ချစ်ကံခေသူ(စ/ဆုံး)
————–
အမှန်လည်း ဆရာကိုထွန်းဖေမှာ ချစ်ကံခေသူဖြစ်သည်။ သူ့ဇာတာကိုက လူပျိုကြီးဇာတာဖြစ်ကောင်း ဖြစ်မည်။ ထို့ကြောင့်ပင် လက်ထပ်သည် ဆိုသော်လည်း လူပျိုကြီးဧကန် အကြောင်းဖန်ရသည်။
သပြေကုန်းရွာတွင် ယနေ့သည့် မင်္ဂလာရှိသောနေ့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆရာလေး ကိုထွန်းဖေနှင့် ဆရာမလေး ခိုင်သဇင်တို့ မင်္ဂလာဆောင်မည့်နေ့ဖြစ်သောကြောင့်ပင်။ ကိုထွန်းဖေကား သပြေကုန်းရွာသား၊ ခိုင်သဇင်မှာ ရိုးကလေးရွာသူ။ ၁၀ မိုင်ခန့်ဝေးသော ရွာနှစ်ရွာမှ ဆရာနှင့် ဆရာမနှစ်ဦးသည် ကြံဖန်ဖူးစာဆုံကြသည်။
ခိုင်သဇင်က သပြေကုန်းရွာသူ သူငယ်ချင်း နှင်းနှင်းအေးထံ လာလည်ရင်း ထွန်းဖေနှင့်တွေ့ကြသည်။ ဆရာမလေး အပြန်တွင် နှင်းနှင်းအေးက အစ်ကိုဝမ်းကွဲဖြစ်သူ ထွန်းဖေကို အကူအညီတောင်းသောကြောင့် လှည်းနှင့်လိုက်ပို့ပေးရင်း စကားတွေစဖြစ်သွားသည်။ နောက်တော့ သပြေကုန်းနှင့် ရိုးကလေး ချောင်းပေါက် လောက်အောင် ထွန်းဖေခြေရာတွေကထပ်သည်။ တစ်နှစ်နှင့် သုံးလတိတိတွင် လက်ထပ်မည်ဟု ကြောင်းလမ်းသည်။
ယခုနွေဦး စပါးပေါ်ချိန်တွင်ကား စာသင်ကျောင်းရှေ့ မင်္ဂလာမဏ္ဍပ်မှ “အခါတော် ပေးတာက နတ်ရေးငယ် ရွှေစာ” ဆိုသည့် သီချင်းသံကို ကြားရသည်။ ထွန်းဖေကား မနက်လင်းကတည်းက ခိုင်သဇင်တို့ လာမည့် လမ်းကို မျှော်သည်။ ညကတည်းက သပြေကုန်းတွင် လာအိပ်ပါဟုလည်း ပြောမရ။ မနက်ကျမှ ရွာကလှည်း တန်းနှင့်အတူ ရွာလုံးကျွတ်လာကြမည်ဆိုသောကြောင့် သတို့သားလောင်း ထွန်းဖေမှာ မျှော်တော်ဇောနှင့် မနက်ကတည်းက မောခဲ့ရသည်။
“မောင်ထွန်းဖေ …. ၈ နာရီထိုးနေပြီကွ … မင်္ဂလာအခါက ၉ နာရီလေ … ပြောမထားဘူးလား”
ဆရာကြီး ဦးမြက သူ့တပည့်ကို မေးသည်။
“ဆရာကြီးရယ် … ညကတည်းက ရွာမှာပဲလာအိပ်ပါဆိုတာကို … အစောကြီး သူတို့ရွာသားတွေနဲ့အတူတူ လာခဲ့မယ်တဲ့ … ထွန်စက်တစ်စီး ငှားထားပေးတယ်လေ။ အစောဆုံးရောက်အောင်လာလို့ ပြောထားတာကို”
