အောင်မြတ်သာနှင့်ထီးတော်တင်ပွဲခြိမ့်ခြိမ့်သဲ
ဇေယန(ရာမည)“ ကိုကျော်ပိုင်… ဗျို့ ကိုကျော်ပိုင်”ခြံထဲကို အမောတကောပြေး၀င်လာတဲ့ မောင်လွေးအသံကြောင့် ထင်းခွဲနေတဲ့ ကိုကျော်ပိုင်က မျက်လုံးပင့်ကြည့်လိုက်ပြီး“ ဟေ့ မောင်လွေး ဘာဖြစ်လို့လဲ”“ ခင် ခင်ဗျားသား ရွာထဲပြန်ရောက်နေပြီဗျ…”“ ဘာ… ငါ့သားလေး ပြန်ရောက်နေပီ ဟုတ်လား.. မိန်းမရေ သားလေး ပြန်လာပြီတဲ့ဟေ့”ကိုကျော်ပိုင်က အိမ်နောက်ဘေးမှာရှိနေတဲ့ မိန်းမဖြစ်သူကို အော်ပြောပြီး ရွာထဲကိုပြေးထွက် သွားခဲ့တယ်။ရွာအ၀င်လမ်းမပေါ်ကိုရောက်တော့ ယောဂီ၀တ်လူသုံးယောက်နဲ့အတူပါလာတဲ့ သားဖြစ်သူကိုမြင်တော့ ကိုကျော်ပိုင်တစ်ယောက် ၀မ်းသာအားရနဲ့ ပြေးဖက်လိုက်ပြီး“ သား… ဘာမှမဖြစ်ဘူးနော်..”“ ဘာမှမဖြစ်ပါဘူး အဖေ… ဒီဆရာတွေက သားကို ရွာပြန်ရောက်အောင် ကူညီပေးခဲ့တာ”“ ဆရာလေးတို့ ကျေးဇူးကို ဘယ်လိုဆပ်ရမလဲတောင်မသိတော့ပါဘူးဗျာ”“ အဖေ ဆရာတို့ကို အိမ်အရင်ခေါ်သွားပါရစေဦး..”“ အေးအေး … အဖေလဲ ၀မ်းသာလွန်သွားလို့ပါ သားရယ်”ကိုကျော်ပိုင်က မျက်နှာကြီးပြုံဖြီးပြီး ရှေ့ကနေ ထွက်သွားခဲ့တယ်။ အိမ်ကိုရောက်တော့ မိုးထက်မြင့်က ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်ရာ“ ကံသီပေလို့ပေါ့ သားရယ်… ဒါနဲ့ အဲဒီလူက ဘုရားဌာပနာတွေကိုမှ ပစ်မှားရတယ်လို့ကွယ်”“ သူပြောတဲ့ပုံအရ အရင်ကလဲ ဌာပနာတွေဖောက်ခဲ့ဖူးတယ်တဲ့…”“ အခု ဒီလူဘယ်လိုဖြစ်သွားလဲ… သေများသေသွား တာလား”မလှသိန်းရင်စကားကြောင့် အောင်မြတ်သာက ခေါင်းခါယမ်းပြပြီး“ အသက်မသေပေမယ့် အသိဉာဏ်ကတော့ သေသွားခဲ့ပါပြီ၊ ဒါကလဲ သူ့အပြစ်နဲ့သူခံရတာပဲလေ”လို့ပြောတော့ မိုးထက်မြင့်က မိဘတွေဘက်ကိုလှည့်ပြီး“ အမေနဲ့အဖေကို တစ်ခုခွင့်တောင်းချင်တယ်”“ ပြောလေ သား… ဘာခွင့်တောင်းဖို့လဲ”“ သား ငယ်ငယ်ထဲက ပြိုပျက်နေတဲ့စေတီတွေကို အိမ်မက်မက်တဲ့အကြောင်း ပြောပြခဲ့ဖူးတယ်မလား”“ ဟုတ်တယ်လေ … ဘာဖြစ်လို့ အဲကိစ္စကိုပြောနေရတာလဲ”“ အခု သားအနေနဲ့ အိမ်မက်ထဲက စေတီပျက်တွေရှိတဲ့နေရာကို ရောက်ခဲ့ပြီးပြီ… ဒီကဆရာတွေပြောတာကတော့ အဲဒီစေတီတွေကို သားကိုယ်တိုင် ဦးစီးပြီးပြုပြင်ရမယ်တဲ့”“ ဟင်… သားက ငယ်ငယ်လေးရှိသေးတာ .. မဖြစ်နိုင်ဘူးထင်တယ်နော်”“ ဖြစ်နိုင်ပါတယ်… အဲဒီစေတီပျက်တွေမှာ ရှိနေကြတဲ့သူတွေကလဲ ဒီကလေးကို စောင့်မျှော် နေကြသလို စေတီပျက်တွေနဲ့ ဆက်နွယ်နေတဲ့ ပဌာန်းဆက်တွေကလဲ ဒီကလေးရဲ့ ဦးဆောင်မှုကို မျှော်လင့်နေကြပါတယ်”“ သား သဘောကရော ဘယ်လိုရှိလဲ”“ လုပ်ကြည့်ချင်တယ်အဖေ… ဆရာတွေကလဲ ကိစ္စအားလုံးပြီးတဲ့ထိ အနားမှာနေပေးမယ်တဲ့”“ ဒါဆို သားက ရွာမှာမနေပဲ ဆရာတို့နဲ့ပြန်လိုက်သွားမှာလား”“ ဒါကတော့ အဖေတို့ ခွင့်ပြုမှ ပြန်လိုက်သွားမှာပါ”မိုးထက်မြင့်စကားကြောင့် ကိုကျော်ပိုင်က ဇနီးဖြစ်သူကိုလှမ်းကြည့်လိုက်ပြီး“ မိန်းမရေ ငါကတော့ သားလေးကို ဒီတိုင်းမလွှတ်ချင်ဘူး”“ တော်က သဘောမတူဘူးလို့ပြောချင်တာလား”“ သဘောမတူတာမဟုတ်ပါဘူး… သားလေးတစ်ယောက်ထဲဆိုရင် စားရေးသောက်ရေးအဆင်မပြေဖြစ်နေမှာစိုးလို့ ငါတို့လင်မယားပါလိုက်နေရင်ကောင်းမလားလို့ တိုင်ပင်ကြည့်တာ”“ ရှင်ပြောတဲ့အကြံမဆိုးဘူး… သားလေး လုပ်ချင်တဲ့အလုပ်ကို ကျွန်မတို့က ဘေးကနေ ပံ့ပိုးလို့ရတာပေါ့… ဒါနဲ့ အခုသွားမယ့်နေရာက အရမ်းခေါင်လားဟင်”“ မခေါင်ပါဘူးဗျ… စေတီပျက်တွေအနားမှာ မြို့တစ်မြို့လဲရှိပါသေးတယ်”“ ဒါဖြင့် အထုပ်အပိုးတွေပြင်ထားလိုက်တော့ မိန်းမရေ…”“ ချက်ချင်းကြီးလား… ဆရာတို့က ဘယ်နေ့သွားမယ်ဆိုတာမပြောသေးဘူးလေ”“ ကျုပ်တို့က မိဘတွေရဲ့ ခွင့်ပြုချက်ရတာနဲ့ ပြန်သွားကြမှာပါ… ဒီကိစ္စအောင်မြင်ဖို့အတွက် ကာယကံရှင်ကိုယ်တိုင် စွမ်းဆောင်ရမယ့် အရာတွေအများကြီးရှိတယ်နော်”“ ကျွန်တော်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”မိုးထက်မြင့်စကားကြောင့် အောင်မြတ်သာက သဘောကျစွာပြုံးလိုက်ပြီး“ မိဘတွေလဲသဘောတူပြီးပြီဆိုတော့ မနက်ဖြန်မနက် ခရီးစထွက်ကြတာပေါ့…”“ ဟုတ်ကဲ့ဆရာ … ကျွန်တော်တို့လဲ လိုအပ်တာတွေ ထုပ်ပိုးထားလိုက်ပါမယ်”ကိုကျော်ပိုင်နဲ့မလှသန်းရင်က တက်ကြွစွာနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ညတွင်းချင်း သိမ်းဆည်း ထုပ်ပိုးခဲ့ကြတယ်။++++မနက်မိုးလင်းတာနဲ့ ညထဲကအသင့်ပြင်ထားတဲ့ ပစ္စည်းတွေကိုယူပြီး စေတီပျက်တွေရှိရာ ရွှေပေါ်ကျွန်းမြို့ဆီကို ထွက်လာခဲ့ကြတယ်။ကားတစ်တန် လှည်းတစ်တန်နဲ့ ခရီးဆက်ပြီးချိန်မှာတော့ ရွှေပေါ်ကျွန်းမြို့ကိုရောက်လာခဲ့ပြီး ရှေးဦးစွာ ဦးအံ့ကြီးနေအိမ်ကိုသွားကာ နှုတ်ဆက်ခဲ့ကြတယ်။ ပြီးတော့မှ စေတီပျက်ရှိရာဘက်ကို ထွက်လာပြီး သင့်တော်တဲ့နေရာတစ်ခုမှာ တဲထိုးကာ နေထိုင်ခဲ့ကြတယ်။ဦးအံ့ကြီးနဲ့ ရွှေပေါ်ကျွန်းမြို့သူမြို့သားအချို့ကလဲ စေတီပျက်တွေကို ပြန်လည်ပြင်ဆင်မယ်ဆိုတဲ့ သတင်းကိုကြားပေမယ့် ထဲထဲ၀င်၀င် မလုပ်ကြသေးပဲ တကယ်ရောလုပ်နိုင်ပါ့မလားဆိုတဲ့ မျက်လုံးတွေနဲ့ အခြေအနေကို စောင့်ကြည့်နေခဲ့ကြတယ်။ အောင်မြတ်သာက စေတီပျက်တွေရှိတဲ့နေရာကို ခြေချပြီဆိုတာနဲ့ ပါလာတဲ့သူအားလုံးကို ယောဂီ၀တ်ခိုင်းပြီး သက်သက်လွတ်သာစားစေခဲ့တယ်။ဒီလိုနဲ့ သုံးရက်မြောက်နေ့မှာတော့ မိုးထက်မြင့် အိပ်ပျော်နေတဲ့အချိန် တဲပေါ်ကို တက်လာတဲ့ခြေသံတစ်ခုကိုကြားလိုက်ရတယ်။“ ဘယ်သူလဲ… အမေတို့လား…”ဆိုပြီးလှမ်းမေး