အငယ်အနှောင်း(စ/ဆုံး)

 အငယ်အနှောင်း(စ/ဆုံး)


———————–


အဲဒီကောင်မလေးက သူများ မယားငယ်လေးပါအေ”

တီးတိုးစကားသံတစ်ခုကြောင့် ရှေ့ကဗန်းထဲမှ အာလူးတွေရွေးနေသော ယုယ၏လက်က တုံ့ခနဲဖြစ်သွားရသည်

သူမကိုပြောတာမဟုတ်ပါစေနဲ့လို့တွေးရင်း စျေးဝယ်ခြင်းကိုအာရုံစိုက်ဖို့ကြိုးစားသော်လည်း တီးတိုးအသံများက ထပ်မံထွက်ပေါ်လာပြန်သည်

“အဲလူက ကုမ္မဏီဝန်ထမ်းဆိုလားပဲ ရာထူးတော့ကြီးတယ်ထင်ပါရဲ့ သူ့ဆီကို ကားလေးနဲ့လာလာနေတာတွေ့တယ် မသဲမာတို့လမ်းထိပ်က တစ်ထပ်တိုက်လေးငှားနေတာလေအေ”

“ဟယ် ဟုတ်လား အဲကောင်မလေးကို အဲရှေ့ကဖြတ်သွားတိုင်း တွေ့တော့တွေ့မိသား အဲလိုမထင်ထားဘူးအေ ရုပ်လေးနဲ့မှမလိုက်”

စကားသံတွေကြောင့် ယုယတစ်ကိုယ်လုံးပူထူလာပြီး ထိုနေရာမှအငွေ့ပျံသွားချင်စိတ်ပေါက်လာသည်. စျေးကိုမြန်မြန်ဝယ်ပြီး ထိုနေရာမှခပ်သွက်သွက်ထွက်လာခဲ့သည့်တိုင်အောင် စပ်စုသောမျက်လုံးများက သူမနောက်မှကပ်ပါလာမှန်း သိနေလေသည်

အိမ်ပြန်ရောက်သည်နှင့် စျေးခြင်းတောင်းကိုပစ်ချပြီး နေရာမှာတင်ထိုင်ချလိုက်ကာ မျက်ရည်များတစ်လိမ့်လိမ့်စီးကျလာသည်

….ဘယ်အထိလဲ ဘယ်ချိန်ထိ ဒီလိုစကားတွေ ဒီလိုအကြည့်တွေအောက်မှာ ခေါင်းမဖော်ရဲပဲ နေနေရမှာလဲ….

ယုယနာကျည်းစွာတွေးရင်း သူမဘဝကိုစိတ်ပျက်လာမိသည်

တကယ်ဆို ဒီရပ်ကွက်က ဒီအိမ်လေးကိုပြောင်းလာခဲ့တာ တစ်လလောက်ပဲရှိဦးမည်.ဘယ်လိုကြောင့်များ သူမတို့အကြောင်းကို မြန်မြန်ဆန်ဆန်သိသွားကြတာပါလိမ့်. အတော်စပ်စုတဲ့အဖွားကြီးတွေပဲဖြစ်မည်

တကယ်ဆို ဒီအိမ်ရောက်ကတည်းက ကိုကြီးလာတာ 3 ခေါက်ပဲရှိသေးသည်.

များသောအားဖြင့် ယုယတစ်ယောက်တည်းသာ…

တွေးရင်း ယုယ ကိုကြီးကိုသတိရသွားကာ ပိုဝမ်းနည်းလာရသည်. ယုယတို့ပတ်သက်မူကြောင့်ဖြစ်ပေါ်လာတဲ့ ဒီဆိုးကျိုးတွေကို ယုယတစ်ယောက်တည်း လှိမ့်ပိမ့်ခံနေရတာ ကိုကြီးကတော့ ဘယ်သိပါ့မလဲ.

လူတကာရဲ့အထင်သေးကဲ့ရဲ့တဲ့အကြည့်တွေအောက်မှာ ယုယဘယ်လိုသိမ်ငယ်နေရလဲ ကိုကြီးဘယ်သိပါ့မလဲ…

ဒီချိန်ဆို ကိုကြီးကသူ့မိသားစုနဲ့ပျော်လို့ရွှင်လို့ပေါ့. သူ့သားသမီးလေးတွေနဲ့ ကြည်နူးနေမှာပေါ့ သူ့အမျိုးသမီးချက်ကျွေးတဲ့ ထမင်းဟင်းတွေလက်ဆုံစားလို့ပေါ့…

မနက်ဖန်ယုယဆီလာမှ ယုယကိုချစ်ပြလိမ့်ဦးမပေါ့.ပြီးရင် သူ့မိသားစုဆီပြန်သွားပြီး ပုံမှန်ဘဝလေးကိုပဲ ပြီးပြည့်စုံစွာ ဖြတ်သန်းဦးမယ်ပေါ့.

ယုယကတော့…….

🖤🖤🖤🖤🖤

ကိုကြီးနှင့်ယုယတို့ တွေ့ဆုံမူအစက ယုယတို့ထမင်းဆိုင်သို့ ကိုကြီးနေ့လည်စာလာစားခြင်းကစသည်.

ကိုကြီးတို့ကုမ္မဏီနှင့် ယုယတို့ထမင်းဆိုင်က နီးတာမို့ ဝန်ထမ်းတွေကတော့အမြဲလာစားနေကျဖြစ်သည်. ခါတိုင်းတော့ သူ့အမျိုးသမီးက နေ့လည်စာထည့်ပေးနေကျဖြစ်ပြီး အခုက ကိုယ်ဝန်အရင့်အမာကြီးနဲ့မို့ မချက်ခိုင်းတော့ပဲ ဆိုင်လာစားခြင်းဖြစ်သည်တဲ့.

…..ယုယကတော့ ဘွဲ့ရပြီးအလုပ်မရခင်စပ်ကြား ဆိုင်မှာကူညီယုံ ကောင်တာထိုင်ပေးယုံသာ.အမေနှင့်အစ်မဝမ်းကွဲတွေက အဓိကလုပ်ကိုင်ကြခြင်းဖြစ်သည်.

သူတို့ကုမ္မဏီမှ ဆိုင်ကိုလာစားသောဝန်ထမ်းအဖွဲ့ထဲတွင် သူကအမြဲထင်းနေလေ့ရှိသည်. အသားဖြူဖြူအရပ်မြင့်မြင့်နှင့် သပ်ရပ်စမတ်ကျစွာဝတ်ဆင်တတ်ပြီး အေးဆေးတည်ငြိမ်သောသူ့ပုံရိပ်ကို စတွေ့ကတည်းက ယုယသတိထားမိခဲ့ခြင်းဖြစ်သည်.

ဒီအစ်ကိုကြီးက ကြည့်ကောင်းလိုက်တာ…ဆိုသောအတွေးနဲ့ သူလာစားတိုင်း တိတ်တခိုးငေးရမြဲ.

ထမင်းစားရင်း သူတို့ဝန်ထမ်းတွေ စနောက်ပြောဆိုနေကြသော စကားတွေတိုင်းမှာ သူကသူ့အမျိုးသမီးကိုဘယ်လောက်ချစ်ကြောင်း ထမင်းဟင်းဆိုလဲ သူ့အမျိုးသမီးလက်ရာမှလွဲပြီး အပြင်စာသိပ်မစားတတ်ကြောင်း မကြာခနကြားရတော့လဲ မဆီမဆိုင်သဝန်တိုမိချင်သလို..

…တကယ်ဆို ယုယသူ့ကို ရိုးရိုးလေးပဲသဘောကျခဲ့တာပါ သူအိမ်ထောင်သည် ကလေးအဖေဆိုတာတွေ သူဘယ်လောက်ချမ်းသာတယ်ဆိုတာတွေ

သူ့လစာဘယ်လောက်ကောင်းတယ်ဆိုတာ စိတ်မဝင်စားပဲ သူ့ကိုပဲသဘောကျခဲ့မိတာပါ. ယုယချစ်မိသွားခဲ့သူက မလွတ်လပ်သူတစ်ယောက်ဖြစ်နေခဲ့တာကြောင့် အမှားတွေဖြစ်သွားခဲ့တာလား….

…..ဒါဆိုရင် သူကရော…..

သူ့မျက်ဝန်းညိုတွေကရော အဓိပ္ပါယ်များစွာနဲ့ ယုယကိုလှမ်းလှမ်းငေးပြီး… စကားချိုချိုလေးတွေနဲ့ ဂရုစိုက်မူတွေပေးပြီး…မရိုးသားတဲ့အရိပ်အယောင်တွေနဲ့ ယုယကို ရင်ခုန်စေခဲ့တယ်မဟုတ်လား.

ညီမလေးတစ်ယောက်လို ခင်ပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ညဖက်ဖုန်းတွေပြောရင်း ဆိုင်ကိုလာတိုင်း မုန့်တွေလက်ဆောင်တွေဝယ်လာရင်း အတူတူစကားတွေပြော ရယ်မောကြရင်း ယုယတစ်ယောက် သူ့ဆီပျော်ဝင်သွားခဲ့မိတာ.

“ယုယကို အစ်ကိုစကားပြောချင်လို့ အချိန်လေးခနပေးပါလား”

သူပြောလာတော့ ယုယငြင်းဆန်ဖို့အင်အားမရှိပါ. သူ့ကားပေါ်လိုက်ပါသွားရင်း လူရှင်းတဲ့တစ်နေရာအရောက်မှာ သူဖွင့်ပြောခဲ့သည်.

“အစ်ကို့အနေနဲ့ ဘယ်လိုမှရှေ့ဆက်မတိုးသင့်ဘူးဆိုတာနားလည်ပါတယ် အစ်ကိုနောက်ဆုတ်ဖို့လဲ အကြိမ်ကြိမ်ကြိုးစားခဲ့တယ် မဖြစ်သင့်ဘူးဆိုတာ ကိုယ့်ကိုကိုယ်လဲ အမြဲတမ်းသတိပေးခဲ့တယ် ဒါပေမဲ့ ကလေးရယ်….

” ကိုယ်ကလေးကို အရမ်းချစ်နေမိလို့ ကလေးမျက်နှာလေးကို တစ်ရက်မတွေ့ရမနေနိုင်လောက်အောင်ဖြစ်နေပြီမို့ ကြာရင် ကိုယ်ရူးတော့မှာမို့ ဖွင့်ပြောမိတာပါ ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်”

သူမဘယ်လိုစိတ်ဆိုးနိုင်ပါ့မလဲ.

သူ့အရပ်မြင့်မြင့်ကြီးဖြင့် သူမခေါင်းထက်မှမိုးလျက် မျက်နှာချင်းထိလုမတတ်ကပ်ကာ ခပ်တိုးတိုးလေးပြောနေသောသူ့လေသံက နူးညံ့နွေးထွေးလွန်းသဖြင့် သူမရင်ထဲအထိ စိမ့်ဝင်သွားသလို.

ရေမွှေးနံ့သင်းသင်းလေးဖြင့် သူ့ရင်ခွင်ထဲ ကိုယ်တိုင်ဘယ်အချိန်ရောက်နေမှန်းမသိခဲ့လိုက်. မဖြစ်သင့်ဘူးဆိုသော အတွေးများလည်း သူ့အနမ်းများအောက်မှာ အငွေ့ပျံသွားခဲ့တော့သည်.

တကယ်တော့ သူ့လိုအိမ်ထောင်သည်ယောကျ်ားတွေဟာ မိန်းကလေးတစ်ယောက်ကို ဘယ်လိုကိုင်တွယ်ရမှန်း ကောင်းကောင်းနားလည်သည်ဆိုတာ သူမ မတွေးမိခဲ့ခြင်းဖြစ်ပါသည်.

ဒါမှမဟုတ် သူမကိုယ်တိုင်က ဘာမှမတွေးချင်ခဲ့ခြင်းလဲဖြစ်မည်.

………….

ထိုကာလတွေဟာ ယုယအတွက်တော့ ဘယ်တော့မှမေ့မရနိုင်တော့မဲ့ နေ့ရက်တွေဖြစ်ခဲ့သည်. ယုယ ကိုကြီးကိုချစ်သည်. ကိုကြီးရဲ့အချစ်ခံရခြင်းမှာပျော်သည်.သူမအချစ်ခံခဲ့ရဖူးသလို ရည်းစားလဲထားခဲ့ဖူးပါသည်.သို့တိုင်အောင် ကိုကြီးရဲ့အချစ်တွေက တခြားဘယ်သူနဲ့မှမတူအောင် သူမအတွက်ပြီးပြည့်စုံလွန်းသည်.

ဒီယောကျ်ားဟာ ဘာလို့ငါနဲ့အရင်မတွေ့ခဲ့ရတာလဲ လို့ တွေးမိတဲ့အထိပင်.

ယုယတို့ တစ်ပတ်တစ်ခါပိတ်ရက်တိုင်း အပြင်မှာတွေ့ကြသည်. ကိုကြီးအိမ်ကိုတော့ ရုံးမှာအိုဗာတိုင်ဆင်းရမည်ဟု ပြောခဲ့သည် တဲ့. ယုယအိမ်ကိုတော့ သင်တန်းတစ်ခုအကြောင်းပြကာ အပြင်ထွက်ရနေခြင်းဖြစ်သည်.

ကိုကြီးရဲ့အမျိုးသမီးကိုလဲ ယုယအံသြမိသည်. ယောကျ်ားဖြစ်သူကို အလွန်ယုံကြည်စိတ်ချကာ ဘာတစ်ခုမှမမေး မစုံစမ်းပဲ အပြင်ရောက်နေစဥ်မှာလဲ ဖုန်းတစ်ချက်မှမဆက်တတ်သူဖြစ်သည်. ကိုကြီးပဲအပြောကောင်းတာလား အဲအစ်မကပဲ တုံးအလွန်းတာလားမသိပါ.

အဲအစ်မက နေနိုင်သော်လည်း ယုယကမနေနိုင်ပဲ အဲအစ်မရဲ့ fb အကောင့်ကို သွားသွားချောင်းမိသည်.ကိုကြီးကပြောထား၍ အကောင့်တော့မအပ်ရဲခဲ့. ကိုကြီး fb အကောင့်ထဲမှာလဲ ယုယမရှိခဲ့ပါ. ယုယကသာ ကိုကြီးမသိအောင် သူတို့အကောင့်တွေထဲသွားသွားကြည့်ကာ ပူလောင်နေမိခြင်းဖြစ်သည်.

“ယုယက ကိုယ့်ကိုချစ်တာလား ကိုယ့်မိသားစုကိုချစ်တာလား”

ယုယသူ့မိသားစုအကြောင်းမေးတော့ ကိုကြီးကဒီလို ခနဲ့တဲ့တဲ့ပြောခဲ့သည်. ကိုကြီးက သူ့မိသားစု သူ့အမျိုးသမီး သူ့ကလေးတွေအကြောင်း တစ်ခါမှမပြောဖူးသလို မေးရင်လဲလုံးဝမကြိုက်ပါ.

အိမ်ထောင်ရေးဖောက်ပြန်တဲ့ယောကျ်ားအများစုက ကိုယ့်မိန်းမ မကောင်းကြောင်း အိမ်ထောင်ရေးအဆင်မပြေကြောင်း နောက်လူကိုပြောလေ့ရှိသည် တဲ့.ကိုကြီးကတော့ ယုယကြားဖူးသလို ဖြစ်မနေခဲ့ပါ.ဘယ်တုန်းကမှ သူ့ပါးစပ်က သူ့အမျိုးသမီး အကြောင်းပြောတာမကြားဖူးခဲ့.

“””ကိုကြီးမိန်းမနဲ့ယုယ ဘယ်သူ့ကိုပိုချစ်လဲ”””

သူမ မကျေမနပ်နဲ့မေးတဲ့အခါတိုင်း သူဘာမှပြန်မဖြေပဲ ပြုံးနေလေ့ရှိသည်. သူမစိတ်ဆိုးပြီး မရမကမေးတော့မှ…

“””ယောကျ်ားတွေမှာ အကန့်လေးတွေသီးသန့်ရှိတယ်ကလေးရဲ့ တစ်ကန့်စီမှာတစ်ခုစီထားတယ် သွားရောလို့မရသလို သွားယှဥ်လို့လဲမရဘူး ကလေးက ကိုယ့်ရဲ့အကန့်တစ်ခုထဲမှာရှိတယ်လေ မကျေနပ်ဘူးလား”””

သူမ မကျေနပ်ပါ. သို့တိုင်အောင် ရှိနေတဲ့အကန့်လေး ဆုံးရှုံးသွားမှာကြောက်နေမိသူမို့ ထပ်မမေးဖြစ်ခဲ့. ကိုကြီးရဲ့ရင်ထဲက သူမရဲ့အကန့်လေး တဖြည်းဖြည်းကျယ်ပြန့်လာပြီး တခြားအကန့်တွေကိုဖယ်ထုတ်နိုင်ဖို့ ကြိုးစားရမည်ဟုသာ တိတ်တဆိတ်တွေးထားမိသည်.

… ဘာလို့မဖြစ်နိုင်ရမှာလဲ ငါကသူ့မိန်းမထက် အများကြီးငယ်တယ်လှတယ် နုပျိုတယ် အများကြီးစွဲဆောင်နိုင်တယ် သူ့မိန်းမထက်ပိုလို့သာ ငါ့ကိုလာချစ်တာပေါ့ သူ့မိန်းမကိုသာ တကယ်ချစ်ရင် ငါဆိုတာပေါ်လာစရာအကြောင်းတောင်မရှိဘူး…

ပိုင်ဆိုင်လိုစိတ်နှင့် မာန်မာနတွေက သူမကိုတဖြည်းဖြည်းလောင်မြိုက်လာနေသည်.

ယုယ ကိုကြီးကို အဆုံးရှုံးမခံချင်တော့ပါ.

🖤🖤🖤🖤🖤

“”” ကိုမြတ်သူလား သူ့အမျိုးသမီးကလေးမွေးလို့ ခွင့်ယူထားတယ်လေ”””

ကိုကြီးဆိုင်မလာတာ သုံးရက်ရှိပြီ. ယုယဆီဖုန်းလဲမဆက်. ဘာအကျိုးအကြောင်းမှလဲမသိရလို့ ယုယမနေတတ်မထိုင်တတ်နှင့် တရွရွဖြစ်နေခဲ့ရသည်.

ကိုကြီးက သူ့ဆီဖုန်းစဆက်တာ လုံးဝမကြိုက်သူမို့ ဖုန်းလဲမဆက်ရဲခဲ့. သူတို့ကုမ္မဏီက တခြားဝန်ထမ်းတွေလာပြီး သူမပါသဖြင့် ယုယဒီနေ့တော့ မသိမသာမေးလိုက်ခြင်းဖြစ်သည်.

….”သမီးလေးတဲ့ဗျ ကိုမြတ်သူကြီးတော့ ပျော်နေလေရဲ့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပြည့်စုံသွားပြီပေါ့ဗျာ”

“””သြော်””””ဟူသော စကားတစ်လုံးသာ သူမပြန်ဖြေမိကာ ရင်ထဲမှာတမြေ့မြေ့နာကျင်လာရသည်.

အကျိုးအကြောင်းကို ဖုန်းလေးတစ်ချက်ဆက်ရင်တောင်ရပါရဲ့ msg လေးတစ်ကြောင်းပို့ရင်တောင်ရပါရဲ့နဲ့ တခြားသူကိုမေးမှသာသိရခြင်းက

သူမဟာ ကိုကြီးအတွက် ဘာမှအရေးမပါဘူးဆိုတဲ့သဘောလား. သူ့မိသားစု သူ့သားသမီးတွေနဲ့ယှဥ်ရင် သူမက ဘာမှမဟုတ်ခဲ့ဘူးလား.

…ကိုကြီးကတော့ ခွင့်တစ်ပတ်ပြည့်သည့်တိုင်အောင် ယုယဆီပေါ်မလာခဲ့ပါ. ယုယသည် ပစ်ထားခံရခြင်းကြောင့် နာကျင်တာကတဖက် သူမတို့ဇာတ်လမ်းတစ်ကယ်ပြီးသွားပြီလားဟု စိုးရိမ်ငိုကြွေးရခြင်းကတဖက်နှင့် အအိပ်ပျက်အစားပျက်သည်ထိဖြစ်လာရသည်.

“”” မိယုရယ် ညည်းပုံကဘာဖြစ်နေရတာတုန်း လင်ပူမိနေတဲ့အတိုင်းပဲ အခန်းထဲကကိုမထွက်ဘူး တကတည်း”””

အမေကတောင်ရိပ်မိပြီး ဆူရသည်အထိပင်.

ကိုကြီးမလာတာ တစ်ပတ်ကျော်လာတော့ ယုယမနေနိုင်တော့. ဘယ်လိုပဲဖြစ်ဖြစ် အဖြူအမည်းသိရအောင်တော့ မေးရမှာပဲဟုတွေးကာ ကိုကြီးဖုန်းကို အရဲစွန့်ခေါ်လိုက်မိသည်.

ည 9 နာရီခန့်မို့ ဖုန်းက ကိုကြီးဆီရှိနေလိမ့်မည်ဟုခန့်မှန်းကာ ခေါ်လိုက်ခြင်းဖြစ်သော်လည်း ဖုန်းကိုင်သူက ကိုကြီးမဟုတ်ခဲ့ပါ.

“ဟယ်လို” ဆိုသောအသံက မိန်းမသံလား ကလေးသံလား မသဲကွဲသေးခင်မှာပင် သူမပါးစပ်က လွှတ်ခနဲပြောလိုက်မိသွားသည်.

“”””ကိုမြတ်သူနဲ့ ပြောချင်လို့ပါရှင်”””

“””ဖေဖေ မအားသေးလို့ခင်ဗျ ညီမလေးကိုသိပ်နေလို့ပါ ဘာပြောပေးရမလဲခင်ဗျ”””

သူ့သားလေးက ယဥ်ကျေးသိမ်မွေ့စွာပြန်ဖြေသည်.

“””” ရပါတယ်သား အရေးမကြီးပါဘူး နောက်မှပြန်ဆက်လိုက်ပါ့မယ်”””

သူမဖုန်းကိုချလိုက်ပြီး ဖုန်းဆက်တာမှားသွားပြီလား ကိုကြီးစိတ်ဆိုးသွားမလားဟုတွေးကာ ငိုင်နေမိသည်.

ကိုကြီးက ကလေးသိပ်နေတာတဲ့. သူ့မိန်းမက ဘာလုပ်နေလို့လဲ.ကလေးသိပ်ဖို့က အမေမှာတာဝန်ရှိတာမဟုတ်လား. ကိုကြီးကဒီလိုအလုပ်တွေကအစ လိုက်လုပ်ပေးနေတာလား.

တခြားလုပ်ပေးမဲ့သူမရှိဘူးလား.

သူမစိတ်အလိုမကျစွာဖြင့် တောင်တောင်အီအီတွေးနေမိစဥ်မှာပင် နာရီဝက်အကြာမှာ ကိုကြီးဆီကဖုန်းပြန်ဝင်လာသည်. သူမစိတ်လှုပ်ရှားစွာဖြင့် ဖုန်းကိုင်လိုက်တော့ ကိုကြီးရဲ့လေသံအေးစက်စက်ကို အရင်ကြားလိုက်ရသည်.

“””မင်းကို ကိုယ့်ဆီဖုန်းစမခေါ်ဖို့ ပြောထားခဲ့တယ်မဟုတ်လား “””

“”” ယုယသိပါတယ် ကိုကြီးဆိုင်ကိုမလာတာကြာလို့ ယုယလေ…..

“”””ကိုယ့်မိန်းမမီးဖွားနေလို့ ခွင့်ယူထားတယ်ဆိုတာ ရုံးကလူတွေပြောတယ်မဟုတ်ဘူးလား ဘာတွေများအရေးကြီးကိစ္စရှိလို့ ခုချိန်ကြီးဆက်ရတာလဲ ခုနကဖုန်းကိုင်တာ ဘယ်သူလဲ သိရဲ့လား”””

ကိုကြီးက လေသံတိုးတိုးဖြင့် ဆက်တိုက်ပြောနေရာ ယုယဘာပြန်ဖြေရမှန်းမသိပဲ မျက်ရည်များသာဝဲတက်လာသည်.

“””ကဲပြော ဘာကိစ္စလဲ”””

ယုယဘာမှဆက်မပြောချင်တော့ပဲ ဖုန်းကိုချလိုက်ကာ ဝမ်းပမ်းတနည်းငိုနေမိသည်.

ကိုကြီးဖုန်းပြန်ဆက်ကာချော့မလား မျှော်လင့်မိသောလဲ တစ်ညလုံးပြန်ဆက်မလာပါ.

…ယုယတို့ဇာတ်လမ်း တကယ်ပဲအဆုံးသတ်တော့မှာလား ကိုကြီးရယ်….

🖤🖤🖤🖤🖤

…….ဆက်ရန်……..

🖤 May 🖤


#အငယ်အနှောင်း အပိုင်း(2)

#May


“”””မိယု”””””

ညကကိုကြီးနဲ့အဆင်မပြေလို့ အသဲကွဲကာ အိပ်ရာထဲတစ်နေကုန်လှဲနေသော ယုယသည် အခန်းဝမှအမေ့ရဲ့ ဒေါသတကြီးအော်သံကြောင့် လန့်ကာထထိုင်လိုက်မိသည်.

“””””””ဖြန်း”””””

ယုယဘာမှမပြောရသေးခင်မှာပင် အမေ့ရဲ့လက်ဖဝါးက ယုယ၏ပါးပေါ် အရှိန်ပြင်းစွာကျရောက်လာသည်.