“ဟော ပြောရင်းဆိုရင်း … ဟိုးမှာ ဖုန်လုံးကြီးတွေ လှည်းတန်းကွ … လာကြပြီနဲ့တူတယ်”
ထွန်းဖေက ကျောင်းကုန်းပေါ်မှ ပြေးဆင်းသွားပြီး လှည်းလမ်းတွင် သွားကြိုသည်။ လှည်းတွေ ရောက်လာကြ သည်
“သဇင်ရော … သဇင်ရော” ဟု တစာစာလိုက်မေးသည်။
“အလိုကွယ် … မနက်အစောကြီးကတည်းက သဇင်တို့ ထွန်စက်နဲ့ ထွက်သွားကြတာ … မရောက်သေးဘူး လား”
“ထွန်စက်လည်းမရောက် … သဇင်လည်းမရောက်”
“ဟ … လုပ်ကြပါဦး”
သတို့သမီးပျောက်နေပြီ
“ထွန်စက်နဲ့ ဘယ်သူပါသွားလဲ”
“သဇင်ရယ် … သူ့ညီမှ ကြည်ကြည်ခိုင်ရယ် … ကာလသားခေါင်း စိန်တစ်လုံးရယ်လေ … စိန်တစ်လုံးကပဲ ထွန်စက်ကိုမောင်းပေးမယ်ဆိုပြီး ၄ နာရီလောက်ကတည်းက ထွက်သွားကြတာ”
“သုံးယောက်တည်းလား”
“သုံးယောက်ပဲလေ”
“ဟ ပြောနေလို့ မပြီးသေးဘူးလေ … လိုက်ကြပါဦး”
ရွာက လှည်းငါးစီးစုကာ ထွန်းဖေအပါအဝင် လူ ၂၀ ခန့်လိုက်ကြပြန်သည်။
သူတို့ ထွန်စက်ဘီးရာကို ခြေရာကောက်ကြရာ ထွန်စက်ဘီးရာက ခတက်ချောင်းဘက်ကို ချိုးသွားကြောင်း တွေ့လိုက်ရသည်။
ထို့ကြောင့် ခတက်ချောင်းဘက်ကို လိုက်ကြရာ ခတက်ချောင်းဘေး သဖန်းပင်ကြီးအောက်တွင် ရပ်ထားသော ထွန်စက်ကို တွေ့လိုက်ရသည်။ ကြည်ကြည်ခိုင်က ငိုနေသည်။ သူ့တစ်ယောက်တည်းကိုသာ တွေ့ရသဖြင့် ထွန်းဖေက
“ညီမလေး … သဇင်ရော … သဇင်” ဟုမေးရာ
“ခက်ကုန်ပြီ ကိုကြီးရယ် … မမသဇင်နဲ့ စိန်တစ်လုံး ပြေးပြီ”
“ဘာဖြစ်လို့လဲ ဘယ်ကိုပြေးတာလဲ”
“ကိုကြီး မသိဘူးလား”
“ဘာလဲကွယ် ညီမလေး”
“မမနဲ့ စိန်တစ်လုံးက ငယ်ရည်းစားတွေလေ … ခုလည်း သူ့နောက်ကို မလိုက်ခဲ့ရင် ညီမကိုရော မမကိုပါ သတ်ပစ်မယ်ဆိုပြီး ဓားကြိမ်း ကြိမ်းလို့ မမက ငိုယိုပြီး လိုက်သွားရပြီ”
“ဘယ်ဘက်ကို ပြေးသလဲ”
“ချောင်းကိုဖြတ်ပြီး ဟောဟိုလမ်းအတိုင်း ပြေးတာပဲ”
သူတို့ လှည်းတစ်စီးနှင့် လူငါးယောက် ဆက်လိုက်ကြသည်။ ထွန်းဖေလည်း ပါသည်။ နာရီဝက်ခန့် သွားရသည့် ခရီးတွင် သစ်ထုတ်လုပ်ရေးစခန်းသို့ရောက်သည်။ သူတို့ စုံစမ်းကြည့်သောအခါ သစ်တင်ကားနှင့် အမျိုးသား တစ်ဦး အမျိုးသမီးတစ်ဦး လိုက်သွားကြောင်းသိလိုက်ရသည်။
