ကျွတ်ပါတော့ မိန်းမရယ် (စ/ဆုံး)

 ကျွတ်ပါတော့ မိန်းမရယ် (စ/ဆုံး)

နိဒါန်း အစပျိုးချင်တာကတော့ .. ယခင်က ကျွန်တော်တို့ မိသားစုလေးက ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော .. မိသားစုလေးတစ်ခု ဖြစ်ခဲ့တယ် ဆိုတာက စရမယ် ..


ကျွန်တော်က လက်ရုံးတပ်တစ်ခုက

“တပ်ကြပ် အောင်ဝင်း” ..


တပ်ရင်းဗဟိုကင်း ကင်းရုံမှာ ကင်းမှူးတာဝန်ထမ်းဆောင်တယ် .. ကျွန်တော့် အမျိုးသမီးက “ကြည်ပြာ” .. ကျွန်တော့်ဇနီးနဲ့က တစ်ရွာတည်းသား ငယ်ချစ် ငယ်လင်ငယ်မယားပေါ့ .. ကျွန်တော်တို့မှာ သမီးလေးနှစ်ယောက်ရှိတယ် .. ကျွန်တော်တို့ လင်မယားနှစ်ယောက်က ရုပ်ရည် ရွက်ကြမ်းရည်ကြို ဖြစ်ပေမယ့် .. သမီးလေးနှစ်ယောက်လုံးကျတော့ အချောလေးတွေဗျ .. အကြီးမလေးက “နွဲ့့နှောင်း” .. အငယ်မလေးက “သွဲ့နှောင်း” .. သမီးလေးတွေကလည်း လိမ္မာကြတာမို့ .. ကျွန်တော်တို့ မိသားစုလေးက .. မချမ်းသာ မပြည့်စုံပေမယ့် .. ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ရွှင်ဖွယ် ကောင်းတဲ့ မိသားစုလေးတစ်ခုပေါ့ ..


အကြီးမလေး တက္ကသိုလ် ဒုတိယနှစ်တက်နေတုန်းမှာပဲ တစ်ဘက်တပ်က တပ်ကြပ်ကြီး/စာရေးတစ်ယောက်နဲ့ အကြောင်းပါပြီး အိမ်ထောင်ပြုခဲ့တယ် .. ဟိုဘက်တပ် ဒီဘက်တပ်မို့ နေ့တိုင်းလိုလို တွေ့နေရတယ်လေ .. နောက်တော့ သမီးကြီးလည်း .. သားလေးတစ်ယောက်ရပြီး သူ့ခင်ပွန်းလည်း ရှမ်းပြည်ဘက်ကို တပ်ပြောင်းပါတာမို့ လိုက်သွားတော့တယ် .. အငယ်မလေး သွဲ့နှောင်း ကတော့ .. ပညာရေးကံ သိပ်မကောင်းရှာဘူး .. (၁၀)တန်းကို (၃)နှစ်လောက် ကျပြီးနောက်ပိုင်း ဆက်မဖြေတော့ဘဲ မြို့ထဲက အထည်ဆိုင်တစ်ဆိုင်မှာ အလုပ် ဝင်လုပ်နေရင်း ..


သမီးငယ်လည်း နောက်တစ်နှစ်ကျော်အကြာမှာ .. နီးစပ်ရာ ကောင်လေးတစ်ယောက်နဲ့ ရည်ငံပြီး အိမ်ထောင်ထပ်ပြုသွားပြန်တယ် .. သူလည်း သူ့ခင်ပွန်းနဲ့အတူ လိုက်နေတော့ .. ကျွန်တော်တို့ရဲ့ သာယာကြည်နူးဖွယ်ကောင်းတဲ့ .. မိသားစုလေးက အဲ့ဒီ့ကနေ တဖြည်းဖြည်း ခြောက်ကပ်လာတယ် .. ကျွန်တော်ကလည်း ဗဟိုကင်း ကင်းမှူးတာဝန်နဲ့မို့ တစ်ရက်ခြား Duty ဝင်ရတော့ ..


အဲ့ဒီလိုနေ့ဆို .. အိမ်မှာ ဇနီးသည် ကြည်ပြာ တစ်ယောက်တည်း ကျန်ခဲ့တာပေါ့ .. ကျွန်တော်ကတော့ ယောက်ျားမို့ ဖြေသိမ့်နိုင်ပေမယ့် အမျိုးသမီးဖြစ်တဲ့ မိခင်လည်း ဖြစ်တဲ့ ဇနီး ကြည်ပြာကတော့ ကျွန်တော် မသိအောင် သမီးတွေနဲ့ မြေးကို လွမ်းစိတ်နဲ့ .. ကြိတ်ငိုနေခဲ့တာပေါ့ဗျာ ..


လစာလေးနဲ့ လောက်ငှအောင် သုံးစွဲနေရပါတယ်ဆိုမှ ကြည်ပြာ့မှာ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတည်းက လည်ပင်းမှာ အကြိတ်ကြီးတစ်လုံး ထွက်လာတယ် .. အစက သေးသေး တဖြည်းဖြည်း ကြီးလာတာ .. ပြင်ဦးလွင် စစ်ဆေးရုံမှာလည်း မကြာမကြာ သွားကုသရတယ် .. ကင်ဆာ လို့ နောက်မှ သိလိုက်ရတာပါ .. အစာလည်း သိပ်မစားနိုင်တော့ဘူး .. လွမ်းစိတ်ပါ ပေါင်းပြီး ကျွန်တော့်ဇနီးလည်း တစ်နေ့တစ်ခြား ပိန်ချုံးလာတာပေါ့ဗျာ ..


ကျွန်တော်လည်း ကျွန်တော့် မိန်းမကို ဖေးမအားပေး .. သမီးငယ်လေးကလည်း မကြာခဏ လာကြည့်ပါတယ် .. နဂိုက ကြည့်ပျော်ရှုပျော် ရှိပေမယ့် ဝေဒနာဒဏ် ခံစားရတာ နှစ်/လချီကြာလာတော့ .. အစာလည်း သိပ်မဝင်တော့တာမို့ ဇနီးသည်ရဲ့ ရုပ်က ပျက်စီးလာတယ် .. ကျွန်တော်လည်း စိတ်မကောင်းရုံမှတစ်ပါး ဘာများ တတ်နိုင်မှာလဲလေ .. ကြည်ပြာ့ကို မြင်တိုင်း ကျွန်တော့်ရင်ထဲမှာ အရမ်းကို စို့နင့်ခံစားရတယ် .. ဖြစ်နိုင်ရင် ကိုယ်သာ သူ့အစား ဝေဒနာခံစားပေးလိုက်ချင်ပါရယ့် ..


ဇနီးသည် ဝေဒနာပြင်းတာ ရက်စိတ်လာတာမို့ ကျွန်တော်လည်း တပ်ရေးဗိုလ်ကြီးကို သတင်းပို့ပြီး Night Duty မထမ်းဆောင်တော့ဘဲ ဇနီးသည် နားမှာဘဲ ပြုစုနေခဲ့တယ် .. ဇန်နဝါရီလကြီးမို့ ရာသီဥတုကလည်း အေးနေပြီလေ .. ဒီနေ့ မနက်ပိုင်းကတည်းက ဇနီးသည်ကို ကြည့်ရတာ အားမရ .. စကားလည်း သိပ်မပြောနိုင်တော့ဘူး ..