“””ခွေးမ ခွေးထက်မိုက်တဲ့ကောင်မ နင်အဲလောက်တောင်မိုက်ရသလားဟဲ့””””

အမေကဒေါသတကြီးအော်ရင်း ထပ်ရိုက်ရန်အနားတိုးလာစဥ် အခန်းထဲရောက်လာသော အစ်မဝေဝေက ဝင်ဆွဲသည်.

“”””ဘာဖြစ်လို့လဲ အန်တီဝင်းရယ် အေးအေးဆေးဆေးပြောရအောင်ပါ အောက်ထပ်မှာလဲ ဧည့်သည်တွေနဲ့””””

“”””ဘာဖြစ်ရမလဲဝေဝေရယ် ညည်းညီမက သူများမယားငယ်တဲ့လေ သူများအငယ်အနှောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးသိနေပြီ ငါပဲမသိတာ ဒီ အ’အမကြီးပဲမသိတာ ရှက်ဖို့ကောင်းလိုက်တာအေ”””

အမေကယူကြုံးမရဟန်ဖြင့်ပြောသည်.

ယုယသည် အရိုက်ခံရသောပါးတစ်ဖက်ကို လက်ဖြင့်အုပ်ရင်း မျက်ရည်များတလိမ့်လိမ့်စီးကျလာသည်..

အမေသိသွားပြီ..သွားပြီ အကုန်ပျက်စီးကုန်ပြီ. အမေကယုယကိုအလွန်ချစ်သော်လည်း ဒေါသကြီးပြီး စိတ်ထက်ပြတ်သားသူမို့ ယုယကြောက်မိသည်.

ပေါက်ကွဲတော့မတတ် တင်းမာနီရဲနေသောအမေ့မျက်နှာကို ယုယမကြည့်ရဲပါ..အိပ်ရာခင်းကိုသာ ငိုင်ငိုင်ကြီးကြည့်ရင်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေမိတော့သည်.

“””ခုမှ သူများလာပြောမှသိရတယ် ဘယ်နေရာမှာကားပေါ်ပါသွားတာမြင်လိုက်တယ် ဘယ်တည်းခိုခန်းရှေ့မှာတွေ့လိုက်တယ်နဲ့ တစ်ရပ်ကွက်လုံးပွနေပြီး ခုမှငါကသိရတာ ရှက်ဖို့ကောင်းလိုက်တာအေ ငါသေသာသေလိုက်ချင်တော့တယ်””””

မမဝေက သူမကိုမယုံနိုင်သလိုလှည့်ကြည့်သည်. သူမဘာမှပြန်မပြောနိုင်ပါ. ပြောစရာစကားလဲမရှိပါ. ငိုပဲငိုနေမိတော့သည်.

“””ဟိုကောင်ကလဲ ကြည့်တော့ လူကြီးလူကောင်းလိုလိုနဲ့ သူများသားသမီးကို စော်ကားသွားတာ ပန်းကောင်းအညွှန့်ချိုးသွားတာ ဒင်းကိုလဲမကျေနပ်ဘူး ဒင်းငါ့ဆိုင်လာရဲလာကြည့်စမ်း ငါနဲ့တွေ့မယ်”””

“”””မိယုရယ် ညည်းမှာယောကျ်ားအဲလောက်တောင်ရှားသလားဟင် ဘာလို့သူများလင်ကိုမှလဲ ညည်းရုပ် ညည်းအနေအထားနဲ့လင်မရှားပါဘူးဟဲ့ ဘာလို့များ ဒီလောက်မိုက်ရတာလဲ..”””


အမေကဒေါသတကြီးပြောနေရင်းမှ

ယုယကိုရိုက်မယ်ပုတ်မယ်လုပ်ပြန်ရာ မမဝေတားထားလို့သာ ယုယသက်သာသွားတာဖြစ်သည်.

သို့တိုင်အောင် အမေ့စကားလုံးတွေရဲ့ ထိုးနှက်မူဒဏ်ကိုတော့ ယုယပြင်းထန်စွာခံရလေသည်. အမေသည် ပြောလဲပြော ငိုလဲငိုကာ ဒေါသများပေါက်ကွဲနေတော့သည်.

အမေအခန်းထဲကထွက်သွားမှ ယုယအသက်ဝဝရှူရဲတော့သည်. ဖုန်းကိုတော့ အမေသိမ်းသွားပြီ.

အပြင်လဲမထွက်ရ ဖုန်းလဲမကိုင်ရ တဲ့…

သွားပြီ..အကုန်ပျက်စီးကုန်ပြီ..ရှေ့လျှောက်လည်း အမေ့မျက်စိအောက်မှာ ယုယအကျဥ်းသားတစ်ယောက်လိုနေရတော့မှာ သေချာသည်. ယုယဘာလုပ်ရမလဲ…

.ခုချိန်မှာ ယုယတတ်နိုင်တာက ကူကယ်ရာမဲ့စွာငိုနေရခြင်းသာ.

ကိုကြီးကိုအကျိုးအကြောင်းလှမ်းပြောချင်သော်လည်း ဖုန်းမရှိလို့ ဘာမှမတတ်နိုင်. မနက်ဖန် ကိုကြီးထမင်းလာစားရင်တော့ ဒုက္ခပဲဟု တွေးနေမိသည်.

တစ်နေ့လုံးငိုနေပြီး ညနေစောင်းရောက်တော့

ယုယတစ်ခုခုလုပ်မှဖြစ်တော့မည်ဟု တွေးမိသည်. ဒီတိုင်းထိုင်ငိုနေယုံနှင့် အခြေအနေကထူးလာမှာမဟုတ်.

ကိုကြီးနဲ့လဲတွေ့ချင်မိသည်..


ယုယအခြေအနေကိုအကဲခတ်ရန် အောက်ထပ်သို့ တိတ်တဆိတ်ဆင်းလာခဲ့သည်.

အောက်ထပ်ကကောင်တာနားရောက်တော့ အံဆွဲထဲထည့်ထားသော ယုယဖုန်းကို တစ်စွန်းတစ်စလှမ်းမြင်လိုက်ရသည်..အမေတို့ကိုလှမ်းကြည့်တော့ မီးဖိုထဲမှာအလုပ်ရှုပ်နေကြသည်…မမဝေက စားပွဲတစ်ခုမှာ ဘေလ်ရှင်းနေသည်…

ယုယစဥ်းစားနေချိန်မရပဲ ဖုန်းကိုအမြန်လှမ်းယူပြီး ဘယ်သူမှမမြင်ခင် ဆိုင်ထဲမှအပြေးလေးထွက်လာခဲ့တော့သည်.


ယုယစိတ်ညစ်လွန်း၍သာ အိမ်ကထွက်လာခဲ့သော်လည်း ဘယ်သွားရမှန်းမသိပါ.ကိုကြီးဆီလဲဖုန်းမဆက်ရဲ. ခုချိန်က သူ့မိသားစုနှင့်အတူရှိနေမှာမို့ သူမဖုန်းဆက်ရင် ကိုကြီးအရမ်းစိတ်ဆိုးသွားလိမ့်မည်.

ယုယခြေဦးတည့်ရာလျှောက်နေရင်း တဖြည်းဖြည်းနေဝင်လာပြီမို့ သူမကြောက်လာသည်. ညအချိန်ကြီး သူမတစ်ယောက်တည်း ဘယ်လိုနေရမလဲ. ပိုက်ဆံလဲတစ်ပြားမှပါမလာ.လက်ထဲမှာ ဖုန်းတစ်ခုသာပါလာသည်လေ.

နာရီကိုကြည့်လိုက်တော့ ည 7 နာရီကျော်ပြီ.

မတတ်နိုင်.ယုယမှာအားကိုးစရာ ကိုကြီးတစ်ယောက်သာရှိသည်မို့ အရဲစွန့်ကာဖုန်းခေါ်လိုက်တော့သည်.

အမေသိသွားပြီဟုပြောလိုက်တော့ ကိုကြီးအတော်လန့်သွားပုံရသည်.

“””မင်းဘာတွေလျှောက်လုပ်နေတာလဲကွာ ဒီလိုအခြေအနေမှာ မင်းကဒီလိုထွက်လာတော့ ပြသာနာတွေအကုန်ရှုပ်ကုန်တော့မှာပေါ့””””

ကိုကြီးကစိတ်ရှုပ်ထွေးသောလေသံဖြင့်ပြောသည်.

“”””မသိတော့ဘူးကိုကြီးရယ် ယုယလဲ အိမ်မှာမနေချင်တာပဲသိတယ် ပြီးတော့ ကိုကြီးနဲ့လဲမခွဲနိုင်ဘူး ယုယအမေ့အကြောင်းသိတယ် ခုလိုသာထွက်မလာရင် ကိုကြီးနဲ့ဘယ်တော့မှတွေ့ရမှာမဟုတ်တော့ဘူး”””

“””ခုက တွေ့ဖို့ကအရေးကြီးလို့လား မင်းပျောက်သွားလို့ဆိုပြီး မင်းအမေသာကိုယ့်ဆီရောက်လာရင် ပြသာနာအကြီးကြီးတက်ပြီ””

“””အာ့ဆိုယုယဘယ်လိုလုပ်ရမှာလဲ လို့ အခုလမ်းမှာ တစ်ယောက်တည်းလေ”””

“”” အဲဒါကြောင့် ဘာဖြစ်လို့မစဥ်းစားမဆင်ခြင်ပဲထွက်လာခဲ့ရတာလဲ ဒီမှာ ကိုယ်ပြောမယ် အခုကနောက်မကျသေးဘူး ယုယအခုအိမ်ပြန်လိုက် အမေကမေးရင် စိတ်မွန်းကြပ်လို့ ခနလမ်းထွက်လျှောက်တာလို့ပြော ဟုတ်ပြီလား”””

“”””ဟင့်အင်း ဟင့်အင်း အိမ်တော့လုံးဝမပြန်ဘူး အိမ်ပြန်ရောက်တာနဲ့ ယုယထောင်ကျသလိုနေရတော့မှာသိတယ် ရတယ် ကိုကြီးလာရင်လဲလာ မလာရင်လဲ ယုယခြေဦးတည့်ရာလျှောက်သွားနေတော့မယ်”””

ယုယရဲ့တဇွတ်ထိုးစကားကြောင့် ကိုကြီးကစိတ်ရှုပ်လာဟန်ဖြင့် သက်ပြင်းချသည်.

ကိုကြီးဟာ အသည်းဘယ်လောက်မာတယ်ပြောပြော မိန်းကလေးတစ်ယောက်ကို မျက်နှာလွှဲခဲပစ်လုပ်တတ်သူ မဟုတ်ဘူးဆိုတာ ယုယသိနေသည်ပဲလေ…

………..

သူ့အမျိုးသမီးကို မည်သို့ပြောခဲ့သည်မသိ. ကိုကြီးတစ်ယောက်ယုယထံရောက်လာကာ တည်းခိုခန်းတစ်ခုကို ခေါ်သွားပေးခဲ့သည်.

“””မနက်ဖန်ကျမှ အဆောင်ဖြစ်ဖြစ် အိမ်ဖြစ်ဖြစ် တစ်ခုခုရှာပေးမယ် ခုညတော့ဒီမှာနေလိုက်ဦးနော် သုံးချင်တာသုံးရအောင် ပိုက်ဆံလဲယူထားလိုက်””””

“””””ဟွန် ကိုကြီးကလဲ ယုယတစ်ယောက်တည်း တည်းခိုခန်းမှာဘယ်လိုနေရမလဲ မနေရဲပါဘူး ကိုကြီးဒီမှာအိပ်ပါလားဟင် ဒီတစ်ညတော့””””

“””ဟာ မဖြစ်ဘူးလေ ခုတောင် သူငယ်ချင်းတစ်ယောက် ပြည်ပကနေ ခနပြန်ရောက်နေလို့ ဆုံရင်းသောက်ကြမယ် လို့ မိန်းမကိုပြောလာတာ ညအိပ်လို့တော့လုံးဝမရဘူး”””

“”””နေပေးပါကိုကြီးရယ် ယုယကြောက်လို့ပါ ဒီမှာလဲ အတွဲတွေချည်းပဲ ယုယပဲတစ်ယောက်တည်း လူတွေဘယ်လိုထင်မလဲ နေပေးပါနော် ကိုကြီး နော်”””

နောက်ဆုံးတော့လည်း ကိုကြီးတစ်ယောက် ယုယုသဘောလိုက်လျောပေးရတော့သည်.သူ့အမျိုးသမီးကိုတော့ ဖုန်းဆက်ပြီးဘာပြောလိုက်သည်မသိပါ.

ဘာပဲဖြစ်ဖြစ် ထိုညက ယုယအရမ်းပျော်ခဲ့ရပါသည်. အရင်ကတစ်ပတ်တစ်ခါတွေ့နေကျဖြစ်သော်လည်း ကိုကြီးနဲ့ခုလိုတစ်ညလုံးအတူရှိရတာ ပထမဆုံးဖြစ်သည်.

ကိုကြီးရင်ခွင်ထဲမှာအိပ်စက်ရင်း အိပ်ပျော်နေတဲ့ကိုကြီးရဲ့ အသက်ရှူသံကိုနားထောင်ရင်း “ဒီလူဟာ ငါ့အပိုင်ပဲ ” ဆိုတဲ့ခံစားချက်ကို ယုယအရမ်းသဘောကျသည်. ထိုအခိုက်အတန့်လေးကို ယုယမက်မောမိသည်. ထိုအခိုက်အတန့်လေးကို တစ်သက်လုံးပိုင်ဆိုင်ခွင့်ရအောင် ယုယဘာမဆိုလုပ်ပစ်နိုင်သည်ဟု တွေးနေမိတဲ့အထိပင်.

….နောက်နေ့မနက်မိုးလင်းလင်းချင်း ကိုကြီးပြန်သွားသည်. သူမအတွက် အိမ်ငှားဖို့ရှာပေးသည်. အဆောင်မှာနေရင် ကိုကြီးနဲ့လွတ်လွတ်လပ်လပ်မတွေ့ရမှာစိုးသည်မို့ လုံးချင်းအိမ်ရှာခိုင်းရခြင်းဖြစ်သည်..အိမ်ရတာနဲ့ ချက်ချင်းပဲပြောင်းလာခဲ့လိုက်သည်..


ယုယကတော့ အမေနဲ့အိမ်ကိုမေ့ကာ အပျော်ကြီးပျော်နေသည်.ကိုကြီးပေးတဲ့ပိုက်ဆံနဲ့ အိုးတွေခွက်တွေ အသုံးအဆောင်ပစ္စည်းတွေဝယ်ကာ အိမ်ကလေးကို မွန်းမံပြင်ဆင်နေတော့သည်. ကိုယ့်ကိုကိုယ် ကြင်စဦးဇနီးမောင်နှံတွေလို ကိုကြီးရဲ့အိမ်ရှင်မတစ်ယောက်လိုတွေးရင်း အရာအားလုံးကိုမေ့နေတော့သည်

………..

ယုယပျော်ရွှင်မူတွေဟာ ဘာကြောင့်များကြာရှည်မခံရတာလဲ..ယုယဘယ်နေရာသွားသွား ဒီအရိပ်မည်းကြီးကလိုက်နေတော့မှာလား…ယုယမှားခဲ့တာဆိုလို့ ကိုကြီးကို ချစ်ခဲ့မိတာပဲရှိတာပါ…

သူမဒီရပ်ကွက်သို့ပြောင်းလာတာ 3 လခန့်သာရှိသေးသော်လည်း သူမရဲ့သတင်းက စကားဝိုင်းတွေမှာပြောစရာဖြစ်နေခဲ့ပြီ..အိမ်ထောင်သည်အမျိုးသမီးတွေရဲ့ မျက်စောင်းထိုးစရာဖြစ်နေခဲ့ပြီ..ယောကျ်ားတချို့ရဲ့ အထင်အမြင်သေးစရာဖြစ်နေခဲ့ပြီ..

“””လူတွေက ယုယကို မယားငယ်မတဲ့”””

ယုယစကားကြောင့် ကိုကြီးက စီးကရက်တစ်လိပ်ကိုမီးညှိနေရင်းမှ လှမ်းကြည့်သည်.

“”” ယုယလေ ယုယတို့အကြောင်းကိုသိတဲ့ပတ်ဝန်းကျင် ယုယကိုကဲ့ရဲ့ဝေဖန်နေကြတဲ့ပတ်ဝန်းကျင်ကနေ ထွက်ပြေးပြီး ဒီကိုလာနေခဲ့ပေမဲ့

….ဒီနေရာမှာလဲ ယုယကဲ့ရဲ့ခံ ဝေဖန်ခံ ပြောဆိုခံနေရတာပဲကိုကြီးရဲ့ မယားငယ်မတဲ့ အငယ်အနှောင်းတဲ့ သူများအိမ်ထောင်ရေးဖျက်စီးတဲ့သူတဲ့”””

ယုယပြောရင်း မျက်ရည်များစီးကျလာသည်.

“””ဒီနေရာမှာလဲ ယုယနေစရာမရှိဘူး ယုယကိုတွေ့တိုင်း အထင်သေးတဲ့မျက်လုံးတွေ ရွံမုန်းတဲ့အကြည့်တွေ မကြားတကြားစကားတွေနဲ့

ယုယတစ်ဘဝလုံး အဲလိုနေရတော့မှာလားဟင်”””

ကိုကြီးကစကားတစ်ခွန်းမှမပြောပဲ ဆေးလိပ်မီးခိုးငွေ့တွေကိုမှုတ်ထုတ်ရင်း ယုယကိုစိုက်ကြည့်နေသည်. ယုယသူ့မျက်ဝန်းထဲမှအဓိပ္ပါယ်ကို နားမလည်နိုင်ခဲ့ပါ.. ကိုကြီးသည် တခါတလေ ယုယအတွက် နားလည်ရခက်ခဲလွန်းလှသည်.

“””ယုယအဲလိုနေစရာ မလိုပါဘူး”””

ကိုကြီးက ပြတင်းပေါက်အပြင်ကိုငေးရင်း ပြောလိုက်သည်.

“””တစ်ယောက်အတွက် တခြားတစ်ယောက်က ထိခိုက်နစ်နာရတာ…

တစ်ယောက်ပျော်ရွှင်ဖို့ တခြားသူတွေနာကျင်ရတာ…

အဲဒါ အချစ်မဟုတ်ဘူး ကလေး”””

ယုယနားမလည်စွာဖြင့် ကိုကြီးကိုငေးကြည့်နေမိသည်.

“””””ကိုယ့်ပျော်ရွှင်မူအတွက်နဲ့ ကလေးကိုထိခိုက်နစ်နာစေခဲ့ပြီးပြီ အဲဒီအတွက် ကိုယ်တောင်းပန်ပါတယ် ကိုယ်နောက်ထပ်ဘယ်သူ့ကိုမှထပ်ပြီး

မထိခိုက်စေချင်တော့ဘူး”””

ကိုကြီးက ယုယခေါင်းလေးကိုဖွဖွပွတ်ရင်း…

“”””ကိုယ်ဒီလိုပြောတာ တာဝန်မဲ့လွန်းရာကျပေမဲ့ အခုကအရမ်းနောက်မကျသေးပါဘူးကလေး ကလေးရဲ့မိသားစုဆီ

ပြန်သွားသင့်တယ်”””.

“””ကိုကြီးဘယ်လိုပြောလိုက်တာလဲ”””

ကိုကြီးစကားကြောင့် ယုယအံ့သြတုန်လှုပ်စွာ ပြန်ပြောလိုက်မိသည်…

“””ယုယကဘာလို့အိမ်ပြန်ရမှာလဲ ယုယကိုကြီးကိုချစ်လို့ ကိုကြီးနဲ့အတူနေချင်လို့ မိသားစုကိုတောင်စွန့်လွှတ်ပြီး ဒီမှာလာနေခဲ့တာလေ ကိုကြီးမျက်နှာကိုပဲကြည့်ပြီး တခြားဘာကိုမှဂရုမစိုက်ပဲ ဒီမှာလာနေခဲ့တာလေ ဘာလဲ ကိုကြီးက ယုယကိုမချစ်တော့ဘူးလား ဟင်”””

ကိုကြီးက ဆေးလိပ်မီးခိုးတွေကြားမှ သက်ပြင်းချသည်..

“””စီးကရက်ကိုလေ ကိုယ်အရမ်းကြိုက်ပေမဲ့ အိမ်မှာဘယ်တော့မှမသောက်ဘူးသိလား တခြားတစ်နေရာရောက်မှပဲ သောက်ဖြစ်တယ်””

ကိုကြီးရဲ့မဆီမဆိုင်စကားကို ယုယနားမလည်ပါ.

“””ကိုယ်အရမ်းကြိုက်ပေမဲ့ ကိုယ်သောက်လိုက်တဲ့ဆေးလိပ်ငွေ့တွေက ကလေးတွေကိုထိခိုက်မှာစိုးလို့ ဘယ်တော့မှအိမ်မှာမသောက်ဘူး….

ကိုယ့်ဘဝမှာအချစ်ရဆုံး တန်ဖိုးအထားရဆုံးက ကိုယ့်သားနဲ့သမီးပဲ သူတို့ကိုထိခိုက်မဲ့အလုပ်မျိုး ကိုယ်ဘယ်တော့မှလုပ်မှာမဟုတ်ဘူး သူတို့အတွက် ကိုယ်ဖခင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်””””

ယုယရင်ထဲ အောင့်မျက်နာကျင်လာရကာ မျက်ရည်များစီးကျလာသည်.

“”””ဒါဆို ယုယကရော ယုယက ကိုကြီးဘဝရဲ့ ဘယ်နေရာမှာရှိတာလဲ …ဟင်


ကိုကြီးကပြန်မဖြေပဲ ယုယကိုသနားစရာအိမ်မွေးတိရာစ္ဆာန်လေးတစ်ကောင်ကို ကြည့်သလိုအကြည့်မျိုးဖြင့် ငေးကြည့်နေသည်.

“”””ဖြေပါဦးကိုကြီးရဲ့ ယုယက ကိုကြီးရဲ့ဘယ်အကန့်ထဲမှာရှိနေတာများလဲ ယုယလေ ကိုကြီးကို တစ်ဘဝလုံးစာပုံပြီးချစ်ခဲ့တာပါ အရာအားလုံးကိုစွန့်လွှတ်ပြီး ရွေးချယ်ခဲ့တာပါ ဒါကိုခုတော့ အိမ်ပြန်တော့ တဲ့လား”””

ကိုကြီးက သက်ပြင်းထပ်ချပြန်သည်..

ကိုကြီးအချစ်က သူမအပေါ်ရိုးအီသွားခဲ့ပြီလား…

သူမကို တကယ်ပဲ ထားခဲ့ချင်နေတာလားကွယ်….

…….ထိုစဥ်မှာပင်……..

“”ဒေါက် ဒေါက် ဒေါက်”””

အိမ်ရှေ့ကတံခါးခေါက်သံကြောင့် ယုယကိုယ်လေးမတ်ခနဲဖြစ်သွားရသည်.

အိမ်ရှင်အန်တီမှလွဲ၍ သူမဆီလာမည့်သူ မည်သူမှမရှိပါ.. ရပ်ကွက်ထဲကလူတွေက သူမအိမ်လာဖို့ဝေးလို့ အဖက်တောင်မလုပ်ကြတာလေ….

သူမကမျက်ရည်တွေသုတ်ကာ ကိုယ့်ကိုကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်လိုက်ပြီးမှ တံခါးဆီလျှောက်လာခဲ့သည်.

သူမ တံခါးကိုဆွဲဖွင့်လိုက်ချိန်မှာတော့….

……..””ဟင်”””……

တွေ့လိုက်ရသောသူကြောင့် ယုယတုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်.

…..အေးစက်ခက်ထန်သောမျက်နှာဖြင့် တံခါးဝတွင်ရပ်နေသော ကိုကြီးရဲ့အမျိုးသမီး….


………… ဆက်ရန်……

………………………{ May }


#အငယ်အနှောင်း #May

(အပိုင်း 3)


ကိုကြီးရဲ့အမျိုးသမီးသည် အေးစက်စက်မျက်လုံးများဖြင့် သူမကိုကြည့်ပြီး…

“””””ကိုမြတ်သူ ဒီမှာရှိလား””””ဟုမေးလိုက်သည်.

ယုယအံ့သြတုန်လှုပ်မှုကြောင့် ကြောင်ငေးကြည့်နေမိရာမှ ခေါင်းငြိမ့်ပြလိုက်မိသည်. အရင်ကတော့ ကိုကြီးနဲ့ယုယရဲ့အကြောင်းကို သူ့မိန်းမ သိစေချင်ခဲ့သည်..ကိုကြီးက သူမလိုအရာရာပြည့်စုံတဲ့ဇနီးကိုထားပြီး ယုယကိုချစ်နေသည်ဆိုတာ သိစေချင်ခဲ့သည် ပူလောင်စေချင် နာကျင်စေချင်ခဲ့သည်..

တကယ်တမ်းထိပ်တိုက်တွေ့တော့ ယုယစိတ်လှုပ်ရှားကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့….

“””””””ဖြူ”””””””

ကိုကြီးရဲ့တအံ့တသြအသံက နောက်မှထွက်ပေါ်လာသည်..ကိုကြီးကသူ့မိန်းမအနားအမြန်လျှောက်လာကာ

“”””ဖြူ ကိုယ်လေ…….