လိုက်ပေမယ့် ဘာသံမှမထွက်တဲ့အတွက် အိပ်ယာဘေးမှာရှိတဲ့ ဖယောင်းတိုင်နဲ့ မီးခြစ်ကို ယူပြီး ထွန်းဖို့အလုပ်…“ မီးမထွန်းနဲ့… ငါ့ကိုတွေ့ရင် သွေးပျက်သွားလိမ့်မယ်” ဆိုတဲ့အသံဩဩကို ကြားလိုက်ရတယ်။မိုးထက်မြင့်က အောင်မြတ်သာတို့နဲ့ တူတူနေပေမယ့် ဒီနေ့မှာတော့ နေသိပ်မကောင်းလို့ တစ်ယောက်ထဲအိပ်နေတဲ့အချိန် အခုလိုကြားလိုက်တာကြောင့် ကြက်သီးမွှေးညှင်းတွေထသွားပြီး“ သင်က ဘယ်သူလဲ… ဘာလို့ တဲပေါ်ကို တက်လာရတာလဲ”“ ငါက နင့်ကိုစကားပြောချင်တာကြာပြီ… ဟိုဆရာတွေရှိနေလို့ မလာတာ…နင်က စေတီပျက်တွေကို ပြန်ပြုပြင်မှာသေချာလား”အမှောင်ထုထဲမှာ ငြိမ်သက်နေတဲ့ လူရိပ်မဲမဲဆီကနေ ထွက်လာတဲ့စကားကြောင့် မိုးထက်မြင့်က မဆိုင်းမတွပဲ“ သေချာတာပေါ့… ကျုပ်မဖြစ်ဖြစ်အောင်ကို လုပ်မှာ”“ ငါခွင့်မပြုဘူး… နင်ဒီနေရာကို တရားသံဖုံးလွှမ်းအောင် လုပ်ရင် ငါ့အကြောင်းသိစေရမယ်”အသံက ချက်ချင်းမာထန်သွားတာကြောင့် မိုးထက်မြင့်တစ်ယောက် အနည်းငယ်ကြောက်စိတ် ၀င်သွားပြီး“ နင်ကဘယ်သူလဲ… ကောင်းတာလုပ်မှာကို ဘာလို့ တားဆီးနေရတာလဲ”“ ငါဘယ်သူဆိုတာ နင်သိဖို့မလိုဘူး… နင်လုပ်နေတာကို ရပ်တန်းကရပ်ဖို့သတိလာပေးတာ”လူရိပ်မဲမဲကြီးက ခြောက်ကပ်ကပ်အသံနဲ့ပြောပြီး တဲပေါ်ကနေ ဝုန်းခနဲခုန်ချကာ စေတီပျက်တွေအနောက်ဘက်ကို ပြေးထွက်သွားခဲ့တယ်။မိုးထက်မြင့်လဲ အခုလို မကြုံဖူးတာမို့ ခြေဖျားလက်ဖျားတွေအေးစက်ပြီး ကြောက်စိတ်က ဒိုင်းခနဲ၀င်လာတာကြောင့် ဖယောင်းတိုင်မီးကို ထွန်းပြီး ငုတ်တုတ်ထိုင်နေတဲ့အချိန် တဲဆီကိုပြန်လာတဲ့ ခြေသံကို ထပ်ကြားလိုက်ရတယ်။“ ဒီကောင်လေး အခုထိမအိပ်သေးဘူးလား”တဲအရှေ့ကနေ လှမ်းမေးတဲ့ မောင်ကောင်းရဲ့ အသံကိုကြားမှ မိုးထက်မြင့်တစ်ယောက် သက်ပြင်းချနိုင်ခဲ့တယ်။“ အိပ် အိပ်မပျော်လို့…ဆရာ”“ မင်းပုံစံက တစ်မျိုးကြီးပဲ… ငါတို့မရှိတဲ့အချိန် ဘာဖြစ်ခဲ့တာလဲ”အောင်မြတ်သာက မျက်မှောက်ကျုံ့ပြီး မေးလိုက်တော့ မိုးထက်မြင့်က တုန်ရီနေတဲ့အသံနဲ့“ ဆရာတို့မရောက်ခင် မိနစ်ပိုင်းလောက်က တဲပေါ်ကို အရိပ်မဲတစ်ခုတက်လာပြီး စေတီပြုပြင်တာကို ဆက်မလုပ်ဖို့နဲ့ ဆက်လုပ်ရင် သူ့အကြောင်းသိစေရမယ်လို့ လာပြောသွားတယ်”“ လာပြောတဲ့သူက လူလား နာနာဘာ၀လား”“ လူတော့မဟုတ်လောက်ဘူးထင်တာပဲ”“ ဒါဆို ငါတို့ထင်တဲ့အတိုင်း ဖြစ်နေပြီပဲ”အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှကိုကြည့်ပြီးပြောလိုက်တော့ မိုးထက်မြင့်က ဘာမှနားမလည်တဲ့ဟန်နဲ့“ ဆရာတို့သိနေတာလား”“ အစကတော့ သေချာမသိပါဘူး… အခုမှ သိသွားတာ…”“ တဲပေါ်ကိုလာတဲ့သူက ဘယ်သူလဲဆရာ”“ ကောင်းမှုလုပ်တာမကြိုက်တဲ့ နာနာဘာ၀ တစ်ကောင်လို့ပဲ သိထားပါ… မင်းအနေနဲ့လဲ ထီးတော်တင်ဖို့အတွက် စောင့်ထိန်းရမယ့် အကျင့်သီလတွေကို မပျက်ယွင်းအောင် ထိန်းဖို့လိုမယ်..