အဲ့ဒီလိုနဲ့ ညနေ(၆)နာရီကျော်လောက်မှာ သူလည်း ဝေဒနာ အရမ်းခံစားရလို့ ထင်တယ် .. မျက်နှာ ရှုံ့မဲပြီး အသံတောင် သိပ်မထွက်နိုင်တော့ဘူး .. ပတ်ဝန်းကျင်က ရဲမေတွေလည်း ရောက်နေကြပြီ .. သမီးငယ်လည်း အိမ်မှာ လာပြန်အိပ်ပြီး သူ့အမေကို လာပြုစုနေတယ် ..


ကြည်ပြာ့ အခြေအနေ မကောင်းတာမို့ ဆေးရုံတင်မှ ဖြစ်မယ်ဆိုပြီး .. တပ်ရေးဗိုလ်ကြီးကို တယ်လီဖုန်းဆက် သတင်းပို့ .. ခဏအကြာမှာ တပ်က ကားရောက်လာတာမို့ ကြည်ြပာ့ကို ကားပေါ်တင် .. ပတ်ဝန်းကျင်ကလည်း တပ်က ကားနဲ့ လိုက်တဲ့သူ လိုက် .. ကိုယ့်ဆိုင်ကယ်နဲ့ လိုက်တဲ့သူ လိုက်နဲ့ ကျွန်တော်တို့ စစ်ဆေးရုံ သွားကြတယ် ..


ဆေးရုံဖျားနာဆောင်က ကုတင်တစ်လုံးပေါ် ဇနီးကို တင် .. ပါရဂူဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေက စမ်းသပ် .. ကျွန်တော်လည်း ကြည်ပြာရဲ့ ဘယ်ဘက်လက်ကို ဆုပ်ကိုင်ပြီး ကုတင်ဘေးကနေ အားပေးနေလိုက်တယ် .. ကြည်ပြာ ကျွန်တော့်ကို ကြည့်နေတယ် .. မျက်နှာ မဲ့မဲ့လေးနဲ့ပေါ့ ..


ပါရဂူ ဗိုလ်မှူးက စမ်းသပ်ရင်း ..


“ဆရာ .. စိတ်မကောင်းပါဘူးဗျာ .. ဆရာ့ ဇနီး ဆုံးသွားပါပြီ ….”


ပါရဂူ ပြောပြီးထွက်သွားတာနဲ့ ဆေးရုံဝန်ထမ်းတွေက .. အနားမှာ အုံနေတဲ့ လူတွေကို အပြင်ကို ထွက်ခိုင်း .. ခန်းဆီးကန့်လန့်ကာ အရှင်တွေနဲ့ ကုတင်ပတ်လည်ကို ကာရံလိုက်တော့တယ် .. ဇနီးရဲ့ ကုတင်ဘေးမှ ကျွန်တော်နဲ့ သမီးငယ် ငိုနေကြတာပေါ့ .. ကြည်ပြာ့ မျက်လုံးတောင် မပိတ်သေးဘူး .. ဆေးဗိုလ်ကြီးတစ်ယောက်က .. ဆရာ မျက်လုံးပိတ်လိုက်ရအောင် ဆိုလို့ .. ကျွန်တော်ကိုယ်တိုင်ပဲ ဇနီး ကြည်ပြာ့ရဲ့ မျက်လုံးကို ပိတ်လိုက်ပါတယ် .. ညာဘက် မျက်လုံးက မှေးမှေးလေး ပြန်ပွင့်လာလို့ ..


“ငါတို့ကို စိတ်မချဘူးလား? ကြည်ပြာရယ် …”


လို့ညည်းတွား ငိုမိတယ်ဗျာ .. ခဏအကြာမှာတော့ ဇနီးသည်ရဲ့ Dead Body ကို .. ရင်ခွဲရုံ ရေခဲတိုက် ပို့ဖို့ တာဝန်ရှိသူတွေ ယူသွားပါတော့တယ် .. သေဆုံးစာရင်းဖြည့်သွင်းပြီးတော့ .. ကျွန်တော်တို့လည်း အိမ်ကို ပြန်လာခဲ့တယ် .. တပ်ရောက်တော့ တပ်ရင်းမှူး .. ဇနီးနဲ့ တပ်မိသားစုတွေ လိုင်းခန်းအရှေ့မှာ လာစောင့်နေကြတယ် .. ကျွန်တော်နဲ့ သမီးငယ်ကို အားပေးနှစ်သိမ့်ကြတာပေါ့ ..


ကျွန်တော်လည်း အရမ်းခံစားရတယ် .. ငယ်ချစ်လည်း ဖြစ်တဲ့ .. နှစ်ပေါင်းစွာလည်း ဒိုးတူဘောင်ဖက် ရုန်းကန်ယှဉ်တွဲနေခဲ့သူ ဖြစ်တဲ့အတွက် .. ရင်ထဲမှာ ဖြေမဆည်နိုင်အောင်ပါဘဲ .. အသုဘကိစ္စကတော့ ကိုယ်တိုင် ဘာမှ လုပ်စရာ သိပ်မလိုပါဘူး ..

တပ်ထဲမှာဆိုတော့ အားလုံးက ဝိုင်းဝန်းလုပ်ကိုင်ပေးလို့ အဆင်ပြေပါတယ် .. သမီးကြီးတို့ လင်မယားလည်း အသုဘချမယ့် မနက်ပိုင်း ရောက်လာတာမို့ (၃)ရက်မြောက်နေ့မှာ ဇနီး ကြည်ပြာ့ကို ဂူသွင်းသဂြုင်္ိဟ်လိုက်ပါတယ် .. အုတ်ဂူ ကုန်ကျစရိတ်ကတော့ သမီးကြီး အလှူပါ .. ရက်လည်ပြီးတော့ ကနားဖျင်းမဏ္ဍပ် ဖျက် .. တပ်ရင်းအရာခံဗိုလ်ကြီးက သတိပေးတယ် ..


“အောင်ဝင်း ..မင်းမိန်းမဝိဉာဉ် သင်္ချိုင်း ပြန်ပို့ရဦးမယ်နော်”


ဆိုလို့ ..


“ဟုတ်ကဲ့ .. ကျွန်တော် ညနေခင်းလောက် သွားပြန်ပို့လိုက်ပါ့မယ်ပေါ့ ..”

ရက်လည်ပြီးတော့ အိမ်မှာလည်း သမီးကြီး သမီးငယ်တို့ မိသားစုနဲ့ ကျွန်တော်ပဲ ကျန်တော့တယ် .. သမီးနှစ်ယောက်ကတော့ သူ့အမေကို သတိရလို့ ငိုတုန်း .. ကျွန်တော်လည်း ကလေးတွေ ကွယ်ရာမှာ ကြိတ်ငိုပေါ့ ..