သူမကဆက်မပြောရန်လက်ကာပြလိုက်ပြီး…

“”””ဖြူ့ကိုဘာမှရှင်းမပြပါနဲ့ မောင် လွန်ခဲ့တဲ့တစ်လလောက်ကတည်းက ဖြူဒါတွေကိုသိခဲ့ပြီးသားပါ အခုက အတည်ပြုချင်လို့ ဒီကိုလာခဲ့တာပါ ဖြူကိုယ်တိုင်တွေ့ပြီးမှ ဒါကိုအတည်ပြုချင်လို့”””

အမျိုးသမီးရဲ့အသံက အဖျားခတ်တုန်ယင်သွားသည်..သူမကလှည့်ထွက်မည်ပြုတော့ ကိုကြီးက လက်ကိုဆွဲထားပြီး…

“””နေပါဦးဖြူ ကိုယ်ဖြူနဲ့ပြန်လိုက်ခဲ့မယ်လေ ကိုယ်တို့တစ်နေရာမှာ အေးအေးဆေးဆေးစကားပြောကြရအောင်နော်””””

သူမက မဲ့ပြုံးလေးပြုံးလိုက်ပြီး…

“””ဘာကိုပြောမှာလဲမောင်ရယ် ဖြူ့ဖက်ကတော့ ဘာမှပြောစရာမရှိ​တော့ပါဘူး ဖြူလုပ်စရာတစ်ခုပဲရှိတယ် အဲဒီအတွက် ဖြူအိမ်ပြန်ပြီးခေါင်းအေးအေးနဲ့စဥ်းစားရဦးမယ်”””

ယုယကို ရှိသည်လို့ပင်မထင်ပဲ ယောကျ်ားဖြစ်သူကိုသာဦးတည်ပြောနေသော ထိုအမျိုးသမီး၏အပြုအမူကြောင့် ယုယအလိုလိုနေရင်း သိမ်ငယ်လာသလိုခံစားရသည်. ယောကျ်ားဖြစ်သူဖောက်ပြန်တာကို လက်ပူးလက်ကြပ်တွေ့တာတောင် သွေးအေးတည်ငြိမ်လွန်းသောသူမကိုလည်း ယုယအံ့သြမိသည်..ယုယသာဆို ထိုသို့နေနိုင်မည်မထင်ပါ…

“”””ခုချိန်မှာဘာကိုမှ အလောတကြီးမဆုံးဖြတ်ဖို့ ကိုယ်တောင်းပန်ချင်ပါတယ်ဖြူ ကိုယ့်ကိုအခွင့်အရေးတစ်ခုတော့ပေးပါ ကိုယ်တို့ဒီကိစ္စကို အေးအေးဆေးဆေး စဥ်းစားဆုံးဖြတ်ကြရအောင်လေ နော်””””

သူမက ကိုကြီးကိုခါးသီးအေးစက်သောမျက်လုံးများဖြင့်ကြည့်ရင်း…

“””စဥ်းစားမယ် ဟုတ်လား ဒါကိုမလုပ်ခင်ကတည်းက စဥ်းစားခဲ့သင့်တာမဟုတ်ဘူးလားမောင် ဖြူ့အတွက်မဟုတ်တောင် မောင့်သားသမီးတွေအတွက်လေ””””

“”””အခုမောင်က 9 နှစ်လုံးတည်ဆောက်လာခဲ့တဲ့ အသိုက်အမြုံလေးကို ဖျက်ဆီးလိုက်တာပဲ အခုတော့ အရာအားလုံးပျက်စီးသွားပြီ အဲဒါကို ဖြူဘယ်လိုအင်အားနဲ့ ပြန်တည်ဆောက်ရမလဲမောင်”””

သူမကပြောရင်း ငိုသံအနည်းငယ်စွက်လာသည်…ကိုကြီးက ယုယတစ်ခါမှမမြင်ဖူးခဲ့သော စိုးရိမ်ထိတ်လန့်သောဟန်ဖြင့် သူမ၏လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်း…

“”””ကိုယ်အရမ်းမှားခဲ့ပါတယ်ဖြူရယ် ကိုယ့်ဘဝမှာ အကြီးဆုံးအမှားကို ကိုယ်လုပ်ခဲ့မိတာပါ အဲဒီအမှားအတွက် ကိုယ်ပြန်ပြင်ဆင်ပါ့မယ် ပြီးတော့ ကိုယ့်မိသားစုပြိုကွဲဖို့ ပျက်စီးဖို့ ကိုယ်လုံးဝမရည်ရွယ်ခဲ့ဘူးဆိုတာ ယုံကြည်ပေးပါနော် “””

သူမက နာကျင်စွာခပ်မဲ့မဲ့ပြုံးရင်း…

“”အမှားဆိုတာ မသိလို့လုပ်မိတာကိုပြောတာလေ သိရက်နဲ့ကျူးလွန်တဲ့အမှားကိုတော့ ဖြူဘယ်လိုနားလည်လက်ခံပေးရမှာလဲမောင် ဒီလိုအခြေအနေထိတောင် ရောက်ခဲ့ပြီးမှလေ””

“””ဒီလိုအခြေအနေထိရောက်လာဖို့ ကိုယ်မရည်ရွယ်ခဲ့တာအမှန်ပါ ကိုယ်နောက်ဆုတ်ဖို့ကြိုးစားခဲ့ပါတယ် ပြီးတော့လေ ဘယ်အရာကိုမှ ကိုယ့်မိသားစုနဲ့မလဲနိုင်ဘူးဆိုတာ ဖြူယုံကြည်ပေးပါ ကိုယ့်ကိုပြန်ပြင်ဆင်ဖို့ အခွင့်အရေးတစ်ခုပဲ ပေးပါနော်”””

သူမက ကိုကြီးမျက်နှာကို ခပ်စိမ်းစိမ်းစိုက်ကြည့်နေရင်း ခနတိတ်ဆိတ်နေသည်…ပြီးမှ သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“””” မောင်က မောင့်သားသမီးတွေအတွက် ထည့်မစဥ်းစားခဲ့ပေမဲ့ ဖြူကတော့ စဥ်းစားရတယ်မောင် ဖြူ့ဘဝမှာ သူတို့လေးတွေထိခိုက်နာကျင်မှာကိုအကြောက်ဆုံးပဲ

သားနဲ့သမီးအတွက်စဥ်းစားပြီး မောင်ပြောတဲ့အခွင့်အရေးဆိုတာကို ဖြူပြန်စဥ်းစားပေးမယ် ဒါပေမဲ့ မောင်တစ်ခုခုကိုတော့ ပြတ်ပြတ်သားသားရွေးချယ်ရလိမ့်မယ်…

“””အခု ဖြူနဲ့ပြန်လိုက်လာရင်တော့ လုံးဝနောက်ကိုလှည့်ကြည့်လို့မရဘူးနော် နောက်တစ်ကြိမ်ဆိုတာ လုံးဝရှိလာမှာမဟုတ်ဘူး နေခဲ့မယ်ဆိုရင်လည်း ဒါဟာ တစ်သက်လုံးစာပဲဆိုတာ သိထားပေးပါ”””

သူမစကားအဆုံးမှာ ယုယကိုကြီးကိုထိတ်လန့်စွာကြည့်မိသည်..ကိုကြီးဆုံးဖြတ်မှာကို ယုယမကြားရဲပါ..

ကိုကြီးကတော့ ယုယကိုတစ်ချက်ပင်လှည့်မကြည့်ပဲ…

“”””ကိုယ့်အတွက် နောက်လှည့်ကြည့်စရာ ဘာအကြောင်းမှမရှိပါဘူးဖြူ နောက်တစ်ကြိမ်ဆိုတာလဲ လုံးဝမရှိစေရဘူးလို့ ကိုယ်ကတိပေးပါတယ် ကိုယ့်ကိုယုံကြည်ပေးပါနော်”””

ကိုကြီးစကားတို့သည် ယုယအရှိုက်ကိုထိုးလိုက်သလို …ယုယရင်ထဲစူးနင့်အောင့်မျက်လာကာ ဘာစကားမှမပြောနိုင်လောက်အောင်ပင်…

“””ယုံကြည်မူဆိုတာ ပျက်စီးဖို့လွယ်သလောက် ပြန်တည်ဆောက်ဖို့ခက်ခဲတယ်မောင်ရဲ့ ကျွန်မပြန်ပြီးတည်ဆောက်နိုင်ပါ့မလားတောင် မသေချာဘူး”””

သူမက သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း..

“””ကျွန်မသွားတော့မယ်”””

သူမကလှည့်ထွက်မည်ပြုတော့ ကိုကြီးက သူမလက်ဖျားလေးကို ခပ်ဖွဖွကိုင်ရင်း…

“””ကိုယ်နောက်ကလိုက်ခဲ့မယ်နော်

ကိုယ်သူနဲ့စကားနည်းနည်းပြောချင်သေးလို့ ဖြူကိုယ့်ကိုခနစောင့်ပေးမလား”””

“””အိုခေလေ ဖြူကားပေါ်ကစောင့်နေပါ့မယ်”””

အမျိုးသမီးက ယုယကိုတစ်ချက်ကြည့်လိုက်ပြီး အိမ်အပြင်ထွက်သွားသည်.

သူမ၏အကြည့်သည် မုန်းတီးခြင်း သို့မဟုတ် အနိုင်ရခြင်း ကျေနပ်ခြင်းစသည်တို့ ဘာအဓိပ္ပါယ်မှရှိမနေပါ…ယုယသည် သူမအတွက်ဘာမှမဟုတ်သလိုမျိုး ဗလာသက်သက်အကြည့်သာဖြစ်သည်…

ယုယမွန်ဆိုသော မိန်းကလေးတစ်ယောက်ကိုကြည့်တာမဟုတ်ပဲ သူ့ယောကျ်ားနဲ့ဖောက်ပြန်နေသော မိန်းကလေးတစ်ယောက်ကို ကြည့်ခြင်းသာဖြစ်သည်..ယုယရဲ့ဖြစ်တည်မူကို အသိပမှတ်မပြုခြင်းအားဖြင့် အနိုင်ယူသွားခြင်းဖြစ်လေသည်

သူမထွက်သွားသည်နှင့် ကိုကြီးက…

“”””ယုယ”””””

“”””ဟင့်အင်း ဘာမှမပြောနဲ့ ယုယဘာမှမကြားချင်ဘူး ကိုကြီးလဲမသွားရဘူး ကိုကြီး ယုယကိုထားမခဲ့ရဘူး…..

ယုယငိုရင်း သွေးရူးသွေးတမ်းပြောနေမိသည်.. ကိုကြီးက သက်ပြင်းမောတစ်ချက်ချလိုက်ရင်း…

“”””ကိုယ်စောစောကပြောခဲ့သလိုပဲ အရမ်းနောက်မကျခင် အိမ်ကိုပြန်လိုက်တာ ယုယအတွက်အမှန်ဆုံးဖြစ်မှာပါ ယုယအမေလဲ အရမ်းစိတ်ပူနေလောက်ပြီ…

….ကိုယ့်မှာကမိသားစုရှိတယ်ယုယ အသိုင်းအဝိုင်းဂုဏ်သိက္ခာတွေ ရှိသေးတယ် ကိုယ်ရှေ့လျှောက် မင်းကိုတာဝန်ယူစောင့်ရှောက်ပေးနိုင်မှာမဟုတ်ဘူး “””

“””.ပြောရက်လိုက်တာကိုကြီးရယ် ကိုကြီးတာဝန်မယူနိုင်ပဲနဲ့ ယုယကိုဘာလို့ချစ်တယ်ပြောခဲ့ရတာလဲ ဒီလိုအခြေအနေထိ ဘာလို့ခေါ်လာခဲ့တာလဲ လို့”””.

ယုယစကားကြောင့် ကိုကြီးမျက်နှာ တည်တင်းသွားပြီး…

“”””ဒီလိုအခြေအနေထိ ဟုတ်လား…ဒီလိုအခြေအနေထိ ဘယ်သူခေါ်လာခဲ့တာလဲ ကိုယ့်မိန်းမကလေးမွေးတဲ့အချိန်ကတည်းက ကိုယ်ဒီကိစ္စကို နောက်ဆုတ်ဖို့ကြိုးစားခဲ့တယ် သက်သက်မဲ့အိမ်ကနေထွက်လာပြီး ဇာတ်လမ်းရှည်အောင်လုပ်ခဲ့တာ ဘယ်သူလဲ ဟမ်”””

ကိုကြီးရဲ့လေသံမာမာကြောင့် ယုယနာကျင်ဝမ်းနည်းသွားရသည်…အချစ်ဟာ နှစ်ဦးသဘောတူပဲမဟူတ်လား…အခုမှ ယုယအပြစ်တဲ့လား…

“””အခုကိုယ့်မိန်းမလဲသိသွားပြီ ကိုယ်ဒီပြသာနာကိုမနည်းရှင်းရဦးမယ် ကိုယ့်အလုပ် ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဒီသတင်းသာပြန့်သွားရင် အကုန်သွားပြီ…

“”””ကိုယ်မှားခဲ့တာတွေအတွက် ကိုယ်တကယ်တောင်းပန်ပါတယ် နောက်ဆိုကိုယ်ဒီကို လာနိုင်တော့မှာမဟုတ်လို့ ယုယအိမ်ကိုပဲပြန်လိုက်နော်”””

ယုယခေါင်းကိုခါရမ်းရင်းမှ မျက်ရည်များစီးကျလာသည်…

“”””ယုယကိုဒီလိုလွယ်လွယ်ထားခဲ့တော့မှာလား ကိုကြီးရယ် ယုယအတွက် ထည့်မစဥ်းစားပေးတော့ဘူးလား ကိုကြီးမိသားစုအတွက်ပဲစဥ်းစားတာလား ဟင် ကိုကြီးယုယကိုချစ်ခဲ့တယ်မဟုတ်ဘူးလား”””

ကိုကြီးက ယုယမျက်ရည်တွေကို စိတ်မသက်မသာဟန်ဖြင့်ကြည့်ရင်း….

“”””ယုယအသက်လေးငယ်ပါသေးတယ် ဘဝမှာ နောက်ထပ်ချစ်ရတဲ့သူတွေ့လာမှာပါ လမ်းမှားကြီးကိုဆက်မလျှောက်ပဲ ရုန်းထွက်နိုင်အောင်ကြိူးစားပါ ဒါဟာ ယုယအပေါ် ကိုယ်တကယ်သံယောဇဥ်ရှိလို့ ကောင်းစေချင်လို့ပြောတဲ့စကားပါ…

..””..ကိုယ်သွားတော့မယ်နော်….””

ကိုကြီးကပြောပြီးသည်နှင့် ယုယပြန်ပြောသည်ကိုတောင်မစောင့်ပဲ အိမ်ပြင်သို့ထွက်သွားသည်..

ယုယရင်ထဲနင့်နေကာ ဘာစကားမှပြန်မပြောနိုင်တော့…အိမ်တံခါးဝသို့အပြေးလျှောက်လာကာ ကိုကြီးကိုလိုက်ကြည့်မိသည်.

မျက်ရည်များဖြင့်ဝေဝါးနေသောမြင်ကွင်းထဲတွင် ကိုကြီးနဲ့သူ့အမျိုးသမီး ကားတစ်စီးစီဖြင့် ရှေ့ဆင့်နောက်ဆင့်ထွက်သွားသည်ကို မြင်လိုက်ရသည်..ယုယဆက်လက်ရပ်တည်နိုင်ဖို့ အင်အားမရှိတော့သလို ကြမ်းပြင်ပေါ်ထိုင်ချလိုက်မိသည်..

….ရက်စက်လိုက်တာ ကိုကြီးရယ်….

🖤🖤🖤🖤🖤🖤🖤🖤


“””အမလေး ယုယရယ် ဘယ်တွေပျောက်နေတာလဲ ခုမှဆက်သွယ်ရတယ်လို့ နင့်အမေစိတ်ပူလွန်းလို့ ရူးတော့မယ်”””

ဖုန်းထဲက မမဝေအသံကိုနားထောင်ရင်း ယုယအလိုလိုဝမ်းနည်းလာသည်…

သူမအိမ်ကထွက်လာကတည်းက ဖုန်းဆင်းကဒ်တွေလဲပြောင်း fb acc တွေလဲမသုံးတော့တာမို့ စိတ်ပူနေကြပုံရသည်…

“”.ယုယအဆင်ပြေပါတယ်မမဝေ အမေ့ကိုလဲစိတ်မပူဖို့ပြောပေးပါဦး ယုယအတွက် ဘာမှမပူပါနဲ့လို့ “”””

“”””မပူပဲနေမလားဟယ် နင်က အဆက်အသွယ်လုံးဝဖြတ်သွားတာလေ ငါတို့နင့်ကိုလိုက်ရှာတာနှံ့နေတာပဲ အန်တီဝင်းက ဟိုလူ့ဆီသွားမေးမလို့တောင်လုပ်သေးတယ် ငါတားထားလို့ သူ့ဘာသူထွက်သွားတာ အဲလူနဲ့မဆိုင်ဘူးထင်တယ် လို့ အခုနင်ကဘယ်မှာလဲ အိမ်ပြန်လာခဲ့တော့လေ”””

မမဝေစကားကြောင့် ယုယမျက်ရည်များဝဲလာရသည်…အမေ့စကားကိုနားမထောင်ခဲ့တဲ့ သမီးမိုက်တစ်ယောက် ဘယ်လိုမျက်နှာနဲ့ အိမ်ပြန်လာရမလဲကွယ်….

“””ယုယပြန်တော့လာမှာပါမမဝေ လောလောဆယ်တော့ အမေ့ကိုစိတ်မပူဖို့ပြောပေးနော် ယုယအဆင်ပြေပါတယ်လို့””””

သူမကပြောပြီးသည်နှင့်ဖုန်းကိုချကာ ဆင်းကဒ်ပါထုတ်ထားလိုက်သည်…တစ်ယောက်တည်းအားငယ်ဝမ်းနည်းနေချိန်မို့ အိမ်ကိုဖုန်းဆက်မိသော်လည်း ယုယလက်ရှိအခြေအနေက အမေနဲ့စကားပြောဖို့အဆင်မပြေသေးပါ.. ဖုန်းဆက်ပြီးအတင်းပြန်လာခိုင်းမှာလဲစိုးသည်…အမေယုယကို အရမ်းစိတ်ပူနေမှာစိုးလို့သာ မမဝေဖုန်းကိုလှမ်းဆက်ပြောရခြင်းဖြစ်သည်…

ကိုကြီးယုယဆီမလာတော့တာ တစ်လကျော်ပြီ..ယုယဖုန်းတွေဆက် စာတွေပို့သော်လည်း လုံးဝမကိုင်သလို စာလဲမပြန်တော့ပါ…ကိုကြီးအရမ်းပြတ်သားလွန်းလှသည်..

ယုယ မနေနိုင်မထိုင်နိုင် သူတို့ fb acc တွေထဲ အကောင့်တုနဲ့သွားကြည့်သည်..မိသားစုခရီးတွေသွားလိုက် ပွဲတွေအတူတက်လိုက် ပျော်ရွှင်နေတဲ့မိသားစုပုံတွေတင်လိုက်နှင့် ဘာမှမဖြစ်ခဲ့သလိုပင်…

…ကိုကြီးအမျိုးသမီးသည် ဖောက်ပြန်ခံရသော တခြားမိန်းမတွေလို fb မှာ ထိုကိစ္စနဲ့ပတ်သက်ပြီး တင်တာ share တာ ရွဲ့တာစောင်းတာမျိုး ဘာတစ်ခုမှလုပ်မထားပါ…ပုံမှန်အတိုင်းသာတွေ့ရသည်…

ယုယမှာသာ အလဲလဲအကွဲကွဲ…

ဒီတစ်လလောက်အတွင်းမှာ မစားနိုင်မအိပ်နိုင် မျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့လို့ လူတောင်ပိန်သွားခဲ့ပြီ…ယုယနာကျင်ခံစားနေရသလောက် သူတို့ကပုံမှန်အတိုင်းဖြစ်နေကြလို့ ယုယပိုခံပြင်းရသည်…

ဒါဟာ ယုယအတွက် တရားပါရဲ့လား…

သူတို့ကတော့ ယုယမွန် ဆိုတဲ့မိန်းကလေးတစ်ယောက်ကို ရှိခဲ့သည်ဟုပင်မထင်ပဲ ပုံမှန်အတိုင်းသာယာပျော်ရွှင်နေကြချိန်…

ယုယမှာတော့ ဘဝပျက်လုမတတ် အလဲလဲအပြိုပြိုတွေဖြစ်ကာ မေ့ဖျောက်မရတဲ့စိတ်ဒဏ်ရာတွေနဲ့….

ချစ်ခဲ့တုန်းက နှစ်ဦးသဘောတူဖြစ်သော်လည်း အခုတော့ အားလုံးဟာယုယအပြစ်တဲ့…ယုယအမှားတဲ့…ယုယမှားခဲ့တာဆိုလို့ ကိုကြီးကိုတကယ်ချစ်မိသွားခဲ့တာပဲရှိတာပါ…ကိုကြီးကတော့ ယုယကိုချစ်ခဲ့လား မချစ်ခဲ့လားတောင် ယုယသေချာမသိပါ…

….ယောကျ်ားတွေရဲ့နှလုံးသားမှာ အကန့်တွေအများကြီးရှိတယ်တဲ့ အဲဒါကြောင့်လည်း ကိုယ့်အတွက်မလိုအပ်တဲ့အကန့်တစ်ခုကို ဖတ်ထုတ်လိုက်ယုံနဲ့ ဘဝမှာ ဘာမှပြောင်းလဲမသွားပေမဲ့

….မိန်းမတွေရဲ့နှလုံးသားကတော့ အကန့်တစ်ခုတည်းရှိပြီး တစ်ယောက်တည်းကိုပဲ ထည့်ထားနိုင်တာလေ အဲဒါကြောင့်လဲ အဲတစ်ယောက်ထွက်ခွာသွားတဲ့အခါ ဘဝဟာ ဗလာဟင်းလင်းဖြစ်သွားတော့တာပေါ့ …….

ကိုကြီးဘဝထဲကနေ ယုယကိုလွယ်လွယ်လေးဖယ်ထုတ်နိုင်ခဲ့ပေမဲ့ ယုယအတွက်ကတော့ ကိုကြီးဟာ ကမ္ဘာကြီးဖြစ်ခဲ့တာမို့ ဘယ်လိုမေ့ဖျောက်နိုင်ပါ့မလဲကွယ်….

ယုယသည် ဘေးနားတွင်အသင့်ချထားသော ဘလိတ်ဓားကိုယူကာ လက်ကောက်ဝတ်သွေးကြောကို ခြစ်ချလိုက်သည်…အရမ်းနက်အောင်တော့ သူမ မလုပ်ရဲပါ…ယုယတကယ်မသေချင်သေး…ယုယချစ်တဲ့ကိုကြီးနဲ့ အတူနေချင်ပါသေးသည်…

…နာကျင်မူကြောင့် ယုယအံတချက်ကြိတ်လိုက်ရင်း ဒဏ်ရာကိုဖုန်းဖြင့်ဓာတ်ပုံရိုက်လိုက်သည်…ထို့နောက်ကိုကြီးရဲ့ Viber ကနေပုံကိုပို့လိုက်ပြီး…

“”””ကိုကြီး ယုယရဲ့ msg တွေကိုမဖတ်ဘူးနော် ဒီ msg ကို ကိုကြီးဝင်ဖတ်ဖြစ်တဲ့အချိန်ကျရင်လဲ ယုယအသက်မရှိလောက်တော့ပါဘူး နှုတ်ဆက်ခဲ့ပါတယ်နော် ကိုကြီးကိုအရမ်းချစ်တယ်””””

ယုယ msg ကို ကိုကြီးဖတ်မဖတ် မသေချာပါ…ကိုကြီးပြန်လာဖို့ ဒီတစ်နည်းပဲရှိတာမို့ ယုယစွန့်စားလိုက်ခြင်းသာ…

ယုယက လက်မှတစိမ့်စိမ့်စီးကျနေသော သွေးတွေကိုထိုင်ကြည့်ရင်း အချိန်ကုန်အောင်စောင့်နေမိစဥ် ကိုကြီးထံမှဖုန်းဝင်လာသည်..

တစ်လကျော်အဆက်အသွယ်ဖြတ်ထားရာမှ ပထမဆုံးဖုန်းခေါ်လာသဖြင့် ယုယထခုန်မိမတတ် ပျော်ရွှင်သွားမိသော်လည်း ဖုန်းမကိုင်ပါ…ကိုကြီးက ထပ်ခါထပ်ခါခေါ်သည်.

သူမက ဖုန်းကိုစက်ပိတ်လိုက်ပြီး စိတ်ရောလူပါပင်ပန်းလွန်းလှသဖြင့် ကြမ်းပြင်ပေါ်လှချလိုက်သည်…

…ကိုကြီးယုယကိုချစ်သေးတယ်မဟုတ်လား ယုယကိုစိတ်ပူတယ်မလား ပြန်လာခဲ့ပါကိုကြီးရယ်….