သစ်ထုတ်လုပ်ရေးစခန်းရှိ ထမင်းဆိုင်မှ ဒေါ်တုတ်က
“သနားပါတယ် … သမီးရည်းစားနှစ်ယောက် မိဘတွေက သဘောမတူလို့ဆိုပြီး ခိုးပြေးလာတာတဲ့ … ဒီမှာတောင် မနက်စာ စားသွားသေးတယ် … သနားလို့ ပိုက်ဆံတောင် မယူလိုက်ဘူး”
“အဲဒါ ကျွန်တော့်မိန်းမဗျ … ကျွန်တော်နဲ့ လက်ထပ်မဲ့ဆဲဆဲ အဲဒီကောင် အဓမ္မပြန်ပေးဆွဲသွားတာ”
“မဟုတ်ဘူးနဲ့တူတယ်နော် … ကောင်လေးနဲ့ ကောင်မလေးက ချစ်ချစ်ခင်ခင်”
“ကျွန်တော်တို့ ဒီနေ့ပဲ လက်ထပ်ဖို့ ပြင်ထားတာဗျ”
“ဟယ်တော်”
ဤသို့ဖြင့် ထွန်းဖေတစ်ယောက် ရွာကို ခေါင်းငိုက်ဆိုက်နှင့် ပြန်လာသည်။
နောက်တစ်ပတ်အကြာမှ ထွန်းဖေထံစာရောက်လာသည်။
“ခွင့်လွှတ်ပါ” ဟူ၏။ စာက သုံးလုံးသာ။
ဤသို့ဖြင့် ထွန်းဖေသည် လက်ထပ်ခါနီးမှ လူပျိုကြီးပြန်ဖြစ်ရသည်။
ဤသို့ဖြင့် နောက်ထပ် ရှစ်နှစ်ကြာသော် ထွန်းဖေမှာ ရွာမူလတန်းကျောင်းတွင် ကျောင်းအုပ်ပြန်ဖြစ်သည်။ သူ့ဆရာကြီး ဆရာမြက ပင်စင်ယူသွားသည်။ သူလည်း မိန်းမတွေကို စိတ်နာဟန်တူသည်။ မျက်နှာက ပိုပြီး ခက်ထန်ကာ တည်ကြည်လာသည်။ ရွာရှိ မည်သည့် ကာလသမီးနှင့်မျှ လာပြီး စပ်ဟပ်မြန်းကြသည်ကိုလည်း လက်မခံတော့။ အမေအိုကြီးကို စောင့်ရှောက်ကာ လယ်လုပ်လိုက်၊ ကိုင်းလုပ်လိုက်၊ စာသင်လိုက်ဖြင့် နေသည်။
တစ်နေ့ ကျောင်းလွှတ်ပြီးနောက် နွားတွေကို ပြန်သိမ်း၊ နွားစာထည့်ကာ ရေလည်းချိုးရင်း သောက်ရေလည်း ခပ်ရင်း ရွာဦးကန်ကို ရေထမ်းပုံးလေးဖြင့် သူထွက်လာခဲ့သည်။ အလုပ်တွေများသောကြောင့် မှောင်လုလု ဖြစ်နေပြီ။
ကန်ထဲမှ ရေကို ပုံးနှင့်ခပ်ပြီး ကန်ပေါင်အောက်တွင် ရေချိုးမည်ဟု ဆင်းလိုက်ချိန်တွင် အဆင်းအုတ်လှေကား၌ လူတစ်ယောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူရေချိုးမည့်နေရာက ရေတွင် စင်နိုင်သဖြင့်