ဒီလိုနဲ့ ညနေ(၄)နာရီလောက်မှာ .. ဘုရားစင်ရှေ့ စားပွဲပုလေးပေါ် တင်ထားတဲ့ .. ကြွေပန်းကန်ပြားလေးထဲက .. နွမ်းနေတဲ့ နှင်းဆီပန်းခက်လေးကို ယူ .. ပြန်ပို့ဖို့ သမီးကြီး ခင်ပွန်းနဲ့အတူ .. ဆိုင်ကယ်နဲ့ သင်္ချိုင်းကို ထွက်လာခဲ့လိုက်ပါတယ် ..


သင်္ချိုင်းရောက်တော့ ကြည်ပြာ့အုတ်ဂူဆီ သွား .. နေရစ်ခဲ့တော့ ကြည်ပြာရေ ဆိုပြီး နှင်းဆီပန်းခက်လေးကို အုတ်ဂူပေါ် တယုတယ တင်ခဲ့လိုက်ပါတယ် ..


တင်ပြီးလို့ လှည့်ထွက်ခါနီးမှ .. စိတ်ထဲမှာ ချစ်ရတဲ့ ဇနီးရဲ့ နောက်ဆုံးအမှတ်တရအဖြစ် .. တစ်ခုခု ထားချင်တဲ့ စိတ် ပေါ်လာတာမို့ .. သားမက်အကြီးကောင် ရှေ့က ထွက်သွားမှ .. သူ မသိအောင် နှင်းဆီခက်ထဲက ပွင့်လွှာတစ်ခုကို တိတ်တဆိတ် ခြွေယူလိုက်ပြီး အင်္ကျီအိတ်ကပ်ထဲ ထည့်ယူလိုက်ခဲ့တယ် .. အမှတ်တရပေါ့ ကြည်ြပာရယ် ….

သင်္ချိုင်းကနေ အိမ်ပြန်ရောက်တော့ .. ရေမိုးချိုး အဝတ်အစားလဲပြီး သမီးတွေ ပြင်ထားပေးတဲ့ အရက်နဲ့ အမြည်းနဲ့ သောက် .. ပူပူနွေးနွေး ကွယ်လွန်သူကိုလည်း တမ်းတရင်းပေါ့ဗျာ .. ထမင်းလည်း စားချင်စိတ် မရှိတာမို့ အရက်ကိုပဲ အချိန်ဆွဲ ထိုင်သောက်နေလိုက်တယ် .. အချိန်က ည(၉)နာရီစွန်းစွန်း .. အနောက်ဘက် အိပ်ခန်းထဲမှာ ကလေးသိပ်နေတဲ့ သမီးကြီး ဧည့်ခန်းထဲ ထွက်လာပြီး


“ဖေကြီး … ဖေကြီး …. မေမေ လာနှုတ်ဆက်ပြီ ထင်တယ် … အခန်းပြတင်းပေါက်ကို အပြင်က လာပုတ်နေတယ် …”


ကျွန်တော့်လိုင်းခန်းက ထောင့်ဆုံးလိုင်းခန်းမို့ သူ့အမျိုးသား ကျော်ကျော်ဦး က ဖျတ်ခနဲ အခန်းပြင် လိုင်းခန်းဘေးကို ထွက်ကြည့်လိုက်တယ် .. တစ်ဆက်တည်းမှာပဲ .. ဂလုံ … ဂလွမ် ဆိုတဲ့ မီးဖိုချောင်ထဲက .. အိုးခွက်တစ်ခုခု ပြုတ်ကျသံနဲ့အတူ .. ပုပ်အဲ့အဲ့ အနံဆိုးတစ်ခု ရလိုက်တယ် ..


“အဖေ .. အဖေ လာပါဦး…”

သားမက်ရဲ့ အခန်းအပြင်က ခေါ်သံကြားလို့ .. ကျွန်တော်လည်း သောက်လက်စ အရက်ခွက်ကို ချ .. အခန်းအပြင် ထွက်တော့ သားမက် က ..


“အဖေ .. အမေ့ကို ကျွန်တော် တွေ့လိုက်တယ် .. အိမ်နောက်ဖေးဘက်ကို ထွက်သွားတယ် ..”


ကျွန်တော်နဲ့ သားမက် နောက်ဖေးဘက်ကို သွားကြည့်တော့ ဘာမှ မရှိ ..


“သွားတော့ ကြည်ပြာရေ .. နောက်ဆံ မတင်းနဲ့ .. ကောင်းရာမွန်ရာကို သွားပါဟာ”

လို့ ပြောရင်း ငိုမိတယ် ..  အဲ့ဒီ့နောက် ဧည့်ခန်းထဲ ပြန်ဝင်လာပြီး .. လက်ကျန် အရက်ခွက်ကို ဆက်သောက်နေလိုက်တယ် .. အိပ်ယာဝင်မယ် ဆိုမှ .. ညနေက ဝတ်ခဲ့တဲ့ အင်္ကျီကို ကြိုးတန်းက ယူ .. အိတ်ကပ်ထဲ နှိုက်ကြည့်တော့ .. နွမ်းဖတ်နေတဲ့ နှင်းဆီပွင့်ဖတ်လေး တွေ့တာနဲ့ .. တယုတယ ထုတ်ယူလိုက်ပြီး ကုတင်ပေါ် လှဲလိုက်တယ် .. အိပ်ခန်းထဲမှာ ဇနီးသည်ရဲ့ အငွေ့အသက်တွေ .. သူ မကွယ်လွန်ခင် သောက်ခဲ့တဲ့ ဆေးအနံ့တွေ .. ဒါတွေက ကျွန်တော် နှစ်နဲ့ချီ ရှူရှိုက်ခဲ့ရတာမို့ .. ယဉ်ပါးနေပါပြီလေ ..


ခုတော့လည်း ချစ်ရတဲ့ ဇနီးကလည်း မရှိတော့ .. သမီးတွေကလည်း ကိုယ့်အိမ်ထောင်နဲ့ ကိုယ်မို့ .. အချိန်တန် သူ့အိမ် သူပြန်ကြမယ် .. တစ်ယောက်တည်း အထီးကျန် ရှေ့ဆက်ရမယ့်ဘဝကြီးကို စိတ်ပျက်စွာ တွေးတောမိရင်း .. ဟူး !!!!!


အဟွတ် ..အဟွတ် !!!!!


ဇနီးသည်ရဲ့ ချောင်းဆိုးသံ .. သြော် .. ငါ့ မိန်းမ ချောင်းဆိုးနေပြန်ပြီ .. အအိပ်ဆတ်သူမို့ ချက်ချင်းနိုးလာခဲ့တယ် .. နောက်မှ ပြန်စဉ်းစားမိတော့ .. သြော် ! ကြည်ပြာမှ မရှိတော့တာဘဲ .. ငါ စိတ်စွဲနေပြန်ပြီ .. အခန်းမီးလည်း မပိတ်မိပါလား? ငါ ညက သောက်ထားတဲ့ အရှိန်နဲ့ .. မီးတောင် မပိတ်မိဘဲ အိပ်ပျော်သွားတာကိုး ..