🖤🖤🖤🖤🖤🖤


အိမ်ရှေ့တွင် ကားထိုးရပ်သံကြားမှ ယုယ နေရာမှာတင် အိပ်ပျော်သွားမိရာမှပြန်နိုးလာသည်…ကိုကြီးရောက်လာမှန်းသိလို့ ယုယမျက်စိပြန်မှိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်…

…ကိုကြီးကအိမ်ထဲအပြေးဝင်လာပြီး လဲကျနေသောယုယကိုမြင်တော့ လာပွေ့ထူကာ…

“””.ယုယ ယုယ အဆင်ပြေရဲ့လား ယုယ””””

ထိုအခါကျမှ ယုယမျက်လုံးဖွင့်ကြည့်လိုက်ပြီး…

“””ကိုကြီးရောက်လာတယ်နော်””””

ယုယသတိရလာသည်ကိုမြင်မှ ကိုကြီးကစိတ်အေးသွားဟန်ဖြင့်…

“””””ဘာတွေလျှောက်လုပ်နေတာလဲယုယရယ် ဒါအသက်နဲ့ဆိုင်တဲ့ကိစ္စနော်””””

ကိုကြီးကိုမြင်တော့ သူမပိုဝမ်းနည်းကာ မျက်ရည်များစီးကျလာပြီး…

“”””ကိုကြီးမရှိရင် ယုယအသက်ရှင်နေလို့ ဘာထူးမှာလဲကိုကြီးရယ် ယုယကိုထားမခဲ့ပါနဲ့နော် ယုယကိုသနားရင် ထားမခဲ့ပါနဲ့ကိုကြီးရယ်””””

ယုယလေသံဖျော့ဖျော့လေးနဲ့ပြောရင်း ကိုကြီးရင်ခွင်ထဲတိုးဝင်ဖက်ထားမိသည်…

ကိုကြီးထံမှ ခပ်တိုးတိုးသက်ပြင်းချသံကြားရသည်…ဒီတစ်ခါတော့ဘယ်လိုနည်းနဲ့မှ ကိုကြီးကိုလက်လွှတ်ဆုံးရှုံးမခံချင်တော့ပါ…တရားတာ မတရားတာ ယုယမသိချင်တော့…. လူတွေပြောကြသလို သူများအိမ်ထောင်ရေးကိုဖျက်စီးသူပဲ ဖြစ်ချင်ဖြစ်ပါစေတော့…ကိုကြီးကိုပိုင်ဆိုင်ရရင် ကျေနပ်ပါပြီ…

ထို့နောက်မှာတော့ ကိုကြီးကသူမရဲ့ဒဏ်ရာကို သန့်ရှင်းဆေးထည့် အဝတ်တွေပါလဲပေးပြီး အိပ်ရာပေါ်ပွေ့တင်ပေးသည်…ဆန်ပြုတ်တွေ အိုဗာတင်းတွေသွားဝယ်ကာ ဂရုတစိုက်ကျွေးသည်ံ..ယုယအတွက်ကတော့ ကိုကြီးအနားမှာရှိရင် ပြည့်စုံနေပြီ…

အကုန်ပြီးသွားတော့ ကိုကြီးက သူမဘေးတွင်ထိုင်ကာ…

“”””ကိုယ်ပြောတာကို သေချာနားထောင်နော်ယုယ ယုယခံစားရတာတွေကို ကိုယ်နားလည်ပါတယ် ကိုယ်တာဝန်မဲ့သလိုဖြစ်ခဲ့ရတဲ့အတွက်လဲ တောင်းပန်ပါတယ် ဒါပေမဲ့….

“”””ကိုယ့်အနေနဲ့ ယုယဆီပြန်လာဖို့တော့ ကတိမပေးနိုင်ဘူး ကိုယ့်မိန်းမသိသွားရင် မလိုလားအပ်တဲ့ပြသာနာတွေ ထပ်ဖြစ်လာလိမ့်မယ် ကိုယ်အဆင်ပြေတဲ့အချိန် တခါတလေ ယုယဆီလာခဲ့ပေးမယ် လိုအပ်တာရှိရင်လဲ ကူညီပေးမယ် ဟုတ်ပြီလား…

… “”””ကိုယ့်ဘာကိုယ်ကျန်းမာအောင်နေ ဂရုစိုက် ဒီလိုလုပ်ရပ်မျိုး နောက်ထပ်လုံးဝမလုပ်ရဘူးနော်””””

ကိုကြီးစကားကို ယုယအင်းမလုပ်အဲမလုပ်ပဲ ငြိမ်သက်နေမိသည်…

“”””ကိုကြီးကို ယုယတစ်ခုမေးချင်တယ်”””

ကိုကြီးက မေးဟူသောသဘောနှင့် ခေါင်းငြိမ့်ပြသည်..

“”””ကိုကြီးရဲ့သားသမီးတွေ ဂုဏ်သိက္ခာတွေ မိသားစုတွေကို ခနဘေးဖယ်ထားပြီး လူသက်သက်ပဲဆိုရင်ရော ကိုကြီးမိန်းမနဲ့ယုယ ဘယ်သူ့ကိုရွေးမှာလဲဟင်””””

ယုယအမှတ်မရှိမေးမိပြန်သည်…ကိုကြီးသူမကိုချစ်ခဲ့သည်ဟု စိတ်ထဲမှာယုံကြည်ချင်သေးပါသည်…

ကိုကြီးကယုယထံမှအကြည့်လွှဲကာ ခေတ္တတိတ်ဆိတ်သွားသည်…

“””ကိုယ်နဲ့သေသည်အထိလက်တွဲသွားရမဲ့သူကို အချစ်တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရဘူးယုယရဲ့ အချစ်ဆိုတာ သူ့အချိန်တန်ရင် သက်တမ်းကုန်သွားတာပဲ သက်တမ်းမကုန်တာက နားလည်မူနဲ့ မေတ္တာတရားပဲ….

“”””ဖြူနဲ့ကိုယ်ဟာ ချစ်လို့လက်ထပ်ခဲ့ကြတာပဲ ဒါပေမဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ ကိုယ်ပိုပြီးသိလာရတာက ဖြူ့လောက်ကိုယ့်အပေါ် နားလည်ပေးနိုင်တဲ့သူတစ်ယောက်မှမရှိခဲ့ဘူး ကိုယ့်အပေါ်မှာ ဇနီးတစ်ယောက်လိုရော မိခင်တစ်ယောက်လိုရော မေတ္တာပေးနိုင်ခဲ့တဲ့သူ အိမ်ထောင်သက် 9 နှစ်လုံး သူ့ကြောင့်ကိုယ်စိတ်ဆင်းရဲခဲ့ရတာ တစ်ခါမှမရှိခဲ့ဘူး အခုတော့ကိုယ့်ကြောင့် သူအခုစိတ်ဆင်းရဲနေရပြီ””””

ကိုကြီးက ယုယကိုမချိပြုံးလေးပြုံးပြရင်း…

“”””ယုယလဲ တစ်ချိန်ကျရင် အဲလိုချစ်ပေးရမဲ့သူရှိလာမှာပါ အဲကျရင် ကိုယ်ဆိုတာ ယုယပြန်မတွေးချင်တဲ့ အတိတ်တစ်ခုဖြစ်သွားလိမ့်မယ်”””

ဟင့်အင်း…ယုယဘဝမှာ ကိုကြီးကလွှဲပြီး နောက်ထပ်ချစ်ရမဲ့သူ ရှိလာတော့မှာမဟုတ်ပါဘူး….ယုယစိတ်ထဲကပဲပြန်ပြောမိတော့သည်.

….ထို့နောက်ပိုင်းမှာတော့ ကိုကြီးက အရင်ကလိုတစ်ပတ်တစ်ခါမလာနိုင်သော်လည်း ရံဖန်ရံခါ ရုံးကနေထွက်ကာ ရောက်လာတတ်သည်…သူ့မိန်းမရိပ်မိမည်စိုး၍ ပိတ်ရက်မလာပဲ ရုံးဖွင့်ရက် နေ့လည်ထမင်းစားချိန် သို့မဟုတ် အလုပ်ကိစ္စနဲ့အပြင်ထွက်ရချိန်များတွင် ရောက်လာတတ်သည်…

ဖုန်းတော့မခေါ်ရ msg မပို့ရတဲ့…ယုယကတော့ ကိုကြီးနဲ့တွေ့နေရယုံနဲ့ပျော်နေသူ…

ဒီအပျော်တွေကိုထပ်ပြီးမဆုံးရှုံးရဖို့ ယုယတစ်ယောက်ကြိတ်ပြီး အစီအစဥ်ဆွဲနေတာကိုတော့ ကိုကြီးတစ်ယောက်မသိရှာပါ…

ယုယ၏ စားပွဲအံဆွဲထဲမှ မသောက်ဖြစ်တာကြာသော လစဥ်သုံးတားဆေးကဒ်လေးများကို ကိုကြီးမမြင်ရှာပါ….

……..ဆက်ရန် ⏭⏭⏭


May 🖤


#အငယ်အနှောင်း #may

အပိုင်း (4)

….ယုယသည် လက်ထဲမှဆီးစစ်တံလေးကို ကြည့်ရင်း အိမ်မက်လိုခံစားနေရသည်..

…ကိုကြီးရဲ့ရင်သွေးလေး သူမဗိုက်ထဲမှာရှိနေပြီ တဲ့…သူမစိတ်လှုပ်ရှားလွန်းလို့ ရင်တွေတလှပ်လှပ်တုန်နေသည်…

ကိုကြီးဟာ ဘယ်လောက်သွေးအေးပြတ်သားတတ်ပါစေ သူ့သွေးသားကိုလွယ်ထားရသူတစ်ယောက်ကိုတော့ ဘယ်လိုမှစွန့်ပစ်သွားနိုင်ဘူးမဟုတ်လား..သူ့သားသမီးတွေကိုသိပ်ချစ်သောကိုကြီးသည် ယုယဗိုက်ထဲက ကလေးလေးကိုလဲ ချစ်ပေးမှာပဲလေ…


သူမက ဒီသတင်းကိုဖုန်းနဲ့မပြောချင်တာမို့ ကိုကြီးလာမဲ့ရက်ကိုစောင့်နေမိသည်…ခုတလောမှ ကိုကြီးကအလာကျဲသွားပြန်သည်…အလုပ်တွေရှုပ်နေသည် ဟုတော့ msg ပို့ထား၍ ယုယကျေနပ်ရပါသေးသည်…

….ကိုကြီးသာဒါကိုသိခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲဟု ယုယတွေးကြည့်နေမိသည်…ကိုကြီးမိန်းမရော သိခဲ့ရင် ဘယ်လိုနေမလဲ…သူတို့ကွာရှင်းကြမှာလား…ယုယကြောင့် သူတို့မိသားစုပြိုကွဲသွားတော့မှာလား…

ဖြစ်လာမဲ့အကျိုးဆက်တွေကိုတွေးရင်း ယုယစိတ်တွေအရမ်းလှုပ်ရှားနေမိသည်…

…ကိုယ်ဝန်ရှိမှန်းသိရပြီး နှစ်ပတ်လောက်ကြာမှ ကိုကြီးရောက်လာသည်…ကိုကြီးပုံက ပင်ပန်းနွမ်းနယ်နေပုံရတာမို့ သူတကယ်အလုပ်တွေရှုပ်နေမှန်းသိသာပါသည်…

ယုယစိတ်လှုပ်ရှားကာ ကိုကြီးကိုဘယ်လိုစပြောရမှန်းမသိပဲ ဖြစ်နေစဥ်မှာပင်…

….ကိုကြီးက လက်ထဲမှအထုပ်တစ်ထုပ်ကို ယုယထံကမ်းပေးလာသည်…

“”””ဒါကဘာလဲဟင် ကိုကြီး”””

သူမမေးရင်း ကျွတ်ကျွတ်အိတ်ကိုဖြည်ပြီးကြည့်လိုက်တော့ ပိုက်ဆံတစ်သောင်းတန် 4/5 အုပ်ကို တွေ့လိုက်ရသည်…

“”””ကိုယ်နောက်တစ်လလောက်ဆို မန္တလေးရုံးကိုပြောင်းရတော့မယ် ရာထူးတိုးနဲ့လေ အဲဒါကြောင့်ခုရက်ပိုင်း စာရင်းဇယားအပြောင်းအလွှဲတွေနဲ့အလုပ်ရှုပ်နေလို့ ယုယဆီမလာဖြစ်တာ….

“”””အဲဒါကြောင့် ကိုယ်မရှိရင် ယုယအခက်အခဲဖြစ်နေမှာစိုးလို့ ဒါယူထားလိုက်နော်””””

ကိုကြီးစကားကြောင့် ယုယထိတ်လန့်အံ့သြသွားရတာ ကိုကြီးမျက်နှာကိုကြောင်ကြည့်နေမိသည်…ကိုကြီးကရိပ်မိပုံမရပဲ…

“”””ကိုယ်လည်းလာနိုင်မှာမဟုတ်တော့လို့ တစ်ယောက်တည်းဒီမှာမနေနဲ့တော့နော် အိမ်မပြန်ချင်ရင်လဲ တစ်နေရာပြောင်းပြီး သင်တန်းလေးဘာလေးတက် အလုပ်လုပ်ချင်လုပ် ဘဝတိုးတက်ရာတိုးတက်ကြောင်း တစ်ခုခုတော့လုပ်နော် ဒီတိုင်းအချိန်ဖြုန်းမနေနဲ့….

“””အဲဒီအခါကျရင် ကောင်လေးချောချောလေးတွေနဲ့တွေ့ပြီး ကိုယ့်ကိုမေ့သွားမှာပါ”””

ကိုကြီးရဲ့နောက်ပြောင်တဲ့စကားကိုပင် ယုယခွန်းတုံ့မပြန်နိုင်တော့ပါ…ရင်ထဲတွင်တင်းကျပ်လာရကာ စကားပြောဖို့ကို မနည်းအားယူနေရတော့သည်…

“”””ဘာဖြစ်နေတာလဲယုယ နေမကောင်းဘူးလား”””

ကိုကြီးက ယုယမူပျက်နေတာကိုမြင်ပြီး မေးသည်…မတတ်နိုင်ပါ…မည်သို့ပင်ဖြစ်စေ ဒီကိစ္စက မပြောပဲနေလို့ရတာမှမဟုတ်တာ…

“”””ကိုကြီး ယုယလေ….ယုယမှာလေ…

ကိုယ်ဝန်ရှိနေပြီ”””

ယုယစကားကြောင့် ကိုကြီး

ကြက်သေသေသွားသည်…ယုယက အင်္ကျီဘေးအိတ်ထဲက ဆီးစစ်တံလေးကို ထုတ်ပြလိုက်သည်…

….ကိုကြီးသည် အတော်လေးအံ့သြသွားဟန်ဖြင့် အကြာကြီးတိတ်ဆိတ်နေပြီးမှ မျက်နှာကတဖြည်းဖြည်း တင်းမာလာကာ….

“”””မင်းဘာတွေ လျှောက်လုပ်နေတာလဲ ယုယ”””

“””ယုယလဲ မထင်မှတ်ပဲရှိသွားတာပါကိုကြီး ယုယ ဆေးသောက်ဖို့မေ့သွားမိတာနဲ့….

“”””တော်စမ်းပါ””””

ကိုကြီးက ဒေါသတကြီးအော်လိုက်သည်… မထင်မှတ်ထားသော တုံ့ပြန်မူကြောင့် ယုယအံ့သြသွားမိသည်…ကိုကြီးက သူမ၏မျက်နှာကို စိမ်းစိမ်းစူးစူးကြည့်ပြီး….

“”””ငါ့မှာတော့ မင်းအတွက်တကယ်စေတနာထားပြီး စဥ်းစားပေးလိုက်ရတာ ငါ့ကြောင့်နစ်နာရှာတယ်ဆိုပြီး သနားလို့…ငါမရှိရင်လဲအဆင်ပြေအောင်ဆိုပြီး ငါစီစဥ်နေတာ….

“”””လက်စသတ်တော့ မင်းကဒီအကြံအစည်နဲ့ ငါ့ကိုပြန်ချဥ်းကပ်ခဲ့တာပေါ့လေ ဟုတ်လား”””

“””မဟုတ်ပါဘူးကိုကြီးရဲ့ အဲလိုမဟုတ်ပါဘူး”””

မျှော်လင့်ထားသောတုံ့ပြန်မှုမဟုတ်သဖြင့် ယုယအံ့သြဝမ်းနည်းသွားရတာ ပြာပြာသလဲငြင်းမိသည်…

“””ဘာလဲ ဒီဟာကြောင့် မင်းကိုငါလက်ထပ်ယူမယ်ထင်နေတာလား ငါတာဝန်ယူရမယ်ပေါ့ ဟုတ်လား””””

ယုယဘာမှပြန်မပြောနိုင်ပဲ ခေါင်းငုံ့ငြိမ်သက်နေမိသည်…

“”””မင်းကွာ…မင်းကိုငါအဲဒီလောက် ဦးနှောက်မဲ့လိမ့်မယ်လို့ ထင်မထားခဲ့ဘူး””””

ကိုကြီးကပြောရင်းဒေါသထွက်လာဟန်ဖြင့် ထိုင်ရာမှထကာ တစ်ဖက်သို့လျှောက်သွားရင်း…

“”””ငါခုချိန်ထိမင်းနဲ့ရှိနေပေးတာတွေ မင်းဆီပြန်လာခဲ့တာတွေက မင်းကိုချစ်လို့ မခွဲနိုင်လို့ လို့ထင်နေတာလားယုယ..မင်းကိုသနားလို့ ငါ့ကြောင့်ဖြစ်ရတာဆိုတဲ့စိတ်နဲ့ သနားမိလို့…””””

ကိုကြီးစကားတွေက ယုယရင်ကိုဓားနဲ့တစ်ချက်ချင်းမွှန်းနေသလို အသည်းခိုက်အောင်နာကျင်လှသည်…

“”””ကိုကြီး ယုယကို လုံးဝမချစ်ခဲ့ဘူးလားဟင်”””

သူမ တိုးဖျော့စွာမေးမိသည်..

“”””ချစ်ခဲ့တာမှန်ပေမဲ့ အဲဒီအချစ်ဆိုတာအတွက်နဲ့တော့ ကိုယ့်ကိုကိုယ်ဖျက်စီးရလောက်အောင် ငါမမိုက်မဲဘူး မိုက်နေတာက မင်းပဲ တခြားသူတွေဖက် ငါ့ဖက် ထည့်မစဥ်းစားပဲ မင်းလုပ်ချင်တာတွေလျှောက်လုပ်နေတာ””””


“”””တော်ပါတော့ ကိုကြီးရယ်””””

ယုယငိုရင်း မချိတင်ကဲပြောလိုက်မိသည်..မင်းတွေငါတွေနဲ့ပြောရလောက်အောင် ကိုကြီးဒေါသထွက်သွားရတာလားကွယ်…

“””ယုယမှာ ကလေးရှိသွားတာက အဲလောက်တောင်အပြစ်ကြီးလား ယုယကိုတာဝန်ယူရမှာ အဲလောက်တောင်ကြောက်လား”””

“””ကြောက်တာပေါ့ကွ ဒါကငါ့ဘဝကိုဖျက်စီးမဲ့ကိစ္စလေ မင်းကဒီလိုဖြစ်စေချင်တာမလား ဒီလိုကြံစည်ခဲ့တာမလား”””

ယုယနာကျင်ဝမ်းနည်းစွာ ခေါင်းကိုခါရမ်းရင်း

“”””ယုယ…ယုယက ကိုကြီးကိုပိုင်ဆိုင်ချင်ယုံပါ ကိုကြီးရယ် “””

ကိုကြီးကခနဲ့တဲ့တဲ့ဟန်ဖြင့် ဟက်ခနဲရယ်လိုက်ပြီး…

“”””အဲလိုဆိုတော့ ငါကငါ့မိသားစုကိုထားခဲ့ပြီး မင်းကိုယူရမယ်ပေါ့ ဟုတ်လား သက်ရှိထင်ရှားရှိတဲ့ ငါ့သားနဲ့သမီးကိုစွန့်ပစ်ပြီး လူတောင်ဖြစ်မလာသေးတဲ့ မင်းဗိုက်ထဲကဟာလေးကို တာဝန်ယူရမယ်ပေါ့”””

ယုယက ကိုကြီးကိုမယုံနိုင်သလိုငေးကြည့်နေရင်း မျက်ရည်တွေတလိမ့်လိမ့်စီးကျလာသည်…

“””ဒါဆိုရင် ယုယ…ယုယ ဘယ်လိုလုပ်ရမှာလဲကိုကြီးရဲ့ ဒါလေးက… ဒါလေးကလူဖြစ်မလာသေးတဲ့ဟာလေးဆိုပေမဲ့ ကိုကြီးနဲ့ယုယရဲ့သွေးသားပါ”””

သူမငိုရှိုက်ရင်းပြောမိတော့ ကိုကြီးကသူမကိုကြည့်ရင်း သက်ပြင်းရှည်ကြီးချလိုက်သည်…

“””အဲဒီသွေးသားဆိုတာ ငါ့ကိုအသိမပေးပဲ မင်းသဘောနဲ့မင်းယူခဲ့တာလေယုယ ဒီလိုဖြစ်လာရင် ငါ့ဖက်မှာဘယ်လောက်အကျပ်ရိုက်သွားမယ် ဒုက္ခရောက်သွားမယ်ဆိုတာ မင်းထည့်မစဥ်းစားခဲ့ဘူးမဟုတ်လား…ဒါနဲ့များ ငါ့ကိုချစ်တယ်တဲ့လား ဟင်””””

ယုယဘာမှပြန်မပြောနိုင်တော့ပဲ ချုံးပွဲချကာငိုကြွေးလိုက်မိသည်…

ဒီလိုရက်စက်ခက်ထန်တဲ့စကားလုံးတွေ ပြောထွက်ရက်သူဟာ ယုယချစ်ခဲ့ဖူးတဲ့ကိုကြီးမှ ဟုတ်ရဲ့လား….ယုယမယုံနိုင်ပါ…

….ကိုကြီးသည် ပြောချင်တာတွေပြောပြီးမှ စိတ်ကိုပြန်ထိန်းလိုက်ဟန်ဖြင့် ခေတ္တငြိမ်သက်သွားသည်…ပြီးမှစားပွဲပေါ်ကစီးကရက်ကိုယူကာ မီးညှိပြီးသောက်နေရင်း…

“””ကိုယ်တို့တွေ လမ်းမှားကြီးကို ဒီထက်ပိုမလျှောက်သင့်တော့ဘူးလေယုယရဲ့ ဒီထက်ပိုပြီးရှေ့ဆက်တိုးရင် အကုန်ပျက်စီးဖို့ပဲရှိတယ် ပြီးတော့ အပြစ်မရှိတဲ့ကိုယ့်မိန်းမနဲ့ကလေးတွေကို ကိုယ်ဘယ်လိုအကြောင်းနဲ့မှ စွန့်ပစ်ခဲ့မှာမဟုတ်ဘူး ယုယဒါကို နားလည်သင့်ပြီ”””

ကိုကြီးရဲ့လေသံက ပျော့ပျောင်းသော်လည်း အေးတိအေးစက်နိုင်လှသည်…ယုယပြောစရာစကားတို့ပျောက်ဆုံးကာ နာကျင်စွာတိတ်ဆိတ်နေမိသည်…

မျှော်လင့်ခဲ့သမျှဟာသဲထဲရေသွန်…အချစ်ခံရဖို့မျှော်လင့်ခဲ့တဲ့သူမ ရရှိခဲ့တာက အမုန်းတွေတဲ့လား

..နောက်ဆုံးတော့လည်း ယုယသာ ဒီဇာတ်လမ်းမှာ ဗီလိမ်ပေါ့လေ…

ကိုကြီးပြန်သွားသည်အထိ သူမဘာစကားတစ်ခွန်းမှမပြောမိပဲ တိတ်ဆိတ်စွာထိုင်နေမိသည်..ဘာမှထပ်မပြောချင်လောက်အောင် ရင်ထဲမှာ ဗလာဟင်းလင်းဖြစ်နေသည်..

ငိုလဲမငိုမိတော့..

သူမစိတ်ရောကိုယ်ပါ အရမ်းပင်ပန်းနေပြီ.နာကျင်ရတာတွေ တော်လောက်ပါပြီလေ…

🖤🖤🖤🖤🖤


“”””ဟင် အမေ””””

တံခါးခေါက်သံကြား၍ လာဖွင့်သောယုယသည် တံခါးဝတွင် မထင်မှတ်ပဲ အမေနဲ့မမဝေကိုတွေ့လိုက်ရ၍ အံ့သြမှင်သက်မိသွားသည်…

အမေကစကားတစ်ခွန်းမှမပြောပဲ ယုယကို မချိတင်ကဲငေးကြည့်ရင်း…

“””ပိန်သွားလိုက်တာ သမီးရယ်”””

ယုယသည် အမေ့အကြည့်နှင့် ငိုသံစွက်သောအမေ့စကားသံကြောင့် ပိုဝမ်းနည်းကာ စိတ်မကောင်းဖြစ်သွားရသည်..

ကိုကြီးပြန်သွားပြီးနောက် နှစ်ရက်အကြာမှာ အမေရောက်လာခြင်းဖြစ်၍ ယုယရှေ့ဆက်ဘာလုပ်ရမည်ကို သေချာမစဥ်းစားရသေးပါ..

“”””သမီးဒီမှာရှိတာ ဘယ်လိုသိတာလဲဟင်”””

“””အမျိုးသမီးတစ်ယောက်ဖုန်းဆက်ပြောတယ် သမီးရှိတဲ့နေရာသူသိတယ် တဲ့ လိပ်စာပါအတိအကျပေးလိုက်တာ ဘယ်သူလဲမေးတော့ အရေးမကြီးပါဘူးဆိုပြီး ဖုန်းချသွားတယ်””””

ကိုကြီးမိန်းမများလားဟု ယုယတွေးမိသွားသည်…ယုယတို့မပြတ်သေးတာကို သိနေတာများလား…

အမေကအိမ်ထဲဝင်လာကာ စိတ်မကောင်းဟန်ဖြင့် ဟိုဒီဝေ့ဝဲကြည့်ရင်း…

“””သမီးရယ် ယောကျ်ားတစ်ယောက်အတွက်နဲ့များ အမေတို့ကိုစွန့်ပစ်ပြီး ဒီမှာတစ်ယောက်တည်းလာနေရတယ်ပေါ့ ဟုတ်လား သူများရဲ့အငယ်အနှောင်းဘဝမှာ နေဖို့ကိုလေ….

