ကြမ္မာကြမ်းကြမ်း(စ/ဆုံး)

 ကြမ္မာကြမ်းကြမ်း(စ/ဆုံး)


———————


“ဆရာမ ဆရာမ”

ကြည်လင်သော မျက်နှာ ချစ်စရာအပြုံးချိုချိုလေးနှင့် ပြုံးတတ်သော ကျောင်းသားလေး မောင်သဲနိုင်သည် သူမ၏အခန်းရှေ့တွင် မှုံကုပ်ကုပ်နှင့်ရပ်နေလေသည်။

” သား.. လာလေ ”

” ဟုတ်ကဲ့ ”

” ဆရာမ .. သားကိုခေါ်တယ်ဆိုလို့ ” ” အင်းပေါ့ ..သားက အတန်းကြီးသွားတော့ ဆရာမက လွမ်းလို့ပေါ့ ”

” သား… စာတွေရော လိုက်နိုင်လား ”

” သားလား… မရဘူး ဆရာမ ”

” အင် ”

” ကဲ… ဆရာမတို့ မုန့်ဝယ်စားရအောင်.. ဆရာမ ဘာမှ မစားရသေးဘူး ”

” ဟုတ်လား… သားလဲ ဘာမှ မစားရသေးဘူး ”

” အင်း .. ဆရာမအတွက် ရခိုင်မုန့်တီ သားက သားကြိုက်တာစား ”

” ဟုတ်ကဲ့ ”

ပြေးထွက်သွားသော သဲနိုင်ကို ကြည့်ရင်း သူမ စိတ်ဝင်စားမှု အတော်ကို မြင့်တက်နေပြီဖြစ်သည်။

မသစ်သော်လဲ သန့်ရှင်းသောအဖြူအစိမ်းလေး အမြဲတ်နေကြ ကလေးတစ်ယောက်၏ဝတ်စုံသည် အရောင်ဖျော့လာရုံမက သန်ရှင်းမှုပါ အတော်လေးအားနည်းနေပြီ ဖြစ်သည်။ယခင်ကလိုအပြုံး၊ ယခင်ကလို သွက်လက်မှု ဘာမှရှာမတွေ့တော့။သဲနိုင်တို့မိသားစု တစ်ခုခု ဖြစ်နေပြီမှာ သေချာသည်။

အမောတကောပြေးလာသော သဲနိုင်ကိုကြည့်ရင်း သူမပိုသိချင်လာမိသည်။

” ဆရာမ.. သားကအသုပ်ဝယ်ခဲ့တယ် ”

” အေးပါ… သားကြိုက်တာဝယ်ပေါ့ ”

ဆရာတပည့်နှစ်ယောက် မုန့်အတူစားကြပြန်တော့လဲ သူလေးက မရယ် မပြုံးနဲ့ ၊ မျက်နှာမကောင်း။

” ဂလောင်… ဂလောင်… ဂလောင်”

” ဆရာမ ကျောင်းတက်ခေါင်းလောင်းထိုးပြီ သားပြန်တော့မယ် ”

” အေးပါ.. သား ”

သဲနိုင်ပြန်သွားတော့ သူမနေရထိုင်ရသည်မှာအဆင်မပြေ။သဲနိုင်အရင်က ဒီလိုမဟုတ်။အမြဲပြုံးနေတတ်သော သွက်လက်ချက်ချာလွန်းသောကလေး၊ ဆရာဆရာမများလာလျှင် ဟိုးအဝေးကပြေးလာကာ ဆီးကြိုတတ်သူ ။ အမှိုက်ကောက်ပါလို့လဲဘယ်တော့မှ မပြောခဲ့ရ။လမ်းသွားရင်း အမှိုက်တွေ့လျှင်ပင် ကောက်သွားပြီးအမှိုက်ပုံးထဲ သွားပစ်တတ်သည်အထိ အရွယ်နှင့်မလိုက်အောင်တာဝန်သိသူ။အတန်းဖော် အချင်းချင်းလဲအမြဲကူညီတတ်သူ။လိမ္မာယဉ်ကျေးပြီး သွက်လက်ချက်ချာသူ လေးက မှိုင်နေတော့ မြင်ရသူမှာ အဆင်မပြေ။သို့နှင့် သဲနိုင်တို့အတန်းဘက် မယောင်မလည်နှင့်ထွက်လာခဲသည်။

” Hello… မောင်လေး ”

” Hello… မကြီး”