ဘာလို့ဆို ရှေ့ဆက်ဒီထက်ပိုကြမ်းတဲ့ အဖျက်တွေ၀င်လာနိုင်တယ်”“ ကျွန်တော်က ဆရာတို့ပြောသလို ထိန်းပါတယ်… ဒါပေမယ့် ကျွန်တော်မှာ ထီးတော်တင်ဖို့ ငွေတစ်ပြားတစ်ချပ်မှမရှိသေးဘူး”မိုးထက်မြင့်က သိမ်ငယ်စိတ်နဲ့ပြောတော့ အောင်မြတ်သာက အရှေ့မှာ၀င်ထိုင်လိုက်ပြီး“ အချိန်တန်ရင် ဖြစ်လာမှာပေါ့… အဲဒီကိစ္စကို တွေးမနေနဲ့…” လို့အားပေးစကားပြောနေတဲ့အချိန် ကိုကျော်ပိုင်တို့နေတဲ့ တဲဘက်ကနေ စူးစူးဝါးဝါးအော်တဲ့အသံကိုကြားလိုက်ရတယ်။“ မောင်ကောင်း ဟိုဘက်တဲမှာ ဘာဖြစ်လဲမသိဘူး… သွားကြည့်လိုက်ဦး”အောင်မြတ်သာစကားကြောင့် မောင်ကောင်းက ကိုကျော်ပိုင်တို့တဲဘက်ကို ထွက်သွားခဲ့လိုက်တယ်။“ ကိုကျော်ပိုင်… ဘာဖြစ်တာလဲဗျ”“ ဆရာ လာတာအတော်ပဲဗျာ… ခုနက ကျုပ်တို့အိပ်နေတဲ့အချိန် တဲပေါ်ကို လူတစ်ယောက်တက်လာပြီး လည်ပင်းလာညှစ်လို့ဗျ”“ ဟင်… လူဆိုတာသေချာလို့လား”“ သေချာတယ်ဗျ… လူမှ လူအစစ်… လည်ပင်းလာညှစ်လို့ သူ့မျက်နှာကို ရိုက်ချလိုက်တာ အော်ပြီးထွက်ပြေးသွားတယ်”“ ကျုပ်တို့ကို အဘက်ဘက်ကနေ စမ်းနေပြီထင်တယ်…”“ စိတ်မပူပါနဲ့ဆရာ… ကျွန်တော် သတိထားပြီး အိပ်ပါ့မယ်…”ကိုကျော်ပိုင်က စိတ်မပူဖို့ အထပ်ထပ်ပြောနေတာကြောင့် မောင်ကောင်းလဲ တဲပေါ်ကနေ ဆင်းကာ ပြန်လာခဲ့လိုက်တယ်။“ ဆရာ ကိုကျော်ပိုင်တို့တဲပေါ်ကို လူတစ်ယောက် တက်လာပြီး လည်ပင်းလာညှစ်တယ်ပြောတယ်”“ ဒီအနီးနားမှာ လူမှမနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”“ လူတစ်ယောက်ရှိနေပါတယ် ဆရာ”အသံက အောက်ခြေလှိုဏ်ခေါင်းပါတဲ့ စေတီပျက်ဘေးကနေ ထွက်လာတာကြောင့် လှည့်ကြည့်လိုက်ရာ ဖွာလန်ကျဲနေတဲ့ အ၀တ်အစားကို ၀တ်ဆင်ထားတဲ့ လူတစ်ယောက်ထွက်လာခဲ့တယ်။“ သင်ဘယ်သူပါလဲ…”“ ကျုပ်က ဒီစေတီပျက်မှာနေတဲ့ မောင်ရွှေသင်းပါ”“ သင် ဘာပြောစရာများရှိလို့လဲ”“ ခုနက ဖြစ်တဲ့ကိစ္စရဲ့တရားခံကို ဆရာတို့ကောင်းကောင်းကြီးသိနေပါတယ်”“ ကျုပ်တို့သိတဲ့သူ ဟုတ်လား.. ဘယ်သူများလဲဆိုတာပြောပါဦး”“ ဆရာတို့နဲ့ ပညာခြင်းပြိုင်လို့ ရှုံးနိမ့်ခဲ့တဲ့သူက ဒီအရပ်ကနေ ဘယ်မှမသွားရသေးပါဘူး… ညဘက်တွေဆို သစ်ကိုင်းခြောက်တစ်ချောင်းနဲ့ တွေ့ရာစေတီအောက်ခြေကို လိုက်တူးနေတာလဲမြင်ရပါတယ်”“ ဒီလူက အသိစိတ်ကင်းမဲ့နေပြီမဟုတ်လား”“ အသိစိတ်ကင်းမဲ့နေပေမယ့် သူ့ရဲ့စိတ်အစွဲက ရှိနေသေးတာကြောင့် အခုလိုပြုမူနေတာလို့ ထင်တယ်”“ ဒါဆိုရင် ဟိုဘက်တဲပေါ်ကိုတက်ပြီး လည်ပင်းညှစ်တာ သူပေါ့”“ ဟုတ်ပါတယ်ဆရာ…”“ အဲလိုဆိုရင် ဒီကောင်လေးရှိတဲ့ တဲပေါ်တက်ပြီး ခြိမ်းချောက်တာကရော