အမေကပြောရင်းမျက်ရည်ကျလာသည်…

“””အမေကတော့ ငါ့သမီးလေးကို ရွှေလိုဥထားခဲ့ရတာ အဖေမရှိတော့တဲ့ဘဝ အားငယ်နေမှာစိုးလို့ဆိုပြီး လိုလေသေးမရှိထားခဲ့တာ

ဒီလိုသူများမယားငယ်ဖြစ်ဖို့လား ဟမ်…လူတကာအထင်အမြင်သေးခံရတဲ့ ဒီလိုဘဝမှာနေရဖို့လား ယုယရဲ့ ငါရင်တွေနာလိုက်တာဟယ်”””


အမေကပြောရင်း ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချကာ ငိုနေတော့သည်..သူမကိုတွေ့လျင် ဒေါသတကြီးရိုက်ပုတ်ဆုံးမလိမ့်မည်ဟုထင်ခဲ့သော်လည်း မချိတင်ကဲဖြစ်နေရှာသော အမေ့ပုံစံကြောင့် ယုယလဲမျက်ရည်များထိန်းမရတော့ပဲ အမေ့ခြေရင်းနားတွင်ထိုင်ခါ ငိုချလိုက်မိတော့သည်…

“”””သမီးမှားခဲ့တာပါအမေရယ် သမီးမိုက်ခဲ့တာတွေပါ သမီးတောင်းပန်ပါတယ်”””

သားအမိနှစ်ယောက်ဖက်ငိုနေတာကိုကြည့်ရင်း မမဝေတစ်ယောက်လည်း မျက်ရည်များစီးကျနေတော့သည်…

အမေကငိုရင်းမှ ယုယမျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ကြည့်ရင်း…

“””ကြည့်စမ်းပါဦး မျက်နှာကိုချောင်ကျလို့ လူကလဲပိန်လို့ ငါ့သမီးဒီမှာ စိတ်မချမ်းသာရဘူးမဟုတ်လား ဟင် ဟိုကောင်က သမီးကိုစိတ်ဆင်းရဲအောင်လုပ်နေတာလား…အဲကောင်ရော အခုဘယ်မှာလဲ ငါ့သမီးဘဝကိုဖျက်ဆီးခဲ့တဲ့ကောင်”””

အမေက ဒေါသတကြီးပြောသည်..

“””သမီးသူနဲ့ပြတ်သွားပါပြီအမေ သမီးတို့ဇာတ်လမ်းက ပြီးသွားပြီ”””

ယုယဝမ်းနည်းစွာ ခပ်တိုးတိုးပြောမိသည်..

“””ဘာလဲ စားလို့ဝတော့ ထားခဲ့ပြီပေါ့ဟုတ်လား ခုတော့ညည်းကိုစွန့်ပစ်ခဲ့ပြီပေါ့ ငါ့မှာတော့ ငါ့သမီးအိမ်ကထွက်သွားတာတောင် သူနဲ့ဆိုင်တယ်မထင်ခဲ့ဘူး အနည်းဆုံးတော့ လူကြီးလူကောင်းပီသတဲ့စိတ်လေးတော့ ရှိမယ်ထင်ခဲ့တာ အဲလောက်ထိသူမလုပ်လောက်ပါဘူးလို့ တွေးခဲ့မိတာ ခုတော့အေ ငါ့သမီးကို သူက….

အမေကပြောရင်း အသံတိမ်ဝင်သွားသည်…

“””တော်ပါတော့အမေရယ် မပြောပါနဲ့တော့ အကုန်သမီးအမှားတွေပါ သမီးကြောင့် အားလုံးစိတ်ဆင်းရဲခဲ့ရတာ သမီးကြောင့်..အကုန်သမီးကြောင့်ပါအမေရယ်”””

ယုယသည် ထိန်းထားခဲ့သမျှ အကုန်လွှတ်ချလိုက်ကာ အမေ့ပေါင်ပေါ်မှာမျက်နှာအပ်ရင်း ကြူကြူပါအောင်ငိုချလိုက်မိတော့သည်…

“””ဘာလို့ဒီလောက်တောင် မိုက်ခဲ့ရတာလဲသမီးရယ် သူများဘဝကိုဖျက်ဆီးပြီးမှ ကိုယ့်ဘဝကရော ပျော်ရမယ်ထင်လား ဟင် သူများအသိုက်အမြုံ သူများပျော်ရွှင်မူကို ဖျက်ဆီးပြီးမှရလာတဲ့ဘဝကရော သာယာမယ်ထင်နေတာလား အခုချိန်ပျော်ရတယ်ဆိုရင်တောင် နောင်တစ်ချိန်မှာ ဝဋ်ကလိုက်လာတတ်တယ် အခုတောင် ငါ့သမီးစိတ်ဆင်းရဲနေရပြီမဟုတ်လား…

“””အခုဒီလောက်နဲ့ပြီးသွားတာ ငါ့သမီးကံကောင်းတာပါ ဒီအိမ်ကိုပြန်အပ်ပြီး အမေတို့နဲ့ပြန်လိုက်ခဲ့နော်””””

အခုမှတော့ အမေတို့နဲ့ပြန်လိုက်သွားယုံကလွဲလို့ ယုယရွေးချယ်စရာမရှိပါ…အမေကလည်း သမီးဖြစ်သူကိုတွေ့ပြီးနောက် ဘယ်လိုနည်းနဲ့မှထားခဲ့မည်မဟုတ်ပါ…

ကိုယ်ဝန်ရှိနေကြောင်းကိုတော့ အမေ့ကိုမပြောရက်ခဲ့…ခုတောင်သူမကြောင့် အမေစိတ်ဆင်းရဲလှပါပြီ…ကိုယ်ဝန်ကိစ္စကိုများ သိသွားခဲ့ရင် အမေရင်ကျိုးရလိမ့်မည်…

ယုယသည် ပစ္စည်းများသိမ်းနေရင်း ရင်ထဲဆို့နင့်ကာ မျက်ရည်များကကျလာပြန်သည်…ကိုကြီးနဲ့အတူ နှစ်ယောက်တစ်ဘဝလေး တည်ထောင်ခဲ့ဖူးသော ဒီနေရာလေးကို အပြီးအပိုင်ထားရစ်ခဲ့ရတော့မည်…နောက်ဘယ်တော့မှ ပြန်လာဖြစ်မည်မဟုတ်သလို ကိုကြီးနဲ့လည်း ဘယ်တော့မှထပ်မတွေ့တော့ပါ…

ယုယ ဗိုက်ကလေးကိုလက်ဖြင့်အုပ်ကိုင်မိရင်း ဆို့နင့်လာကာ အမေတို့မကြားအောင် ကြိတ်ငိုနေမိသည်…

ယုယမှာလဲ မာနတော့ရှိပါသေးတယ်ကိုကြီးရယ် ကိုကြီးမလိုချင်တာကို ယုယဇွတ်မပေးတော့ပါဘူး… ကိုကြီးပျော်အောင်နေပါ

ကိုကြီးရဲ့မိသားစုနဲ့သက်ဆုံးတိုင်ပျော်ရွှင်ပါစေ လို့ ယုယဆုတောင်းပေးပါတယ်….

🖤🖤🖤🖤🖤


“””မင်းတို့ရုံးက မန်နေဂျာဘယ်မှာလဲ”””

မြတ်သူ အလုပ်လုပ်နေစဥ် အသံကျယ်ကျယ်နှင့်မေးသံကြားရတာကြောင့် လှမ်းကြည့်လိုက်တော့ ယုယမွန်၏အမေ အန်တီဝင်း..သူထိတ်ခနဲဖြစ်သွားကာ ရုံးခန်းထဲအထိ ဘာလာလုပ်ပါလိမ့်ဟုတွေးလိုက်မိသည်..

“””ဟုတ် ခနစောင့်ပါအန်တီ ဆရာ့ကိုသွားခေါ်ပေးပါမယ်””

အန်တီဝင်းက သူ့ကိုမြင်တော့ ဝန်ထမ်းကောင်လေး၏စကားကို ဂရုမစိုက်တော့ပဲ သူ့ထံသို့တန်းတန်းမတ်မတ်လျှောက်လာသည်..သူမ၏မျက်နှာကနီရဲမို့အစ်နေပြီး ဆံပင်များကလဲ မသပ်မရပ်ဖရိုဖရဲဖြစ်နေတာကို မြင်လိုက်ရတာမို့ သူလန့်သွားမိသည်..

“””လူယုတ်မာ”””

အန်တီဝင်းက လက်ထဲမှအထုပ်ကို သူ့ထံပစ်ပေါက်ပြီး ဒေါသတကြီးအော်လိုက်သည်..အထုပ်က သူယုယကိုပေးခဲ့သော ပိုက်ဆံထုပ်..

“”နင့်ကြောင့် ငါ့သမီးသေရတာ ငါ့သမီးကိုနင်သတ်ခဲ့တာ”””

အန်တီဝင်းစကားကြောင့် သူအံ့သြတုန်လှုပ်သွားကာ “””ဗျာ”””ဟုရေရွတ်လိုက်မိသည်..

“””သူများသားသမီးကို ဖျက်ဆီးတုန်းကဖျက်ဆီးပြီးမှ တာဝန်မယူချင်လို့ရှောင်ပြေးတဲ့ကောင် နင့်ကြောင့် ငါ့သမီးအပျိုလေး ဗိုက်တစ်လုံးနဲ့သေရတာ”””

သူမကဒေါသတကြီးပြောရင်းမှ ငိုချလိုက်သည် သူတုန်လှုပ်စွာဖြင့် နေရာမှထရပ်လိုက်မိသည်..

“””ယုယ ဆုံးပြီ ဟုတ်လား”””

“””ငါ့မှာတော့ ငါ့သမီးလေးကို အိမ်ပြန်ခေါ်လာနိုင်ခဲ့ပြီ လူယုတ်မာလက်ကလွတ်ပြီလို့တွေးနေခဲ့တာ ဗိုက်တစ်လုံးပါလာတာကိုမသိခဲ့ဘူး သူ့ဘာသူသွားပြီးဖျက်ချခဲ့တာမသိခဲ့ဘူး သွေးလွန်ပြီး ဖြူဖျော့နေမှသိခဲ့ရတယ် သေလုမျောပါးဖြစ်ကာမှ သိလိုက်ရတယ်”””

“”””ဘုရား ဘုရား”””

မြတ်သူမယုံနိုင်သလိုရေရွတ်ရင်း ရင်ထဲမှာတင်းကျပ်ဆို့နင့်လာသည်…ဖြစ်မှဖြစ်ရလေ ယုယရယ်…

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ယုယထံမှသူပြန်လာပြီးကတည်းက သူ မဆက်သွယ်ဖြစ်ခဲ့…သူမကလည်းဆက်သွယ်မလာပါ..တစ်ပတ်လောက်နေတော့ သူစိတ်မဖြောင့်တာနဲ့ အိမ်ကိုသွားကြည့်တော့ အိမ်ပြန်အပ်သွားပြီးဟုသိလိုက်ရသည်..သူမအတွက် အနည်းငယ်စိတ်ပူမိသော်လည်း သူ့အတွက်က တစ်ရန်အေးသွားတာမို့ တကူးတကလည်းမဆက်သွယ်မိတော့…

သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မူတွေပေါ့…

အန်တီဝင်းက ရှိုက်ကြီးတငင်ငိုရင်းမှ…

“””ဆုံးခါနီးတောင် ပါးစပ်က ကယောင်ကတမ်းပြောနေတာ “ကိုကြီး”တဲ့ သူ့အပေါ်ယုတ်မာတဲ့သူကို တမ်းတနေသေးတာ နင်ကတော့ နင့်မိသားစုနဲ့ပျော်လို့ရွှင်လို့ ငါ့သမီးက အသက်တောင်ပေးလိုက်ရပြီဟဲ့”””

သူအံ့သြတုန်လှုပ်စွာဖြင့် ဆွံ့အတိတ်ဆိတ်နေမိစဥ် သူ့တပည့်ဝန်ထမ်းလေးက ရောက်လာပြီး..

“””အန်တီ ပြောစရာရှိရင် အပြင်မှာပြောပါခင်ဗျ ဆရာထွက်လာပါလိမ့်မယ်”””

ဟုပြောရင်း သူမလက်မောင်းကို ကိုင်ကာဆွဲခေါ်သည်..ထိုအခါကျမှ တစ်ရုံးလုံးကလူတွေဝိုင်းကြည့်နေကြတာကို သူသတိထားမိသွားသည်..MD ဦးဇော်မိုး သည် သူ့အခန်းတံခါးဝမှာရပ်ကာကြည့်နေရာမှ မျက်နှာထားတင်းတင်းဖြင့် အခန်းထဲပြန်ဝင်သွားသည်..

“””ဘာလဲ ယုတ်မာတုန်းကယုတ်မာပြီးမှ လူသိမှာကြောက်နေတာလား အခုမှရှက်နေတာလား အေး ငါကလဲ လူသိအောင်လုပ်ဖို့လာခဲ့တာပဲ ငါ့သမီးကိုသေအောင်လုပ်ခဲ့ပြီးမှ ဘာမှမဖြစ်သလို ကောင်းကောင်းမွန်မွန်နေချင်လို့ရမလား…

“””အေး နင်လဲ သမီးလေးမွေးထားတာပဲ နင်တစ်နေ့ဝဋ်လည်လိမ့်မယ် ဆိုတာမှတ်ထားလိုက်”””

အန်တီဝင်းကဒေါသတကြီးငိုယိုပြောဆိုပြီး ပြန်သွားသည့်တိုင်အောင် သူတုန်လှုပ်စွာဖြင့် နေရာမှာငူငူကြီးထိုင်နေမိဆဲ…

လွန်ခဲ့သောနှစ်ပတ်ခန့်က သူ့ရှေ့မှာသနားစဖွယ်ငိုနေခဲ့သောမိန်းကလေးကို ပြန်မြင်ယောင်လာမိသည်..သူဘယ်လိုရက်စက်တဲ့စကားတွေ ပြောခဲ့မိပါလိမ့်…သူဘာတွေလုပ်ခဲ့မိပါလိမ့်…

ကိုယ်ဝန်ကိစ္စကို ယုယဘယ်လိုဖြေရှင်းမည်ဆိုတာ သူမသိပေမဲ့ အခုလိုအခြေအနေတွေအထိ ဖြစ်လာလိမ့်မည်ဟုတော့ ထင်မထားခဲ့..သူကိုယ်လွတ်ရုန်းခဲ့မိသည် တစ်ကိုယ်ကောင်းဆန်ခဲ့မိသည် သူ့ကြောင့် ဘဝတစ်ခုပျက်စီးရလေပြီ..

သူ့ရင်ထဲတင်းကျပ်ဆို့နင့်လာကာ ထိန်းထားသည့်ကြားက မျက်ရည်တွေစီးကျလာသည်..သူဘယ်လိုမှ အလုပ်ဆက်လုပ်လို့မရတာကြောင့် နေ့တဝက်ခွင့်ယူပြီး ပြန်လာခဲ့သည်..သို့သော် အိမ်ကိုတော့သူမပြန်ချင်သေးပါ..

သူကလူရှင်းသောတစ်နေရာသို့ ကားကိုမောင်းလာခဲ့ပြီး သစ်ပင်ရိပ်တစ်ခုမှာ ကားကိုရပ်လိုက်သည်..

“””””အား….

သူကမချိတင်ကဲအော်လိုက်ရင်း ကားစတီယာရင်ကို လက်သီးဖြင့်တဝုန်းဝုန်း ထိုးနေမိသည်..

မျက်ရည်တွေက အဆီးအတားမဲ့စွာ စီးကျလာသည်..

“””ငါဟာမကောင်းတဲ့ကောင် လူယုတ်မာ ငါ့ကြောင့်မိန်းကလေးတစ်ယောက် ဘဝပျက်ရ အသက်ဆုံးရှုံးရပြီ ငါဟာလူစိတ်မရှိတဲ့ကောင်…”””

အခုတော့ တစ်ရုံးလုံး သူ့အကြောင်းသိသွားကြလေပြီ..အသက် 36 နှစ်ထိ ထိန်းသိမ်းလာခဲ့သော သူ့နာမည် ဂုဏ်သိက္ခာ အားလုံးရေစုန်မျောရပြီ..အလွန်စည်းကမ်းကြီးပြီး တိကျပြတ်သားသော MD လည်းသိသွားပြီမို့ သူရာထူးတိုးမဲ့ကိစ္စတောင် အပြောင်းအလဲဖြစ်မလားမသိ..

နောင်တတရားက သူ့ရင်ကိုတမြေ့မြေ့နာကျင်စေသည်..ခနတာသာယာမူတစ်ခုအတွက် ဘဝတွေရော အနာဂတ်တွေပါ ပျက်စီးရတာ တန်ပါရဲ့လား..သူ့ရဲ့စိတ်အလိုလိုက်မှားယွင်းမူတွေကြောင့် အပြစ်မဲ့တဲ့မိန်းကလေးတစ်ယောက် အသက်ရှုံးယုံမက သူ့ဘဝလည်း အရှက်ရ သိက္ခာကျရပြီ..သူဘာတွေလုပ်ခဲ့မိပါလိမ့်ကွယ်…

ကျောက်ရုပ်တစ်ရုပ်လို သူကားထဲမှာ နာရီပေါင်းများစွာထိုင်နေမိသည်..

သူအိမ်ပြန်ရင် ဘာမှမသိရှာသောသူ့မိန်းမကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမလဲ..အပြစ်ကင်းစင်သော သူ့သားသမီးလေးတွေကို ဘယ်လိုစိတ်နဲ့ချီပွေ့နမ်းရှိုက်ရမလဲ..ဘာမှမဖြစ်ခဲ့သလို မိသားစုနဲ့အတူ လိပ်ပြာလုံလုံနေနိုင်ပါ့မလား…

သူတွေးရင်း ရင်မောနာကျင်ရသည်..

ရုံးဆင်းချိန်ထက်အများကြီးနောက်ကျပြီးမှ သူအိမ်ပြန်ရောက်လာခဲ့သည်..လေးလံပင်ပန်းသောခြေလှမ်းများဖြင့် အိမ်ထဲဝင်လာတော့ ဧည့်ခန်းတွင်ထိုင်နေသော သူ့မိန်းမနှင့်ကလေးတွေကို တွေ့လိုက်ရသည်

“””ဖေဖေပြန်လာပြီ”””

7 နှစ်ခန့်ရှိပြီဖြစ်သော သမီးကသူ့ထံပြေးလာကာ သူ့ကိုဖက်လိုက်သည်..သူကသမီးပါးပြင်လေးကိုတစ်ချက်နမ်းရင်း ဖြူ့လက်ထဲမှ သားငယ်လေးကိုကြည့်မိတော့ တစ်စုံတစ်ခုကို သတိရသွားကာ ရင်ထဲနင့်သွားရသည်..

သူက ဖြူ့ထံမှ သားငယ်လေးကိုယူကာပွေ့ချီလိုက်တော့ သားငယ်လေးထံမှ သနပ်ခါးနံ့နှင့် နို့ညှီနံ့ရောနေသောအနံ့လေးကြောင့် သူ့ရင်ထဲနွေးထွေးသွားရသည်..သားငယ်လေးသည် အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့်သူ့ကိုကြည့်ကာ သွားဖုံးရဲရဲလေးများပေါ်အောင် ရယ်ပြနေတော့သည်..

အိမ် ဟူသောနွေးထွေးမူနှင့် မိသားစုဆိုသော ချစ်ခြင်းမေတ္တာသည် သူ့ရင်ထဲက စိတ်သောကများ နာကျင်မွန်းကျပ်မူများကို တခဏမျှ သက်သာလျော့ပါးသွားစေသည်..

“””ကိုယ်နည်းနည်းနောက်ကျသွားတယ် ဒီနေ့ရုံးမှာ အလုပ်တွေရှုပ်နေတာနဲ့…

သူကဖြူ့မျက်နှာကို မရဲတရဲကြည့်ရင်း ပြောလိုက်သည်..

“””မောင် နေ့လည်ကတည်းက ရုံးကပြန်သွားတယ်ဆိုတာ ဖြူသိပြီးပါပြီ”””

ဖြူ့စကားကြောင့် သူ့ရင်ထဲဒိန်းခနဲ မြည်ဟည်းကာ ဖြူ့မျက်နှာကို အထိတ်တလန့်ကြည့်လိုက်မိသည်..ဖြူက တည်ငြိမ်အေးစက်သောမျက်ဝန်းများဖြင့် သူ့ကိုပြန်ကြည့်နေသည်..

ဖြူသည် သူအမြဲမြင်နေကျအတိုင်း သပ်ရပ်လှပစွာပြင်ဆင်ထားသော်လည်း အချိန်ကြာမြင့်စွာ ငိုထားခဲ့ဟန်ဖြင့် မျက်လုံးများရဲနေကာ မျက်ခွံများလည်း မို့ဖောင်းနေသည်..

ဘုရားရေ ဖြူဘာတွေသိထားပြီလဲ…

“””မသဲရေ သားကိုလာခေါ်ပါဦး””

ဖြူက ကလေးထိန်းကောင်မလေးကို သားငယ်လေးကိုလာခေါ်ခိုင်းလိုက်ပြီး..

“””သမီးလေး မောင်လေးနဲ့သွားဆော့ပေးလိုက်ဦးနော် မေမေနဲ့ဖေဖေ စကားပြောစရာရှိသေးလို့”””

ကလေးတွေထွက်သွားတော့ ဧည့်ခန်းထဲတွင် နှစ်ယောက်တည်း မျက်နှာချင်းဆိုင်ရပ်လျက် ကျန်ခဲ့သည်..ဖြူ့ပုံစံက ဝေဒနါတစ်ခုခုကို အပြင်းအထန်နာကျင်ခံစားပြီးမှ ပြန်လည်သက်သာလာကာစ လူတစ်ယောက်လိုမျိုး…

ရီဝေအေးစက်သောမျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်ရင်း…

“””မောင်ကကျွန်မကို တစ်ချိန်လုံးဘာမှမသိတဲ့သူလို့ ထင်နေခဲ့တာလား”””

ဖြူ့ရဲ့အေးစက်စက်စကားအဆုံးမှာ သူ့ရင်ထဲဗုံးတစ်လုံးပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး ဖြူ့မျက်နှာကို တုန်လှုပ်စွာကြည့်လိုက်မိသည်..

ဖြူဘာတွေသိထားတာလဲ ဘာတွေသိနေခဲ့ပြီလဲ ဘယ်လောက်ထိအောင် သိထားတာလဲ….

“””ကျွန်မတို့ ဒီတစ်ခါတော့ သေချာစကားပြောကြတာပေါ့မောင်”””


>>ဆက်ရန်<<<


#အငယ်အနှောင်း #May အပိုင်း(5)

မောင် ဘာဖြစ်လို့ ဖောက်ပြန်ခဲ့တာလဲ…

ဖြူရင်နာစွာဖြင့် အကြိမ်ကြိမ်တွေးနေမိခဲ့သော အတွေးတစ်ခု…

ချစ်သူသက်တမ်း 2 နှစ် အိမ်ထောင်သက် 9 နှစ်မှာ ဖြူတို့ကြားမှာ ဘာပြသာနာမှကြီးကြီးမားမားမရှိခဲ့..အရမ်းချမ်းသာသည့်အထဲမှာမပါသော်လည်း ငွေရေးကြေးရေး စီးပွားရေး ဘာမှပူပင်စရာမလို အိမ်ထောင်ရေးလည်းသာယာခဲ့တာမို့ အများကအားကျရသောစုံတွဲလေးဖြစ်ခဲ့သည်..နှစ်ယောက်အတူကျောင်းပြီးခဲ့သော်လည်း ဖြူကဝန်ထမ်းမလုပ်လို၍ ကိုယ်ပိုင်အလုပ်လေးတစ်ခုလုပ်ရင်း မောင်တထမ်းမယ်တရွက် ကြိုးစားခဲ့ကြသည်..

အိမ်ထောင်ကျစကနေ အခုချိန်ထိ မောင်သည် အိမ်ထောင်ဦးစီးကောင်းပီသသူ တာဝန်ကျေသူ မိသားစုကိုချစ်ပြီးတန်ဖိုးထားသူ တစ်ယောက်..

ဖြူ့ကိုလည်း ချစ်သူဘဝတုန်းကထက်တောင် ပိုချစ်ပေး ပိုဂရုစိုက်ပေးသူ..ဖြူနဲ့မတွေ့ခင်က တွဲခဲ့ဖူးတာတွေ 3/4 ယောက်ရှိသော်လည်း အိမ်ထောင်ကျပြီးကတည်းက အရှုပ်အရှင်းကင်းအောင် ဂရုတစိုက်နေခဲ့သူဖြစ်သည်..

ဖြူမောင့်ကိုသိပ်ချစ်သလို သိပ်လည်းယုံကြည်ခဲ့သည်..ထို့ကြောင့်လည်း သတင်းတွေကြားကာစက မယုံနိုင်အောင်ဖြစ်ခဲ့ရသည်..သို့ပေမဲ့ ပုတ်ရင်ပေါ် ဟုတ်ရင်ကျော် ဆိုသလို ကာယကံရှင်တွေကသာ ဘယ်သူမှမသိဘူးထင်နေကြသော်လည်း ပတ်ဝန်းကျင်မှာ အနံ့ထွက်နေခဲ့ပြီ..