သဲနိုင် ဆရာနှင့်အဆင်သင့်တွေ့ပါသည်။သဲနိုင်၏ အတန်းပိုင်ဆရာသည် စိတ်ဆတ်တာကလွဲ၍ အတော်လေးကိုသဘောကောင်းပါသည်။သူ့ခမျာ အိမ်ကပါလာသော ထမင်းချိုင့်ကို သူကိုယ်တိုင်စားရသည်က နည်းလေသည်။ထမင်းချိုင့်လာမပို့နိုင်သော ကျောင်းသားများကို ကျွေးရသည်ကများလေသည်။ ကျွန်မတို့ကစနောက်သည့်အခါတိုင်း ” မကြီးရယ် ကျွန်တော်က အိမ်ပြန်ရောက်တာနဲ့ ထမင်းကို စားချင်တဲ့ဟင်းနဲ့ အဝအပြဲစားနေရတာပါ၊ နေ့လည်ခင်းလေး မစားရလို့ ဘာမှမဖြစ်ဘူး… သူတို့လေးတွေ စားပါစေ သူတို့တွေဝရင် ဒီကောင်ကြီးစိတ်ချမ်းသာပါတယ် ” ဟုပြောရင်း တဟားဟားရယ်နေတတ်လေသည်။မစားဘဲ အငတ်ခံကျွေးတတ်သော ဆရာသည် သူစာသင်နေချိန်တွင် စကားပြော ငေးမောနေလျှင်တော့ သိပ်ကို စိတ်ဆိုးလေသည်။

” ထူးထူးဆန်ဆန်းပါလား အလည်လာပုံထောက်ရင် ”

” ပျင်းလို့ပေါ့ဟယ်.. နင်ကလဲ ”

” ကဲကဲ ကွေ့ပတ်ပြောမနေနဲ့ ဒဲ့သာပြော မကြီးရေ ”

” သဲနိုင်အကြောင်း သိချင်လို့ဟ ”

” အေး.. ကျွန်တော်လဲ ပြောမလို့ ပြောမလို့နဲ့ မလာဖြစ်ဘူး ”

” မကြီးရဲ့လူက စာကိုလဲ လုံးဝလိုက်မကြည့်ဘူး..စိတ်လဲမဝင်စားဘူး.. ကျွန်တော့ဘက်ကိုလဲကြည့်အုံးဗျာ ၊ ဒီမှာ စားပွဲပေါ်မှာ စာအုပ် ၊ခဲတံ ၊ခဲဖျက် ၊ ပေတံ ကျွန်တော့်ပိုက်ဆံနဲ့ဝယ်ပြီးတင်ထားပေးတယ်ဗျ ၊ အဆင်မပြေတဲ့ကလေးတွေ ယူသုံးလို့ရအောင် ၊ပြီးတော့။ ထမင်းတောင်မစားဘဲ သူတို့လေးတွေကိုကျွေးတာဗျာ.. မကြီးလဲ သိတဲ့အတိုင်းပဲ၊ ဒါကို ဒီကောင်က စာသင်ရင် လုံးဝလုံးဝ လိုက်မကြည့်ဘူးဗျာ ၊၊ ဘာစာမှလဲမရဘူး ”

ဂရုဏာဒေါသသံနှင့် ပြောလာသော ဆရာကို့ကြည့်ရင်း သူမ ဘယ်လိုစကားဆက်ပြောရမှန်းမသိ ဖြစ်သွားရသည်။

” တကယ် စိတ်တိုတယ်ဗျာ ”

” မနက်ဖြန်.. ကျွန်တော့အတန်းကို မကြီးလာသင်ကြည့် ၊ ကျွန်တော် မကြီးအတန်းကိုသင်ပေးမယ်။ မကြီးလူကို ကိုယ်တိုင်သင်ကြည့်တော့ ”

” အင်း… အဲ့ဆို မကြီး မနက်ဖြန် မောင်လေးအတန်းသင်မယ်နော် ”

” သင်ပါဗျာ ..သင်ပါ.. ဘယ်သူသင်သင် ဒင်းတို့စာရဖို့က အဓိကပဲ ”

စကားခပ်ကြမ်းကြမ်း ပြောတတ်သူ၏ ရင်ထဲမှ စေတနာသန့်သန့်က သိပ်ဖြူစင်ပါသည်။

ထိုနေ့ သဲနိုင်တို့အတန်းကိုသူမ သင်ရသည်။ တပည့်ဟောင်းတွေမို့ .. စာမသင်ခင် နည်းနည်းတော့ အလွမ်းသယ်ကြသည်။

သူမ စာသင်၍ သိပ်မကြာခင်သဲနိုင် လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ဂဏှာ မငြိမ်တော့။

” သဲနိုင်.. သားလေး ဆရာမဆီ ခဏလာအုံး ”

” သား .. ဆရာမ စာရှင်းပြတာ နားမလည်ရင် ဆရာမကို ပြန်မေးနော် ”

” မဟုတ်ဘူး… ဆရာမ ”

” သားတစ်ခုခု ဖြစ်နေရင်လဲ ဆရာမကိုပြောလေ နော်”

” သား … သား ဗိုက်အရမ်းဆာလို့ပါ ” ပြောနေရင်းနှင့် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျလာသော သဲနိုင်ကိုကြည့်ရင်း သူမ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

” ဘယ်လို…. ဘယ်လို…”

” သား… မနက်ထဲက ဘာမှ မစားခဲ့ရလို့ဗိုက်ဆာလို့..” ပြောရင်းနှင့်ထပ်ငိုလေသည်။သဲနိုင်ကိုကြည့်ရင်း သူမပါငိုချင်လာမိသည်။

” ဆရာမကို ပြောပါအုံး သားရယ်”