နှင်းဆီပွင့်ဖတ်လေး ဘယ်ရောက်သွားလဲ?ဟ .. သတိရပြီး ကုတင်ပေါ် ရှာကြည့်တော့ .. ကြည်ပြာ့ ခေါင်းအုံးလေးပေါ်မှာ ပွင့်ဖတ်လေးက .. အဲ့ဒါနဲ့ ကျွန်တော်လည်း ယူလိုက်ပြီး ကျွန်တော့် ခေါင်းအုံးအောက်မှာ ထား .. ခြင်ထောင်ချပြီး …. အိပ်ပျော်အောင် ပြန်အိပ်လိုက်တယ် ..


မနက် အိပ်ယာနိုးတော့ .. ကုတင်ဘေး စားပွဲပေါ်က ဆေးပေါ့လိပ်အတိုလေး မီးညှိပြီး အိမ်သာတက်ဖို့ အပြင်ထွက်လာခဲ့တယ် .. မီးဖိုချောင်ထဲမှာ သမီးငယ်နဲ့ သူ့အမျိုးသားက နံနက်စာ ထမင်းကြော် ကြော်နေတယ် ..


စိတ်ထဲကတောင် .. သြော် .. ကလေးတွေ ပြန်သွားရင် .. ငါတစ်ယောက်တည်း စားရတော့မှာပေါ့လို့ တွေးမိသေးတယ် .. အိမ်သာတက်ပြီး အိပ်ခန်းထဲ ပြန်ဝင် .. ခြင်ထောင်သိမ်းပြီးတော့ .. အိပ်ယာခင်း ဆွဲဆန့်ဖို့ ကြည့်လိုက်တော့ .. နှင်းဆီပွင့်ဖတ်လေးက ကြည့်ပြာ့ ခေါင်းအုံးပေါ်မှာ .. ဟင် ! ငါညက အိပ်ခါနီး ငါ့ခေါင်းအုံးအောက် ထည့်ခဲ့တာကို .. စိတ်ထဲက ဇဝေဇဝါ ဖြစ်သွားတယ် ..


အမှတ်မှားတာလား? မိသားစု နံနက်စာ စားရင်း … သမီးငယ်က သူ ဆိုင်ပြန်သွားထိုင်ရတော့မယ် .. ပြန်တော့မယ် … တဲ့ .. စျေးပိတ်ရက် ဆိုင်ပိတ်တဲ့နေ့တိုင်း ဖေကြီးဆီ လာမယ်တဲ့ .. အေးလေ .. သွားပေါ့ သမီးငယ် … သမီးကြီးကလည်း မနက်ဖြန် ရထားနဲ့ ပြန်တော့မယ် တဲ့ .. ပြန်ပေါ့ သမီးကြီး ရယ် .. ပြန်ကြပါ … သမီးတို့ရယ် … ဖေကြီးကို တစ်ယောက်တည်း ထားခဲ့ကြပါတော့လို့ .. အတွေးထဲက ပြောရင်း ကျွန်တော့်ရင်ထဲမှာ ကြိတ်ငိုခဲ့ပါတယ် ..


ရက်လည်လည်း ပြီးပြီမို့ .. တာဝန်ပြန်ထမ်းဆောင်ဖို့ တပ်ရေးဗိုလ်ကြီးကို ပြန်သတင်းပို့ .. တပ်ရေးဗိုလ်ကြီးကလည်း ပုံမှန် ပြန်ထမ်းဆောင်ဖို့ ညွှန်ကြား .. အဲ့ဒီလိုနဲ့ သမီးကြီး မိသားစု မပြန်ခင် မနက်ဖြန်အထိ ညကင်းတာဝန် မယူသေးဘဲ နေ့ကင်းတာဝန် ယူခဲ့တယ် ..


ညအိပ် မနက် အိပ်ယာနိုးတော့ .. နှင်းဆီပွင့်ဖတ်လေးက ကြည်ပြာ့ ခေါင်းအုံးပေါ်မှာ .. ဒီတစ်ခါတော့ ကျွန်တော် အမှတ်မှားတာ မဟုတ်တော့ဘူး .. သမီးကြီး မိသားစု ပြန်ခါနီး ညမို့ မြေးလေးနဲ့ ဆော့ရင်း မိသားစု စကားပြောရင်း အရက်တောင် မသောက်ခဲ့ဘူး ..


အိပ်ခါနီး ထုတ်ကြည့်ပြီး ခေါင်းအုံးအောက်မှာပဲ သေချာ ပြန်ထားခဲ့တာ .. ကြည်ပြာ မကျွတ်သေးဘူးလား? ဘယ်လိုဖြစ်တာလဲ? သမီးကြီးကိုတော့ ပြောမပြဖြစ်ပါဘူး .. သမီးကြီး မိသားစု မနက်(၉)နာရီမထိုးခင်လောက်မှာ … ရထားဘူတာဆင်းပြီး ပြန်သွားပါတယ် .. ခုတော့ ကျွန်တော် တစ်ယောက်တည်းပေါ့ .. ကြည်ပြာ ရော ဒီအခန်းထဲမှာ ရှိနေသေးတာလား? ဟူး !!!!!


ဇနီးလည်း ဆုံး .. သမီးတွေ မြေးတွေလည်း .. ကိုယ့်ဌာနေ ကိုယ်ပြန်သွားကြပြီဆိုတော့ .. ကျွန်တော်တစ်ယောက်တည်း .. ညနေကတည်းက ဝယ်ထားတဲ့ အရက်ပုလင်းကို ဖွင့် .. သမီးတွေ ကြော်လှော်ပေးခဲ့တဲ့ ဝက်သားကြော်လေးနဲ့ လက်ဖက်သုတ်လေးနဲ့ မြည်း.. သောက်ရင်း စဉ်းစားရင်း တွေးရင်း ..


ဝမ်းနည်းလာတဲ့ ရင်အစုံက .. မတတ်သာတဲ့ အဆုံး .. အိပ်ခန်းထဲသွား ခေါင်းအုံးအောက်က နှင်းဆီပွင့်ဖတ်နွမ်းနွမ်း(သို့မဟုတ်)  ကြည်ပြာ့အမှတ်တရလေးကို ယူ .. ဘယ်လက်ဖဝါးထဲ ထည့် .. ဖြန့်ကြည့်လိုက် သောက်လိုက် .. ကြိတ်ငိုလိုက် သောက်လိုက်နဲ့ လုပ်နေတုန်း .. ဆတ်ခနဲ ကျွန်တော့် ဘယ်လက် တုန်သွားတယ် .. နည်းနည်းကြောင်သွားတယ် .. အကြောဆွဲတာ အကြောရုန်းတာလို့ ထင်လိုက်တယ် ..


ဆက်သောက်တယ် .. သိပ်မကြာဘူး .. ဆတ်ခနဲ တစ်ယောက်ယောက်က ဆွဲခါလိုက်သလို ထပ်တုန်သွားပြန်တယ် .. ဘယ်လိုဖြစ်တာလဲ? ဘယ်သူလဲ? ကြည်ပြာလား? အရက်ကလည်း တစ်ပိုင်းနီးပါး ကျိုးပြီမို့ နည်းနည်းလည်း မှန်နေပြီလေ ..


