ဆားပုလင်းနှင်းမောင်နှင့် ဂစ်ဒီစိန် (စ-ဆုံး)
မင်းသိင်္ခ
တစ်နေ့သ၌ မဂိုလမ်း (ယခု ရွှေဘုံသာလမ်း)ရှိ “ပိုရတနာ စိန်တိုက်” ပိုင်ရှင်ကုန်သည်ကြီး ဦးပိုဆိုသူ အသတ်ခံရကြောင်း ပန်းဘဲတန်းဂါတ်မှ ကျွန်ုပ်တို့ အင်းစိန် စီအိုင်ဒီသို့ အကြောင်းကြားသဖြင့် ကျွန်ုပ်နှင့် ကျွန်ုပ်မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်တို့သည် စီအိုင်ဒီပိုင် အော်စတင်ကားနက်ကလေးဖြင့် မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) သို့ ထွက်လာခဲ့ကြလေ၏။
ကျွန်ုပ်သည် ကားကို မဂိုလမ်း (ယခုရွှေဘုံသာလမ်း) အတွင်းသို့ ချိုးဝင်သည့်အခါ၌ ကိုနှင်းမောင်က ကျွန်ုပ်၏လက်ကို ရုတ်တရက် ပုတ်လိုက်ပြီးလျှင်
“အိုင်ပီ ကားကို ဒီနေရာမှာပဲ ရပ်ထားပြီး ဆင်းလျှောက်သွားကြရင် ကောင်းမယ် ထင်တယ်”
ဟု ပြောလိုက်သဖြင့် ကျွန်ုပ်လည်း ကားကို လမ်းထိပ်၌ပင် ရပ်လိုက်ပြီးနောက် ခြေကျင် လျှောက်ခဲ့ ကြလေ၏။
“ကျုပ်တို့ကားကို အပြင်လူတွေ မသိတာ အကောင်းဆုံးပဲဗျ”
ကိုနှင်းမောင်သည် လမ်းလျှောက်ရင်း မော်တော်ကားကို လမ်းထိပ်၌ ရပ်ထားခဲ့ရခြင်းနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို ပြောပြလေ၏။
ကျွန်ုပ်တို့နှစ်ဦးသည် စကော့ဈေး (ယခု ဗိုလ်ချုပ်အောင်ဆန်းဈေး) ဘက်လောက်မှ မဂိုလမ်းအတိုင်း (ယခု ရွှေဘုံသာလမ်း) လျှောက်လာရာ ကုလားဗလီကြီးတစ်လုံးကို ကျော်လွန်ပြီး အနည်းငယ်မျှ လျှောက်လိုက် သည်နှင့် တစ်ပြိုင်နက် ''ပိုရတနာ'' စိန်တိုက်သို့ ရောက်ရှိလေတော့သည်။
၎င်းစိန်တိုက်ရှေ့ရှိ ပလက်ဖောင်းပေါ်၌လည်း လာရောက်ကြည့်ရှုသူများ ပြည့်နှက်နေသည် ဖြစ်ရာ ပန်းဘဲတန်းဂါတ်မှ ပုလိပ်ကလေးတစ်ဦးက နံပါတ်တုတ်တရွယ်ရွယ်နှင့် သွားကြ သွားကြဟု ဆိုကာ ရှင်းလင်းနေသည်ကိုလည်း တွေ့ရလေ၏။
လာရောက်ကြည့်ရှုသူများအထဲမှ တစ်ယောက်သောသူက စိန်တိုက်အတွင်းသို့ ခေါင်းမျှော်၍ ကြည့်ပြီးနောက်
"အလကားပါ၊ ပုလိပ်တွေ အလောင်းဘေးမှာ လမ်းသလားနေတာပါ၊ အမှုလည်းပေါ်မှာ မဟုက်ပါဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ ပျောက်သွားမယ့် အမှုပါ''
ဟု ကျယ်လောင်စွာ ပြောလေ၏။ ထိုသူ၏ စကားကို ထောက်ခံသော အခြားနှစ်ဦး၊ သုံးဦးကလည်း တရားခံ မဖော်နိုင်ပါဘူးဟူ၍ လည်းကောင်း၊ ပုလိပ်ဆိုတာ လာဘ်စားဖို့လောက်တတ်တာ၊ တရားခံ မပေါ်တဲ့အမှုကို ပေါ်အောင်လုပ်တတ်တာမှ မဟုတ်ဘဲ ဟူ၍လည်းကောင်း ကျွန်ုပ်တို့ မြန်မာပြည်ပုလိပ်အဖွဲ့ကြီးအား တစ်ယောက်တစ်ပေါက် ဆိုသလို ကောင်းချီးသြဘာပေးကြလေတော့သည်။
ထိုစဉ် ကျွန်ုပ်တို့လျှောက်လာသည်ကို လှည့်၍ ကြည့်မိသောသူတစ်ယောက်က ကိုနှင်းမောင်ကို မြင်ဖူးသည် ဖြစ်ရာ သူ၏ဘေးမှ အဖော်အား
"အဲဒါပေါ့ဗျ၊ ဆားပုလင်းနှင်းမောင်ဆိုတာ''
ဟု လက်တို့၍ ပြောလိုက်ရာ အပြောခံရသူက အူရားဖားရား လှမ်းကြည့်ပြီးလျှင်
"ဆားပုလင်းနှင်းမောင် ဆားပုလင်းနှင်းမောင်နဲ့ နာမည်ကြီးနေတာ အခုမှပဲ လူကိုယ်တိုင် မြင်ဖူးတော့တယ်ဗျာ။ လူကတော့ တကယ့် လူချောလူခန့်တစ်ယောက်ပါပဲလား''