” သား… သားအမက ဆေးရုံတက်နေရတယ်..သားအမေက သားအမကိုဆေးရုံစောင့်နေရလို့ သားကို သူများအိမ်မှာ ထားခဲ့တယ် ”

” အို ”

” သားက …. မနက်ကမစားရတော့ ဗိုက်ဆာလို့ ”

မျက်ရည်ခိုင်လှပါချည်ရဲ့ဆိုသော သူမမျက်ရည်က အလိုလို ကျလာသည်။

” ဘယ်လော‌က်ကြာပြီလဲ.. သားအမနေမကောင်းတာ ”

” ကြာပြီ ဆရာမ ”

” သားကို အဲ့အိမ်က ထမင်းမကျွေးဘူးလား ”

” ကျွေးတယ် ဆရာမ .. သူတို့အိမ်မှာ ဆန်ဝယ်တာ နောက်ကျတဲ့နေ့ဆို သားတို့မနက်စာမစားရဘူး… ညနေစာဘဲစားရတာ ”

ပြောစရာစကားတို့ ရှာမတွေ့တော့သလိုသူမ အသံလဲထွက်မလာတော့။စကားပြောဖို့အင်အားလဲမရှိတော့။

” သားမှာ ပိုက်ဆံ ၁၀၀ ပါတယ်… မနက် ၅၀ ဖိုး နေ့လည် ၅၀ ဖိုးစားတာ…မဝလို့ ”

” အိုး… ရက်စက်လိုက်တဲ့ လောကဓံတွေပါလား ၊၂တန်းကလေးတစ်ယောက် ကို မနိုင်ဝန်တွေထမ်းခိုင်းနေပါလား လောကကြီးရေ…”

” သားအဝတ်တွေကရော ဘယ်သူလျော်ပေးလဲ ”

” သားဘာသားလျော်တယ်”

” အင်း.. အင်း”

” နောက် သားဗိုက်ဆာရင် သားဆရာကိုပြောနော်.. ဆရာကအော်တတ်ပေမဲ့.. သဘောကောင်းတယ် သားရဲ့ ၊သားကမပြောတော့ ဆရာက မသိဘူးပေါ့သားရယ်”

” ဟုတ်ကဲ့ ”

” အေးပါသားရယ်.. သွားထိုင်နေတော့နော်” ထိုနေ့က သဲနိုင်လဲငိုသည်။

သူမလဲထိန်းထားသည့် ကြားက ငိုမိသည်။သဲနိုင်တို့ အတန်းပိုင်ဆရာလဲ အံတကြိတ်ကြိတ်နှင့်” ဆင်းရဲ မွဲတေမှုတေပေါ့ဗျာ ” ဆိုသော စကားကို အထပ်ထပ် ပြောလေသည်။

ဖခင်ဆုံးသွားပြီဟု သိထားသောသဲနိုင်တို့မိသားစုတွင် သဲနိုင်အမေသည်သိပ်လေးစားစရာကောင်းပါသည်။ မိန်းမသားတန်မဲ့ ရန်ကုန်မြို့လိုနေရာတွင် အတန်းပညာမရှိ ၊ငွေကြေးဗလာဖြင့် သားနှင့်သမီးကို ရှာကျွေးရသည့် မိခင်သည် ဘယ်လောက်ပင်ပန်းလိုက်လေမလဲ။ ဒါတောင် သားကလေးကို အမြဲသန့်ရှင်းအောင်ထားနိုင်သေးသည်။ပြီးတော့ပညာတတ်စေချင်သည်တဲ့လေ။ တစ်နေ့လုပ်မှတစ်နေ့ စားရသူတို့အဖို့ ကျန်းမာရေးက ဖိစီးနှိပ်စက်လာသည့်အခါ.. အခြေအနေပျက်ယိုယွင်းကြရသည်။

သဲနိုင်လို ကလေးမျိုးတွေ ဘယ်လောက်တောင်များလိုက်ကြမလဲ။ အရွယ်နဲ့မမျှသော လောကဓံတွေကို ဘယ်လိုရင်ဆိုင်နေရရှာမလဲ။ သူမ တစ်စုံတစ်ခုကိုအပြစ်တင်ချင်သော်လဲ မည်သည့် အရာကို အပြစ်တင်ရပါမည်နည်း။ကံတရားကိုလဲ ယိုးမယ်မဖွဲ့ အပြစ်မတင်လို။

အပြင်တွင်နေခြစ်ခြစ်တောက်ပူနေ၏။သည်နေပူထက်ပြင်းသော ဘဝတွေရှိနေသည်။ကြမ်းတမ်းလွန်းသော လောကဓံလှိုင်း အကြားနုထွတ်အပြစ်ကင်းလှသည့်ဘဝလေးတွေ မျောပါမသွားဖို့ ဆုတောင်းမိရုံမှ အပသူမ မတတ်နိုင်ခဲ့ပါ။


လရိပ် ( သံတွဲ )

၂၃ ·၆ · ၂၀၂၂


* (လွန်ခဲ့သော ၃ နှစ်ခန့်က ကိုယ်တွေ့ဖြစ်ရပ်အား ခံစားရေးဖွဲ့ပါသည်။)