“ကြည်ပြာရေ .. အခု ငါတစ်ယောက်တည်းကွာ .. မင်းလည်း မရှိတော့ဘူး .. သမီးတွေ မြေးတွေ ဘယ်သူမှ ငါ့အနား မရှိကြတော့ဘူး .. ဟီး …. ဟီး ……”


ဇနီးသည်ကို တိုင်တည်ရင်း တိတ်တိတ်လေး ရေရွတ်ငိုချလိုက်ပါတယ် .. သောက်ရင်းသောက်ရင်းနဲ့ .. ဧည့်ခန်း ပလတ်စတစ် ပက်လက်ကုလားထိုင်မှာပဲ ကျွန်တော် အိပ်ပျော်သွားပါတော့တယ် ..


အီး !!! အင်း !!! ပက်လက်ကုလားထိုင်မှာ အိပ်နေတာမို့ အညောင်းတွေ မိ .. ပြန်နိုးလာလို့ တိုင်ကပ်နာရီ ကြည့်လိုက်တော့ .. မနက်(၃)နာရီ ထိုးလုပြီ .. အိပ်ယာပေါ် ပြောင်းအိပ်မှ ဆိုပြီး ထိုင်ခုံက ထဖို့လုပ်တော့ .. ဟင် !!! စောင် … ဒီစောင်က ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ?ဟ .. ကျွန်တော့်ကိုယ်ပေါ်မှာ စောင်ပါးတစ်ထည် .. ကျွန်တော် ကြောင်သွားတယ် .. ကျွန်တော် သောက်ရင်းနဲ့ ပက်လက်ကုလားထိုင်ပေါ် မှီရင်း ဒီအတိုင်းပဲ အိပ်ပျော်သွားခဲ့တာပါ ..


စောင်လည်း ယူမခြုံမိပါဘူး .. တစ်ဆက်တည်း စဉ်းစားမိတာက .. နှင်းဆီပွင့်ဖတ် ????? ဗြုန်းခနဲ မတ်တပ်ထရပ် .. အိပ်ခန်းမီး မဖွင့်ထားသေးတာမို့ အိပ်ခန်းအဝင်က မီးခလုတ်ကို လက်နဲ့ စမ်းဖွင့် .. ဖ်တ္ခနဲ .. တကယ် ဖျတ်ခနဲ နော် .. ကုတင်ပေါ်မှာ ကြည်ပြာ့ကို အိပ်နေတာ မြင်လိုက်ရတယ် .. ခဏပဲ မြင်လိုက်ရတာ ..


ဟာ !!! ကြည်ပြာ … ကုတင်ဆီ ကျွန်တော် တိုးသွားလိုက်တယ် .. သေချာတာပေါ့ဗျာ .. ကြည်ပြာ့ ခေါင်းအုံးပေါ်မှာ နှင်းဆီပွင့်ဖတ်လေး တင်လျက်သား .. ဒီလောက်ဆို ကျွန်တော် သဘောပေါက်သွားပြီ .. ကြည်ပြာ .. ကျွန်တော့် ဇနီး မကျွတ်သေးဘူး .. ဒီအိမ်ထဲမှာပဲ ရှိနေသေးတယ် .. ထင်ယောင်ထင်မှားလည်း မဟုတ် .. တိုက်ဆိုင်မှုလည်း မဟုတ် .. “ကြည်ပြာ ရှိနေလား?” လို့ .. ကျွန်တော် တိုးတိုးလေး ခေါ်ကြည့်တယ် .. တုန့်ပြန်မှုမတွေ့ .. အတွေးတွေ ချာချာလည်ရင်း ညအိပ်ခဲ့ရတယ် .. နှင်းဆီပွင့်ဖတ်လေးကို နေရာ မရွှေ့တော့ပါဘူး .. သူ နေပါစေလေ ….


နောက်နေ့ကျတော့ .. တာဝန်တစ်ဖက်နဲ့ ကိုယ့်ဘာသာကိုယ် ချက်စားဖို့ အဆင်မပြေတာကြောင့် .. လူပျိုစားရိပ်သာ တာဝန်ခံ ဗိုလ်ကြီးကို သတင်းပို့ ရိက္ခာတွဲစားလိုက်တယ် .. အဲ့ဒီလိုမှပဲ အဆင်ပြေမှာလေ … အဲ့ဒီလိုနဲ့ (၂)ရက်လောက်တော့ အိမ်ပြန်အိပ်ဖြစ်သေးတယ်ဗျ ..


နောက်ပိုင်းတော့ အိမ်ပြန်ရင် ဇနီးနဲ့ ကလေးတွေကို သတိရနေမိတာနဲ့ မပြန်ချင်တော့ဘဲ .. ဗဟိုကင်း ကင်းရုံမှာ အနေများသွားတယ် .. လိုင်းခန်းအိမ်ကိုတောင် မပြန်ဖြစ်တာ တစ်ပတ်နီးပါး ..


နေ့တစ်နေ့ မနက် တန်းစီပြီးချိန် .. ကင်းရုံမှာ ကင်းသားတွေနဲ့ စစ်ရေးပြ လေ့ကျင့်နေတုန်း .. ကျွန်တော့်အခန်းဘေးမှာ နေတဲ့ .. တပ်သား မြင့်ရွှေ ှဗဟိုကင်း ကင်းရုံကို ရောက်လာတယ် ..


“ဘာလဲ? မြင့်ရွှေ …”


မေးလိုက်တယ် ..


“ဟိုလေ .. ဆရာ .. ဆရာ ….”


“ဟေ့ကောင် .. ပြောမှာဖြင့် ပြော .. ထစ်မနေနဲ့ ..”


“ဆရာ့ အခန်းထဲမှာလေ …. ည … ည … ညဆို အသံတွေ ကြားရတယ်ဗျ ..”


“ဘာ !!! ဘာ အသံလဲကွ …”


“ဟိုလေ … စိတ်တော့မဆိုးနဲ့နော် ဆရာ .. ဆရာ့ မိန်းမ မကြည်ပြာ ချောင်းဆိုးသံရော .. ညည်းသံရော .. နောက် ပစ္စည်းတွေ ကျတဲ့ အသံတွေရော .. နောက်ပြီးတော့လေ မနေ့ညက .. ကျွန်တော့်မိန်းမ အပြင်မှာ လှန်းထားတဲ့ သူ့ထမီတွေ ထွက်သိမ်းတုန်း … ဆရာ့ အခန်းအနောက်ဘက်မှာ မ .. မကြည် .. မကြည်ပြာကို တွေ့လိုက်ရလို့…”


တဲ့ ..


“ဘာ !!! သောက်ပိုတွေ လာပြောမနေနဲ့ .. ငါ ဆွဲထိုးပစ်လိုက်မယ် ..”


“တကယ်ပါ ဆရာ ရယ် .. ကျွန်တော် မလိမ်ပါဘူး ….”


“အေး .. ဒါပဲမလား? ပြောပြီးပြန်တော့ .. လျှောက်မဖွနဲ့နော် .. ဖွရင် အထိုးခံရမယ် …”


“ဟုတ် … ဟုတ်ကဲ့ ဆရာ ….”