ဟု ချီးကျူးလေ၏။
ကျွန်ုပ်တို့နှစ်ယောက်သည် လူအုပ်အတွင်းမှပင် တိုးဝှေ့၍ စိန်တိုက်အတွင်းသို့ ဝင်ခဲ့ကြရလေ၏။ အတွင်း၌ကား ပန်းဘဲတန်းဝါက်မှ ဦးစံအောင်ဟုခေါ်သော လွန်စွာ ထုံထုံထိုင်းထိုင်းနိုင်သည့် ရာဇ၀တ်အုပ်ကြီးကို လည်းကောင်း၊ ဝင်းအောင် ဟုခေါ်သည် ပုလိပ် စာသင်တစ်ဦးကို လည်းကောင်း တွေ့ရလေ၏။ ထိုသူနှစ်ဦးအပြင် ကျွန်ုပ်တို့ စီအိုင်ဒီမှ စုံထောက်အရာရှိ ဦးကိုကိုကြီးနှင့် ကိုအောင်မြင့်တို့ကိုပါ တွေ့ရလေ၏၊ သူတို့သည် ကြမ်းပြင်ပေါ်၌ စန့်စန့်ကြီး သေနေသော စိန်ကုန်သည် ဦးပို၏ အလောင်းအား ကလေးများ ဝိုင်းကြီးပတ်ပတ် ကစားသကဲ့သို့ ဝိုင်းပတ်ကာ ကြည့်ရှုနေကြလေ၏။
"ဟာ... ကိုနှင်းမောင်ပါလား''
ဟု ဦးကိုကိုကြီးက နှုတ်ဆက်လိုက်ရာ ဦးစံအောင်ဆိုသော ရာဇဝတ်အုပ်ကြီးက မော့၍ ကြည့်လိုက်ပြီးလျှင်
"ေဩာ် စကော့တလန်ယာဒ်က စုံထောက်ကြီးရဲ့ နည်းကို ခိုးချပြီး နာမည်ကြီးနေတဲ့ ဆားပုလင်းနှင်းမောင် ဆိုတာလား''
ဟု ကိုနှင်းမောင်အပေါ်၌ မနာလိုစိတ်များ ဖုံးဖိ၍ မထားနိုင်တော့ဘဲ အသားလွတ် တွယ်လိုက်လေ၏။
ကိုနှင်းမောင်းသည် ၎င်း ဦးစံအောင် တစ်ချက်မျှ လှမ်းကြည့်ပြီးလျှင် တစ်စုံတစ်ရာ ပြန်ပြောခြင်း မပြုဘဲ စိန်ကုန်သည် ဦးပို၏ အလောင်းအနီးသို့ ချဉ်းကပ်ကာ အသေးစိတ် ကြည့်ရှုလေ့လာတော့၏။
ကိုနှင်းမောင်၏ အပြုအမူမှာ ဦးစံအောင်အား လွန်စွာအောက်တန်းကျသော ခင်ဗျားလို လူကို ကျုပ်အနေနှင့် အဖက်လုပ်ပြီး ပြောစရာ မလိုဘူးဟု ပါးစပ်ဖြင့်ဖွင့်၍ ပြောလိုက်သည်ထက်ပင် ပြည့်စုံစွာ နားလည်စေ၏။
ကျွန်ုပ်လည်း ကိုနှင်းမောင်နှင့်အတူ စိန်ကုန်သည် ဦးပို၏ အလောင်းကို ကြည့်ရှုမိလေ၏။ ဦးပိုသည် မျက်လုံး လွန်စွာ ပြူးကျယ်ပြီးလျှင် အပေါ်သွားနှင့် အောက်သွား၏ အကြားမှ လျှာကလေးတစ်လစ် ပြုလျက် သေနေပေပြီ။ မျက်နှာအောက်ပိုင်းနှင့် ခြေသလုံးများသည်လည်း မြင်မကောင်းလောက်အောင် ညိုမည်း၍နေလေ၏။ အလောင်းကြီးမှာ မြင်ရသူ၏စိတ်ကို တုန်လှုပ်ချောက်ချား စေလေသည်။
ကျွန်ုပ်သည် ရွံရှာခြင်း၊ ကြောက်ရွံ့ခြင်းစသော ဝေဒနာနှစ်မျိုးကြောင့် အလောင်းကြီးအနီးသို့ မကပ်တော့ဘဲ ခပ်ခွာခွာနေလိုက်သော်လည်း ကိုနှင်းမောင်မှာမူ အလောင်းကြီး၏မျက်နှာနှင့် သူ၏မျက်နှာကို ပူးကပ်လျက် အလောင်းကြီး၏ ပါးစပ်ကို နမ်းရှုပ်နေသည်ကို ထူးဆန်း ဖွယ်ရာ တွေ့ရှိရလေသည်။
ထို့နောက် သေဆုံးသူ၏ တိုက်ပုံအင်္ကျီအတွင်းမှ ပစ္စည်းများကို နှိုက်ယူ၍ ကြမ်းပြင်၌ စုပုံလိုက်ရာ အောက် ဖော်ပြပါပစ္စည်းများကို တွေ့ရှိရလေ၏။
(၁) ရိုးကုမ္ပဏီတွင်ရောင်းချသော လှံတံဆိပ် လက်ကိုင်ပဝါတစ်ထည်၊
(၂) စိန်ကြည့်သော မှန်ဘီလူး အသေးစားတစ်လက်၊
(၃) ကျားတံဆိပ် ပရုတ်ဆီပုလင်းကလေး တစ်လုံးနှင့်
(၄) လက်တစ်ဆစ်ခန့်ရှည်သော လေးမြှောင့်သဏ္ဌာန်ကျောက်တုံး မည်းမည်းချွန်ချွန်ကလေး
တို့ဖြစ်လေ၏။
ရာဇဝတ်အုပ် ဦးစံအောင်သည် ထိုကျောက်တုံး ကလေးကို ကောက်ယူကြည့်ပြီးနောက်