ပိတ်ရက်တိုင်း ရုံးမှာအလုပ်လုပ်စရာရှိလို့ဆိုကာ ထွက်သွားတတ်သောသူ့ကို သံသယခပ်ပါးပါးဝင်လာမိသောသူမ ရုံးက သူမနှင့်အလွန်ခင်မင်ရင်းနှီးသောညီမလေးတစ်ယောက်ကို မေးကြည့်မှ အဖြစ်မှန်ကိုသိလိုက်ရသည်..သို့တိုင်အောင် မန်နေဂျာဖြစ်သောသူ့သိက္ခာ ကျမည်စိုးသဖြင့် မသိမသာတီးခေါက်ကြည့်ရခြင်းဖြစ်သည်..

“””ပိတ်ရက်ရုံးမှာ အလုပ်မရှိပါဘူးမမရဲ့ ဆရာကအဲလိုပဲ ပိတ်ရက်တိုင်းသွားနေကျလား””

“””ပိတ်ရက်တိုင်းတော့မဟုတ်ပါဘူးညီမလေးရယ် ရံဖန်ရံခါ အဲလိုပြောပြီးထွက်ထွက်သွားတတ်လို့ ကြည့်ရတာ သူ့ဘော်ဒါတွေနဲ့သောက်ဖို့စားဖို့ထင်ပါရဲ့ အစ်မ မကြိုက်မှန်းသိလို့နေမှာ “”

သူမ ရယ်မောရင်း စကားကိုလျှောချလိုက်သည်..ရင်ထဲမှာတော့ ပူလောင်တင်းကျပ်လျက်. ရုံးကိုသွားတာမဟုတ်ဘူးဆိုရင် သူဘယ်ကိုသွားတာများလဲ..

ဒီကြားထဲ ဖုန်းဆက်ပြောလာသော မောင်ဝမ်းကွဲလေးရဲ့စကားကြောင့် သူမရဲ့သံသယများက ပိုခိုင်မာလာခဲ့သည်..

“””မမဖြူရဲ့အမျိုးသားကို လွှတ်မထားနဲ့နော် ဟိုနေ့က မီးပွိုင့်မိနေတုန်း သူ့ကားပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့မြင်လိုက်တယ်””

“””သူ့ရုံးကဝန်ထမ်းတို့ဘာတို့ နေမှာပါမောင်လေးရဲ့”””

“””ဝန်ထမ်းလို့ပြောရအောင် ရုံးပိတ်ရက်ကြီးလေ မမဖြူရဲ့””

ဒီလိုကိစ္စကို ကိုယ့်မောင်မို့ ဒဲ့ဒိုးလာပြောပြခြင်းဖြစ်သည်..မြင်ကြတွေ့ကြသော်လည်း လင်မယားကြားမဝင်လို၍သော်လည်းကောင်း ပြောရမှာအားနာ၍သော်လည်းကောင်း လာမပြောကြသူတွေ ဘယ်လောက်တောင်ရှိနေပြီလဲ…

တစ်နေ့ သူ့သူငယ်ချင်းတွေနှင့် အနည်းငယ်သောက်စားပြီးပြန်လာကာ အစောကြီးအိပ်ပျော်သွားသောနေ့..

အိမထောင်သက်တစ်လျှောက်လုံး သူ့ဖုန်းကိုတစ်ခါမှယူမကြည့်ခဲ့သောသူမ ယူကြည့်ခဲ့မိသည်..ဘယ်တုန်းကမှ ဖုန်းလော့ခ်ချမထားတတ်သူက password နဲ့တဲ့..သူက password တို့ဘာတို့အရမ်းမေ့တတ်သူမို့ လွယ်တာပဲထားမည်ဆိုတာ သိနေသောသူမ သမီးကြီးမွေးနေ့ကိုရိုက်ထည့်လိုက်တော့ တန်းပွင့်သွားသည်..

ဖုန်း Contect ရဲ့ Favorite list မှာထိပ်ဆုံးကပေါ်နေတဲ့နာမည်က YY တဲ့..သူမ ဝင်ကြည့်လိုက်တော့ ခေါ်ဆိုထားသောအကြိမ်ပေါင်းများစွာ..များသောအားဖြင့် ရုံးမှာရှိနေသောအချိန်တွေနဲ့ သူမ အိပ်ပျော်နေတဲ့အချိန်..

Viber message ထဲဝင်ကြည့်မိချိန်မှာတော့ သူမမျက်လုံးတွေပြာဝေကာ ဖုန်းလွတ်ကျမတတ် အံ့သြတုန်လှုပ်စွာ…

“”ကိုကြီး””တဲ့ “”ကလေး””တဲ့

“အရမ်းချစ်တယ်” “အရမ်းလွမ်းတယ်”

“ဘယ်နေ့လာမှာလဲ” စသည် စသည်နှင့် အိပ်ရာပေါ်က အပြာဆန်ဆန် စကားလုံးများစွာ…

စာတွေကိုဖတ်ရင်း ဖြူ့ရင်ထဲ ဆို့နင့်တင်းကျပ်လာကာ အသက်ပင်မရှူနိုင်လောက်အောင်…

…လုပ်ရက်လိုက်တာ မောင်ရယ်..

ဖြူအသံမထွက်မိအောင် ပါးစပ်ကိုလက်ဖြင့်အုပ်ရင်း မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာသည်..ဖုန်းထဲကစာတွေကို ဆက်မကြည့်နိုင်တော့ပဲ ပြန်ပိတ်လိုက်ရသည်..

ဖြူသိပ်ချစ်ရတဲ့ဒီယောကျ်ားက တခြားမိန်းကလေးတစ်ယောက်ကို “အရမ်းချစ်တယ်”တဲ့လား..ဖြူ့ကိုပွေ့ဖက်ဖူးတဲ့လက်တွေနဲ့ အဲဒီမိန်းကလေးကို ပွေ့ဖက်နေခဲ့တာလား ဖြူ့ကိုနမ်းဖူးတဲ့နှုတ်ခမ်းတွေနဲ့ အဲဒီမိန်းကလေးကို နမ်းခဲ့သတဲ့လား ဖြူညတိုင်းတိုးဝှေ့အိပ်စက်နေကျ သူ့ရင်ခွင်က အဲဒီမိန်းကလေးရဲ့နားခိုရာတဲ့လား

သူမ တွေးရင်း ရင်ဘတ်ထဲမှာ စူးစူးနင့်နင့်နာကျင်လွန်းလှသဖြင့် ရင်ဘတ်ကိုလက်ဖြင့်ဖိထားရင်း အသံမထွက်အောင် ကြိတ်ငိုနေမိသည်

မျက်ရည်တို့သည် အတားအဆီးမဲ့စွာ တသွင်သွင်စီးကျလျက်..

ကလေးတွေနဲ့အတူ အိပ်ပျော်နေသောသူ့ကိုကြည့်ရင်း အတင်းဆွဲကာ ထုရိုက်ကုတ်ဖဲ့ပစ်လိုက်ချင်သည်..””ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ ဖြူ့မှာဘာအပြစ်ရှိလို့လဲ””ဟုအော်ဟစ်မေးပစ်လိုက်ချင်သည်..ရင်ထဲမှာနာကျင်နေတာကို သက်သာလိုသက်သာငြား အော်ဟစ်ငိုလိုက်ချင်သည်…

သို့တိုင်အောင် သူမ မလုပ်ခဲ့ပါ..

ရင်နာရသော်လည်း သူတို့တွေဘယ်အခြေအနေထိရောက်သလဲဆိုတာ သိအောင်လုပ်ရပါဦးမည်..ထိုသို့သေချာစွာသိမှလည်း သူမဘာလုပ်ရမည်ဆိုတာ ဆုံးဖြတ်နိုင်မည်..ထိုသို့မသိရမခြင်း သူမ သိနေသည်ဆိုတာ သူလုံးဝမသိစေရ..

ထိုတစ်ညလုံး ဖြူအိပ်မပျော်နိုင်ခဲ့..အလူးလူးအလိမ့်လိမ့်နှင့် မိုးလင်းခဲ့ရသည်..နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောသူ့ကိုကြည့်ကာ နာကျည်းရသော်လည်း သူ့ဘေးက ကလေးတွေကိုကြည့်မိတော့ ရင်နာရပြန်သည်..

မိသားစုကိုသိပ်ချစ်တယ်ဆိုတဲ့ ဒီယောကျ်ားဟာ ဘာကြောင့်များ မိသားစုကိုမငဲ့ကွက်ပဲ ဒီလိုလုပ်ရပ်ကို လုပ်ခဲ့ရတာလဲကွယ်…

🖤🖤🖤🖤🖤


ဖုန်းထဲက မက်ဆေ့ချ်တွေအရ အဲဒီယုယဆိုတဲ့ကောင်မလေးဟာ မောင်တို့ရုံးနားကစားသောက်ဆိုင်ကဆိုတာ ဖြူသိပြီးတဲ့နောက် ထိုဆိုင်သို့ ဖြူရောက်ခဲ့သည်..ထိုကောင်မလေးကတော့ ရှိမနေခဲ့ပါ..သူ့အစ်မဝမ်းကွဲဆိုသူနဲ့ စကားပြောခဲ့ရသည်..အစကတော့ ယုယမရှိဘူး ဆိုတာကလွဲလို့ ဘာမှသေချာမပြော..

“”ကျွန်မက ယုယတို့သင်တန်းကဆရာမပါ ဒီဖက်လမ်းကြုံလို့ ဝင်လာနှုတ်ဆက်တာပါ””

ဖြူကထိုသို့ပြောတော့မှ သူ့အစ်မကအလွန်အားနာသွားဟန်ဖြင့်…

“””ဆရာမကတော့ သင်တန်းမလာလို့ တစ်မျိုးထင်နေမလားပဲ တကယ်တော့ ယုယက သူ့အမေနဲ့စကားများပြီး အိမ်ကထွက်သွားတာပါ အဲချိန်ကတည်းက ခုထိအဆက်အသွယ်မရသေးဘူး သူပြန်ရောက်တာနဲ့ ဆရာမလာသွားတယ်လို့ ပြောလိုက်ပါ့မယ်နော် “””

သူ့အစ်မက ပြာပြာသလဲပြောရှာသည်..

ထိုဆိုင်မှပြန်လာတော့ ဖြူစိတ်တွေ ပိုလေးလံလာခဲ့သည်..ဒီမိန်းကလေးက အိမ်ကဆင်းသွားသည်ဆိုတော့ သူတို့တစ်နေရာရာမှာ အတူတူနေကြမှာပေါ့..ဘုရားဘုရား…

ဘယ်လိုအခြေအနေတွေထိ ရောက်ကုန်ကြပြီလဲ..ဖြူအရမ်းနောက်ကျသွားပြီလား..ဖြူအချိန်မမှီတော့ဘူးလားကွယ်…

နောက်ဆုံးတော့ ဖြူ့ကိုသတိလာပေးဖူးတဲ့ မောင်ဝမ်းကွဲလေး သူရကိုပဲ အကူအညီတောင်းရသည်..မောင့်နောက်ကို နောက်ယောင်ခံလိုက်ကြည့်ဖို့ စိတ်ချရတဲ့သူတစ်ယောက်ရှာပေးရန်ဖြစ်သည်..

နောက်တစ်ပတ်ရုံးပိတ်ရက် သူအပြင်ထွက်သွားသည်နှင့် ဆိုင်ကယ်ဖြင့်အသင့်စောင့်နေသော ထိုကောင်လေးကို နောက်မှမယောင်မလည်လိုက်ခိုင်းလိုက်သည်..တိကျသေချာစေရန် လမ်းဆုံးအထိလိုက်ပြီး ဓာတ်ပုံတွေပါရိုက်ပို့ပေးရန် ပြောထားသည်…

ထိုကောင်လေးထံမှ ဓာတ်ပုံများရောက်လာချိန်မှာတော့ ဖြူတစ်ယောက် တုန်လှုပ်နာကျင်စွာ …

..တစ်ထပ်တိုက်လေးတစ်လုံးရှေ့တွင် ရပ်ထားသောမောင့်ရဲ့ကား ကားပေါ်မှဆင်းလာသော နေကာမျက်မှန်နဲ့မောင် အိမ်တံခါးလာဖွင့်ပေးသော ခပ်ငယ်ငယ်မိန်းကလေး ပြုံးရယ်နေကြသော သူတို့နှစ်ယောက်ရဲ့မျက်နှာများ…

…မောင်ရယ် ဘယ်လိုများလုပ်ရက်ရတာလဲကွယ်..အပျော်သဘော ခနတာသာယာမူတောင်မဟုတ်ပဲ အိမ်တစ်ဆောင်မီးတပြောင်နဲ့တောင် ထားရလောက်အောင်ပဲလား မောင်တို့တွေ အဲဒီအဆင့်ထိအောင် ရောက်သွားကြပြီလား ဖြူမောင့်ကိုယုံကြည်ပြီး သံသယမြူတစ်မှုန်တောင်မထားခဲ့မိတာ ဒီလောက်ထိဖြစ်သွားဖို့လားမောင်ရယ်…

ဖြူရင်နင့်စွာတွေးရင်း ငိုသည်..နာရီပေါင်းစွာ ထိုနေရာကမထပဲ ငိုနေမိသည်..ထိုမျှငိုနေမိသော်လည်း ရင်ဘတ်ထဲက နာကျင်မူက လျော့ပါးမသွား..ဆို့နင့်တင်းကျပ်နေတာ ဘာမှမပြောချင် ဘာမှမလုပ်ချင်လောက်အောင် ခြေကုန်လက်ပမ်းကျနေတော့သည်..

ညနေသူပြန်လာခါနီးမှထကာ ရေချိုးအဝတ်အစားလဲ ပြင်ဆင်ပြီး ဘာမှမဖြစ်သလို

နေလိုက်သည်..သူမဘာလုပ်သင့်သည်ဆိုတာ ခေါင်းအေးအေးနှင့် သေချာစဥ်းစားရပါဦးမည်..

တစ်နေ့လုံးဟန်ဆောင်လာခဲ့သော်လည်း ညအိပ်ရာဝင်ချိန် ဖြူ့ကိုသူလာပွေ့ဖက်ချိန်မှာတော့ ဖြူသည်းမခံနိုင်ခဲ့..ဖြူသူ့ကိုတွန်းဖယ်လိုက်တော့ သူကအံ့သြသလိုကြည့်သည်..

“””ဖြူသိပ်နေမကောင်းလို့ စောစောအိပ်တော့မယ်””

သူမကပြောပြီး တစ်ဖက်လှည့်ကာအိပ်ချင်ဟန်ဆောင်နေခဲ့သည်..သူကဖြူ့ဆံပင်တွေကို ခပ်ဖွဖွနမ်းရင်း..

“””အင်းပါ သိပ်နေမကောင်းရင် စောစောနားလေ မောင်ခန ဖုန်းသုံးလိုက်ဦးမယ်””

ဖြူသူ့ကိုကျောခိုင်းကာ အိပ်နေရင်းမှ မျက်ရည်တွေက ခေါင်းအုံးပေါ်စီးကျလာသည်..

တခြားမိန်းမတစ်ယောက်ကို ထိတွေ့ကိုင်တွယ်ထားတဲ့လက်တွေနဲ့ တခြားမိန်းမတစ်ယောက်တစ်ယောက်နဲ့ အတူအိပ်လာတဲ့ခန္ဓာကိုယ်ကြီးကို ဖြူဘယ်လိုစိတ်နဲ့ အရင်လိုနေနိုင်ပါ့မလဲကွယ်..အဲဒီတစ်ယောက်နဲ့ဘယ်လိုတွေနေခဲ့တယ်ဆိုတာ တွေးကြည့်ယုံနဲ့တင် ရင်နာရလွန်းလို့ ဖြူထပ်မတွေးချင်တော့ပါဘူး..

ထိုတစ်ပတ်လုံး ပုံမှန်အတိုင်းဖြစ်အောင် သူမကြိုးစားနေထိုင်ခဲ့သော်လည်း ရုံးမှာဖုန်းတွေပြောနေကြမည်ကိုတွေးမိတိုင်း… သူမ အိပ်သွားပြီအထင်နဲ့ စာတွေပို့နေတာကို သိနေရတိုင်း…

ကိုယ့်ဇနီးတစ်ယောက်လုံးကိုဘေးမှာထားပြီး သာယာချင်တိုင်းသာယာနေတာကို တွေးမိတိုင်း..ရင်ကွဲမတတ်နာကျင်ရသည်..

သို့်နှင့် ဖြူကြောက်သော ပိတ်ရက်သို့ရောက်ရှိလာခဲ့သည်..ရုံးကိုဟုဆိုကာ

သူထွက်သွားပြီးနောက်မှ

ဖြူမှန်တင်ခုံရှေ့ထိုင်ကာ သေချာအလှပြင်သည်..တန်ဖိုးကြီးပြီး အထက်တန်းကျသော ဝတ်စုံကိုဝတ်ကာ လက်ကိုင်အိတ်ပေါင်းများစွာထဲမှ တန်ဖိုးအကြီးဆုံးကိုရွေးသည်..လှပကျော့ရှင်းသော ဒေါက်မြင့်ဖိနပ်ကိုစီးသည်..

..အငယ်အနှောင်းမရဲ့ရှေ့မှာ တရားဝင်ပွဲတက်ဇနီးဆိုတဲ့ အရှိန်အဝါကိုမြင်စေရမည်လေ…

ထိုအိမ်ရှေ့ကိုရောက်တော့ ထင်ထားသည့်အတိုင်း ရပ်ထားသောမောင့်ကားကိုတွေ့သည် သူမ ကားထဲမှာထိုင်ရင်း အကြာကြီးတွေဝေငြိမ်သက်နေမိသည်..သူတို့နှစ်ယောက်ကို အတူတွဲတွေ့ရရင် သူမအခုလို တည်ငြိမ်စွာရင်ဆိုင်နိုင်ပါ့မလား..

ခွင့်မလွတ်နိုင်ရင်စွန့်လွတ် မစွန့်လွတ်နိုင်ရင်ခွင့်လွတ် တဲ့…ချစ်မြတ်နိုး၍လက်ထပ်ခဲ့ကြပြီး နှစ်ပေါင်းများစွာပေါင်းသင်းလာသောခင်ပွန်းကို ဘယ်မိန်းမကများ စွန့်လွတ်ချင်ပါ့မလဲ..အတတ်နိုင်ဆုံးတော့ ခွင့်လွတ်ပေးကြရသည်လေ..ဘယ်လိုမှခွင့်လွတ်မပေးနိုင်သော အတိုင်းအတာကိုရောက်မှသာ စွန့်လွတ်ခြင်းကို ရွေးချယ်ကြရသည်မဟုတ်လား…

ဖြူမောင့်ကိုသိပ်ချစ်ပါသည်..စိတ်ထဲမှာနာကျည်းလှသော်လည်း သူမနှင့်မိသားစုအပေါ် တစ်လျှောက်လုံးကောင်းလာခဲ့သူမို့ လွယ်လွယ်ကူကူနဲ့တော့မစွန့်လွတ်ချင်ပါ..ယောကျ်ားအတော်များများဟာ တစ်သက်မှာတစ်ခါတော့ မှားဖူးကြသည်တဲ့..မောင့်ရဲ့ဒီအမှားကြီးဟာ ပထမဆုံးနဲ့နောက်ဆုံးဖြစ်ပါစေဟု ဖြူဆုတောင်းမိပါသည်..

ထိုနေ့က ဖြူ့ကိုတံခါးလာဖွင့်ပေးသောမိန်းကလေးကိုတွေ့တော့ ဖြူအံ့သြခဲ့ရသည်..ငယ်ရွယ်လှပပြီး ဘွဲ့ရပညာတတ်တစ်ယောက် မိသားစုအသိုင်းအဝိုင်းကလဲ မနိမ့်ကျတဲ့ဒီလိုမိန်းကလေးဟာ ဘာကြောင့်များ အငယ်အနှောင်းဘဝကို ရွေးချယ်ရတာလဲ…ရွေးချယ်စရာတွေအများကြီးရှိသည့်အထဲမှာ ဘာကြောင့် သူများယောကျ်ားကိုမှလဲ..ဖြူတကယ်နားမလည်နိုင်တော့ပါ..

ထိုနေ့က မောင်သူမနဲ့ပြန်လိုက်လာပြီးနောက် သူမကိုသေချာရှင်းပြတောင်းပန်ခဲ့သည်..သူစိတ်အလိုလိုက်ကာ မှားမိကြောင်း..အမှားကိုသိ၍ နောက်ဆုတ်ဖို့ကြိုးစားခဲ့ပေမဲ့ ထိုမိန်းကလေးက ဇွတ်ရှေ့ဆက်တိုးခဲ့ကြောင်း အခုတော့ သူနောင်တရပြီဖြစ်ကြောင်း အမှားကိုပြင်ဆင်မည့်အကြောင်း…

သူမ မောင့်ကိုတစ်ခုပဲ မေးခဲ့ပါသည်…

“””မောင် သူ့ကို ချစ်လား”””

မိန်းမတစ်ယောက်အတွက် ဘယ်နှစ်ယောက်နဲ့ဘယ်နှစ်ခါ အတူအိပ်ခဲ့သည်ဆိုတာထက် ဘယ်သူ့ကိုတကယ်ချစ်ခဲ့လဲ ဆိုတာ ပိုအရေးကြီးလားဆို..ဖြူ့အတွက်တော့ ဟုတ်ပါသည်..

“””ခနတာသာယာမူတစ်ခုပါဖြူရယ် မောင့်ဘဝမှာ ဖြူနဲ့သားသမီးတွေကလွဲရင် ချစ်ရမဲ့သူဆိုတာ ဘယ်တော့မှရှိလာမှာမဟုတ်ဘူး အဲဒါကိုတော့ယုံပေးပါ”””

ကွဲကြေသွားသော ယုံကြည်မူတစ်ခုဟာ အကောင်းတိုင်းပြန်မဖြစ်နိုင်တော့ပေမဲ့ မစွန့်လွတ်နိုင်သောသူမ ခွင့်လွတ်ခြင်းကိုသာ ရွေးချယ်ခဲ့ရသည်လေ…

🖤🖤🖤🖤🖤

မိန်းမတွေမှာ သူတို့ချစ်တဲ့သူနဲ့ပတ်သက်ရင် ဆဌမအာရုံရှိတယ်ဆိုတာ တကယ်များလား…

ထိုကိစ္စဖြစ်ခဲ့ပြီး တစ်လကျော်ကြာသည့်အထိ ဖြူ့စိတ်ထဲမှာ သံသယမြူမှုန်တွေက လုံးဝရှင်းမသွားခဲ့..မောင်တစ်ယောက် သူ့အမှားသူသိကာ အကောင်းဆုံးကြိုးစားနေထိုင်နေတာမြင်ရသော်လည်း ဖြူ့စိတ်က လုံးဝဥသုံာ ယုံကြည်ပေးလိုက်ဖို့ မယုံမရဲဖြစ်နေဆဲ..

မောင့်သတင်းကိုအမြဲမပြတ်သိရဖို့ မောင့်ရုံးက ဖြူနှင့်အလွန်ရင်းနှီးသောညီမလေး ကလျာ့ကို အကူအညီတောင်းထားရသည်..ကလျာကလည်း ထိုအကြောင်းတွေကို သိတန်သလောက်သိနေပြီး ဖြူနှင့်ကလေးတွေကိုသနားသူမို့ တတ်နိုင်သလောက် ကူညီပေးရှာသည်..

အခုတလော ရုံးကနေ မောင်ဘယ်မှမသွားသော်လည်း ရံဖန်ရံခါတွေမှာ နေ့လည်ထမင်းစားနားချိန် အကြာကြီးပျောက်သွားတတ်သည် တဲ့..အလုပ်ကိစ္စနဲ့ အပြင်သွားရသည့်အချိန်တွေမှာလည်း တခါတရံ လိုတာထက်ပိုကြာနေတတ်သည် တဲ့…

သူတို့မပြတ်ကြသေးတာလား သူတို့တွေ့နေကြတုန်းလား..ယုယမွန်ကရော အဲဒီအိမ်က ထွက်မသွားသေးဘူးလား ဖြူတွေးရင်းတွေးရင်း

သူတို့နှစ်ယောက် အတူနေခဲ့သောအိမ်လေးသည် ဖြူ့အာရုံထဲဝယ် တရစ်ဝဲဝဲပေါ်နေတော့သည်..

နောက်တော့ ဘယ်လိုမှမနေနိုင်သည့်အဆုံး ရှုပ်ထွေးနေသောစိတ်တွေ ရှင်းသွားစေရန် ဖြူထိုနေရာသို့ တစ်ခေါက်ပြန်ရောက်လာခဲ့သည်..

ယုယမွန် ဤအိမ်မှ ပြောင်းသွားမသွား သိချင်၍ဖြစ်သည်..

“””သူလား မပြောင်းသေးပါဘူး အဲအိမ်မှာနေနေတုန်းပဲ သမီးက အိမ်ငှားချင်လို့လား””

သူမက ထိုတစ်ထပ်တိုက်လေး၏ပိုင်ရှင်ထံ သွားစုံစမ်းတော့ ပိုင်ရှင်အန်တီကပြန်ဖြေသည်..

“””မဟူတ်ပါဘူးအန်တီ သူအဲဒီမှာနေတုန်းလားဆိုတာ သိချင်လို့ပါ ပြီးတော့….

