ဓူဝံကြယ်ရဲ့အလင်း(စ/ဆုံး)
————————-
“နင်တို့အဖေ …နောက်မိန်းမယူတော့မယ်တဲ့´´
အဖေရဲ့အမေ ၊ ကျမတို့အဘွားက တစ်ခုသောညနေ…
ထမင်းဝိုင်းမှာလူစုံတုန်းပြောခဲ့ပါတယ်။အစ်မကြီးလက်တွေက ပန်းကန်ပြားထဲက ထမင်းစေ့တွေကို ပွတ်ချေနေတယ်။
“အန်တီယုနဲ့လား…မေကြီး´´
အစ်မကြီးအသံက အဖျားခတ်နေတယ်။
“ဟုတ်တယ်..ယုယုနဲ့ ဒီတစ်ပတ်သောကြာမှာ ရုံးတက်လက်မှတ်ထိုးကြမှာ။´´
အဘွားကထမင်းစားမပျက် ထမင်းဝါးရင်းပြောတယ်။အန်တီယု…အဖေ့ထက်ငယ်တယ်၊လှတယ်၊ အဖေ့တို့ရုံးက စာရေးမ။နှစ်ခါသုံးခါ အဖေနဲ့အတူ အိမ်လိုက်လာပြီး အစ်မကြီးဆီ အထည်တွေအပ်ဖူးတယ်။
နံရံမှာချိတ်ထားတဲ့ အဖေနဲ့အမေရဲ့မင်္ဂလာဆောင်ဓာတ်ပုံဆီ အစ်မကြီးအကြည့်တွေရောက်သွားတယ်။ ကျမလည်း အတူတူပါပဲ။ဓာတ်ပုံဆီအကြည့်ရောက်ပြီးမှ အစ်မကြီးဆီအကြည့်ကရပ်တန့်သွားတယ်။အစ်မကြီးက အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးဖိကိုက်လိုက်တာ ကျမတွေ့လိုက်ရတယ်။
အစ်မကြီး ဆယ်တန်းစာမေးပွဲကြီးမှာ အင်္ဂလိပ်စာဖြေမဲ့နေ့ မနက်ဝေလီဝေလင်းကြီးမှာ…အမေက မောင်လေးကို မွေးတယ်။အမေက အိမ်မှာ သားဖွားဆရာမနဲ့ပဲ မွေးတယ်။ကလေး ကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့ပေမဲ့ အချင်းကျန်နေလို့ဆိုပြီး မွေးပြီး သိပ်မကြာခင်မှာပဲ အမေ့မှာ သွေးတွေအဆက်မပြတ်ဆင်းလာတယ်။
သားဖွားဆရာမနဲ့ မေကြီးတို့ အမေ့နားမှာ အလုပ်ရှုပ်နေကြပေမဲ့ အနှီးဖြူပတ်ထားတဲ့ နီတာရဲလေးကို ထရံပေါက်ကနေ အစ်မကြီးနဲ့ကျမ တစ်လှည့်စီချောင်းကြည့်ကြတာ။ အမေက ခဏပြန်ကောင်းသွားပေမယ့် နောက်ခဏအကြာမှာ သွေးတွေပြန်စထွက်တယ်။ ဒီတစ်ခါတော့ ချွေးစေးပြန်၊ သွေးပေါင်ကျတဲ့အထိ ဖြစ်သွားတာမို့ အမေ့ကိုအရေးပေါ်ဆေးရုံပို့ဖို့ စီစဥ်ကြပြန်တယ်။