“ဒီကျောက်တုံးကလေးဟာ အဆောင်အဖြစ် ဆောင်ထားတဲ့ ကျောက်တုံးကလေးပဲ၊ ဒါကြောင့် သေဆုံးသူ ဦးပိုဟာ လောကီပညာကို ယုံကြည်တယ်လို့ အတပ်ပြောနိုင်တယ်”
ဟု ကျယ်လောင်စွာ ပြောလေသည်။
တစ်ဖန် ဦးစံအောင်၏လက်တွင်းမှ ကျောက်တုံး ကလေးကို ဆာသင်ဝင်းအောင်က တောင်းယူပြီးလျှင် သေချာစွာ ကြည့်၍
“မဟုတ်ဘူး ဆရာ၊ ဒီကျောက်တုံးကလေးဟာ ရွှေစစ် မစစ် တိုက်ကြည့်ရတဲ့ မှတ်ကျောက်ဖြစ်တယ်''
ဟု ပါးစပ်အတွင်းမှ တံတွေးများ စဉ်ထွက်သည်အထိ အဆမတန်မြန်စွာ ပြောဆိုလေ၏။
တစ်ဖန် ကိုအောင်မြင့်က ယူကြည့်၍
“ခင်ဗျားတို့ နှစ်ယောက်စလုံး မှားတယ်၊ ဒီဥစ္စာ တိုင်းရင်းသား လူတစ်မျိုးရဲ့ သေနတ်မှာ အသုံးပြုတဲ့ ကျည်ဆန်ထိပ်ဖူး ဖြစ်တယ်ဗျ၊ ဒါကြောင့် ဒီလူသတ်မှုဟာ တိုင်းရင်းသား တစ်ယောက်ယောက်နဲ့ ပတ်သက်နေတယ်လို့ ယူဆရမယ်"
ဟု ဆိုပြန်၏။ ကျောက်တုံးကလေးနှင့် ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ ပြောဆိုနေကြသဖြင့် ကျွန်ုပ်လည်း မနေနိုင်တော့ဘဲ ထိုကျောက်တုံးကလေးကို တောင်း၍ ကြည့်မိလေ၏။ လက်တစ်ဆစ်ခန့်ရှိ၍ လေးမြှောင့်သဏ္ဌာန် သွေး၍ထားသော ကျောက်တုံးမည်းမည်းချွန်ချွန်ကလေး ဖြစ်သည်ဆိုသည်မှအပ ဦးပိုနှင့် မည်သို့မည်ပုံ ပတ်သက်သည်ကို ကျွန်ုပ်အနေနှင့် လုံးဝ ပြောဆိုနိုင်ခြင်း မရှိပါ။
ကိုနှင်းမောင်သည် ကျောက်တုံးကလေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်းမပြုဘဲ ဦးကိုကိုကြီးဘက်သို့ လှည့်ကာ
“အိုင်ဆေး ဦးကိုကိုကြီး၊ ဦးပို သေတာကို ဘယ်သူက အရင်ဆုံး တွေ့တာလဲ"
ဟု မေးလိုက်ရာ ဆာသင်ဝင်းအောင်က
"ဦးပိုရဲ့ စာရေးဘာဘူလေးဆိုတဲ့ ကုလားလေးက အရင်ဆုံး တွေ့တာပဲ"
ဟု ဝင်ရောက်ဖြေဆိုလေ၏။ ထို့ကြောင့် ကိုနှင်းမောင်သည် ဘာဘူလေးကို ခေါ်၍ အောက်ပါအတိုင်း မေးမြန်းလေသည်။
“ဒီမှာဘာဘူလေး၊ မင်းဆရာဦးဖိုသေတာကို ဘယ်လို တွေ့သလဲ”
"ဆရာဟာ တစ်ခါတလေ အရေးကြီးရင် အိမ်မပြန်ဘဲ ဒီမှာ အိပ်တယ်”
"အရေးကြီးရင်ဆိုတာ ဘယ်လိုလဲကွ"
“အရေးကြီးရင်ဆိုတာက စိန်ထည်ပစ္စည်း ကြီးကြီးမားမား ရောင်းဝယ်ဖို့ရှိရင်လို့ ပြောတာပါ''
“ဦးပိုအိမ်က ဘယ်မှာလဲ”
“ဘောက်ထော်မှာ ဆရာရဲ့တိုက် ရှိပါတယ်”
“ကဲ ကဲ ဦးပို သေတာကို တွေ့ပုံပဲ ပြောပါဦး''
“ကျွန်တော် မနက်က လာတော့ ဆိုင်တံခါးဟာ အပြင်က သော့ခတ်ထားတာကို မတွေ့ရကတည်းက ဆရာဟာ ညက အရေးကြီးလို့ ဘောက်ထော်ကိုမပြန်ဘဲ ဒီမှာ အိပ်တယ်လို့ ထင်မိပါတယ်၊ ဒါနဲ့ တံခါးကို တွန်းကြည့်တော့ အထဲက ချက်မချထားလေတော့ တံခါးဟာ တစ်ခါတည်း ပွင့်သွားတာနဲ့ ကျွန်တော်လည်း ဆိုင်ထဲ ဝင်ခဲ့ပါတယ်၊ အဲဒီမှာ ဆရာဟာ ဒီအတိုင်း သေနေတာကို တွေ့ရတာနဲ့ ချက်ချင်းပဲ ဟိုဘက်ဆိုင်က ဘဂဝမ်ဆိုတဲ့ လူကို သွားပြောပါတယ်''
“ကောင်းပြီး ဘာဘူလေး၊ ဘဂဝမ်ကို ခေါ်ခဲ့စမ်း''
အချိန်အနည်းငယ်အတွင်း၌ ဘဂဝမ် ရောက်၍ လာ၏။
ကိုနှင်းမောင်သည် ဘဂဝမ်အား အောက်ပါအတိုင်း မေးမြန်းပြန်လေ၏။
“ဘဂဝမ် ညက ဘယ်မှာအိပ်သလဲ”
"ဘရားဆပ် ကျွန်တော် ဆိုင်မှာပဲ အိပ်ပါတယ်”
"ကောင်းပြီ၊ ညက ဦးပို ဒီမှာပဲ အိပ်တာကော မင်းသတိထားမိသလား''