“ဒီမှာ ရေစင်လိမ့်မယ် … အပေါ်မှာ လာထိုင်ပါလား” ဟုပြောလိုက်မှ မတ်တတ်ထလိုက်ရာ အမျိုးသမီး တစ်ဦး ဖြစ်နေကြောင်းတွေ့ရသည်။
“ဟဲ့ ဘယ်သူလဲ”
အမျိုးသမီးက လှေကားပေါ်ကို တက်လာသည်။ ကန်ရေပြင်ကိုထိုးကျနေသည့် လရောင်ကတစ်ဆင့် မျက်နှာကို သေချာစွာ မြင်လိုက် ရသည်မှာ
“ဟာ … သဇင်”
သဇင်က သူ့ကို လှည့်မကြည့် ကန်ပေါင်အတိုင်း ရွာထဲဘက်ကို လျှောက်သွားသည်။
ဆွံ့အသလိုဖြစ်နေရာက သတိရလိုက်ပြီး
“သဇင် … သဇင်” ဟု ထွန်းဖေလိုက်ခေါ်သည်။ သို့သော် အမျိုးသမီးက ကန်ပေါင်ဘေးရှိ ထန်းပင်ခြေရင်းကို ခိုဝင်လိုက်ကာ ပျောက်သွားသည်။ ထွန်းဖေလိုက်ကြည့်ပါသည်။ သို့သော် မည်သူ့ကိုမျှမတွေ့။ ရေချိုးပြီးနောက် ရေတစ်ထမ်း ထမ်းကာ ရွာထဲကို ပြန်လာသည်။ အိမ်ရောက်သည့်အခါ သူ့မိခင်ကို
“အမေ”
“ဘာလဲသား … ထမင်းကျက်ပြီလေ … စားတော့မလား”
“အမေ”
“ဘာလဲကွယ် တမေမေနဲ့”
“ကျွန်တော် သဇင့်ကိုတွေ့ခဲ့တယ်အမေ”
“ဘယ်မှာတွေ့တာလဲသား”
“ရေသွားချိုးတော့ ကန်ပေါင်ပေါ်မှာ”
“အိမ်ခေါ်ခဲ့ရောပေါ့ကွယ်”
“သားလိုက်ခေါ်တယ်အမေ … ထန်းပင်ကြီးနားမှာ ပျောက်သွားတယ်”
“ဟဲ့ … ဘာများလဲ … ဖွ… ဖွဟဲ့”
ထိုနေ့ကစပြီး နေ့တိုင်းပင် ထွန်းဖေသည် ရေကန်ကြီးဆီသို့သွားကာ ရေချိုး ရေခပ်မပြတ်လုပ်သည်။ သို့သော် သဇင့်အရိပ်အယောင်မျှကိုပင်မတွေ့။
တစ်နေ့ ကြည်ကြည်ခိုင်က ကျောင်းကို ရောက်လာသည်။
“ဟာ ညီမလေး လာ”
“ကိုကြီး”
“ထိုင်လေ ညီမလေး”
“မထိုင်တော့ဘူး … မမသဇင်အကြောင်း လာပြောတာ”
“ဘာဖြစ်လို့လဲကွယ် … စိတ်ထဲထိတ်လိုက်တာ … ကိုကြီး သဇင့်ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကန်ပေါင် ပေါ်မှာတွေ့သလိုပဲ”
“ကိုကြီး … ဟီး … ဟီး … ဟီး”
ကြည်ကြည်ခိုင်က ငိုတော့သည်
“ညီမလေး ဘာဖြစ်လို့လဲ”
“မမသဇင်ဆုံးပြီ … မနေ့ကရက်လည်”
“ဟင် … ဘာဖြစ်လို့လဲကွယ်”
“မီးမဖွားနိုင်ပဲ ဆုံးသွားတာ … ကိုကြီးကို ဒါလေး ပြန်ပေးခိုင်းလိုက်လို့ လာပေးတာ”
“ဘာများလဲကွယ်”