အစ်မကြီးနဲ့ အဘွားရဲ့တူမနှစ်ယောက်တို့ ဆေးရုံလိုက်သွားချိန်မှာ ကျမနဲ့မေကြီးရယ်၊နီတာရဲ ကလေးငယ်လေးရယ်ပဲအိမ်မှာကျန်ခဲ့တာ။ နေ့လယ်မှာ အစ်မကြီးနဲ့ အဘွားရဲ့တူမတစ်ယောက် အိမ်ပြန်လာတယ်။ အစ်မကြီးက အိမ်ကိုရောက်ရောက်ချင်း ကျမကိုဖက်ငိုတယ်။
အမေ သွေးပေါင်မတက်တော့ဘူး။ ဆရာဝန်တွေကအသက်ကယ်ဖို့ကြိုးစားပေမယ့် အမေကဆုံးသွားပြီတဲ့။
အဘွားတူမနှုတ်က စကားသံတွေ မကြားတစ်ချက်ကြားတစ်ချက်။အစ်မကြီး ငိုသံတွေ၊ကျမတို့ရှေ့မှာကျတဲ့ အစ်မကြီးရဲ့မျက်ရည်တွေ…အဲဒီနေ့က နောက်ဆုံးပဲ။ အမေ့ကို သင်္ဂြိုဟ်စက်ထဲ ထည့်တဲ့အချိန်မှာ အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး မျက်နှာကြီးရဲနေတဲ့အထိ မျက်ရည်မကျအောင်ထိန်းနိုင်ခဲ့တဲ့ အစ်မကြီး…။
အဲဒီတုန်းက အဖေက ရာထူးတိုးနဲ့ နယ်မြို့လေးတစ်မြို့ကိုရောက်နေခဲ့တယ်။ အမေ့ရက်လည်တဲ့နေ့မှာ အဖေ ပြန်ရောက်လာတယ်။အဲဒီည လူစုံတယ်။ အဖေ့ရဲ့အစ်မတို့ လင်မယားလည်းရောက်နေတယ်။
“မမညိုပြောတာ မင်းသေသေချာချာ စဥ်းစား..ရဲကို။
မမညိုတို့မှာ သားသမီးလည်းမရနိုင်တော့ဘူး။ မင်းအလုပ်ကလည်း မင်းခစား ကမ်းနားသစ်ပင်။ ဒီကလေးလေးကို ဘယ်လိုစောင့်ရှောက်မလဲ။ ရတီကလည်း ဆယ်တန်းပြန်ဖြေဖို့ လုပ်ရအုံးမှာ။အငယ်မလေးကလည်းခြောက်တန်း တက်ရတော့မယ်။ငါတို့က မင့်သားကို အမွေစားအမွေခံမွေးမှာပါ။တစိမ်းကိုပေးတာလည်းမဟုတ်ပဲနဲ့ကွယ်´´
နီတာရဲလေးကို အစ်မကြီးက ပွေ့ချီထားတယ်။ကျမလက်က အစ်မကြီးလက်ကို ကိုင်ထားတယ်။
“ရတီ… ကျောင်းမတက်ချင်တော့ဘူး…အဖေ။ရတီ စက်ချုပ်ဝါသနာပါတယ်။စက်ချုပ်ပဲ သင်တော့မယ်။ ပြီးတော့ ရတီ မောင်လေးကို စောင့်ရှောက်မယ်´´
အစ်မကြီးက လူကြီးတစ်ယောက်ဖြစ်သွားတယ်လို့ ကျမထင်လိုက်မိတယ်။မောင်လေးကို စောင့်ရှောက်မယ်ဆိုတဲ့ အစ်မကြီးစကားကို ကြားတော့ ကျမပျော်သွားတာပဲ။ မျက်လုံးတွေက စိုလဲ့လဲ့နဲ့ အဖေပြုံးတယ်။