ကုပ်ချောင်းချောင်းနဲ့ ကင်းရုံထဲက ထွက်သွားတဲ့ .. တပ်သား မြင့်ရွှေရဲ့ ကျောပြင်ကို ကြည့်ရင်း.. နောက်ကျိသွားတဲ့ စိတ်တွေနဲ့ .. အိမ်ကိုခဏတော့ ပြန်ကြည့်ဦးမှပါလေ … နေ့ခင်း အလုပ်ပါးတဲ့အချိန် … ဒုကင်းမှူးကို မှာခဲ့ပြီး လိုင်းခန်းဘက်ကို ခဏပြန်လာလိုက်ရင်း အခန်းသော့ကို ဖွင့်လိုက်တယ် ..


ကျွီ !!!!!!!!!!!!!


တံခါးမအဝင် ခန်းဆီးကို လက်နဲ့ ဖယ်ရင်း အခန်းထဲ ဝင်လိုက်တယ် ဆိုရင်ပဲ … ဟာ !!! ဧည့်ခန်းထဲက ပလတ်စတစ် ပက်လက်ကုလားထိုင်တွေ လဲတဲ့ဟာ လဲ .. မှောက်တဲ့ ဟာ မှောက် .. အိပ်ခန်းထဲ ဝင်ကြည့်တော့ .. ဆင့်ထားတဲ့ သံသေတ္တာ .. အပေါ်က သေတ္တာက အောက်မှာ တစောင်းပြုတ်ကျ .. မီးဖိုချောင်ထဲ ဝင်ကြည့်တော့လည်း အိုးခွက်တစ်ချို့က ကြမ်းပြင်မှာ .. ဘယ်လိုဖြစ်တာလဲဟ ..


သေချာလိုက်ကြည့်တော့လည်း ဘာပစ္စည်းမှ မပျောက် .. ကျွန်တော် သိလိုက်ပြီ .. ဘယ်သူမှ အိမ်ထဲ ဝင်ထားတာ မဟုတ် .. မြင့်ရွှေ ပြောသလို .. ဒါကြည်ပြာ့လက်ချက်ပဲ .. ကျွန်တော် မရှိလို့ သောင်းကျန်းထားတာနေမယ် .. သေချာတယ် ..


နှင်းဆီပွင့်ဖတ်ခြောက်လေးကတော့ .. ကြည်ပြာ့ခေါင်းအုံးပေါ်မှာ ကျွန်တော် ထားခဲ့တဲ့အတိုင်း နေရာ မပြောင်း ငြိမ်သက်လျက် .. ဟူး !!! ဘယ်လို လုပ်ရပါ့မလဲ ? ပြန့်ကြဲနေတဲ့ ပစ္စည်းတွေ နေရာတကျ ပြန်ထား .. ဧည့်ခန်းထဲက ထိုင်ခုံမှာ စိတ်ညစ်ညစ်နဲ့ ထိုင် … ဘာလုပ်ရင် ကောင်းမလဲ? တွေး … ကိုယ်ချစ်တဲ့ ကိုယ့်မိန်းမတော့ ကိုယ့်မိန်းမပဲလေ .. ဒါပေမယ့် ကိုယ့်မိန်းမကို .. ဒီလို ဘဝဆိုးမျိုးနဲ့ ရှိမနေစေချင်ဘူး .. ဘာလို့ မကျွတ်တာလည်း မိန်းမရယ် .. နင်လည်း မကောင်းမှုတွေ ငါသိသလောက် သိပ်မလုပ်ခဲ့ပါဘူး .. တစ်ဆက်တည်းမှာပဲ ..


ကြည်ပြာများ ဗိုက်ဆာနေမလား? ဆိုတဲ့ အတွေးဝင်လာတယ် .. ဟုတ်တယ် .. ဖြစ်နိုင်တယ် .. သူ စားစရာ မရှိလို့များ သောင်းကျန်းနေတာလား? မသိဘူး .. သံယောဇဉ်တရား ဆိုတာကလည်း ခက်သားပဲ မဟုတ်လားဗျာ .. မကျွတ်မလွတ်တဲ့ နာနာဘာဝဘဝ ရောက်ရှိနေလင့်ကစား သံယောဇဉ်တစ်ခုကြောင့် စာနာမိတဲ့ စိတ်ပေါ့ ..


ညနေ လူပျိုစားရိပ်သာက ထမင်းယူတော့ .. ထမင်းဟင်း နည်းနည်းပိုတောင်းလိုက်တယ် .. အိမ်ပြန်ရောက်တော့ ထမင်းပန်းကန်ထဲ ထမင်းဟင်းတွေ ပုံပေး .. သူစားချင်လည်း စားပါစေ ဆိုပြီး .. ဧည့်ခန်းထဲက ထမင်းစားစားပွဲပေါ် တင်ထားခဲ့လိုက်တယ် .. ကင်းရုံကို ပြန်ဖို့ အထွက် .. ဘုရားစင်ကို လှမ်းကြည့်မိတော့မှ .. ဘုရားပန်းတွေတောင် နွမ်းခြောက်နေပြီ … သြော် .. ကိုယ့်အပူနဲ့ ကိုယ် .. ဆွမ်းတော်လည်း မကပ်ဖြစ် .. သောက်တော်ရေလည်း မလဲဖြစ် .. ဘုရားပန်းလည်း မလဲဖြစ်တဲ့ ဘဝ .. မနက်ဖြန် မနက်မှ ဗဟိုကင်း အရှေ့မှာ စိုက်ထားတဲ့ သပြေပန်းတွေ ခူးပြီး လဲပေးရမယ်လို့ တွေးပြီး အခန်းတံခါးပိတ် ကင်းရုံဆီ ပြန်ခဲ့တယ် ..


နောက်တစ်နေ့ မနက်(၁၀)နာရီလောက် .. အလုပ်လည်း နည်းနည်းပါးသွားပြီမို့ .. ဘုရားပန်းလည်း လဲစရာ ရှိတာကြောင့်.. သပြေပန်းတွေ ခူး လိုင်းခန်းဘက်ထွက်လာခဲ့လိုက်တယ် .. အခန်းတံခါးဖွင့်ဝင်ပြီး မနေ့က ထားခဲ့တဲ့ .. ထမင်းပန်းကန်ကို ကြည့်တော့ အရာမယွင်း .. သူ မစားဘူးလား? မသိ .. (စားလို့ ရ/မရလည်း မသိဘူးလေ…)


အဲ့ဒါနဲ့ ဘုရားပန်းလဲ .. သောက်တော်ရေ ကပ် .. ထမင်းပန်းကန်ကို ဆေးနေတုန်း .. ကျွန်တော့်အနောက်မှာ တစ်ယောက် လာရပ်နေသလို စိတ်က ခံစားလိုက်ရတယ် .. လှည့်ကြည့်တော့ ဘယ်သူမှ မရှိ .. ရေစိုနေတဲ့ လက်ကို လက်သုတ်ပုဝါနဲ့ သုတ်နေတုန်း .. အခန်းရှေ့က ခေါ်သံကြားလိုက်တယ် ..


“အောင်ဝင်း … အောင်ဝင်းရေ ..”


“ဘယ်သူလဲ? လာပြီ ..”


သြော် .. မမြင့် (မျက်နှာချင်းဆိုင် လိုင်းခန်းက .. ဆရာ ကျော်ထွန်း ရဲ့ ဇနီး)နဲ့ နောက်တစ်ယောက် ..


“ဟဲ့ ! အောင်၀င်း .. နင့်ကို ပြောစရာ ရှိတယ် ..”