"သိတာပေါ့၊ ဦးပို ညက အရက်အားကြီး မူးတယ်၊ ကျွန်တော် အိပ်ရာထဲကနေ ဦးပို မူးနေတာကို ကြားရတယ်။ စိန်တွေ၊ စိန်တွေ၊ ဘုရားတွေ၊ ကုလားတွေ၊ ငါးတွေ၊ သရဲတွေနဲ့ အော်နေတယ်”
အထက်ပါအတိုင်း ဘဂဝမ်က ပြောလိုက်သည့်အခါ ကိုနှင်းမောင်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားလေ၏။ တစ်စုံတစ်ရာကို လေးလေးနက်နက် စဉ်းစားနေပုံ ရလေ၏။
ထို့နောက်
“ဘဂဝမ် မင်းသွားတော့၊ ဘာဘူလေးကို ပြန်ပြီး ခေါ်လိုက်စမ်း”
ဟု ဆိုသဖြင့် ဘဂဝမ်သည် ဘာဘူလေးကို ခေါ်ပေးရပြန်လေသည်။
ဘာဘူလေး ရောက်လာသည့်အခါ၌ ကိုနှင်းမောင်က
“ဘာဘူလေး၊ မင်းကို မေးဖို့ တစ်ခုကျန်နေတယ်၊ မင်းမနက်က ဒီဆိုင်ရဲ့ တံခါးကို တွန်းဖွင့်ပြီး ဝင်ခဲ့တယ်လို့ မင်းက ပြောတယ်"
ဟု မေးလိုက်ရာ ဘာဘူလေးက
“ဟုတ်ပါတယ် ဆရာ"
ဟု ပြန်၍ ဖြေလေ၏။
“ဒီလိုဆိုရင် ဆိုင်အပြင်က မျောက်လက်လို့ ခေါ်တဲ့ သော့ခတ်တဲ့ အပေါက်ဟာ ဒီအတိုင်းပဲ တွေ့ရသလား၊ ဒါမှမဟုတ် တုတ်ကလေးတစ်ခုခုနဲ့ ကလန့်ထားတာကို တွေ့ရ သလား၊ အဲဒါကို ဖြေပါ”
"တုတ်ကလေးတစ်ခုနဲ့ ကလန့်ထားတာကို တွေ့ရပါတယ်''
"ကောင်းပြီ ဘာဘူလေး၊ မင်းသွားနိုင်ပြီ''
ကိုနှင်းမောင်သည် ဘာဘူလေးအား လွှတ်လိုက်ပြီးနောက် ဦးပို၏ စာရွက်စာတမ်းများ သိမ်းဆည်းသော ဗီရိုကိုဖွင့်၍ မွှေနှောက် ရှာဖွေလေတော့၏။ ဆယ်မိနစ်ခန့် ရှာဖွေပြီးလျှင် ဖိုင်တွဲတစ်ခုကို ဆွဲထုတ်လိုက်ပြီးနောက် ဖွင့်ကြည့်လိုက်ရာ အတွင်း၌ စိန်အမျိုးမျိုး၏ ဓာတ်ပုံ တွေ့ရှိရသည့်အပြင် ကျွန်ုပ်တို့ စောစောပိုင်းက တွေ့ရှိခဲ့သော လေးမြှောင့်သဏ္ဌာန်ကျောက်တုံး မည်းမည်းရှည်ရှည်ကလေးနှင့် တစ်ပုံစံတည်း တူညီသော လွန်စွာပြောင်လက်သည့် စိန်တုံးတစ်တုံး၏ ဓာတ်ပုံကိုပါ ထူးဆန်းစွာ တွေ့မြင်ရလေ၏။
၎င်း ဓာတ်ပုံကို တွေ့ရှိလိုက်သည့်အခါ၌ ကျောက်တုံးမည်းမည်းကလေးအား လောကီအဆောင်ဟု ပြောခဲ့သော ရာဇဝတ်အုပ်ကြီး ဦးစံအောင်သည်လည်းကောင်း၊ ရွှေကို
စမ်းသော မှတ်ကျောက်ဟု ပြောသည့် ဆာသင်ကြီးဝင်းအောင် သည်လည်းကောင်း၊ သေနတ်ကျည်ဆန် ထိပ်ဖူးဟုပြောခဲ့သည့် ကိုအောင်မြင့်သည်လည်းကောင်း အကြီးအကျယ် မျက်နှာပျက်၍ သွားကြလေ၏။ ထို့နောက် ကျောက်တုံးမည်းမည်းကလေးအား မည်သည့်ပစ္စည်းဖြစ်သည်ဟု ၎င်းတို့ ကိုယ်တိုင် ဂဃနဏမသိကြောင်း ၎င်းတို့၏မျက်နှာများ၌ ဖော်ပြလျက်ရှိကြလေ၏။
"ဘာပဲဖြစ်ဖြစ် ဒီအမှုကို နှစ်လအတွင်းပေါ်အောင် ကျုပ် တာဝန်ယူတယ်”
ဟု ဦးစံအောင်က ဆိုလေ၏။
“နှစ်လတောင် မလိုပါဘူး၊ တစ်လခွဲအတွင်း ပေါ်အောင် ကျွန်တော် လုပ်နိုင်ပါတယ်”
ဟု ဆာသင်ကြီးက ပြောပြန်၏။
“အင်းလေ ဟုတ်မှာပေါ့၊ ခင်ဗျားတို့က ဒီအမှုမျိုး အတွေ့အမြင် နည်းပါးလေတော့ အဲဒါလောက် ကြာပေမှာပေါ့။ကျုပ်တို့ကတော့ ဒါမျိုးတွေ တွေ့ရပေါင်း များနေပြီ၊ တစ်လအတွင်း ပေါ်အောင် ကျုပ် လုပ်ပြမယ်”
ဟု ကိုအောင်မြင့် က တစ်ဘက်လူကို နှိမ်၍ ပြောလိုက်ရာ တစ်လျှောက်လုံး ငြိမ်သက်စွာ နားထောင် နေသည့် ဦးကိုကိုကြီးက ဟက်ဟက်ပက်ပက် ရယ်မော၍
“ဟား ဟား ဟား၊ တစ်ယောက်က နှစ်လ၊ တစ်ယောက်က တစ်လခွဲ၊ တစ်ယောက်က တစ်လတည်းနဲ့ အမှုကို ဖော်နိုင်မယ် ဆိုပါလား၊ ကဲ ကိုနှင်းမောင်၊ ခင်ဗျား က ဒီအမှုကို ဖော်ဖို့အချိန် ဘယ်လောက်ယူမလဲ”
ဟု ကိုနှင်းမောင်ဘက်သို့ လှည့်မေးလိုက်ရာ
ကိုနှင်းမောင်သည် ကျောက်တုံးမည်မည်းလေးအား ကြမ်းပြင်ပေါ်မှ ကောက်ယူ၍ နမ်းလိုက်ပြီးလျှင်
“တရားခံကို အခုပဲ ဖမ်းပေးလိုက်မယ်၊ ခင်ဗျားတို့ အားလုံး ဒီမှာ စောင့်နေပါ''
ဟု ဆို၍ ကျွန်ုပ်အား ခေါ်ယူ၍ လမ်းထိပ်သို့ ခပ်သုတ်သုတ် ထွက်သွားတော့၏။
လမ်းထိပ်သို့ ရောက်လျှင် ၎င်းကိုယ်တိုင် ကားကို မောင်းလျက် မအူကုန်း အမဲဈေးအနီးသို့ သွားလေ၏။ အမဲဈေးကိုလွန်၍ သစ်ဆိုင်တန်းအနီး အမှိုက်ပုံကြီးနှင့် ကပ်လျက်ရှိသော ကွက်လပ်ကြီးအတွင်း၌ ငှက်ပျောပင်များ ဝန်းရံထားသော နေရာအနီးတွင် ကားကို ရပ်လျက်
တောင်ကြည့် မြောက်ကြည့် ကြည့်လိုက်ရာ လွန်စွာပေကျံသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကုလားတစ်ယောက်သည် ငှက်ပျောပင်များကြားမှထွက်၍လာသော ကိုနှင်းမောင်ကို တွေ့လျှင် အားရဝမ်းသာနှင့်
"ဟာ အစ်ကိုနှင်းမောင်ပါလား၊ ဘာကိစ္စလဲ”
ဟု မေးလေ၏။
ကိုနှင်းမောင်သည် ဘောင်းဘီအိတ်အတွင်းမှ ကျောက်တုံးမည်းမည်းကလေးကို ထုတ်၍ လက်ဝါးပေါ်၌ တင်ကာပြလျက်
“ဟေ့ ကြက်ကလေး၊ ဒါ ဘယ်သူ့ဟာလဲကွ"
ဟု မေးလိုက်ရာ ကြက်ကလေးအခေါ်ခံရသော ကုလားက
“တာမွေသင်္ချိုင်းထဲက ဘာဘာ့ ဥစ္စာပါ''
ဟု မဆိုင်းမတွေ ဖြေဆိုလေ၏။
ကိုနှင်းမောင်သည် ၎င်းကုလားအား နှုတ်ဆက်ပြီးနောက် ကားပေါ်ပြန်တက်ကာ တာမွေသင်္ချိုင်းသို့ မိုင်နှုန်းများစွာနှင့် မောင်းနှင်လေတော့၏။ တာမွေသင်္ချိုင်းဇရပ်ကြီး တစ်ခုအနီးရှိ အုတ်ဂူပျက်ကြီးတစ်ခုရှေ့၌ ကားကိုရပ်လိုက်၍ အုတ်ဂူပျက်၏ တစ်ဖက်ကြားသို့ လျင်မြန်စွာ လျှောက်သွားသဖြင့် ကျွန်ုပ်လည်း ၎င်းနှင့်ထက်ကြပ်မကွာ ပြေး၍ လိုက်ခဲ့ရာ အုတ်ဂူကို မှီလျက် ဆေးခြောက်ရှူနေသော ကုလားအဖိုးကြီးတစ်ဦးကို တွေ့ရလေ၏။
၎င်းအဘိုးကြီး၏ မုတ်ဆိတ်မွေးများမှာ လွန် ရှည်လျားသည်ဖြစ်၍ တင်ပျဉ်ခွေ၍ ထိုင်နေသော ပေါင်များပေါ်သို့ မုတ်ဆိတ်မွေးများ ကျလျက်ရှိသည်ကို သတိပြုမိလေ၏။
ကိုနှင်းမောင်သည် ၎င်းအဘိုးကြီး၏လက်မှ ကျလင် ခေါ် ဆေးခြောက်ရှူသော မြေအိုးကလေးကို ဆတ်ခနဲ ဆွဲယူလိုက်ပြီးနောက် အိုးအတွင်းမှ ဆေးခြောက်များကို မြေပေါ်သို့ စုပုံသွန်ချလိုက်ရာ နောက်ဆုံး၌ မညီညာသော ကျောက်ခဲလေးတစ်လုံး ထွက်၍ ကျလာလေ၏။
ထိုအခါ ဘောင်းဘီအိတ်အတွင်း၌ ပါလာသော ဦးပို၏ အခန်းမှ တွေ့ရသည့် လေးမြှောင့်သဏ္ဌာန် ကျောက်ခဲကလေးကို အဘိုးကြီးအား ထုတ်၍ပေးလိုက်ရာ အဘိုးကြီးသည် ရီဝေမှုန်မှိုင်းသော မျက်လုံးများကို ပြူး၍နေအောင် ဖွင့်ပြီးလျှင် အောက်ပါ အဓိပ္ပာယ်ရသော ကုလားစကားကို ပြောလေ၏။
“အို ငါရဲ့ ချစ်စရာကောင်းတဲ့ ဂစ်ဒီကလေးကို မင်း ဘယ်က ပြန်တွေ့ခဲ့တာလဲ၊ ပျောက်သွားတာ ငါးရက်တောင် ရှိပြီ၊ သူ့အစား ဒီကျောက်ခဲကလေးကို အသုံးပြုနေရတယ်"
