလေ။အလန့်တကြားနဲ့ သားလက်ကိုဆွဲပြီး အဝတ်စုတ်ကိုဖယ်ကြည့်တော့ ခွေးကိုက်ထားတဲ့ဒဏ်ရာတွေနဲ့ လက်သေးသေးလေးပေါက်ပြဲနေတာ မြင်ရက်စရာတောင်မရှိဘူး။


“သားငယ် ဘာဖြစ်တာလဲဟင် အကြီးမ။နင့်ကိုတစ်ရက်လေး ကလေးထိန်းခိုင်းတာလေ။ဒီလောက်တောင် စောက်သုံးမကျဘူးလားဟဲ့ ကောင်မရဲ့”


“သမီးတို့ နီမကိုအရိုးသွားကျွေးတော့ မောင်လေးလည်းလိုက်လာပြီး နို့စို့နေတဲ့ ခွေးပေါက်ကလေးကို လှမ်းဆွဲတာ။အဲ့မှာ နီမက လှမ်းကိုက်လိုက်တာ။”


“နင်တို့ သေချာမကြည့်လို့ ငါသားခွေးကိုက်ခံရတာလေ။နေနှင့်ဦး။ ငါပြန်လာမှ နင်တို့ တွေ့မယ်။”


သမီးတွေဘက် လှည့်ကျိန်းရင်း မိသီသားငယ်ကိုပွေ့ပြီး ဆေးရုံဘက် ခပ်သွက်သွက်လှမ်းခဲ့လိုက်တယ်။မိသီရင်ထဲမှာလည်း ငယ်ငယ်တုန်းက မြင်ကွင်းတချို့ကို ပြန်မြင်ပြီး ရင်ထဲ ပူဟိုက်နေတယ်။စိတ်ထဲကနေလဲ ဘုရားစာအထပ်ထပ်ဆိုရင်း ဆုတစ်ခုတည်းကိုပဲ အထပ်ထပ်တောင်းနေမိတယ်။


ဆေးရုံက အပြန်မှာတော့ မိသီခြေထောက်တွေလေးဖင့်နေတယ်။သားငယ်ကို ရင်ခွင်ထဲ ကျစ်ကျစ်ပါအောင် ဖက်ရင်း ဝေ့တက်လာတဲ့ မျက်ရည်တွေကို မကျအောင် မနည်းထိန်းနေရတယ်။မိသီရင်ထဲမှာ အလိုမကျမှု၊သိမ်ငယ်ဒေါသထွက်မှုနဲ့ ဝမ်းနည်းမှုတွေက ပြည့်သိပ်နေတယ်။အဲ့ဒီနေ့ ညနေမှာ ရိုက်နှက်ဆဲဆိုသံတွေနဲ့အတူ သမီးနှစ်ယောက် ငိုသံတွေက မိသီတို့ တဲကလေးအပြင်ဘက်ထိ လျှံကျလာတယ်။အဲ့ဒီငိုသံတွေထဲမှာ မိသီရဲ့ရှိုက်သံတွေလည်း ပါနေလေရဲ့။


(၂)

“အင့် အဟင့်”

သားရဲ့ညည်းသံကြောင့် မိသီထိုင်နေရာကနေအသာထပြီး သားတင်ပါးလေးကို ပုတ်ပေးလိုက်တယ်။ခေါင်းရင်းက နိုးစက်နာရီအပဲ့လေးကိုကြည့်လိုက်တော့ မနက်နှစ်နာရီ ထိုးလုပြီ။မိသီအခုထိ အိပ်လို့မရဘူး။အခုချိန်မှာ မိသီခေါင်းထဲမှာတွေးနေမိတာက ပိုက်ဆံတစ်သိန်း။


“ကလေးကို အခုမေးခိုင်းကာကွယ်ဆေးထိုးပေးလိုက်မယ်။ခွေးရူးပြန်ကာကွယ်ဆေးက အခုဆေးရုံမှာမရှိဘူး။အပြင်ကဝယ်ထိုးရမှာ။တစ်သိန်းကျော်လောက်တော့ ရှိမယ်”