“ဘာလဲ? မမြင့်ရ .. ပြောလေ ..”


“နင့် မိန်းမ ကြည်ပြာ့ကို ငါတို့ တွေ့တွေ့နေတယ်ဟ … ငါတစ်ယောက်တည်း မဟုတ်ဘူးနော် .. ဒီနားဝန်းကျင်က တော်တော်များများ တွေ့ကြတာဟ..”


“မမြင့် ကလည်းဗျာ …”


“ငါတို့လည်း နင် စိတ်မကောင်းဖြစ်မှာစိုးလို့ .. မပြောချင်ပါဘူးဟာ … နင် သိထားရအောင်ပါ … နင့်အိမ်မှာ .. အန္တရာယ်ကင်းပရိတ်လေး ဘာလေး ရွတ်ပါလားဟဲ့ ..”


“ဟာ ! မမြင့်ကလည်း ဘယ်သူက အန္တရာယ်ဖြစ်နေလို့လဲဗျ..”


“ဒါကတော့ နင့်သဘောပဲလေ ငါတို့က အကြံပေးတာပါ …”


မမြင့်တို့ ပြန်ထွက်သွားမှ သက်ပြင်းမောတစ်ချက် ချလိုက်မိတယ် . ဧည့်ခန်းထဲက ထိုင်ခုံမှာ ထိုင်ချရင်း အိမ်ထဲကို မျက်လုံးဝေ့ကြည့်လိုက်တယ် .. နင် ရှိနေသေးတာလား? ကြည်ပြာရယ် .. အဲ့ဒီ့နောက် အခန်းတံခါးပိတ်ပြီး ကင်းရုံကို ပြန်လာခဲ့လိုက်တယ် ..


ဥပုသ်နေ့ စျေးပိတ်လို့ သမီးငယ်တို့ လင်မယား အိမ်ကို လာလည်တဲ့အချိန်ကျရင်တော့ .. ညနေစာ အတူစားကြ .. သမီးငယ်က ညနေစောင်းဆို စားပြီး ပြန် .. ဒီလိုနဲ့ နောက်တစ်ပတ်အကြာ … ကင်းရုံမှာ စာရွက်စာတမ်းတွေ ဖြည့်သွင်းနေတုန်း .. တပ်ရင်းရုံးက ဆက်သားရဲဘော်တစ်ယောက်က ..


“ဆရာ အောင်ဝင်း … တပ်ရေးဗိုလ်ကြီး ခေါ်နေတယ် …”


“အေး .. အေး .. လိုက်လာခဲ့မယ် …”


တပ်ရေးဗိုလ်ကြီး ရုံးခန်း ရောက်တော့ .. အလေးပြုရင်း


“ဗိုလ်ကြီး ကျွန်တော် ရောက်ပြီ ..”


“သြော် .. ဆရာ အောင်ဝင်း လာထိုင်ဗျာ .. ခဏစောင့် ..”


ဆိုပြီး သူ့ရှေ့က ထိုင်ခုံမှာ ထိုင်ခိုင်းတယ် .. တပ်ရင်းအရာခံဗိုလ်ကြီးလည်း ထပ်ရောက်လာပြီး ကျွန်တော့်ဘေးမှာ ဝင်ထိုင်တယ် .. စိတ်ထဲကလည်း ဘာပြောမို့လဲ? မသိဘူး တွေးနေမိတယ် ..


တပ်ရေးဗိုလ်ကြီး က ..


“ဆရာ အောင်ဝင်း ရေ .. ခင်ဗျားကို ခေါ်တာ တစ်ခြားတော့ မဟုတ်ဘူး .. ခင်ဗျား ဇနီး ဒေါ်ကြည်ပြာ့ ကိစ္စဘဲဗျ …”


“ဗျာ !!!……”


“ဟုတ်တယ် … ဆရာ အောင်ဝင်း .. ခု ခင်ဗျား နေတဲ့ လိုင်းခန်းရော အရှေ့က လိုင်းခန်းကရော.. ခင်ဗျား ဇနီး ဒေါ်ကြည်ပြာ့ကို မြင်နေ တွေ့နေရတယ် .. မကျွတ်သေးဘူးလို့ ပြောနေကြ သတင်းလာပို့ကြတယ် .. ခင်ဗျားကလည်း ဗဟိုကင်းမှာပဲ လာနေတော့ ဘယ်သိမလဲ .. အဲ့ဒါ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်ဗျ .. ယုံရအခက် မယုံရအခက်ဆိုပေမယ့် ..


မပြေးသော်လည်း ကန်ရာ ရှိ ဆိုသလိုပေါ့ဗျာ .. စိတ္တသုခကျောင်းက ဘုန်းကြီး(၃)ပါးလောက် ပင့်ဖိတ်ပြီး အန္တရာယ်ကင်းပရိတ်လေး ခင်ဗျားအခန်းမှာ .. ထပ်ရွတ်လိုက်ရင် ကောင်းမယ်ဗျ .. မုန့်ဟင်းခါးဆွမ်းလေးလောက် ကပ်လိုက်ရင် အကုန်အကျလည်း သိပ်များမှာ မဟုတ်ဘူးလေ .. ကျုပ်တို့လည်း ဝိုင်းကူမှာပါ … ဘယ်လိုလဲ? ….”


ကျွန်တော်လည်း ခေါင်းကြီး စိုက်ပြီး .. မျက်ရည်တွေ ဝဲရင်း ..


“ဗိုလ်ကြီးတို့ ကောင်းသလိုသာ စီစဉ်ပါဗျာ ..”


အဲ့ဒါဆို လာမယ့် စနေ ရုံးပိတ်ရက် မနက် အာရုံဆွမ်း ကပ်ဖို့ လုပ်ကြတာပေါ့ .. တပ်ရင်းအရာခံဗိုလ်နဲ့ ခင်ဗျား တိုင်ပင်လိုက်လေ .. အခက်အခဲ ရှိရင် ပြော .. အားမနာနဲ့ ..” “ဟုတ်ကဲ့ ဗိုလ်ကြီး ….”


ဒီနေ့က ကြာသာပတေးနေ့မို့ သဘက်ခါမှ ဆွမ်းကပ်ရမှာ .. အလှူအကျဉ်းလေး လုပ်ဖို့ တပ်ရင်းအရာခံဗိုလ်ကြီးနဲ့ တိုင်ပင် .. စိတ်ရှုပ်ရှုပ်နဲ့ နေ့လည်စာ စားပြီး လိုင်းခန်းဘက်ကို ထွက်လာခဲ့လိုက်တယ် .. အလှူ လုပ်မယ်ဆိုတော့ .. အခန်းလည်း သန့်ရှင်းရေးလေး ဘာလေး ကြည့်ကောင်းမြင်ကောင်းအောင် ပြန်လုပ်ရဦးမယ် ..