“သားငယ်လေးက မွှေးမွှေးရဲ့ နောက်ဆုံးကိုယ်ပွားလေးပါ မမညို။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့ သားသမီးတွေ တကွဲတပြား မဖြစ်စေချင်ပါဘူး။ နောက်နှစ် ဒီကို ပြန်ပြောင်းရအောင် ကျွန်တော့ကြိုးစားမယ်။ကျွန်တော့ သားသမီးတွေကို ကျွန်တော်တစ်ယောက်တည်းစောင့်ရှောက်မယ်´´
တစ်ချို့ကတိတွေကို အဖေတည်ခဲ့တယ်။အမေဆုံးပြီးတစ်နှစ်အကြာမှာ ကျမတို့မြို့လေးကို အဖေပြောင်းလာနိုင်ခဲ့တယ်။ဒါပေမဲ့..တစ်ယောက်တည်းစောင့်ရှောက်မယ်ဆိုတဲ့ စကားတွေကိုတော့ အဖေမေ့သွားပြီထင်ပါတယ်။ပြောခဲ့တဲ့စကားတွေထက် အမေ့ကို အဖေမေ့သွားပြီထင်ပါတယ်။
အဖေနဲ့အမေ့မင်္ဂလာဆောင်ဓာတ်ပုံကို အစ်မကြီးက ကျမတို့မောင်နှမတွေရဲ့အိပ်ခန်းထဲပြောင်းရွေ့ချိတ်လိုက်တယ်။အဖေနဲ့ အန်တီယုယုလက်ထပ်တုန်းက အစ်မကြီး ကြိတ်ငိုသံကြားလိုက်တယ်။ ကျွန်မကတော့ ဟန်ဆောင်ပြီး အိပ်ပစ်လိုက်တယ်။
နောက်နေ့မနက် အစ်မကြီးက စက်ချုပ်ခန်းထဲရာက်နေပြီ။တဂျောင်းဂျောင်းနဲ့ စက်နင်းသံအဆက်မပြတ်…
အိမ်မှာရှိနေတဲ့ အဖေတို့ကို မျက်နှာချင်းမဆိုင်ရအောင်အစ်မကြီးရှောင်တိမ်းမှု။ ကျမလည်း မောင်လေးကိုခေါ်ပြီး အစ်မကြီးနား သွားနေလိုက်တယ်။အိမ်ထဲမှာ ရယ်မောသံတွေလွင့်နေပေမဲ့ ကျမတို့နားထဲမှာ စက်နင်းသံတဂျုန်းဂျုန်းနဲ့…။
တစ်ခါတလေ ညဘက်တွေဆို အစ်မကြီး အိပ်မပျော်ဘူး။ ပြီးတော့ ပြတင်းပေါက်ဝမှာ ထိုင်ပြီး ကောင်းကင်ကို ငေးနေတတ်တယ်။ ကျမသိတယ်၊ အစ်မကြီး ကြယ်တွေကို ကြည့်နေတာတော့မဟုတ်ဘူး။ အတိတ်တွေကို လွမ်းနေတာလား။ရှေ့ရေးတွေးပြီး ရင်မောနေတာလား။ကျမက စာကျက်နေရင်း အစ်မကြီးဆီ မျက်လုံးရောက်သွားရင် မကြာခဏသက်ပြင်းကြိတ်ချတတ်တဲ့ အစ်မကြီးကို တွေ့ရတယ်။
“ကျမလက်မခံဘူး..အန်တီယု။ ဒါကြောင့် အန်တီယုတို့ ဘာမှဇွတ်မစီစဥ်ပါနဲ့´´
အိမ်ထဲကထွက်လာတဲ့အစ်မကြီးအသံက ပြောနေကျထက် နည်းနည်းလေးကျယ်တယ်။အပြင်ကပြန်လာတဲ့ ကျမခြေလှမ်းက တံခါးအကွယ်မှာရပ်တန့်သွားတယ်။
“လူကြီးတွေက ညည်းကောင်းစားဖို့စီစဥ်ပေးတာကို..