ဆိုတဲ့ ဆေးရုံကဆရာမရဲ့အသံက မိသီနားထဲတဝဲလည်လည်ဖြစ်နေတယ်။မိသီတစ်ညလုံး ပိုက်ဆံတစ်သိန်းဘယ်က ရမလဲဆိုတာ စဥ်းစားနေမိတယ်။အားကိုးစရာဆွေမရှိ၊မျိုးမရှိနဲ့ မုဆိုးမဘဝက ထမင်းတောင် နပ်မှန်အောင် မနည်းရုန်းနေရတာလေ။တစ်အိမ်လုံးပေါင်နှံရောင်းချရင်တောင် ပိုက်ဆံတစ်သိန်းရပါ့မလားမသိ။အရင်ကတော့ မိသီက အဝတ်လျှော်လိုက်တယ်။သားငယ်လေးမွေးပြီးတော့ မီးယပ်ရောဂါဖြစ်လို့ မိသီ ရေအကြာကြီး မကိုင်နိုင်တော့ဘူး။အိမ်ဝန်းလေးထဲမှာ စားပင်လေးတွေရသလောက်စိုက်ပြီး ရောင်းစားရတယ်။အကြီးမကိုလည်း ဒီနှစ်ကျောင်းမထားနိုင်ဘူး။ရပ်ကွက်ထဲက ကလေးမွေးတဲ့အိမ်တွေမှာ နေ့စားသဘောမျိုးနဲ့ အဝတ်လျှော်ခိုင်းရတယ်။ကလေးအီးဝတ်၊သေးဝတ်ဆိုပေမယ့် အထည်သေးတော့ အကြီးမကလျှော်နိုင်တယ်။ကျန်တဲ့အိမ်တွေကတော့ ဆယ့်နှစ်နှစ်အရွယ် ကလေးမကို အဝတ်လျှော်ခိုင်းရင် မပြောင်မှာစိုးလို့ ဘယ်သူမှသိပ်မခေါ်ချင်ကြဘူး။မိသီကတော့ ဟင်းရွက်ကလေးရောင်းလိုက်၊ဆိုင်တွေမှာ အလှူ၊မင်္ဂလာပွဲရှိရင် နေ့စားခနဲ့ တောက်တိုမယ်ရလုပ်လိုက်နဲ့ လေးဝမ်းစာကို ဖြစ်သလို ရှာကြံစားနေရတယ်။


တစ်ရက်လုပ် တစ်ရက်စားဘဝမို့ အခုချိန်မှာ မိသီလက်ထဲ ပိုက်ဆံတစ်သောင်းပြည့်အောင်တောင်မရှိဘူး။လွန်ခဲ့တဲ့လက စုထားတဲ့ပိုက်ဆံသုံးသောင်းကလည်း မိုးကာဝယ်မိုးလိုက်လို့ကုန်ပြီ။ရပ်ကွက်ထဲမှာလည်း ပိုက်ဆံတစ်သိန်းကို ဘယ်သူမှချေးပေးမယ်မထင်ဘူး။မိသီကို ရိသဲ့သဲ့လာလုပ်နေတဲ့ မုဆိုးဖိုငချစ်ဆိုတာကလည်း သူ့အရက်ဖိုးသူတောင် နပ်မမှန်ဘူး။မိသီကို တောက်တိုမယ်ရ ခေါ်ခိုင်းတတ်တဲ့ စားသောက်ဆိုင်ပိုင်ရှင်နားအကူအညီတောင်းဖို့ကလည်းမဖြစ်နိုင်။ဆိုင်ရှင်ရဲ့ မျက်နှာကြောမာမာ အသံဆိုးဆိုးနဲ့ တစ်ခုခုဆို သင်္ကါမကင်းကြည့်တတ်တဲ့မျက်လုံးတွေကြောင့် မိသီမှာ စကားဟဟတောင် မပြောရဲဘူး။