အဘိုးကြီးသည် ကိုနှင်းမောင်ပေးလိုက်သော လေးမြှောင့်သဏ္ဌာန် ကျောက်ခဲကလေးအား နမ်းရှုပ်လိုက်ပြီးနောက် ဆေးခြောက်အိုးအတွင်းသို့ အရှည်လိုက်ထည့်လိုက်ပြီးလျှင် အပေါ်မှ ဆေးခြောက်များကို ပြန်၍ သိပ်ထည့်ကာ ၎င်းအပေါ်မှ အုန်းဆံကြိုးလုံးကို မီးရှို့ထားသော မီးခဲအား တင်၍ အောက်တွင် အဝတ်စကလေး ပိတ်ကာ ရှူရှိုက်နေလေ၏။
တစ်ရှိုက်မျှ ရှိုက်ပြီးနောက်
"မျက်နှာဝိုင်းဝိုင်း နှုတ်ခမ်းမွေးနဲ့ ကောင်လေး ငါ့ဆီမှာ ဆေးခြောက်သောက်ရင်း ခိုးသွားတာကွ၊ ဒီကောင်ကလေးဟာ အစကတော့ သူဌေးသားပဲ၊ အခုတော့ လူလိမ်ဖြစ်နေပြီ။ သူ့အဖေရဲ့နာမည်ကိုလည်း သူပဲဖျက်ပစ်လိုက်တယ်။ သူ့နာမည်ကလည်း အဆန်းပဲ၊ မောင်မောင်ဘဘလို့ ခေါ်တယ်၊ ဝင်ဒါမီယာ နေတယ်၊ အေးလေ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းက မင်းပြန်ယူလာတာ ကျေးဇူးတင်ပါ့''
ဟု ဆိုကာ အဘိုးကြီးသည် ဆေးခြောက်ကို ရှု၍ နေလေ၏။
ကျွန်ုပ်တို့အားလည်း လုံးဝစကားပြောခြင်း မပြု တော့ပေ။
ကိုနှင်းမောင်သည် မော်တော်ကားဆီသို့ ပြန်၍ လာပြီးလျှင် တာမွေသင်္ချိုင်းကုန်းအပြင်သို့ ပြန်လည်၍ မောင်းထွက်ခဲ့ ရာ အဝိုင်းကြီးအနီးသို့ ရောက်လျှင် ဆိုက်ကားဂိတ်၌ ဆိုက်ကားငှားနေသော လူငယ်တစ်ဦးအား တွေ့သဖြင့် ၎င်းအနီး၌ ကားကို ရပ်လိုက်ပြီးလျှင် အောက်သို့ ဆင်းကာ
“ဒီမှာ ငါ့ညီ၊ ဆိုက်ကားကို ဈေးဆစ်မနေပါနဲ့ကွာ၊ အစ်ကို့ကားနဲ့ လိုက်ခဲ့ပါ”
ဟု ဆိုကာ ကားတံခါးကို ဖွင့်၍ တက်ခိုင်းလိုက်ရာ ထိုလူငယ်သည် အကြီးအကျယ် မျက်နှာပျက်လျက်
“ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲ”
ဟု ဆိုလေ၏။
“မင်းမှာရှိတဲ့အပြစ်က ဘာမှမကြီးပါဘူး၊ တာမွေ သင်္ချိုင်းထဲက ဆေးခြောက်ရှူတဲ့ ကုလားအဘိုးကြီးရဲ့ ဆေးခြောက်အိုးအောက်မှာ ဆို့ထားတဲ့ ဂစ်ဒီဆိုတဲ့ကျောက်တုံး အဆို့ကလေး ခိုးယူမှုပါပဲ၊ ငါ့ညီ တက်ပါကွာ”
ဟု ပြောလိုက်ရာ ထိုလူငယ်သည် မငြင်းနိုင်တော့ဘဲ ကားပေါ်တက်ရလေတော့၏။
ကို နှင်းမောင်သည် ကားကို မဂိုလမ်း(ယခု ရွှေဘုံသာလမ်း) ဘက်သို့ ပြန်မောင်းခဲ့ပြီးလျှင် ဦးပို၏ စိန်ရတနာတိုက်သို့ ထိုလူငယ်ကိုပါ ခေါ်ယူ၍ တက်ခဲ့လေသည်။ ဦးစံအောင် အပါအဝင် ကျွန်ုပ်တို့အား စောင့်ဆိုင်းလျက်ရှိသူများမှာ အလောင်းကြီး၏ နံဘေး၌ မူလအတိုင်း ပတ်ဝိုင်း၍ ထိုင်ကြည့်နေသည်ကို တွေ့ရလေ၏။
"ဟောဒီမှာ ပိုရတနာစိန်တိုက်ပိုင်ရှင် ဦးပိုကို သတ်သွားတဲ့ လူသတ်တရားခံဟာ သူပဲ၊ နာမည်က မောင်မောင်ဘဘလို့ ခေါ်တယ်”
ဟု ကိုနှင်းမောင်က ပြောလိုက်ရာ ရာဇဝတ်အုပ် ဦးစံအောင်သည် အံ့အားသင့်လွန်းသော မျက်နှာနှင့် မောင်မောင်ဘဘကို ကြည့်၍
“ဟုတ်သလားကွ”
ဟု မေးလိုက်ရာ မောင်မောင်ဘဘက
"ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော်သတ်သွားတာပါ”
ဟု ဖြေလိုက်တော့၏။
ထိုနေ့ညက ကျွန်ုပ်နှင့် ဦးကိုကိုကြီးက ဘုံဘေ ရက်စတောရင့်၌ ကိုနှင်းမောင်အား ညစာကျွေးကာ အမှု သဲလွန်စ ကောက်ယူပုံကို မေးမြန်းကြရလေ၏။