ဟား..ညည်းတော်တော်စေတနာစော်ကားတာပဲ။ဒီမယ်..မြရတီ၊ ညည်းအဖေက အရင်ကလို ငွေတွင်းကြီးမဟုတ်တော့ဘူး။အနားယူလိုက်ရတဲ့ ရောဂါသည်အဖိုးကြီးဖြစ်သွားပြီ။သူ့ပင်စင်လစာက သူ့ဆေးဖိုးတောင်လုံလောက်ရဲ့လား´´
အန်တီယုရဲ့လက်ညှိုးက အစ်မကြီးရဲ့မျက်နှာနားထိရောက်သွားတယ်။ အစ်မကြီးက မျက်လုံးတစ်ချက်တောင် ပင့်မကြည့်ဘဲ အင်္ကျီကိုပဲ ဂရုတစိုက်လက်ချုပ်လိုက်နေတယ်။
“မိဘကျေးဇူးဆပ်ချင်တယ်ဆိုတာ ပါးစပ်ကအော်နေရုံနဲ့မပြီးဘူး။ မိဘရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မှ သားသမီးကောင်းအေ့။တက္ကသိုလ်တက်နေတဲ့ ညည်းညီမလေးနဲ့ လူမမယ်ညည်းမောင်လေးတို့အတွက် ထည့်စဉ်းစားပါအုံး။ ညည်း ဖင်ချပ်တည်အောင်ထိုင်ပြီး သေတဲ့အထိ စက်ချုပ်တောင် အခုငါတို့သဘောတူတဲ့ ဦးနိုင်ထွန်း.. ညည်းကိုတင်တောင်းမယ်ဆိုတာလောက်တောင် မရဘူး။ ငါက အမေတစ်ယောက်အနေနဲ့ ကိုယ့်သမီးကို ချမ်းချမ်းသာသာမြင်ချင်လို့ ညည်းကိုယူခိုင်းနေတာ။ မုဆိုးဖိုဆိုတော့ရော ဘာဖြစ်လဲ။
အသက်အရွယ်ဆိုတာကရော ချက်စားလို့မရဘူး။ငွေရှိမှ အသက်ဆက်နိုင်မှာ …ညည်းသိလား။ ´´
အစ်မကြီး မျက်နှာမော့လာတယ်။ လက်ချုပ်လိုက်စအင်္ကျီကို စက်ခုံပေါ်တင်လိုက်ပြီး အစ်မကြီး မတ်တပ်ထရပ်လိုက်တယ်။
“ဒီမယ် အန်တီယု၊ အမေ့နေရာကို အဖေက ခင်ဗျားကိုထားလိုက်လို့ အဖေ့မိန်းမဖြစ်သွားပေမဲ့ ကျမတို့မောင်နှမတွေအတွက်ကတော့ အမေဆိုတာ ကျမတို့ကိုမွေးခဲ့တဲ့အမေတစ်ယောက်တည်းပဲရှိတယ်။ ဒါကြာင့်ကျမတို့ရဲ့ ဘဝကို ဘာလုပ်ပါညာလုပ်ပါဆိုပြီး လာမစီမံပါနဲ့။ ပြီးတော့ အခု ကျမရဲ့ ညီမနဲ့ မောင်လေးအတွက် ခင်ဗျားတာဝန်ယူနေရလား။ အမေဆိုတဲ့ ခေါင်းစဥ်လာတပ်ပြီး ကျမတို့ဘဝကို အမိန့်လာမပေးပါနဲ့။အန်တီယု..သွားပါတော့´´