ပိုက်ဆံရဖို့ စဥ်းစားရင်း မိသီခေါင်းတွေပူထူလာတယ်။မိသီမတွေးဘူးလို့တင်းထားတဲ့ အတိတ်တစ်ခုက မိသီရဲ့ခေါင်းထဲအတင်းတိုးဝင်လာတယ်။စူးရှရှ နာကျင်ကျင်အော်သံ၊ရုန်းကန်လှုပ်ရှားသံ၊မာန်ဖီသံတွေနဲ့ ဝုန်ဒိုင်းကျဲနေတဲ့ အခန်းမှောင်မှောင်ရယ်၊သွားရည်တမြားမြားကျပြီး လေးဘက်ထောက်အော်ဟစ်နေတဲ့ အစ်ကိုဝမ်းကွဲရဲ့ ပုံရိပ်တွေရယ်၊ရုပ်ပျက်ဆင်းပျက်နဲ့သေဆုံးသွားတဲ့ အစ်ကိုဝမ်းကွဲရဲ့အလောင်းရယ်၊ပြီးတော့ ကုလို့မရဘူးဆိုတဲ့ ခွေးရူးပြန်ရောဂါဆိုတဲ့ နာမည်ရယ်။ခေါင်းထဲကို အတင်းတိုးဝင်လာတဲ့ အတွေးတွေကို မိသီအတင်းမောင်းထုတ်နေရတယ်။သားငယ်ရဲ့ ဒဏ်ရာမရှိတဲ့လက်တစ်ဖက်ကို ခပ်တင်းတင်းဆုတ်ကိုင်ပြီး မတွေးကောင်းတဲ့အတွေးတစ်ခု မိသီတွေးမိပြန်တယ်။ပြီးတော့ မိသီ ငိုမိတော့တယ်။


(၃)

စည်ကားလှတဲ့ မင်္ဂလာပွဲအပြီး ခုံတွေ၊အမှိုက်တွေ စာကြွင်းစားကျန်စားပွဲတွေကို လိုက်သိမ်းရင်း မိသီမျက်လုံးတွေ ဟိုဟိုသည်သည်ကစားနေမိတယ်။မတွေးကောင်းတဲ့အတွေးဆိုပေမယ့် တစ်ယောက်ယောက်က တန်ဖိုးကြီးပစ္စည်းတစ်ခုခုပြုတ်ကျကျန်ခဲ့ပါစေလို့ မိသီဆုတောင်းနေမိတယ်။မိသီအများကြီးမလိုချင်ပါဘူး။သားလေးကာကွယ်ဆေးထိုးဖို့အတွက် လုံလောက်ရင်ပဲကျေနပ်ပါပြီ။ဒါပေမယ့်မရေရာတဲ့ မိသီရဲ့ဆုတောင်းက မပြည့်ခဲ့ဘူး။ဘယ်သူမှ ဘာပစ္စည်းမှမကျခဲ့သလို မိသီလည်းဘာမှကောက်မရခဲ့ဘူး။တစ်ညနေလုံးရှင်းလင်းလှည်းကျင်းပြီးတော့ မိသီဆိုင်ကထုတ်ပေးတဲ့ထမင်း၊ဟင်းတွေရယ်၊နေ့စားခရယ် ယူပြီးအိမ်ကိုပြန်လာခဲ့တယ်။


အိမ်ပြန်ရောက်တော့ ကလေးတွေကိုထမင်းကျွေးရင်း ပိုက်ဆံတစ်သိန်းရဖို့ ခေါင်းပူအောင်မိသီတွေးရပြန်ရော။ဆိုင်ကပေးလိုက်တဲ့ဝက်စတူးဟင်းနဲ့ကြက်သားဟင်းတွေကို ခေါင်းမဖော်တမ်းစားနေတဲ့ ကလေးတွေကိုကြည့်ပြီး မိသီစိတ်ထဲသိပ်မကောင်းလှဘူး။ဒီလိုပွဲလေးလမ်းလေးရှိမှ ကလေးတွေလည်း အူစိုစိုလေးစားရရှာတာလေ။အားရပါးရစားနေတဲ့ ကလေးတွေကိုကြည့်ရင်း မိသီခေါင်းထဲလင်းခနဲဖြစ်သွားတယ်။တစ်ညလုံး တစ်နေ့လုံးထမ်းထားရတဲ့ အပူထုပ်ကြီးလည်း ခေါင်းပေါ်ကနေ ဝုန်းခနဲကျသွားသလိုခံစားလိုက်ရတယ်။အဲ့ဒီနောက်တော့ သွက်လက်ပေါ့ပါးနေတဲ့ခြေလှမ်းတွေနဲ့ လမ်းထိပ်ကို မိသီထွက်လာခဲ့တယ်။