ကြည်ကြည်ခိုင်က သူမလွယ်လာသော လွယ်အိတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်လိုက်သည်။ လက်ကိုင်ပဝါကို ဖြေလိုက်ရာ ဆင်စွယ်ဘီးလေးတစ်ခု။
“ဒါ ကိုကြီး သူ့ကို လက်ဆောင်ပေးထားတာတဲ့ … သူပြန်မပေးရဲလို့ ညီမလေးကို ပေးခိုင်းတာ … မသေခင်က သေသေချာချာမှာသွားတယ် … ညီမလေး သွားတော့မယ်”
လက်ကိုင်ပဝါလေးနှင့် ဆင်စွယ်ဘီးလေးကိုကိုင်ကာ ငိုင်ပြီးကျန်ခဲ့သူမှာ ထွန်းဖေဖြစ်သည်။
နောက်နှစ်တွင် ထွန်းဖေသည် မိခင်ဖြစ်သူ စီစဉ်ပေးသည့်အတိုင်း ရွာမှအပျိုကြီး မသင်းကြည်နှင့် လက်ထပ်ရန် အကြောင်းဖန်လာသည်။ ယခုတစ်ကြိမ်တော့ လွဲစရာမရှိ။ ယနေ့ညပင် မိန်းမတောင်းသွားရတော့မည်။ ၄၀ ကျော်မှ ကံပေါ်တော့မည်ဖြစ်သဖြင့် ထွန်းဖေ၏ မိခင်ကြီးက ပျော်နေသည်။ မသင်းကြည်ကလည်း အဖေရော အမေပါ ဆုံးသွားပြီဖြစ်သောကြောင့် အလိမ္မာအိမ်ပါ။ ဘာမျှ ပြောစရာမရှိ။ သူ့ကို အုပ်ထိန်းသော ကြီးတော်ကြီးနှင့် ဦးလေးကြီးတို့ထံ သွားတောင်း၍ လက်ထပ်ပြီးပါက ထွန်းဖေအိမ်တွင် လိုက်နေကြမည်။
ထိုနေ့ ညနေတွင် ထွန်းဖေသည် ရေကန်တွင် ရေသွားချိုးသည်။
မိုးချုပ်သည်အထိ သူပြန်မလာ။ မိန်းမသွားတောင်းရန် ပြင်ဆင်ပြီးနေပြီ။ မှောင်လာသဖြင့် သူရေချိုးသွား ရာဆီသို့ ရွာကလူကြီးတွေ လိုက်လာကာ ရှာကြသည်။ ကန်ပေါင်ပေါ်တွင် လက်ကိုင်ပဝါလေးတစ်ထည် ဖြန့်ထားပြီး ဆင်စွယ်ဘီးလေးကို တွေ့လိုက်ရသည်။ ထွန်းဖေကား အရိပ်အယောင်ပင်မတွေ့။ တစ်ရွာလုံး မီးတုတ်တွေနှင့် လိုက်ရှာသည်။ ထွန်းဖေကို ဘယ်မှာမှ ရှာမရ။
တစ်လပြည့်သည့်အထိ သူ့မိခင်ကလည်း ဘာလုပ်ရမှန်းမသိ။
တစ်နှစ်တိုင်သွားလည်း ထွန်းဖေကို သတင်းမရ။
သူ့မိခင်က ထွန်းဖေကို မသေဟု ယုံကြည်နေသည်။ သို့သော် ထွန်းဖေသည် နောက် သုံးနှစ်တိုင်လည်း ပြန်မရောက်လာ။ သူ့မိခင်က ကွယ်လွန်သွားရှာသည်။ မသင်းကြည်လည်း အိမ်ထောင်ပြုသွားသည်။
သပြေကုန်း မူလတန်းကျောင်းလေးကို နောက်ထပ်ဆရာအသစ်ရောက်လာသည်။
ထိုဆရာလေးကလည်း လူပျိုဖြစ်သည်။
#တင်ညွန့်
၂၉.၁.၂၀၂၂