“လူသေမှုမှာ စူစိုက်ဒယ်လ် (Suicidal)၊ အက်စီဒင် တယ်လ် (Accidental)၊ ဟိုမီစိုက်ဒယ်(Homicidal) ဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေတာရယ်၊ မတော်တဆ သေတာရယ်။ သူများသတ်တာရယ်လို့ သုံးမျိုးရှိတဲ့ အမှုမှာ ဒီအမှုဟာ သူများသတ်တဲ့အမှုဖြစ်ကြောင်း အပြင်တံခါးချက်ကို ကန့်လန့် ထိုးသွားတာကလေး တစ်ချက်တည်းနဲ့ ပြောနိုင်ပါတယ်၊ ပြီးတော့ သေဆုံးသူ ဦးပိုဟာ လေပိတ်ပြီး သေတာဖြစ်ကြောင်း သူ့ရဲ့ ပြူးနေတဲ့မျက်လုံးနဲ့ သွားနှစ်ဘက်ကြားက တစ်လစ်ထွက်နေတဲ့ လျှာက သက်သေခံပါတယ်၊ ဒီလို လေပိတ်နေတဲ့ သူဟာ စပ်ဖိုကေးရှင်း (Suffocation) လို့ ခေါ်တယ်မဟုတ်လား၊ တစ်စုံတစ်ယောက် အသက်ရှူလို့မရအောင် နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ထားရမယ်၊ ဒါမှ သေနိုင်တာ၊ ပြီးတော့ သေပြီးနောက်မှာဖြစ်ပေါ်တဲ့ လက္ခဏာတွေဟာ အင်္ဂလိပ်လိုတော့ ပို့စ်မော်တန် စတိန်းနင်း (Postmorten Staining) လို့ခေါ်တဲ့ မျက်နှာအောက်ပိုင်းနဲ့ ခြေထောက်များမှာ သွေးတွေခဲပြီး ညိုမည်းနေတာလည်း လေပိတ်ပြီး သေကြောင်း သက်သေခံ အထောက်အထားတစ်ခုပါပဲ၊ ဒီတော့ ဦးပိုလိုထောင်ထောင်မောင်းမောင်း လူမျိုးကို နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး သတ်နိုင်တဲ့လူဟာ ခွန်အားဗလနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်လို့ ယူဆဖို့ရှိပါတယ်”
ကိုနှင်းမောင်သည် အထက်ပါအတိုင်း ရှည်လျားစွာ ပြောလိုက်လေ၏။ ထို့နောက် စီးကရက်ကို အားရပါးရ ရှိုက်ဖွာလိုက်ပြီးနောက် ဆက်လက်၍ ပြောပြန်သည်မှာ
"ဒါပေမဲ့ လူသတ်သမားရဲ့ ပစ္စည်းလို့ ဆိုနိုင်တဲ့ ပစ္စည်းက ဦးပိုရဲ့ အိတ်ထဲမှာ တွေ့ရတဲ့ လေးမြှောင့်သဏ္ဌာန် ရှည်ရှည်မည်းမည်း ကျောက်တုံးကလေးပဲ ဖြစ်တယ်။ အဲဒီပစ္စည်းလေးကို နမ်းကြည့်တော့ ဆေးခြောက်နံ့ရတယ်။ ဒီဥစ္စာဟာ ဦးစံအောင် ပြောသလို တိုင်းရင်းသား လူမျိုးတစ်မျိုးရဲ့ ကျည်ဆန် ထိပ်ဖူးဆိုတာလည်း မဟုတ်ဘူး၊ ဆေးခြောက်အိုးမှာ ဆေးခြောက်ရှူတဲ့အခါမှာ ဆို့ရတဲ့ ဆေးခြောက်ဆိုးရဲ့ အဆို့ကလေးပဲ၊ အဲဒါကို ဂစ်ဒီလို့ခေါ်တယ်၊ ကုလားစကားလို့ ထင်ပါတယ်၊ ဒီတော့ ဂစ်ဒီနဲ့ ဦးပိုဟာ ဘယ်လိုမှ ဆက်စပ် ကြည့်လို့ မရဘူး”
“ဟုတ်ပါတယ်၊ ကျုပ်ကိုသာ အမှုဖော်ခိုင်းရရင် တလွဲတွေ ဖြစ်ကုန်မှာပဲဗျို့''
ဟု ဦးကိုကိုကြီးက သူ့ဘာသာ ပြောလျက် ဟက်ဟက်ပက်ပက် ရယ်မောလေ၏။ ကိုနှင်းမောင်က ဆက်၍ ပြောပြန်သည်မှာ
''ဆေးခြောက်ရှူတဲ့လူတွေမှာ ဂစ်ဒီစိန်ဆိုတဲ့ ဒဏ္ဍာရီ ကလေးတစ်ခုရှိတယ်ဗျ၊ နှစ်ပေါင်းလေးဆယ် တစ်နေ့မပြတ်ရှူရင် ဂစ်ဒီကျောက်ခဲကလေးဟာ အပူရှိန်ကြောင့် စိန်ဖြစ်သွားတယ်လို့ ဆိုပါတယ်၊ မဖြစ်နိုင်တဲ့ ဒဏ္ဍာရီ ကလေးပါပဲ၊ ဒီတော့ စိန်ကုန်သည်နဲ့ ဂစ်ဒီစိန်ဆိုတော့ ဆက်စပ်လို့ ရသွားတယ်”
“ဟုတ်တာပေါ့ဗျာ"
ဟု ဦးကိုကိုကြီးက ဝင်ရောက်ထောက်ခံပြောလေ၏။ ထိုအခါ၌ ဆက်လက်၍ ကိုနှင်းမောင်က ပြောပြန်လေ၏။