အစ်မကြီးက ဒေါသစိတ်ကိုကြိတ်ပြီးမြိုသိပ်ကာ စကားလုံးတွေကို ထိန်းပြောနေတာနဲ့တူနေပါတယ်။ မင်္ဂလာဆောင်ပြီးတစ်နှစ်လောက်ပဲ အဖေက အိမ်မှာနေပါတယ်။နောက်ပိုင်း သွားရေးလာရေးအကြောင်းပြပြီး အဖေက ရုံးကပေးတဲ့တိုက်ခန်းမှာပြောင်းနေတယ်။ အိမ်စရိတ်ဆိုပြီး အစမှာ အဖေကပေးပေမဲ့ နောက်ပိုင်း အန်တီယုကပဲ အဲ့တာဝန်ကို လက်လွှဲယူလိုက်တာ။ အဖေ့တုန်းကလို လကုန်ဆို အိမ်ကိုငွေမရောက်ချင်တော့ဘူး။ နှစ်လ သုံးလမှ တစ်ခါလောက်ရောက်တော့တာ။
အဲဒီတုန်းက အစ်မကြီးစက်ချုပ်သင်ပြီးလို့ အိမ်ရှေ့အခန်းလေးကန့်ပြီး စက်ချုပ်ဆိုင်လေး ဖွင့်နေပြီ။ အဖေတို့ဆီက ငွေလာပို့ရင်ယူလိုက်ပြီး ငွေမပို့တဲ့လဆိုလည်း အစ်မကြီးရဲ့စက်ချုပ်ငွေလေးနဲ့ မြေးအဘွားလေးယောက် ချွေသုံးလိုက်တာပဲ။ ကျမဆယ်တန်းတက်တော့ ကျူရှင်က နှစ်ရစ်ခွဲပြီးငွေသွင်းရတယ်။ ပထမအရစ်ကို အဖေက သွင်းပေးခဲ့ပေမဲ့ နောက်ဆုံးအရစ်မှာတော့ ကျမကျူရှင်လခကို အန်တီယုက မပို့ပေးခဲ့ဘူး။
အဲ့တုန်းက PCO ကနေပဲဖုန်းအဆက်အသွယ်လုပ်ရတော့ အဖေ့ရုံးဆင်းချိန်မှန်းပြီး ဖုန်းဆက်တိုင်း အန်တီယုကပဲလာပြောတာ။ ကျူရှင်ခပေးရတော့မှာလို့စကားစလိုက်တိုင်း အကြောင်းအမျိုးမျိုးပြပြီး အန်တီယု ဖုန်းချသွားတယ်။
နင်တို့အဖေ…အပြင်ပြန်ထွက်သွားတယ်။
နင်တို့အဖေ …ရေချိုးနေတယ်။
နင်တို့အဖေ…ဧည့်သည်နဲ့စကားပြောနေတယ်…နဲ့။
တစ်ရက် အဘွားနေမကောင်းလို့ အဖေတစ်ယောက်
တည်းလာကြည့်တဲ့ညနေမှာ အဘွားက..
“ငါ့မြေးအပျိုလေး နားဖောက်ဟောင်းလောင်းနဲ့ ။
ရဲကို…ငါ့မြေးကို နားကပ်လေးတစ်ရံလုပ်ပေးလိုက်ပါအုံးကွယ်။´´
စကားပြောရင်းမောနေတဲ့ အဘွားရဲ့တောင်းဆိုသံအဆုံးမှ အစ်မကြီးနားမှာ နားကပ်လေးမရှိတော့တာသိခဲ့ရတာ။
ကျူရှင်ခပေးရမဲ့နောက်ဆုံးနေ့ရဲ့မနက်မှာ ကျမလက်ထဲ အစ်မကြီးက ပိုက်ဆံတစ်ထပ်ထည့်ပေးတယ်။ အဖေ့ငွေလို့ ကျမထင်ခဲ့ပေမဲ့ နောက်ပိုင်းမှကျမသိရတာ အစ်မကြီးရဲ့ နားကပ်လေးရောင်းပစ်လိုက်တာတဲ့။
အမေဆုံးပြီးတော့ အဘွားက အစ်မကြီးကိုနားဖောက်ပေးပြီး အမေဝတ်တဲ့ရွှေသားချည်းလုပ်ထားတဲ့နားကပ်လေးပန်ပေးထားတာ။ အဲ့နားကပ်လေးတဲ့။ အစ်မကြီးက နားဖုံးသွားအောင် ဆံပင်ကို လက်ကိုင်ပဝါနဲ့ခပ်လျော့လျော့စီးထားတော့ ကျမသတိမထားခဲ့မိဘူး။