ဖြူကအဖြေကိုမကြားရဲသလို မဝံ့မရဲလေသံဖြင့်…

“””အရင်ကသူ့ဆီ လာနေကျလူရော လာသေးလားဟင် ဒီကဆိုအိမ်ကိုလှမ်းမြင်နေရတော့ အန်တီသိမလားလို့ပါ.””

ထိုအခါကျမှ ထိုအန်တီက တစ်ခုခုကိုသဘောပေါက်သွားဟန်ဖြင့် သူမကိုကရုဏာသက်သလိုကြည့်ရင်း…

“””အရင်ကလို ခနခနတော့မလာတော့ပေမဲ့ တခါတလေတော့ လာတာမြင်တယ် သတိထားမိသလောက်တော့ နေ့လည်ဖက်တွေလာတယ်ထင်တယ် အန်တီလဲ သူ့ကားဖြတ်သွားရင် သတိထားမိနေလို့ပါ””

အန်တီ့ရဲ့အဖြေကြောင့် သူမရင်ထဲအောင့်မျက်နာကျင်သွားရသည်..မျက်ရည်ကျမလာအောင်ထိန်းထားနိုင်သော်လည်း ပျက်ယွင်းသွားသောမျက်နှာကို မထိန်းလိုက်နိုင်တော့…

ထိုအန်တီက သူမအခြေအနေကို နားလည်သွားဟန်ဖြင့် သက်ပြင်းချရင်း…

“””ယောကျ်ားနဲ့မိန်းမ အထိအတွေ့ကိုသာယာသွားပြီဆိုရင် ဖြတ်ရခက်တယ်သမီး အဲဒီအချိန်မှာတော့ အရှိန်နဲ့မောင်းနေတဲ့ရထားလိုပဲ ဘယ်လိုမှရပ်တန့်လို့မရဘူး သူ့အရှိန်လျော့သွားမှ တဖြည်းဖြည်း ရပ်သွားတတ်တယ်””””

“””အရှိန်နဲ့မောင်းနေတဲ့အချိန်မှာတော့ မိသားစုလည်းမမြင် သားသမီးလည်းမမြင် ပတ်ဝန်းကျင်လည်းမမြင် ဘာဆိုဘာမှမမြင်နိုင်လောက်အောင် အမှောင်ဖုံးနေကြတာ အရှိန်လျော့သွားမှ သူတို့ကအဲဒါတွေကို သတိရတော့တာ သတိရတဲ့အချိန်လည်းကျရော အဲဒါတွေက သူ့ဘေးမှာမရှိတော့ဘူးလေ”””

အန်တီ့ရဲ့စကားတွေက ဖြူ့ရင်ကိုတစစ်စစ်စူးဝင်နေသည်..ဖြူဘယ်လိုပင်ထိန်းထားသော်လည်း မျက်ရည်ပူများက ပါးပြင်ပေါ်စီးကျလာသည်..

“””အန်တီသမီးကို နားလည်ပါတယ်ကွယ် အန်တီကိုယ်တိုင်လည်း အရှိန်လျော့သွားတဲ့ ရထားကြီးကို ပြန်လက်ခံထားရတဲ့သူမို့…

သူမက အန်တီ့မျက်နှာကို အံအားသင့်စွာမော့ကြည့်မိသည်..အန်တီကကြင်နာစွာပြုံးပြရင်း…

“””အခုခေတ်မှာ မိန်းမအတော်များများ ဒီပြသာနာကိုရင်ဆိုင်ကြရတယ် စွန့်လွတ်မလား ခွင့်လွတ်မလားဆိုတာတော့ ကိုယ့်ရွေးချယ်မူနဲ့ကိုယ်ပေါ့သမီးရယ်..သူတို့အရှိန်ကုန်ပြီးရပ်တန့်မဲ့အချိန်ကို ရင်အကွဲခံပြီးစောင့်မလား ကိုယ့်ဖက်ကပဲစပြီး ပြတ်သားမလားပေါ့”””

ဖြူကအန်တီ့ကိုကျေးဇူးတင်စွာကြည့်ရင်း..

“””ကျေးဇူတင်ပါတယ်အန်တီ သမီးသေချာစဥ်းစားဆုံးဖြတ်ပါ့မယ်”””

ထိုအန်တီ့ကိုနှုတ်ဆက်ကာပြန်လာရင်း ကားကိုလူရှင်းသောတစ်နေရာသို့မောင်းလာခဲ့ကာ ကားရပ်ပြီး အားရပါးရငိုသည်..ရင်ထဲမှာတင်းကျပ်နာကျင်နေသမျှ လျော့ပါးသွားအောင်ငိုသည်..ရှုပ်ထွေးဝေဝါးနေသောစိတ်တွေ ကြည်လင်သွားအောင် ငိုချလိုက်သည်..ကျစရာမျက်ရည်မကျန်တော့သည့်အထိ အားရပါးရငိုပြီးနောက် သူမဘာဆက်လုပ်ရမည်ဆိုတာ ခေါင်းအေးအေးနှင့် စဥ်းစားသည်..စောစောကအန်တီပြောသောစကားများကို ပြန်ကြားယောင်လာမိပြန်သည်

…ကျွန်မကတော့ သူတို့အရှိန်ကုန်မဲ့အချိန်ကိုမစောင့်ဘူးအန်တီ အဲဒီရထားကို ကျွန်မကိုယ်တိုင်ရပ်တန့်ပစ်မှာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကလေးတွေရဲ့အဖေဖြစ်နေလို့ပဲ ကျွန်မဘဝမှာ အကြောက်ဆုံးက ကျွန်မကလေးတွေ ထိခိုက်နာကျင်မှာကိုပဲ….

…ကျွန်မကလေးတွေ စိတ်ဒဏ်ရာရမှာ ထိခိုက်နာကျင်မှာ မိတကွဲဖတကွဲဖြစ်မှာ အဲလိုမျိုးတွေ ကျွန်မလုံးဝအဖြစ်မခံနိုင်ဘူး ပြီးတော့ မောင်ဟာအခုထိ မိသားစုကိုမြင်နေသေးတယ် သားသမီးဆိုတာသိနေသေးတယ် မောင်အဲဒီလောက်မိုက်မှာမဟုတ်ဘူးလို့ ကျွန်မမျှော်လင့်ချင်ပါသေးတယ် မောင်ရယ်…


🖤🖤🖤🖤🖤


“””မောင်ရာထူးတိုးတော့မယ် ဖြူ”””

မောင်ကဝမ်းသာအားရပြောသည်

“””ရာထူးတိုးတာတော့ ဝမ်းသာတာပေါ့ဆရာ ဒါပေမဲ့ မိသားစုနဲ့အဝေးကြီးတော့မသွားချင်ဘူး လို့ပြောတော့ ဆရာက ရန်ကုန်နဲ့အနီးတဝိုက်ပဲ သွားရမှာပါတဲ့””

မိသားစုနဲ့မဝေးချင်တာလား ယုယမွန်နဲ့မဝေးချင်တာလား မောင်ရယ် ဟု ဖြူမေးချင်လှသည်..မောင်ကမဝေးချင်သော်လည်း ဖြူကတော့ဝေးဖို့ ကြိုးစားရပါဦးမည်..

မောင်တို့ရဲ့ MD ဦးဇော်မိုးနဲ့ ဖြူတွေ့ဖို့လာခဲ့စဥ်က ထိုကိစ္စကိုအများကြီးရှင်းပြရလိမ့်မည်ဟု ထင်ခဲ့သော်လည်း ဦးဇော်မိုးက အရိပ်အမြွက်သိနေခဲ့ပါသည်..

“””ကျွန်တော်ဒီကိစ္စကို ဝန်ထမ်းတွေဆီက တစွန်းတစကြားထားပါတယ် ဒါပေမဲ့ Personal ကိစ္စမို့ ဝင်မစွက်ဖက်ခဲ့တာပါ အကယ်၍ ဒီထက်ပိုဆိုးလာပြီး ကုမ္မဏီရဲ့ image ကိုထိခိုက်လာရင်တော့ တစ်ခုခုလုပ်သင့်ရင်လုပ်ရမှာပါ”””

“””ကျွန်မနားလည်ပါတယ် အန်ကယ် ဒါပေမဲ့ အခြေအနေက အန်ကယ်သိထားတာထက် အများကြီးပိုဆိုးပါတယ် အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို မရောထွေးရဘူးဆိုပေမဲ့ ဒီအတိုင်းသာဆက်သွားနေရင် မိသားစုလဲပြိုကွဲရတော့မဲ့အရေးမို့ အန်ကယ့်ဆီကို ကောက်ရိုးတမျှင်အနေနဲ့ အကူအညီတောင်းဖို့လာခဲ့တာပါ”””

ဖြူကပြောရင်း မျက်နှာလေးညှိုးကာ မျက်ရည်တွေဝဲလာသည်ကို ဦးဇော်မိုးက စိတ်မကောင်းဟန်ဖြင့်ကြည့်နေသည်..

“””ဘာပဲဖြစ်ဖြစ် အနေဝေးရင်တော့ သူတို့ တဖြည်းဖြည်းသွေးအေးသွားမယ်လို့ထင်ပါတယ် အလုပ်နဲ့ပတ်သက်ပြီး ဝင်မစွက်ဖက်သင့်တာ နားလည်ပါတယ်အန်ကယ် အခုက ဘယ်လိုမှနည်းလမ်းမရှိတော့လို့ အန်ကယ့်ကိုအကူအညီတောင်းရတာပါ ဖြစ်နိုင်ရင် ဒီနေရာနဲ့ဝေးလေကောင်းလေပါပဲ အန်ကယ်””

ဦးဇော်မိုးက သက်ပြင်းတစ်ချက်ချရင်း…

“””ရာထူးကိစ္စကတော့ အန်ကယ်တစ်ယောက်တည်းဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ဘူး ဒါပေမဲ့ အန်ကယ်အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ် ကျန်တဲ့သူတွေနဲ့ဆွေးနွေးကြည့်ပါဦးမယ်…

“””ကိုမြတ်သူနဲ့က အခုမှသိတဲ့သူတွေမှမဟုတ်ပဲ အန်ကယ်တို့လည်း ဒီမိသားစုလေးကို မပြိုကွဲစေချင်ပါဘူးကွယ်…

“””ကျေးဇူးတင်ပါတယ် အန်ကယ်”””

သူမမျက်ရည်အဝဲသားဖြင့် ပြုံးကာပြောလိုက်မိသည်..

နောက်တစ်ပတ်ခန့်အကြာမှာတော့ မောင် ရာထူးတိုးဖြင့် မန္တလေးရုံးသို့ပြောင်းရမည်ဟု မောင်ကပြောလာသည်..ဒါဟာ ဖြူ့ရဲ့ကြိုးပမ်းမူဆိုတော့ မောင်မသိရှာပါ..

တချို့သူတွေက ဖောက်ပြန်မူတစ်ခုကိုကြားရတဲ့အခါ “ကွာရှင်းလိုက်” “တစ်ခါဖောက်ပြန်တဲ့သူက နောက်လဲ ဖောက်ပြန်မှာပဲ” “ကိုယ့်ကိုမချစ်လို့သာ နောက်တစ်ယောက်ပေါ်လာတာပေါ့” “တစ်ယောက်တည်းရပ်တည်နိုင်တာပဲ” “ဘာလို့ပေါင်းနေမှာလဲ” စသဖြင့် အကြံပေးကြတယ်

ဘယ်သူမှ တည်ဆောက်ပြီးသားအိမ်ထောင်တစ်ခုကို လွယ်လွယ်နဲ့မပြိုကွဲချင်ကြပါဘူး နှစ်ပေါင်းများစွာ ကိုယ့်ရဲ့အချိန် ကိုယ့်ရဲ့ဘဝ ကိုယ့်ရဲ့နုပျိုမူတွေအားလုံးရင်းနှီးပြီး တည်ဆောက်ထားခဲ့ရတာလေ..သားသမီးမရှိသူဆိုရင် လွယ်ကောင်းလွယ်နိုင်ပေမဲ့ ထောက်ထားငဲ့ညှာစရာ သားသမီးရှိနေသူတို့အတွက် ပြောသလောက် လွယ်ကူမနေပါ..ဘယ်လိုမှမတတ်သာလို့သာ အပြိုကွဲခံကြရပေမဲ့ ဆွဲထားနိုင်သလောက်တော့ ဆွဲထားကြသူတွေချည်းသာ…

🖤🖤🖤🖤🖤


မောင် ဘဏ်အကောင့်ထဲကနေ သိန်း 50 ထုတ်သွားတာ ဖြူသိလိုက်သည်.. ခါတိုင်း 4/5 သိန်းသုံးတာတောင် ဖြူ့ကိုအသိပေးလေ့ရှိသူက ဖြူ့မသိအောင်ထုတ်သွားသည့်အတွက် အတွေးရခက်နေသည်..

သူမန္တလေးကိုပြောင်းရတော့မှာမို့ ဟိုမိန်းကလေးကို ဇာတ်လမ်းဖြတ်သည့်သဘောနှင့် ပေးခြင်းပဲလား…ငွေကိစ္စပြောလာမလားဟု ဖြူ 3/4 ရက်စောင့်ကြည့်သော်လည်း ဘာမှပြောမလာသဖြင့် ဖြူထင်သည့်အတိုင်းဖြစ်ဖို့များသည်.. ထိုအတွက်တော့ ဖြူဘာမှပြောမနေပဲ မသိဟန်ဆောင်နေလိုက်သည်..

မောင်သာ တကယ်ပြတ်သားမယ်ဆိုရင် သိန်း 50 ကို ဖြူနှမျောနေစရာ ဘာအကြောင်းမှမရှိပါ..

ထို့နောက်မှာတော့ ဖြူဝင်ပါဖို့အချိန်တန်ပြီမို့ ယုယမွန်၏အိမ်သို့ဖုန်းဆက်ကာ သူမ ရှိသည့်နေရာကိုသိကြောင်းပြောလိုက်သည်..ယုယမွန်၏အမေက သမီးဖြစ်သူအတွက် အလွန်ပူပင်နေရဟန်ဖြင့် လိပ်စာကို ပျာပျာသလဲမေးရှာသည်..သူမကို ချက်ချင်းသွားခေါ်မှာ သေချာသည်..

လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးသည့်နောက်တော့ ဖြူစိတ်တွေ အနည်းငယ်ပေါ့ပါးသွားရသည်..မောင်လည်း နောက်တစ်လလောက်ဆို ပြောင်းရတော့မည်..ရှေ့လျှောက် အရာအားလုံးပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့မည်ဟုတွေးရင်း ဖြူ့စိတ်တွေ အတော်အသင့်ငြိမ်းအေးသွားရသည်…

သို့သော် မကောင်းသောကိစ္စရပ်တို့ဟာ အဖော်အပေါင်းနဲ့လာတတ်သည်ဆိုသည့်အတိုင်း…

တစ်နေ့မှာတော့ နေ့လည်ခင်း ဖြူကလေးသိပ်ပြီး၍ ခနဲလှဲကာအနားယူနေတုန်း ရုံးက ကလျာ့ထံမှဖုန်းဝင်လာသည်..

“””မမရေ ပြသာနာတော့ကြီးပြီထင်တယ် ယုယမွန်လေ ဆုံးပြီတဲ့မမ”””

ကလျာ့စကားကြောင့် ဖြူအံ့သြလွန်းကာ ကြက်သေသေသွားရသည်…

“””ကြားရတာမကောင်းဘူးဆိုပေမဲ့ မမသိသင့်တယ်ထင်လို့ ကလျာပြောပြမယ်နော် နောက်ကျရင်လဲ မမသိလာမှာမို့ပါ”””

ကလျာက ရုံးကို ယုယမွန်ရဲ့အမေလာသွားကြောင်းကို အစအဆုံးပြောပြသောအခါ ဖြူအံ့သြတုန်လှုပ်စွာဖြင့် ဖုန်းပင်လွတ်ကျသွားရသည်..ကလျာ ဘာတွေဆက်ပြောနေမှန်းတောင် မကြားမိတော့…

….ဘုရား ဘုရား…

အဲဒီမိန်းကလေး ဆုံးပြီတဲ့လား…ဆုံးရတာလဲ မောင်နဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချရင်း တဲ့လား..

မောင်ဟာသိရက်နဲ့ တာဝန်ယူမူမရှိပဲ ငွေပေးဖြေရှင်းခဲ့တာတဲ့လား…

ရုတ်တရက်သိလိုက်ရသော အဖြစ်မှန်တွေဟာ ဖြူ့ကို ရှော့ခ်ရသွားစေသည်..ဖြူလုံးဝမသိခဲ့သော တွေးမထားခဲ့မိသော ဖြစ်ရပ်တစ်ခု..

ဖြူချစ်ရတဲ့ ဖြူလေးစားယုံကြည်ရတဲ့မောင်ဟာ ဒီလိုလူစားမျိုးတဲ့လား..ကိုယ့်လိုအင်ဆန္ဒအတွက်နဲ့ မိန်းကလေးတစ်ယောက်ကိုဖျက်ဆီးပြီး အလွယ်တကူပစ်ချထားရစ်ခဲ့နိုင်သူလား..ကိုယ့်ရင်သွေးလွယ်ထားရသူကိုတောင် ရက်ရက်စက်စက် ခွာထုတ်ပစ်နိုင်သူလား

မောင်ဟာ သိပ်ကြောက်စရာကောင်းလှပါလားကွယ်….

ဖြူသည် ရင်ထဲဆို့နင့်နေကာ ငိုလဲမငိုနိုင် မျက်ရည်လဲမကျမိပဲ ငူငူကြီးထိုင်နေမိသည်

ဖြူမျှော်လင့်ထားသမျှ ဖြူစီစဥ်ထားသမျှ အကုန်ပျက်စီးကုန်ပြီ..ဖြူဘာဆက်လုပ်ရပါမလဲ…

ဖြူစိတ်ရောကိုယ်ပါ အရမ်းပင်ပန်းနေခဲ့ပြီ..ဖြူထပ်ပြီး ဖြည့်တွေးမပေးချင်တော့..ဖြူထပ်ပြီးဆွဲမထားချင်တော့…ဖြူဘာကိုမှ ထပ်ပြီးမပြင်ဆင်ချင်တော့ အားမစိုက်ချင်တော့ပါ..ဖြူအရမ်းပင်ပန်းလှပါပြီ…

>>>ဆက်ရန်<<<


May 🖤


#အငယ်အနှောင်း (ဇာတ်သိမ်းပိုင်း)

“”ဖြူဘာမှမသိဘူးလို့ မောင်ထင်နေခဲ့တာလား””

မောင်ကဖြူနှင့်မျက်နှာချင်းဆိုင်တွင်ရပ်လျက် ဖြူ့ကိုအံသြတုန်လှုပ်စွာကြည့်နေသည်

“”မှားမှန်းသိလို့ အမှန်ကိုပြင်မယ်ထင်ပြီး ဖြူစောင့်ပေးနေခဲ့တာ..မောင်ရပ်တန့်မယ်ထင်လို့ ဖြူဝင်မတားခဲ့တာ..မောင်ပြောတဲ့အခွင့်အရေးဆိုတာကို ဖြူပေးထားခဲ့တာ ဒါပေမဲ့ မောင်က မရပ်တန့်နိုင်ခဲ့ဘူး”””

မောင်က ခေါင်းငိုက်စိုက်ချကာ ငြိမ်သက်နေသည်..

“””ဒီအတောအတွင်းမှာ ဖြူရခဲ့တဲ့ စိတ်ဒဏ်ရာတွေ နာကျင်မူတွေ မျက်ရည်တွေ ဘယ်လောက်တောင်များခဲ့လဲ မောင်သိရဲ့လား ဒီလိုရင်ကွဲနေရတာတောင်မှ ဘာဖြစ်လို့သည်းခံနေခဲ့လဲ ဘာဖြစ်လို့ ရေငုံနှုတ်ပိတ်နေခဲ့လဲ မောင်သိရဲ့လား”””

ဖြူကမောင့်မျက်နှာကို ရင်နာစွာကြည့်ရင်း..

“””မောင်က ကလေးတွေရဲ့အဖေဖြစ်နေခဲ့လို့ ပြီးတော့ ဖြူမောင့်ကိုမစွန့်လွတ်နိုင်လို့…

…. ဒါပေမဲ့ အခုတော့ ဖြူအရမ်းပင်ပန်းနေပြီမောင် ကိုယ်ဆွဲမှမြဲမဲ့လက်တွေကို အနာကျင်ခံပြီး မဆွဲချင်တော့ဘူး ဖြူခံနိုင်ရည်မရှိတော့ဘူး”””

“””ဖြူထပ်ပြီး နာကျင်စရာ ထိခိုက်စရာ မလိုတော့ပါဘူးဖြူရယ်”””

မောင်ကဖြူ့နားသို့တိုးကပ်လာကာ ဖြူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ရင်း…

“””ဖြစ်ခဲ့သမျှတွေအတွက် ဖြူနဲ့ကလေးတွေကို မောင်တောင်းပန်ပါတယ် မောင်အမှားတွေအများကြီးလုပ်ခဲ့မိတယ် မောင်လေ ဘာတွေပဲလုပ်ရလုပ်ရ အဲဒီအပြစ်တွေကိုပြန်ပေးဆပ်ပါ့မယ်ဖြူရယ် ဖြူ့ကိုထိခိုက်စေမဲ့ နာကျင်စေမဲ့ကိစ္စမျိုး ဘယ်တော့မှမရှိစေရတော့ပါဘူး”””

ဖြူကရင်နာစွာ ခေါင်းကိုခါရမ်းလိုက်တော့ မျက်ရည်တစ်စက်က လွင့်ခနဲ…

“””တော်ပါတော့မောင်ရယ် ဖြူ့မှာထပ်ပြီးထိခိုက်စရာ ဘာမှမရှိတော့ပါဘူး”””

ဖြူကမောင်ဆုပ်ကိုင်ထားသောလက်တွေကို ရုန်းဖယ်လိုက်ရင်း…

“””ကျွန်မတို့ လမ်းခွဲကြရအောင်””

ဖြူ့စကားကြောင့် မောင်ကအရှိုက်ထိသွားသလို တအံတသြဖြစ်သွားသည်

“”ဘာပြောတယ်ဖြူ “”

ဖြူကမတ်တပ်ရပ်နေဖို့ အားမရှိတော့သလို ဆိုဖာပေါ်ထိုင်ချလိုက်သည်..

“””ဘာဖြစ်လို့ လမ်းခွဲဖို့ကိုလွယ်လွယ်ပြောရတာလဲဖြူရယ် လမ်းခွဲဖို့ပြောရအောင် ကိုယ်တို့လက်ထပ်ခဲ့တာ တစ်နှစ် နှစ်နှစ်မို့လား”””

မောင့်စကားကြောင့် ဖြူကမဲ့ပြုံးလေးပြုံးလိုက်မိရင်း…

“””10 နှစ်ပြည့်တော့မယ်လေမောင် အဲဒီ 10 နှစ်တာတည်ဆောက်ခဲ့တဲ့ဘဝကို စပြီးဖျက်ဆီးခဲ့တာ ဘယ်သူလဲ”””

မောင်ကသက်ပြင်းတစ်ချက်ချလိုက်ရင်း..

“””ဟုတ်တယ် မောင်မှားခဲ့ပါတယ် ဒါပေမဲ့ အဲဒီအမှားတစ်ခုအတွက်နဲ့ မောင့်ကိုတသက်လုံး ဒဏ်ခတ်တော့မလို့လား ပြင်ဆင်ခွင့်မပေးတော့ဘူးလား”””

“””ဘာကိုပြင်ဆင်မှာလဲမောင် ဒီလိုအခြေအနေထိ ဖြစ်ကြပြီးမှလေ အဲဒီကောင်မလေး ဘာကြောင့်သေရတာလဲ ဘယ်သူ့ကြောင့်သေရတာလဲ တလောကလုံးသိနေပြီးမှလေ”””

“””အဲဒီတလောကလုံးက မသိတဲ့အကြောင်းအရာတွေ အများကြီးရှိတယ်ဖြူ အဲဒါတွေကို ဖြူလဲမသိပါဘူး..ဇာတ်လမ်းက ကိုယ်ကစခဲ့တာဆိုပေမဲ့ ပြသာနာကိုပိုကြီးအောင်လုပ်ခဲ့တာ ယုယပဲ သူကဒီကလေးကို တမင်ယူခဲ့တာ ကိုယ့်ကိုအပိုင်ယူဖို့ကြိုးစားခဲ့တာ””

“””တော်ပါတော့မောင်ရယ် သေတဲ့သူကို အပြစ်ပုံချမနေပါနဲ့””

“””အပြစ်ပုံချတာမဟုတ်ဘူးဖြူ ကိုယ်လဲစိတ်မကောင်းဖြစ်တာပဲ ကိုယ့်ကြောင့်သေရတာဆိုပြီး ဖြေမဆည်နိုင်အောင်ခံစားရတယ် ဒါပေမဲ့ ဖြူတို့အားလုံးထင်သလို သူကအပြစ်ကင်းတဲ့သူမဟုတ်ဘူး”””

“””အပြစ်ကင်းတယ်လို့မထင်ခဲ့ပါဘူးမောင် ကိုယ့်ယောကျ်ားကိုလုယူဖို့ကြိုးစားခဲ့တဲ့သူကို ဘယ်သူကအပြစ်ကင်းတယ်ထင်ပါ့မလဲ ဖြူလေ သူ့ကိုအရမ်းမုန်းခဲ့တယ် သူ့နာမည်ကြားတာနဲ့တင် ဒေါသထွက်ရတယ် သူ့ကိုတစ်ခုခုဒုက္ခဖြစ်စေချင်ခဲ့တယ် ဒါပေမဲ့ ဒီလိုမျိုးကြီးတော့မဟုတ်ခဲ့ဘူး”””

“””ကိုယ်လဲမဖြစ်စေချင်ခဲ့ပါဘူး ဒါပေမဲ့ သူက ကိုယ့်ကိုအကျပ်ရိုက်အောင်လုပ်ခဲ့တာ မိသားစုကိုစွန့်ပစ်ပြီး သူ့ကိုရွေးချယ်စေချင်တာ ကိုယ်မလုပ်နိုင်ဘူးလေဖြူ”””

“””အဲဒါကြောင့်ငွေပေးပြီး ဖျက်ချခိုင်းခဲ့တာပေါ့ ဟုတ်လား”””

ဖြူ့အသံတွေက နာကျည်းမူကြောင့် တုန်ယင်နေသည်..