အဲ့ဒါက အကြောင်းမဟုတ်ပါဘူး .. ဗဟိုကင်းက ရဲဘော်တွေနဲ့ လုပ်လိုက်ရင် ခဏလေး ပြီးပါတယ် .. အိပ်ခန်းထဲ ဝင်လိုက်တော့ .. ကြည်ပြာ့ခေါင်းအုံးလေးပေါ်မှာ .. နှင်းဆီပွင့်ဖတ်ခြောက်လေးက ရှိနေပါသေးတယ် .. ပွင့်ဖတ်ခြောက်လေးကို လှမ်းယူလိုက်ရင်း ကုတင်ပေါ် ထိုင်ချလိုက်တယ် ..


“ဒီ ပွင့်ဖတ်လေး ငါ အမှတ်တရ ယူမိခဲ့လို့များလား? သူများကိုလည်း ပေးမသိစေချင် .. နဂိုကတည်းက ပြောနေဆိုနေကြတော့ .. ပိုအပြောခံနေရဦးမယ် … သူ့နေရာ သူပြန်သွားထားလိုက်တာ ပိုကောင်းပါတယ်လေ .. ချစ်တဲ့ ဇနီးကိုလည်း ခုလို ဘဝမျိုးနဲ့ မမြင်ချင် မတွေ့ချင် မကြားချင်ပါဘူး .. ဟူး !!!!! ……”


ပွင့်ဖတ်ခြောက်လေးကို ယူနီဖောင်းအိတ်ကပ်ထဲ ထည့် .. ဝဲတက်လာတဲ့ မျက်ရည်တွေကို လက်နဲ့ ပွတ်ချရင်း အခန်းတံခါးပိတ်ပြီး ကင်းရုံကို ထွက်လာခဲ့လိုက်တယ် .. နေ့လည်(၂)နာရီလောက်မှာ သင်္ချိုင်းသွားဖို့ တပ်ရင်းအရာခံဗိုလ်ကို သတင်းပို့ပြီး (မြို့ထဲ သွားမယ်လို့ပဲ အကြောင်းပြခဲ့တယ် ..) ဆိုင်ကယ်နဲ့ တပ်က ထွက်လာခဲ့လိုက်တယ် .. သိပ်မမောင်းရပါဘူး ..


(၁၅)မိနစ်ကျော်လောက်ဆို သင်္ချိုင်းကို ရောက်တယ် .. ဆိုင်ကယ်ကို ဇရပ်နားမှာ ဇက်သော့ခတ်ထားခဲ့လိုက်ပြီး ကြည်ပြာ့အုတ်ဂူဆီ လှမ်းလာခဲ့လိုက်တယ် .. အုတ်ဂူဆီ ရောက်တာနဲ့ .. သတိရစိတ်ကြောင့် မျက်ရည်တွေ အလိုလိုကျလာတယ် ..


“ကြည်ပြာရေ .. နင် လိုင်းခန်းထဲမှာ နေလို့ မရဘူး … ကိုယ့်နေရာ ကိုယ်ပြန်နေတော့ .. ငါလည်း စိတ်မကောင်းပါဘူးဟာ .. နင် ဘဝကူးကောင်းအောင် ကြိုးစားပါ .. စနေနေ့ကျရင် နင့်အတွက် ရည်စူးပြီး ငါ အလှူ ထပ်လုပ်ပေးပါ့မယ်ဟာ …”


နှင်းဆီပွင့်ဖတ်ခြောက်လေးကို .. နောက်ဆုံးအကြိမ် တမြတ်တနိုး နမ်းလိုက်ရင်း အုတ်ဂူပေါ်တင်ပြီး လှည့်ထွက်ခဲ့လိုက်တယ် .. နင် လှမ်းကြည့်နေမှာလား ? နင် ငိုကြွေးနေမှာလား ? ကြည်ပြာရယ် ..


စနေနေ့ မနက်မှာ သံဃာ(၃)ပါး ပင့်ဖိတ်ပြီး အန္တရာယ်ကင်းပရိတ် ရွတ် .. ကွယ်လွန်သူ ကြည်ပြာ့အတွက် မေတ္တာပို့ အမျှအတန်းပေးဝေ .. အလှူအကျဉ်းလေး ထပ်လုပ်ခဲ့လိုက်တယ် ..


ညရောက်တော့ ဒီနေ့က ကျွန်တော့် Night Duty .. ကင်းရုံထဲမှာ ရေဒီယို နားထောင်ရင်း ထိုင်ခုံမှာ ထိုင်နေတုန်း .. ကင်းသမား တပ်သား မင်းမင်းထွန်း ရဲ့ ..


“ရပ် !!! ဘယ်သူလဲ?” ဆိုတဲ့ ကင်း Challenge ခေါ်သံကြားလို့ ကင်းရုံအပြင်ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်တယ် .. စိတ်ထဲကလည်း တာဝန်မှူးတို့ တာဝန်ကြပ်ကြီးတို့လား လို့ပေါ့ .. ကင်းရုံဝင်ပေါက်မှာ ဘယ်သူမှ မတွေ့တာမို့ ..


“ဟေ့ကောင် ! ဘယ်သူလဲကွ ..”


ခြံစည်းရိုးထောင့်မှာ ရဲမေ(စစ်သားဇနီး)တစ်ယောက် တွေ့လို့တဲ့.. မင်းမင်းထွန်း လှမ်းပြတဲ့ နေရာကို .. လှမ်းကြည့်လိုက်တော့ .. ဗဟိုကင်းညာဘက်ထောင့် ခြံစည်းရိုးအပြင် .. အမှောင်မကျတကျထဲမှာ .. ကြည်ပြာ … ကင်းရုံဘက်ကို မျက်နှာမူ ရပ်နေတယ် .. ကိုယ့်မိန်းမ ခန္ဓာအဆစ်အပေါက် ကိုယ်သိတယ် ..


ဟာ !!! ကြည်ပြာပါလား? စိတ်ထဲက ရေရွတ်ရင်း ထသွားလိုက်တယ် .. ဖြည်းဖြည်းပဲ လျှောက်သွားလိုက်တာပါ .. ကျွန်တော်နဲ့ ပေ(၁၀၀)ကျော်လောက် ကွာမယ် .. ကြည်ပြာ့ဆီ မရောက်ခင် ကြည်ပြာ လှည့်ထွက်သွားတယ် .. ဗဟိုကင်းရုံဘေး ပေ(၂၀)လောက်အကွာမှာ .. ပျိုးပင်တွေ ထားတဲ့ တဲရုံလေး ရှိတယ် ..


အဲ့ဒီ့ဘက်ကျတော့ မှောင်သွားပြီဗျ .. တဖြည်းဖြည်းနဲ့ ကြည်ပြာ့ကို မမြင်ရတော့ဘူး .. ပျောက်သွားပြီ .. ကျွန်တော့်ကို နောက်ဆုံးအနေနဲ့ လာနှုတ်ဆက်တာနေမှာပါ .. ကျွန်တော်လည်း မျက်ရည်တွေကျရင်း ပြန်နှုတ်ဆက်လိုက်ပါတယ် ..


ကျွတ်ပါတော့ မိန်းမရယ် .. ငါတို့ရဲ့ နင့်အတွက် ရည်စူးလှူဒါန်းပေးတဲ့ အလှူကုသိုလ်ကိုလည်း နင် ရရှိပါစေ… ကောင်းရာဘုံဘဝလည်း ရောက်ရှိပါစေဟာ …. အမျှ … အမျှ … အမျှ ….. ။