အဖေခေါင်းညိတ်လိုက်လား၊မညိတ်လိုက်ဖူးလား ကျမ
မသိပါဘူး။ ကျမဆယ်တန်းအောင်တဲ့အထိ အစ်မကြီးမှာ နားကပ်မရှိသေးတာတော့ ကျမသတိထားမိတယ်။
ကျမ ဆယ်တန်းအောင်တော့
“ပညာရေးတက္ကသိုလ်တက်မယ်´´လို့ပြောလိုက်တယ်။
အစ်မကြီး ခဏလောက် နှုတ်ဆိတ်နေတယ်။ ပြီးတော့မှ “ကောင်းတယ်” တဲ့။
ဆယ်တန်းအောင်စာရင်းထွက်ပြီးလို့ စာအုပ်တွေရှင်းတုန်းက စာအုပ် ဗီရိုရဲ့အောက်ဆုံးမှာ စာရွက်တစ်ရွက်တွေ့တယ်။ နောက်တွဲဆံထုံးလေးနဲ့ အဖြူအစိမ်းဝတ်ဆရာမတစ်ယောက်ပုံခဲပန်းချီ။စာရွက်ရဲ့ အောက်ခြေမှာ ခဲတံနဲ့ ရေးထားတဲ့ စာလုံးလေးတွေ။“my dream´´တဲ့…
အစ်မကြီးက ကျောင်းပန်းချီပြိုင်ပွဲတိုင်း ဝင်ပြိုင်တယ်။ ဆုရတယ်။ ပြောရရင် အစ်မကြီးက ကျမထက်ပိုတော်တယ်။ကျွန်မ အဲဒီစာရွက်ကို ပြန်ထားခဲ့တယ်။ ဘာမှ မပြောခဲ့ဘူး။
တကယ်တော့ အစ်မကြီးက ကိုယ့်အိပ်မက်ကို ဖယ်ထားပြီး သူများအိပ်မက်ကို ပြုစုပေးခဲ့တာ။ကိုယ့်အိပ်မက်တွေကို အငယ်တွေဆီမှာ မက်ခွင့်ပေးလိုက်တာ။
ကိုယ့်မှာ မဖြစ်မြောက်ခဲ့တဲ့ အိပ်မက်တွေ၊ ကိုယ်မလှမ်းနိုင်ခဲ့တဲ့ လမ်းတွေ၊ ကိုယ်မဝတ်ခဲ့ရတဲ့ ဘွဲ့နှင်းသဘင်ဝတ်စုံတွေကိုအငယ်တွေဝတ်တဲ့အခါ ပီတိနဲ့ ကြည့်နေတဲ့အစ်မကြီး ကိုမြင်တော့ ကျမငိုမိတယ်။ကျမမျက်ဝန်းက စိမ့်ထွက်လာတဲ့ မျက်ရည်စက ကိုယ့်အိပ်မက်ကို ကိုယ်တိုင် မမက်ခဲ့ရတဲ့ အစ်မကြီးကိုကြည့်ပြီး စိတ်မကောင်းခဲ့လို့ပဲ။
အကြီးတွေ သိထားတဲ့ အမှန်တရားတစ်ခုရှိပါတယ်။
တစ်ခါတစ်လေ ကိုယ်ချစ်ရတဲ့သူတွေဆီမှာ ကိုယ့်အိပ်မက်တွေ ပွင့်နေတာကိုမြင်ရင် ကိုယ်တိုင်ပိုင်ဆိုင်ရတာထက်တောင် ပိုပြီးပြည့်စုံတယ်လို့ ထင်ခဲ့တာလေ…
အဲဒါကို အနစ်နာလို့ မခေါ်တတ်ကြတော့ဘူး။
ချစ်ခြင်းလို့ပဲ ခေါ်တတ်ကြတယ် မဟုတ်လား။
အကြီးဆုံးဆိုတဲ့ နေရာက ရွေးချယ်ခဲ့တာတော့မဟုတ်ဘူး။ မွေးလာရင်းနဲ့ အပ်နှံခံလိုက်ရတာ..