(၄)

“ရော့ အကြီးမ၊ခွေးလေးတွေကို သွားတိုက်လိုက်ဦး၊၊ဝေးဝေးကနေချပေးနော်။ခွေးကိုက်ခံရရင် ညည်းသေပြီသာမှတ်။”


နို့မှုန့်နှစ်ထုတ်ခပ်ကျဲကျဲဖျော်ထားတဲ့ ဒန်ခွက်ကိုအကြီးမလက်ထဲ မိသီထည့်ပေးလိုက်တယ်။


ဒီရက်ပိုင်း အတော်အတန်ကျက်သွားတဲ့ သားလေးလက်ကအနာကိုကြည့်ပြီး မိသီအတော်လေးစိတ်ချမ်းသာနေတယ်။ဒါပေမယ့် လမ်းကြားထဲက ခွေးပေါက်လေးတွေရဲ့ တအီအီအသံကြားတိုင်း မိသီရင်ထဲ အတော့်ကိုမကောင်းဘူး။အိမ်တိုင်မှာချိတ်ထားတဲ့ အပေါစားနို့မှုန့်ထုတ်လေးတွေကိုကြည့်ရင် မိသီသက်ပြင်းအသာချလိုက်တယ်။မိသီအာရုံထဲမှာ အိပ်ဆေးအများကြီးထောင်းထည့်ထားတဲ့ အရိုးအရင်းတွေကိုအားရပါးရစားနေတဲ့နီမကိုပြန်မြင်ယောင်နေမိတယ်။ပြီးတော့ မြို့စွန်ရေတွင်းပျက်ကြီးထဲ မိသီပစ်ချလိုက်တဲ့ ဆာလာအိတ်ကြီးတစ်လုံး။ပြီးတော့ ငယ်ငယ်က မိသီကြားဖူးနားဝရှိခဲ့တဲ့အဘွားရဲ့ စကားသံအချို့ကိုလည်း ပြန်ကြားယောင်နေမိတယ်။


“ခွေးရူးပြန်တယ်ဆိုတာက ကိုက်တဲ့ခွေးကရူးသွားမှအေ့။မရူးရင် အကိုက်ခံရတဲ့သူကဘာမှမဖြစ်ဘူး။မတော်လို့ ကိုက်တဲ့ခွေးက သူ့ဟာသူရိုးရိုး သေသွားရင်လည်း အကိုက်ခံရတဲ့သူကမရူးတော့ဘူး”


အဘွားစကားက မိသီအတွက်တော့ ထွက်ပေါက်တစ်ခုပဲ။အဘွားရဲ့စကားက မှန်လား၊မှားလား မိသီမဆန်းစစ်ချင်ဘူး။ ဆေးပညာသဘောတရားတွေကိုလည်း မိသီမသိချင်ဘူး။မိသီအတွက်ကတော့ အဘွားရဲ့စကားက အမှန်တရားပဲလို့ပဲ ရင်ထဲစွဲနေအောင် သတ်မှတ်ထားလိုကတယ်။ရှေးထုံးလည်း မပယ်နဲ့ဆိုတဲ့ ဆိုရိုးလည်းရှိသေးတယ်မဟုတ်လား။မိသီရဲ့ တဲအပြင်ဘက်လမ်းကြားလေးမှာတော့ အတ္တမီးလောင်လို့ ချနင်းခံခဲ့ရတဲ့ အကောင်သေးသေးလေးတွေရဲ့ တအီအီအသံတွေက ညံစီလို့…….။


#ခင်နေခြည်စိုး (25.10.2023)8:36pm