“တစ်ဘက်ခန်းက ဘဂဝမ်ရဲ့ ပြောပြချက်အရဆိုရင် ဦးပိုဟာ ညကအရက်မူးတယ်လို့ ဆိုတယ်၊ ဒါပေမဲ့ ပါးစပ်ကို ကျပ်နမ်းကြည့်တာ အရက်နံ့ မရခဲ့ပါဘူး၊ ဒါပေမဲ့ ဘဂဝမ်က ဦးပိုဟာ စိန်တွေ စိန်တွေ၊ ဘုရားတွေ၊ ကုလားတွေ၊ ငါးတွေ၊ သရဲတွေလို့ အော်ဟစ်သံကို ကြားရတယ်လို့ အစစ်ခံထားတယ်၊ အဲဒါဟာ အရက်မူးတာ မဟုတ်ရင် တစ်စုံတစ်ခု အဆိပ်သင့်တာ ဖြစ်တယ်၊ အနီးစပ်ဆုံးကတော့ ဆုပ်ရင်စူး၊ စားရင်ရူး ဆိုတဲ့ ပဒိုင်းသီးရဲ့ အဆိပ်ပဲ၊ ပဒိုင်းသီးကိုတော့ အင်္ဂလိပ်လို ဒါဟူရာ (Dhatura) လို့ ခေါ်တယ်၊ အဲဒီအဆိပ်ကို ခတ်ပြီး ဦးပို သတိလက်လွတ်ဖြစ်နေတဲ့ အခါကျမှ သတ်တဲ့လူက နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး သတ်သွားတာ၊ ဦးပိုကို သတ်ဖို့အတွက် လူသတ်သမားဟာ ဆေးခြောက်သမားပီပီ ဂစ်ဒီစိန်ပုံပြင်ကိုပြောပြီး ဂစ်ဒီစိန်နဲ့ ပုံသဏ္ဌာန်ချင်းတူတဲ့ စိန်တုံးတစ်တုံးနဲ့ ချဉ်းကပ်ခဲ့ပုံရတယ်၊ ဒါကြောင့် ဆေးခြောက်အိုးထဲက ဂစ်ဒီ ကလေးကို ပြလိုက်ရုံနဲ့ ဘယ်ဆေးအိုးကလို့ဆိုတာ အတတ် ပြောနိုင်တဲ့ ဂန်ဂျာကင်းခေါ် ဂန်ဂျာဘုရင် ကြက်ကလေးဆိုတဲ့ မအူကုန်းက ကုလားကလေးက ဂစ်ဒီကိုကြည့်တော့ တာမွေ သင်္ချိုင်းထဲက ဘာဘာရဲ့ ဂစ်ဒီဖြစ်ကြောင်း သိရတယ်”
“သိပ်ဟုတ်ပါလား ကိုနှင်းမောင်''
ဟု ဦးကိုကိုကြီးက ဝမ်းမြောက်ဝမ်းသာ ချီးကျူးလေ၏။ ထို့နောက် ကိုနှင်းမောင်က ဆက်၍ပြောပြန်သည်မှာ
"တာမွေသင်္ချိုင်းက ဆေးခြောက်သမား အဘိုးကြီး ဘာဘာရဲ့ ပြောပြချက်အရ မောင်မောင်ဘဘဆိုတဲ့ နာမည် ကြားလိုက်ရကတည်းက ဒီအမှုကြီးဟာ ပြီးဆုံးသွားပြီဆိုတာကို ကျုပ်သိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မောင်မောင်ဘဘ ဆိုတဲ့ကောင်လေးကို ကျုပ်သိတယ်၊ သူ့အဖေဟာ လူကြီး လူကောင်းတစ်ယောက်ပဲ၊ အဖေရဲ့ နာမည်နဲ့ ဂုဏ်ကို အသုံးပြုပြီး လူရှုပ်တစ်ယောက်အဖြစ်နဲ့ စခန်းသွားနေတဲ့ ကောင်လေး ဖြစ်တယ်၊ ကဲ ဘာများ မေးစရာ ကျန်သေးလဲ အိုင်ပီ''
"မကျန် ပါဘူးဗျာ။ ရှင်းပါပြီ။ ဒီအမှုကိုလည်း ဆားပုလင်းနှင်းမောင်နဲ့ ဂစ်ဒီစိန်ရယ်လို့ အမည်ပေးလိုက်မယ်၊ ဘိန်းပဲဖြစ်ဖြစ်၊ ဆေးခြောက်ပဲဖြစ်ဖြစ် တယ်လဲ ဒုက္ခပေး ပါလား ကိုနှင်းမောင်''
"လူတွေကို စွဲလမ်းစေတဲ့သတ္တိရှိသလောက် ဒုက္ခပေးတဲ့ နေရာမှာလဲ အစွမ်းထက်တယ်ဗျို့။ ဘိန်း၊ ဘင်း၊ ကစော်၊လှော်စာ၊ အရက်လို့ ဆိုထားတဲ့အရာတွေကို ဒါကြောင့် ပညာရှိများက တားမြစ်ခဲ့တာပေါ့ဗျာ”
ထို့နောက် ကျွန်ုပ်တို့အား ဘိန်း၏ ဆိုးရွားပုံကို လည်းကောင်း၊ ဘင်းဟုခေါ်သော ဆေးခြောက်၏ ဆိုးရွားပုံကို လည်းကောင်း ကိုနှင်းမောင်သည် ကျမ်းအကိုးအကား အထောက်အထားများစွာနှင့်လည်းကောင်း၊ သက်သေ အထောက်အထား များစွာဖြင့်လည်းကောင်း၊ ရှင်းလင်းပြောပြသည်ဖြစ်ရာ ကျွန်ုပ်၌ စိတ်ကူးတစ်ခု ပေါ်ပေါက်လေတော့၏။ ထိုစိတ်ကူးကား ဘင်းဟူသော ဆေးခြောက် အန္တရာယ်ကြီးမားပုံ ဟောပြောပွဲ ကျင်းပလျက် ကျွန်ုပ် မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်အား ဟောပြောခိုင်းရန် ဖြစ်လေသတည်း။
သဗ်ဗသေတ်တာကမ်မဿကာ
ဆရာမင်းသိင်္ခ၊ ဆားပုလင်းနှင်းမောင် ဝတ္ထုတိုပေါင်းချုပ် စာမျက်နှာ ၁၂ - ၁၈။