ကိုယ်တိုင်က မိခင်မဟုတ်ပေမယ့် မိခင်ရဲ့ တာဝန်တွေကို ခွဲယူရတယ်။ ကိုယ်တိုင်က ဆရာမဟုတ်ပေမယ့် အငယ်တွေရဲ့ ဘဝသင်ခန်းစာတွေကို သင်ပေးရတယ်။ ကိုယ်တိုင်က ကျောထောက်နောက်ခံမဟုတ်ပေမယ့် အိမ်တစ်အိမ်လုံးရဲ့ ကျောရိုးဖြစ်နေရတယ်။
ငါရှင်သန်မှ သူတို့ရှင်သန်မယ်ဆိုတဲ့ အတွေးက အကြီးတွေအတွက် ကျိန်စာလိုလည်းဖြစ်တယ်၊ ဂုဏ်တစ်ခုဆိုလည်း ဟုတ်တယ်။
ကိုယ့်အိပ်မက်တွေကို အိပ်မက်ဆိုးလို့ သတ်မှတ်ပြီး၊ ကိုယ့်လိုအင်ဆန္ဒတွေကို မလိုအပ်တဲ့အရာလို့ ဖယ်ထားရတဲ့ ဘဝမျိုး။
ချစ်ခြင်းက တစ်ခါတစ်လေ အော်ဟစ်ပြောဆိုတာမဟုတ်ဘူး။တိတ်တိတ်ဆိတ်ဆိတ်လေး အနစ်နာခံလိုက်တာ။ကိုယ့်မျက်ရည်ကို ကိုယ်တိုင်သုတ်ပြီး အငယ်တွေရဲ့မျက်ရည်ကိုလည်း ကိုယ်ကပဲ သုတ်ပေးနေတာ။
“အစ်မ… ဘာမှမသိပါဘူး´´
“ငါ့ဘဝ ငါ့ဆုံးဖြတ်ချင်တယ်´´
“ခေတ်နဲ့မလိုက်နိုင်တော့ဘူး၊အတွေးတွေက´´
ဒီစကားတွေကြားခဲ့ရတဲ့ တစ်ချို့အစ်မကြီးတွေကို မြင်ရင်…မြရတီ တကယ်စိတ်မကောင်းဖြစ်မိတယ်။ နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ရတဲ့ အစ်မကြီးတစ်ယောက်ရဲ့ရင်ထဲ ဓားသွားစိုက်လိုက်သလိုပဲ။
တစ်ခါတစ်လေ အငယ်တွေမသိဘူး။ သူတို့စားတဲ့ထမင်းတိုင်း၊ သူတို့ဝတ်တဲ့ကျောင်းဝတ်စုံတိုင်း၊ သူတို့ဖတ်တဲ့စာအုပ်တိုင်းမှာ အစ်မကြီးရဲ့ ချွေးတွေ၊ မျက်ရည်စက်တွေ ရောနှောနေတယ်ဆိုတာ။
သူတို့မြင်တာက “ စာမသင်ဖြစ်ခဲ့တဲ့အစ်မကြီး´´ ကိုပဲမြင်တာ။
“ ဟိုးအရင်တုန်းက..ကိုယ့်အတွက်ကြောင့် ကျောင်းထွက်လိုက်ရတဲ့အစ်မကြီး´´ ဆိုတာတော့ အငယ်တွေမမြင်ကြဘူး။
ဒါပေမယ့် အစ်မကြီးတွေ ငြိမ်နေတတ်တယ်။
ပြန်မရှင်းပြဘူး။
ပြန်မငြင်းဘူး။
ဘာလို့လဲဆိုတော့ သူတို့ခံစားနေရတာကို အငယ်တွေ မသိစေချင်လို့ပါ။ဒါမှ..အငယ်တွေက အေးချမ်းစွာနဲ့ ကိုယ့်အိပ်မက်တွေကို ဆက်လျှောက်နိုင်မှာမို့လား။
နာကျင်မှုကို မျိုချပြီး
“ဟုတ်တယ်… အစ်မလည်း သိပ်မသိဘူး´´
အဲလို ပြန်ပြောလိုက်ရတဲ့အစ်မကြီးတို့ရဲ့ ညတွေ။
အဲဒီညတွေမှာ ခေါင်းအုံးတွေစိုတယ်။
ဒါပေမယ့် နောက်နေ့မနက်ကျ ပြုံးပြီး ထမင်းထည့်ပေးရတယ်။ဒါလည်း ချစ်ခြင်းပါပဲ…။
အဖေတွေ အမေတွေနဲ့အတူ အစ်မကြီးတွေကရှေ့တန်းမှာ အမြဲပါခဲ့တယ်။မောင်နှမတွေထဲမှာ ပထမဆုံးအိပ်ရာထတယ်။အိမ်မှာ နောက်ဆုံးမှ အိပ်တယ်။