“””အဲလိုမဟုတ်ဘူးဖြူ ကိုယ်အဲဒီလိုမပြောခဲ့ဘူး သူဒါကိုဖွင့်ပြောလိုက်တော့ ကိုယ်လန့်သွားပြီး ဘာဆက်လုပ်ရမှန်းမသိပဲ ထွက်လာခဲ့တာ သူအဲဒီလိုလုပ်မယ်မှန်း မသိခဲ့ဘူး”””

ဖြူကခေါင်းကိုဖြည်းလေးစွာ ခါရမ်းမိရင်း…

“””ဖြူလေ ယုယကိုမုန်းပေမဲ့ သူ့ရဲ့အမေကို အရမ်းသနားတာပဲ ကိုယ့်သမီးလေးသာဆိုရင်ဆိုတဲ့အတွေးနဲ့ ရင်နာရတယ် အဲဒီဝဋ်ကြီးက ဖြူတို့သမီးလေးဆီ တပတ်ပြန်လည်လာမှာလဲ ကြောက်မိတယ် ဖြူ..ဖြူ ဒီကိစ္စကြီးကို ဘယ်တော့မှမေ့နိုင်တော့မယ်မထင်ဘူး”””

ဖြူပြောရင်း မျက်ရည်တွေစီးကျလာသည်..မောင်ကဆိုဖာပေါ် အရုပ်ကြိုးပြတ်ထိုင်ချကာ မျက်နှာကိုလက်ဖဝါးနှစ်ဖက်ဖြင့်အုပ်ကာ ငြိမ်သက်နေသည်…

နှစ်ယောက်ကြားမှာ 3ပေခန့်ကြမ်းပြင်လေးသာ ကွာဝေးသော်လည်း ကမ္ဘာတွေခြားနေသလို..မုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးဖြင့် ဧည့်ခန်းထဲတွင် ချောက်ခြားဖွယ်တိတ်ဆိတ်နေသည်…

” အချစ်နဲ့စစ်မှာ မတရားတာမရှိ “ဆိုသောစကားကို ဖြူမုန်းမိသည်..အချစ်မှာ မတရားတာမရှိရင်တောင် မချစ်သင့်တာတော့ရှိသည်လေ..အချစ်ဆိုတာ တစ်စုံတစ်ယောက်ကိုမြင်မြင်ခြင်း ဖြစ်တည်သွားတာမဟုတ်..တဖြည်းဖြည်းနှင့်တရွေ့ရွေ့ရစ်ပတ်လာသောကြိုးတွေကြား ရုန်းထွက်မရဖြစ်လာမှသာ အဲဒီတစ်စုံတစ်ယောက်ကိုချစ်သည်ဟု သိလာရခြင်းပင်.

ကိုယ့်ကိုကိုယ်ရော တခြားတစ်ယောက်ကိုပါ အဲဲဒီကြိုးတွေနဲ့မနှောင်ဖွဲ့ခင် ဒီလူကိုချစ်သင့်လား မချစ်သင့်လား အသိတရားလေးနှင့်ဆင်ခြင်ခဲ့ရင် ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာစရာအကြောင်းမရှိ…

မောင်ဖြူ့ကို ချစ်ခွင့်ပန်ခဲ့စဥ်က ရုပ်ပိုင်းဆိုင်ရာအရည်အချင်းတွေအရ မောင့်ကိုသဘောကျခဲ့သော်လည်း စိတ်ဓာတ် အတွေးအခေါ် အသိညဏ် စသည်တို့ကို အချိန်ယူလေ့လာပြီး ဖြူချစ်သင့်တဲ့သူလား မချစ်သင့်တဲ့သူလား ဆုံးဖြတ်ခဲ့ရသည် (ဒါတောင် ဖြူမှားခဲ့သေးတာပဲလေ)

အစကတည်းက လွတ်လပ်သူမဟုတ်မှန်းသိပါလျက် နှောင်ကြိုးတွေတိုးတိုးချည်ပြီး ရုန်းထွက်မရတော့မှ….

လမ်းမှားကြီးမှန်းသိရက် ဇွတ်ရှေ့တိုးခဲ့ကြပြီးမှ…”ချစ်မိသွားလို့ပါ”တဲ့လား..

ဖောက်ပြန်သူနှစ်ယောက်ကတော့ အချစ်ဆိုတဲ့ခေါင်းစဥ်ကို လွယ်လွယ်တပ်ကြပေမဲ့ သူတို့ရဲ့”အချစ်”ဆိုတာကြောင့် မိသားစုတွေပြိုကွဲရ ဘဝတွေပျက်စီးရ အပြစ်မဲ့တဲ့ကလေးတွေ မြေစာပင်ဖြစ်ရ မိဘအသိုင်းအဝိုင်းတွေ အရှက်ရကြရ… လူနှစ်ယောက်ရဲ့ခနတာသာယာမူအတွက် တခြားသောသူတွေအများကြီး ထိခိုက်နစ်နာကြရတာကို “အချစ်” လို့ခေါင်းစဥ်မတပ်ကြပါနဲ့လားကွယ်…


🖤🖤🖤🖤🖤


…ရာထူးတိုးခြင်းအား ခေတ္တဆိုင်းငံ့ထားသည် တဲ့..

မြတ်သူကအလုပ်စားပွဲမှာထိုင်ရင်း နာကျင်စွာပြုံးလိုက်မိသည်..တစ်ရုံးလုံးကလူတွေရဲ့ အထင်သေးသလိုအကြည့်တွေ လက်အောက်ငယ်သားတွေရဲ့ မလေးမစားပြုမူဆက်ဆံပုံတွေ အမျိုးသမီးဝန်ထမ်းတွေရဲ့ ရွံရှာမုန်းတီးသလိုအကြည့်တွေနဲ့တင် မလုံလောက်သေးဘူးထင်ပါရဲ့…

ရုံးဆင်းချိန်ရောက်၍ တခြားဝန်ထမ်းတွေပြန်သွားသည့်တိုင် သူနေရာမှာတင်ထိုင်နေမိဆဲ..အိမ်ပြန်ဖို့ကြောက်နေမိဆဲ…

အရင်ကဆို ရုံးကနေအိမ်ပြန်ရောက်တိုင်း အပြေးလေးလာကြိုတဲ့ သမီးလေးရဲ့အသံစီစီလေးရယ် အမြဲတမ်း ကြည်လင်လန်းဆန်းတဲ့အပြုံးလေးနဲ့ သံပရာရည်ခွက်လေးကိုင်ရင်း စောင့်နေတတ်တဲ့ဇနီးရယ် သားငယ်လေးရဲ့ မျက်နှာဝိုင်းဝိုင်းလေးရယ်နဲ့ အလုပ်ကပါလာတဲ့ဖိစီးမူတွေ မောပန်းမူတွေဟာ ဘယ်ပျောက်သွားမှန်းမသိ..

ညစာပူပူနွေးနွေးကို မိသားစုလက်ဆုံစားကြတယ် တီဗီရှေ့ထိုင်ရင်း ရုပ်ရှင်အတူတူကြည့်ကြတယ် တစ်နေ့တာအဖြစ်အပျက်တွေကို ဝေမျှကြတယ် အိပ်ရာထဲရောက်တဲ့အထိ ကလေးနှစ်ယောက်ရဲ့ ခိုးခိုးခစ်ခစ်ရယ်သံလေးတွေနဲ့ပေါ့

“””ဒီနေ့ရုံးပိတ်တုန်း မောင်ကြိုက်တဲ့ ကြက်သားဘူးသီးချက်ထားတယ် ငပိထောင်းလေးနဲ့ ရှယ်ပဲ””

“””မောင် ဇက်ကြောတွေတက်နေတာလား မှန်း ဖြူနှိပ်ပေးမယ်”””

“””ကြည့်စမ်း မောင့်မှာဆံပင်ဖြူတွေများလာပါ့ရော လာလာ ဖြူနှုတ်ပေးမယ်”””

“””မောင်ကလေ ကလေးကျနေတာပဲ ခြေသည်းတွေရှည်နေတာကိုမညှပ်ဘူး လာ ဖြူညှပ်ပေးမယ်”””

စတဲ့ ချစ်ဇနီးရဲ့စကားသံလေးတွေဟာ အခုတော့ ဆိတ်သုန်းပျောက်ကွယ်…

ဖြူ့ကိုဘယ်လိုမှတားမရတော့၍ ဖြူ့သဘောအရ ဟိုတလောက အသိရှေ့နေအစ်မထံ ကွာရှင်းဖို့သွားရောက်တိုင်ပင်ခဲ့ကြသည်..အစ်မက အံ့သြကာ မကွာရှင်းရန်ဖျောင်းဖျခဲ့သေးသည်..

“””ဘာတွေများဖြစ်ကြလို့လဲကွယ် ဒီလောက်လူအများအားကျရတဲ့ မိသားစုလေး ဘာတွေပဲဖြစ်ဖြစ် သေချာပြန်စဥ်းစားပါဦးလားကွယ်””

“””ဖြူ့ဖက်ကတော့ ဘာမှပြန်စဥ်းစားစရာမရှိပါဘူးမမနွယ် ဘယ်လိုပဲဖြစ်ဖြစ် ဖြူ့ဆုံးဖြတ်ချက်က ပြောင်းမှာမဟုတ်ဘူး”””

ဖြူက အေးစက်တည်ငြိမ်စွာပြောသည်..

“””ကိုမြတ်သူကရော”””

မမနွယ်က သူ့ဖက်လှည့်မေးသည်..သူကသက်ပြင်းတစ်ချက်ချလိုက်ရင်း…

“””ကျွန်တော်ကတော့ သူ့သဘောအတိုင်းပါပဲ””

မမနွယ်က သူတို့နှစ်ယောက်ကိုကြည့်ရင်း သက်ပြင်းချသည်..

“””အစ်မကလေ ရှေ့နေတစ်ယောက်အနေနဲ့မဟုတ်ပဲ မိတ်ဆွေတစ်ယောက်အနေနဲ့ အကြံပေးချင်တယ် ဘာတွေဖြစ်ခဲ့မှန်းမသိပေမဲ့ ကွာရှင်းဖို့ကိုတော့ နည်းနည်းလောက်အချိန်ယူပြီး ပြန်စဥ်းစားစေချင်တယ်ကွယ်””

“””ဘယ်လောက်အချိန်ယူယူ ဖြူ့ဆုံးဖြတ်ချက်က ပြောင်းသွားမှာမဟုတ်ပါဘူးမမနွယ် ဖြူတို့အတွက်နဲ့ မမနွယ် ဒုက္ခမရှာပါနဲ့ အလုပ်သဘောအတိုင်းသာ လုပ်ပေးလိုက်ပါတော့””

ကွာရှင်းဖို့ကို အချိန်ဆိုင်းလိုဟန်မတူသော ဖြူ့ကိုကြည့်ရင်း သူဝမ်းနည်းနာကျင်ရပါသည်..

“””မမနားလည်ပါတယ်ကွယ် ဖြူ့ဆုံးဖြတ်ချက်ကို တားမြစ်နေတာလဲမဟုတ်ပါဘူး အစ်မဆွေမျိုးသားချင်းလို ချစ်ခင်ရတဲ့သူတွေမို့ အကြံပေးကြည့်တာပါ ရှေ့နေတစ်ယောက်အနေနဲ့မဟုတ်ပဲ အစ်မရင်းတစ်ယောက်လိုသဘောထားပြီး မမအကြံပေးတာကို

လက်ခံပေးမလားဟင်””

နောက်ဆုံးတော့ မမနွယ်၏စေတနာကို အားနာသောအားဖြင့် ဖြူက တစ်လအချိန်ယူပြီး ပြန်စဥ်းစားဖို့ ကတိပေးပြီး ပြန်လာခဲ့ကြသည်..

သူ့အတွက်တော့ တရားဝင်မကွာရှင်းရသေးတာကလွဲလို့ ခင်ပွန်းတစ်ယောက်ရဲ့အခွင့်အရေးတွေ အကုန်ဆုံးရှုံးခဲ့ရပြီ..

အခုဆို သူတစ်ယောက်တည်း အခန်းခွဲအိပ်ရကာ ကျန်သည့်အချိန်တွေမှာလည်း ဖြူကသူနဲ့မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေသည်..

သူရုံးကပြန်လာရင် အရင်လိုဖြူ့ကိုမတွေ့ရပဲ ဧည့်ခန်းစားပွဲပေါ်က သံပရာရည်ခွက်လေးကိုသာတွေ့ရသည်..ထမင်းစားရင်လည်း အရင်လိုမိသားစုစုံညီမစားရတော့ပဲ သူ့ကိုခူးခပ်ပေးပြီးသည်နှင့် ဖြူကအခန်းထဲဝင်သွားတော့သည်..ညအိပ်ရာဝင်တိုင်း ဖြူ့ကျောပြင်နွေးနွေးလေးကို ဖက်ပြီးအိပ်တတ်သောသူဟာ အခုတော့ အေးစက်စက်အိပ်ရာထဲမှာတစ်ယောက်တည်း..မနက်တိုင်းကြားနေကျ “မောင် ထတော့လေ အိပ်ပုတ်” ဆိုသောအသံနှင့် နဖူးပေါ်က အနမ်းဖွဖွအစား နိုးစက်သံစူးစူးနှင့် ထရသည့်အဖြစ်များ…

တခါတလေ သမီးက…

“””မေမေ ဖေဖေ့ကိုအခန်းထဲပြန်ခေါ်လိုက်ပါ သမီးဖေဖေနဲ့တူတူ အိပ်ချင်တာကို””

ဟု ပူဆာသံကြားရသည်..

“””သမီးကလဲ ဖေဖေနေမကောင်းဘူးလို့ပြောထားတယ်လေ အတူတူအိပ်ရင် နေမကောင်းတာတွေ သမီးတို့ကိုကူးကုန်မှာပေါ့”””

ဟူသော ဖြူ့အသံကိုကြားရပါသည်…

သူဟာ ယောကျ်ားရင့်မာကြီးဖြစ်သော်လည်း တဖက်ခန်းမှ သားနဲ့သမီးရဲ့အသံစူးစူးလေးတွေ ရယ်သံလွင်လွင်လေးတွေ ကြားနေရတိုင်း အေးစက်မှောင်မည်းသောအိပ်ရာထဲမှာ တစ်ယောက်တည်းမျက်ရည်ကျမိသည်..နောက်ဆို ဒီအသံလေးတွေကိုတောင် ကြားခွင့်ရှိပါ့မလားကွယ်…

…ယုယရေ မင်းကတော့ အပြစ်တွေကို အသက်နဲ့ပေးဆပ်ပြီး အေးချမ်းသွားပြီပေါ့…ကိုယ့်မှာတော့ ရှင်လျက်နဲ့ ငရဲကျနေသလိုပါပဲကွယ်…

အချိန်တွေကိုသာ နောက်ပြန်ဆုတ်လို့ရရင် ဒီအဖြစ်အပျက်တွေမဖြစ်ခင်အချိန်ကာလကိုပြန်သွားပြီး အရာအားလုံးကိုပြင်ဆင်လိုက်ချင်သည်..ဖြူ့အတွက် ခင်ပွန်းကောင်း..သမီးနဲ့သားအတွက် ဖခင်ကောင်းတစ်ယောက်အဖြစ် မိသားစုအပေါ် ပိုချစ်ပေး ပိုဂရုစိုက်ပေးချင်သည်..လက်အောက်ငယ်သားများက လေးစားကြသလို အထက်လူကြီးများကလဲ ချစ်ခင်လေးစားသော မြတ်သူ…မိသားစုကယုံကြည်အားကိုးသောမြတ်သူ ဂုဏ်သိက္ခာရှိပြီး ရိုးသားတည်ကြည်သောမြတ်သူဘဝကို ပြန်ရချင်မိပါသည်…

🖤🖤🖤🖤🖤


….ဒီနေ့ တရားရုံးမှာ ကွာရှင်းရမည့်နေ့…

မြတ်သူက ဧည့်ခန်းကဆိုဖာမှာ ခေါင်းငိုက်စိုက်ဖြင့်ထိုင်နေမိသည်..ဘာမှမသိရှာသောသမီးကတော့ သူ့ရှေ့မှဆိုဖာတွင် ကျောင်းသွားဖို့စောင့်ရင်း ဆော့နေသည်..သားငယ်လေးက အခန်းထဲကအိပ်ရာပေါ်မှာ…

အခန်းတံခါးဖွင့်ထားသဖြင့် တရားရုံးသွားရန် ပြင်ဆင်နေသောဖြူ့ကို လှမ်းမြင်နေရသည်..မှန်တင်ခုံတွင်ထိုင်ကာ ဆံပင်ဖြီးနေသောဖြူ့မျက်နှာသည် စိတ်နဲ့လူမကပ်သလို ငေးတိငေးငိုင်ဖြစ်နေသည်..မြန်မာချည်ထည်ဝမ်းဆက်လေးကိုဝတ်ဆင်ထားသော ဖြူ့ကိုယ်လေးက ဒီရက်ပိုင်းအတွင်း သိသိသာသာပိန်ကျသွားတာ သတိထားမိသည်..လွန်ခဲ့သော 6/7 လက ထိုဝတ်စုံလေးကိုကိုင်ရင်း ဖြူက “”ဖြူဝလာတာ သိသာတယ်မောင်ရယ် ဒီဝတ်စုံလေးဝတ်မရတော့ဘူး””ဟုပြောတာကို သတိရသွား၍ဖြစ်သည်..

ဖြူ့ကိုလှမ်းငေးကြည့်ရင်း သူ့ရင်ထဲနာကျင်စူးနင့် လာသည်..နောင်တ တရားနှင့် နှမျောတသစိတ်က သူ့စိတ်ကိုတမြေ့မြေ့ဝါးမျိုနေသည်..

…သူချစ်ရတဲ့ဇနီးနဲ့ သားသမီးတွေကို ဒီလိုပဲဆုံးရှုံးလိုက်ရတော့မှာလား…သူ့တစ်သက်လုံး ရှင်ရက်နဲ့သေသလိုဘဝနဲ့ နေသွားရတော့မှာလား…အဖေတစ်ယောက်အနေနဲ့ သူ့သားသမီးတွေကို မိတကွဲဖတကွဲဘဝနဲ့ စိတ်ဒဏ်ရာတွေပဲ

အမွေပေးရတော့မှာလား…

သူတစ်စုံတစ်ရာကို ဆုံးဖြတ်လိုက်ပြီးနောက် ထိုင်ရာမှထကာ အခန်းထဲသို့ ခြေလှမ်းကြဲကြီးဖြင့်လှမ်းဝင်လာခဲ့သည်..

“””ဖြူ”””

သူ့ခေါ်သံကြောင့် ဖြူကအသက်မပါသောမျက်ဝန်းများဖြင့် လှည့်ကြည့်သည်..

သူဘာစကားမှမပြောတော့ပဲ ဖြူ့ထိုင်နေသောထိုင်ခုံရှေ့မှကြမ်းပြင်တွင် ဒူးထောက်ထိုင်ချလိုက်သည်…

“””မောင်”””

ဖြူကမျက်လုံးအဝိုင်းသားဖြင့် သူ့ကိုကြောင်ကြည့်နေသည်..

“””မောင်ဘယ်လိုမှ ဖြူ့ကိုအဆုံးရှုံးမခံနိုင်ဘူးဖြူရယ် မောင့်သားနဲ့သမီးကိုလဲ မခွဲနိုင်ဘူး မောင်မကွာရှင်းပေးနိုင်ဘူးဖြူရယ် မောင်တောင်းပန်ပါတယ်….

သူပြောရင်း ရင်ထဲနင့်လာကာ မျက်ရည်များစီးကျလာသည်..

“””မောင့်ကိုမစွန့်ပစ်လိုက်ပါနဲ့ဖြူရယ် မောင်ဘာတွေပဲလုပ်ရလုပ်ရ မောင့်အပြစ်တွေကိုပြန်ပေးဆပ်ပါ့မယ် ဖြူနဲ့ကလေးတွေမရှိပဲ မောင်အသက်မရှင်နိုင်ဘူး”””

ဖြူသည် ဘာစကားမှမပြောသော်လည်း နှုတ်ခမ်းလေးများ တဆတ်ဆတ်တုန်ယင်ကာ မျက်ရည်များက တလိမ့်လိမ့်စီးကျလာသည်..

ဖြူ့မျက်လုံးထဲမှနာကျင်မူတွေကို သူမြင်နေရပါသည်..

သူက အေးစက်နေသောဖြူ့လက်ကလေးတွေကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ရင်း…

“””မောင်ကျူးလွန်မိတဲ့အမှားတွေအတွက် မောင်ပြန်ပေးဆပ်ပါ့မယ် ဖြူကျေနပ်အောင် မောင့်ကိုကြိုက်တဲ့အပြစ်ပေးပါ ဒါပေမဲ့ မောင့်ကိုတော့ မစွန့်ပစ်လိုက်ပါနဲ့ဖြူရယ် မောင်တောင်းပန်ပါတယ် “””

ယောကျ်ားတစ်ယောက်ရဲ့ အရှုံးပေးမူတွေက အေးစက်နေသော ဖြူ့နှလုံးသားကို အရည်ပျော်စေနိုင်လား..

ယောကျ်ားတစ်ယောက်ရဲ့မျက်ရည်တွေက ဖြူ့နာကျည်းမူတွေကို ပြေပျောက်စေနိုင်လား သူမသိပါ..

ဖြူနဲ့ကလေးတွေကို မဆုံးရှုံးချင်တာသာ သူသိပါသည်…

“””ဖေဖေ”””

ခေါ်သံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်မိတော့ အခန်းဝတွင်ရပ်နေသော သမီး…

သမီးကသူ့ထံပြေးလာကာ သူ့ကိုသိုင်းဖက်လိုက်သည်..သမီးပါးပြင်မှာလည်း မျက်ရည်တွေနှင့်…

“””မငိုပါနဲ့ဖေဖေရယ် ဖေဖေဘယ်မှမသွားရဘူးနော် သမီးတို့နဲ့အတူတူနေရမယ်နော်”””

သမီးကငိုရှိုက်ရင်းမှ သူ့အမေဖက်လှည့်ပြီး

“””မေမေ သမီးတောင်းပန်ပါတယ် ဖေဖေ့ကိုဘယ်မှနှင်မလွှတ်ပါနဲ့ ဖေဖေ့ကိုဘယ်မှလဲ မသွားခိုင်းပါနဲ့နော် သမီးတောင်းပန်ပါတယ်မေမေရယ်”””

“””သမီးလေးရယ်”””

ဖြူကသမီးကိုရင်ခွင်ထဲ ဆွဲပွေ့လိုက်ရင်း မချိတင်ကဲ ရေရွတ်လိုက်သည်..သမီးလေးရဲ့မျက်ရည်က နှစ်ယောက်လုံးကို ရင်ကွဲမတတ်နာကျင်စေပါသည်..

“””ဖေဖေက ဘာအပြစ်တွေလုပ်ထားလို့လဲမေမေရယ် ဖေဖေ့ကိုအဲလောက်မမုန်းပါနဲ့နော် ဖေဖေဘာအပြစ်ပဲလုပ်လုပ် သမီးခွင့်လွတ်နိုင်ပါတယ် သမီးတို့ဖေဖေနဲ့ မခွဲပါရစေနဲ့နော်”””

သြော်..ဖေဖေဘာအပြစ်ပဲလုပ်လုပ် ခွင့်လွတ်တယ်””တဲ့လားသမီးလေးရယ်…

ဖေဖေရင်တွေကွဲရပါပြီ……

ကာလအတော်ကြာအောင် သန်မာချင်ယောင်ဆောင်ပြီး ခံစားချက်တွေကို ထိမ်းချုပ်မြိုသိပ်ထားခဲ့သောဖြူဟာ သမီးလေးကိုဖက်ရင်း ချုပ်ထိန်းထားခဲ့မျက်ရည်တွေကို ဖွင့်ချလိုက်မိတော့သည်..

သြော် မောင်ရယ်…

ကျွန်မတို့သုံးယောက်ရဲ့မျက်ရည်တွေနဲ့သာ မောင့်အပြစ်တွေကို ဆေးကြောလို့ရရင် ဘယ်လောက်ကောင်းမလဲ…

နာကျင်မူတွေကို မျက်ရည်အဖြစ်စွန့်ပစ်လိုက်တိုင်းသာ ဖြစ်ခဲ့သမျှကိုမေ့သွားရင် ဘယ်လောက်ကောင်းလိုက်မလဲ…

….အခုတော့ကွယ်….


>>>ပြီးပါပြီ<<<


#May