ပထမဆုံး ကိုယ့်အိပ်မက်ကိုစွန့်တယ်။
အမေဖျားရင် ညီမလေးကို သတိရတယ်။
အဖေပင်ပန်းရင် မောင်လေးကို အားကိုးတယ်။
အိမ်မှာ ပြဿနာတစ်ခုခုဖြေရှင်းရင် အစ်မကြီးကိုရှာတယ်။ဒါပေမယ့် ပျော်စရာရှိရင်၊ လက်ဆောင်တစ်ခုခုဝယ်ရင်၊ ဖုန်းဆက်ပြီးသတင်းကောင်းပြောရင် အစ်မကြီးက နောက်ဆုံးပဲ။မိသားစုတိုင်းမဟုတ်ပေမဲ့ မြရတီ အဲ့လိုမျိုးတွေ့ဖူးတယ်။
အစ်မကြီးက အားကိုးရတဲ့သူ။
ဒါပေမယ့် အားပေးခံရဖို့ လိုတဲ့သူလည်း ဖြစ်တယ်ဆိုတာ မေ့နေတတ်ကြတယ်။
အစ်မကြီးက ဖြေရှင်းပေးတတ်သူ။
ဒါပေမယ့် ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းရတဲ့သူလည်း ဖြစ်တယ်ဆိုတာ သတိမထားမိကြဘူး။
အစ်မကြီးက ချစ်တတ်သူ။
ဒါပေမယ့် ချစ်ခံဖို့လည်း ထိုက်တန်တယ်ဆိုတာ ဘယ်သူမှ မပြောဖြစ်ကြဘူး။
နောက်ဆုံးတော့ အကြီးတွေက အမေ့ခံလူတန်းစားတွေ..လို့။ဒါဟာ..တစ်ချို့အကြီးတွေ… နှစ်ပေါင်းများစွာ တိတ်ဆိတ်ခြင်းနဲ့ ဖြတ်ကျော်လာတဲ့ရင်ထဲကပဲအော်ဟစ်လိုက်ကြတဲ့အသံတစ်ခုပါ။
နာကျင်မှုကို အော်မပြောတတ်…
ပင်ပန်းမှုကို မငိုတတ်…
တမ်းတမှုကို မဖွင့်ဟတတ်…
အားနည်းချက်ပြရင် အိမ်တစ်အိမ်လုံး ပြိုလဲမှာစိုးလို့။
ကိုယ်လည်း လူပဲဆိုတာ ပြောမိရင် အားကိုးရာမဲ့သွားမှာစိုးလို့။
ကိုယ့်အတွက်လည်း တစ်ခုခုလိုချင်သေးတယ်ဆိုတာ သိသွားရင် အငယ်တို့ စိတ်ညစ်မှာစိုးလို့။
ဒါကြောင့် အကြီးတွေကနာကျင်တာကို ပြုံးပြတယ်။
ပင်ပန်းတာကို မြိုသိပ်တယ်။တမ်းတတာကို အိပ်မက်ထဲမှာပဲ မက်တယ်။ဒီလိုနဲ့. ..ရင်ထဲမှာပဲ ထားတာ အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။
ဘာလိုအပ်လည်းလို့မေးလာခဲ့ရင် ကိုယ့်အတွက်က ဘာမှမလိုအပ်တော့ဘူး။ အငယ်တွေ အဆင်ပြေပျော်ရွှင်နေရင် ရပြီ…
မြရတီလည်း အဲလိုပဲတွေးခဲ့တာ…
မိသားစုဆိုတဲ့ရပ်ဝန်းလေးမှာ မြရတီရယ်၊ညီမလေးရယ်၊မောင်လေးရယ်ပဲရှိတော့တယ်။အရင်ကတော့ လောကကြီးကို အလင်းပေးနိုင်တဲ့ လမင်းကြီးကို သိပ်အားကျတာပဲ။ အခုနောက်ပိုင်းတော့ လမ်းမပျောက်အောင် လမ်းပြပေးတဲ့ ဓူဝံကြယ်ရဲ့အလင်းလောက်ဆိုရင်ကို မြရတီ ကျေနပ်ပြီ။ ညီမလေးနဲ့ မောင်လေး အဲဒီလူသားလေးနှစ်ယောက်အတွက် မြရတီက ဓူဝံကြယ်လေးဖြစ်ခွင့်ရရင်ကို ကျေနပ်နေပါပြီ……
ခင်ဦ