ဘယ်သူလဲ”“ ဒီစေတီအနီးတစ်ဝိုက်မှာ ဘုရားသံတရားသံ မကြားချင်တဲ့ ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဆရာ.. သူတို့ထဲက တစ်ယောက်တော့ဖြစ်မယ်လို့ထင်တယ်”မောင်ရွှေသင်းက စကားပြောနေရင်း ခေတ္တရပ်လိုက်ပြီး မိုးထက်မြင့်ကို လှမ်းကြည့်ကာ“ ဆရာတော်ကြီးက အရင်ဘ၀ကပုံစံနဲ့သိပ်တူတာပဲ၊ ကျွန်တော်တို့အားလုံး ဒီကုသိုလ်ကြီး ပြီးမြောက်အောင် ဝိုင်း၀န်းကူညီပေးပါ့မယ်” လို့ပြောပြီး အမှောင်ထုကြီးစိုးနေတဲ့ စေတီပျက်တွေဘက်ကို လက်ညိုးထိုးပြခဲ့တယ်။“ အဲဒီအမှောင်ထုထဲမှာ ဆရာတော်ကြီးကို စောင့်နေကြတဲ့သူတွေ အများကြီးပဲရှိတယ်၊ သူတို့က အနားလာချင်ပေမယ့် ဒီကဆရာတွေရဲ့ အရှိန်အဝါကြောင့် လာမရဘူးဖြစ်နေတာ”အောင်မြတ်သာလဲ မောင်ရွှေသင်း လက်ညိုးထိုးပြတဲ့ဘက်ကိုကြည့်လိုက်ရာ အမှောင်ထုထဲမှာ ရွှေ့လျားသွားလာနေကြတဲ့ အရိပ်မဲမဲတွေကို မြင်တွေ့လိုက်ရတယ်။“ သူတို့မျှော်လင့်နေတဲ့နေ့ရက်ကို မကြာခင်ရောက်လာပါ့မယ်လို့ ပြောပေးပါ… သင်တို့က ဒီစေတီပျက်တွေမှာနေထိုင်တဲ့သူ ဖြစ်လို့ မကောင်းတဲ့အရာတွေမဖြစ်အောင် ကူညီပေးကြဖို့လဲ တိုက်တွန်းပါရစေ”“ ဆရာတို့ ခွင့်ပြုမယ်ဆိုရင် ဆရာတော်ကြီးနေထိုင်တဲ့ ပတ်၀န်းကျင်မှာ ကျွန်တော်တို့လာနေချင်ပါတယ်…”“ ကဲ… ကောင်လေး.. မင်းရဲ့သဘောကရော”“ ကျွန်တော်က ဆရာတို့ လမ်းညွှန်တဲ့အတိုင်းနေမှာမို့သင့်တော်သလို စီမံပေးပါ”“ ကောင်းပြီလေ… မောင်ရွှေသင်းတို့အနေနဲ့ ကူညီပေးရမှာက ဒီနေရာနဲ့ ပဌာန်းဆက်ရှိတဲ့ သူတွေကို အိမ်မက်ကနေပဲဖြစ်ဖြစ် အခြားလှုံ့ဆော်လို့ရတဲ့နည်းနဲ့ဖြစ်ဖြစ် အသိပေးပါ… ဒီအလှူက ရွှေပေါ်ကျွန်းမြို့ပေါ်မှာ အထူးခြားဆုံးနဲ့ အစည်ကားဆုံး အလှူပွဲဖြစ်လာပါလိမ့်မယ်”အောင်မြတ်သာစကားကြောင့် မောင်ရွှေသင်းက ခေါင်းငြိမ့်ပြပြီး“ ကျွန်တော်လဲ ဖိုးသူတော်ကြီးနဲ့တိုင်ပင်ပြီး လုပ်နိုင်သမျှလုပ်ထားလိုက်ပါ့မယ်…” လို့ပြောကာ စေတီပျက်အထဲကို၀င်ရောက်ပျောက်ကွယ်သွား ခဲ့တယ်။အောင်မြတ်သာတို့လဲ မောင်ရွှေသင်းပျောက်သွားတာနဲ့ တဲဆီကိုပြန်လာခဲ့ပြီး မိုးထက်မြင့်အတွက် အဆောင်လက်ဖွဲ့တစ်ခုလုပ်ကာ လည်ပင်းမှာဆွဲထားစေခဲ့တယ်။နောက်ရက်တွေမှာတော့ ဘုရားငုတ်တို အနောက်မှာရှိတဲ့တောစပ်ကနေ ထွက်လာတတ်တဲ့ အရူးတစ်ယောက်ကို အောင်မြတ်သာတို့ မြင်တွေ့လိုက်ရတယ်။+++++++မွန်းတည့်နေက ပူပြင်းနေတဲ့ နေ့ခင်းကြီးမှာ ကိုအံ့ကြီးတစ်ယောက်ဟင်းသီးဟင်းရွက်အစည်း လိုက်ပိုက်ပြီးရောက်ချလာခဲ့တယ်။“ ကိုအံ့ကြီးပါလား… ဒီကိုတမင်လာတာလားဗျ”“ ဟုတ်တယ်ဆရာလေးရေ… ကျုပ်ခြံထဲကထွက်တဲ့ ဟင်းသီးဟင်းရွက်အချို့လာပို့တာ… ဒါနဲ့ ပြောစရာရှိသေးတယ်”“ ဘာများလဲကိုအံ့ကြီး”“ ဆရာလေးတို့ ဦးဆောင်ပြီး စေတီတွေကို ထီးတော်တင်မယ်လို့ကြားတော့ မြို့ပေါ်ကလူတွေကလဲ သူတို့လဲ နိုင်သလောက်ပါ၀င်ကြမယ်ဆိုပြီး လမ်းကြီးဘေးမှာ မဏ္ဍပ်တွေထိုးပြီး အလှူခံနေကြတယ်”“ ဟင်… အဲလိုဆိုဝောာ့ ၀မ်းသာစရာပေါ့ဗျာ…”“ ဒီထက် ၀မ်းသာစရာကောင်းတာက မနက်ဖြန်ကစပြီး ညနေစောင်းတာနဲ့ စေတီပျက်တွေမှာ လုပ်အားဒါနပေးမယ့် သူတွေလာကြလိမ့်မယ်…”“ အရင်က ဒီကိုမလာရဲကြတဲ့သူတွေက ဘယ်လိုဖြစ်ပြီး အခုလိုစိတ်အားထက်သန်သွားကြ တာလဲ”“ တကယ်တော့ ကျုပ်တို့မြို့ကလူတွေအနေနဲ့ ဦးစီးဦးဆောင်ပြုမယ့်သူကိုလိုနေတာ…ဆရာလေးတို့က အခုလိုလုပ်ပြတော့ မြို့ခံဖြစ်တဲ့ကျုပ်တို့ကလဲ အချောင်နေလို့ဘယ်ရတော့မလဲဗျ ဟဲဟဲ”“ ကြားရတဲ့သတင်းက ၀မ်းသာစရာပဲဗျာ… မြို့ခံတွေကလဲ နိုင်တဲ့ဘက်က ကူညီကြသလို… ကျုပ်တို့ဘက်ကလဲ နိုင်တဲ့ဘက်က အားထည့်ပေးရမှာပေါ့…”“ စေတီတွေထီးတင်တဲ့အခါ ကျုပ်ကိုရှေ့ဆုံးမှာ ထားနော် ဆရာလေး”ကိုအံ့ကြီးစကားကြောင့် အောင်မြတ်သာက သဘောကျစွာရယ်မောလိုက်ပါတော့တယ်။+++++ရွှေပေါ်ကျွန်းမြို့သူမြို့သားတွေအနေနဲ့ နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့တဲ့ ထီးတော်တင်ပွဲအတွက် နိုင်တဲ့ဘက်ကအစွမ်းကုန် အားထည့်ပေးကြသလို အောင်မြတ်သာတို့ကလဲ အဓိဌာန်၀င်ခြင်း၊ သီလဆောက်တည်ခြင်းများ လုပ်ဆောင်ခဲ့ကြတယ်။ ဒီလိုနဲ့ တစ်လလောက်ကြာတဲ့အချိန်မှာတော့ စင်္ကြန်လျောက်နေတဲ့အချိန် စံပယ်ပန်းရနံ့က ကြိုင်လှိုင်စွာထွက်ပေါ်လာခဲ့သလို ခပ်ဖွဖွလျောက်နင်းလာတဲ့ ခြေသံကိုကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်ရာ တစ်ခေါင်းလုံး စံပယ်ပန်းတွေသီကုံးပန်ဆင်ထားတဲ့ မိန်းမတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။“ ဆရာ ကျွန်မကို မှတ်မိပါရဲ့လား”အင်မတန်မှ ချောမောလှပတဲ့ မိန်းကလေးက လက်အုပ်ချီပြီးရိုကျိုးစွာမေးလိုက်တဲ့စကားကြောင့် အောင်မြတ်သာက တည်ငြိမ်တဲ့လေသံနဲ့“ မြပန်းနွယ်ကို ကျုပ်မှတ်မိပါတယ်ဗျာ…”“ ဆရာတို့စရောက်တဲ့အချိန်မှာ လာမတွေ့နိုင်တာက ယခင်ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ဆေးကြောတဲ့ အနေနဲ့ အဓိဌာန်၀င်နေလို့ပါ”“ အခုရော အဓိဌာန်အောင်မြင်သွားပြီလား”“ အောင်မြင်ခဲ့ပါတယ်ဆရာ… ဆရာတို့အနေနဲ့ ဒီစေတီတွေကို အသစ်ပြန်လည်မွမ်းမံမယ်ဆိုတဲ့ သတင်းလဲကြားရတာကြောင့် ကျွန်မပိုင်ဆိုင်တဲ့ ပစ္စည်းထဲက အချို့ကို ဌာပနာလာထည့်တာပါဆရာ”“ သာဓု သာဓု သာဓု… သင်ရဲ့ မွန်မြတ်တဲ့စိတ်ထားကို ကျုပ်သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်… ထီးတော်တင်ပွဲကြရင်လဲ သင့်အတွက် ရေစက်ခွက် သီးသန့်ထားပေးပါမယ်”အောင်မြတ်သာစကားကြားတော့ မြပန်းနွယ်က ကြည်နူးစွာဖြင့် တံတောင်ဆစ်ခန့်၀တ်ဆင်ထားတဲ့ လက်ကောက်တွေကို ချွတ်ကာ လှူဒါန်းပြီး အမှောင်ထုထဲ၀င်ရောက်ကာ ပျောက်ကွယ်သွား ခဲ့တယ်။ဒုတိယနေ့မှာတော့ ဖိုးသူတော်ကြီးဝါယမရောက် လာပြီး စေတီပျက်တစ်ခုရဲ့အောက်ခြေမှာ မြုပ်နှံထားတဲ့ ပိုင်ရှင်မဲ့ပတ္တမြားတွေကို ဌာပနာအတွက် လာရောက်လှူဒါန်ပေးခဲ့တယ်။အောင်မြတ်သာလဲ ရရှိထားတဲ့ ဌာပနာပစ္စည်းတွေကို မြို့ခံလူကြီးတွေလက်ထဲကို စာရင်းနဲ့တကွအပ်ပြီး ထိန်းသိမ်းစောင့်ရှောက်စေခဲ့တယ်။ မြို့မိမြို့ဖတွေကလဲ လောကမာန်အောင်စေတီနှင့် အရံစေတီများပြန်လည်ပြုပြင်မွမ်းမံခြင်းဆိုတဲ့ အဖွဲ့ကိုဖွဲ့စည်းကာ ရရှိလာတဲ့ အလှူငွေတွေနဲ့ အခြားဌာပနာပစ္စည်းတွေကို စနစ်တကျ မှတ်တမ်းထားတာ ထိန်းသိမ်းပေးခဲ့ကြတယ်။ယခင်က အမှိုက်သရိုက်တွေနဲ့ ရှုပ်ပွနေတဲ့ လောကမာန်အောင်စေတီပရ၀ဏ်ကလဲ မြို့သူမြို့သားတွေရဲ့ လုပ်အားဒါနကြောင့် သန့်ရှင်းလာခဲ့ပြီး မျက်စိပသာဒကျလာခဲ့တယ်။ဒီလိုနဲ့ ငါးလလောက်ကြာတဲ့အချိန်မှာတော့ စေတီရှေ့ကို ဟီးနိုးကားတစ်စီး ထိုးရပ်လာပြီး အထဲကနေ ဥပဓိရုပ်ကောင်းကောင်း လူတစ်ယောက်နဲ့ အလုပ်သမားအယောက်၃၀လောက်ဆင်းလာတာကိုမြင်လိုက်ရတယ်။အ၀တ်အစားသန့်သန့်ပြန့်ပြန့်၀တ်စားတဲ့လူက အောင်မြတ်သာအရှေ့ကိုတန်း၀င်လာပြီး ၀မ်းသာတဲ့ မျက်နှာထားနဲ့“ ဆရာ ကျွန်တော်ကို မှတ်မိပါရဲ့လား” လို့ပြောလိုက်တာကြောင့် သေချာကြည့်လိုက်ရာ ယခင်က ရွှေပေါ်ကျွန်းမြို့မှာ တောင်းရမ်းစားသောက်ခဲ့ရတဲ့ မောင်ကျင်ဖြစ်နေတာကိုမြင်လိုက်ရတယ်။(မောင်ကျင် အကြောင်းကိုတော့ အောင်မြတ်သာနှင့် ထူဆန်းသောဘုရားငုတ်တိုဆိုတဲ့၀တ္တုမှာဖတ်ရှု နိုင်ပါသည်)“ မင်းက မောင်ကျင် မဟုတ်လား”“ ဟုတ်တာပေါ့ဆရာရယ်… ကျွန်တော် မောင်ကျင်လေ”“ အခုလိုကျတော့လဲ မှတ်တောင်မမှတ်မိဘူး…”“ ဆရာကသာမမှတ်မိတာ… ကျွန်တော်က မှတ်မိပါတယ်”မောင်ကျင်နဲ့အောင်မြတ်သာတို့ စကားပြောနေတဲ့အချိန် မောင်ကောင်း၊ ခွန်းလှနဲ့ မိုးထက်မြင့်တို့ရောက်လာခဲ့တယ်။“ ဆရာတို့ ကျွန်တော်ကို မှတ်မိလား”“ ဟင်… မင်းက မင်းက အရူးမောင်ကျင် မဟုတ်လား”“ ဟုတ်တာပေါ့ဆရာရဲ့ … အရူးမောင်ကျင်လေဗျာ”မောင်ကောင်းနဲ့ ခွန်းလှတို့လဲ မောင်ကျင်ကို ပွေ့ဖက်ကာနှုတ်ဆက်လိုက်ပြီး“ ဘယ်လိုလုပ် ရောက်လာတာလဲမောင်ကျင်ရ… နောက်ပြီး အလုပ်သမားတွေလဲ အများကြီးပါလား”“ ဒီနေရာက ကျွန်တော်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း ရှင်သန်ခဲ့တဲ့နေရာလေဗျာ… လွန်ခဲ့တဲ့လက ဦးအံ့ကြီးနဲ့မြို့ပေါ်မှာဆုံတော့ ဆရာတို့ဦးဆောင်ပြီး စေတီကိုပြန်ပြင်ပြုပြင်နေတယ်ဆိုတာ သိလိုက်ရတယ်၊ ဒါနဲ့ ကျွန်တော်လဲ နိုင်သလောက်ကူညီမယ်ဆိုပြီး အလုပ်သမားတွေကိုခေါ်လာခဲ့တာပဲ… ဒါက အလုပ်သမားခေါင်းဆောင် ကိုမြင့်ဦးတဲ့၊ သူက ပန်းရံရော လက်သမားပါရတာမို့ ဆရာတို့အတွက်အဆင်ပြေမှာပါ”မောင်ကျင်ရဲ့စကားကြောင့် ကိုမြင့်ဦးကို ပြုံးပြပြီး“ ဆရာတို့ လိုအပ်တာရှိရင် အချိန်မရွေးခေါ်ခိုင်းပါ ကျွန်တော်တို့ဆရာက စေတီပြုပြင်ပြီးတဲ့ထိ ဒီမှာနေဖို့ပြောထားပါတယ်”“ ဒီလိုဆိုတော့လဲ အဆင်သင့်တာပေါ့ဗျာ… နေထိုင်ဖို့ကိုတော့ လွတ်တဲ့နေရာမှာ အခုလိုတဲထိုးပြီး နေကြပေါ့”“ကျွန်တော်တို့က အခြားမြို့ရွာတွေမှာ လနဲ့ချီပြီး အလုပ်လုပ်ဖူးတာမို့၊ နေထိုင်ဖို့အတွက် စိတ်မပူပါနဲ့”အောင်မြတ်သာလဲ အလုပ်သမားအဖွဲ့ကို နေထိုင်တဲ့အချိန် သတိထားရမယ့်အချက်တွေကို ပြောပြပြီး နေရာချပေးခဲ့တယ်။မောင်ကျင်က ရွှေပေါ်ကျွန်းမြို့မှာ တစ်ပတ်ခန့်နေသွားပြီး ပြိုပျက်နေတဲ့ စေတီငယ်တွေကို စတင်မွမ်းမံပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ အောင်မြတ်သာတို့ကပဲ ကြီးကြပ်ကာ ဆောင်ရွက်ခဲ့တယ်။ လိုအပ်တဲ့ အလှူငွေတွေကိုတော့ မြို့ခံလူထုတွေအပြင် အနီးနားမှာရှိတဲ့အလှူရှင်တွေက တစ်ယောက်တစ်လက် ကူညီပေးခဲ့ကြတယ်။တစ်စတစ်စနဲ့ ရုပ်လုံးပေါ်လာတဲ့ စေတီတွေကြောင့် ရပ်ဝေးရပ်နီးကနေ လာရောက်ဖူးမျှော်ကြတဲ့ ဘုရားဖူးတွေက တစ်စတစ်စနဲ့ များပြားလာခဲ့တယ်။ အချို့ကျတော့လဲ အိမ်မက်အရ လာရောက်ဖူးမျှော်တာရှိသလို အချို့ကျတော့လဲ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ လာရောက်ဖူးမျှော်ခဲ့ကြတယ်။အရံစေတီတွေအားလုံးကို ပြုပြင်ပြီးချိန်မှာတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခု ရွှေပေါ်ကျွန်းမြို့မှာ ဖြစ်ပွားခဲ့တယ်။+++++“ ဆရာလေး… ဆရာလေး…”ညကြီးသန်းခေါင်အချိန်အော်ခေါ်နေတဲ့ ဦးအံ့ကြီး အသံကြောင့် အောင်မြတ်သာ တဲအပြင်ကို ထွက်လာပြီး“ ဦးအံ့ကြီးပါလား ဘာများဖြစ်လို့လဲဗျ”“ ဆရာ လာကြည့်ပေးပါဦး… ညနေက စေတီမှာ လုပ်အားလာပေးကြတဲ့သူတွေအားလုံး မူးဝေအော့အန်နေလို့ဗျာ”“ ဟင်… အားလုံးဖြစ်နေတာလား”“ အားလုံးမဟုတ်ပေမယ့် အတော်များများဖြစ်နေကြတယ်… အချို့ဆို တစ်ယောက်ယောက်၀င်ပူးသလို မူမမှန်ဖြစ်နေကြတယ်ဆရာ”အောင်မြတ်သာလဲ ဦးအံ့ကြီးစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ကို ခေါ်ကာ ချက်ချင်းပင် မြို့ထဲကိုလိုက်လာခဲ့လိုက်တယ်။ မြို့ထဲရောက်တော့ အတန်သင့်ကျယ်၀န်းတဲ့ အိမ်တစ်အိမ်မှာ အားလုံးကိုစုခိုင်းပြီး ပြင်ပကအနှောက်အယှက်တွေမ၀င်နိုင်အောင် တစ်အိမ်လုံးကိုစည်းတားနေတဲ့အချိန်“ အီးဟီးဟီး… အီးအဟီး ဆိုတဲ့အသံနဲ့အတူ လူငယ်အချို့ ထငိုပါလေရော”မိဘတွေက စိုးရိမ်တကြီး အနားကပ်ဖို့လုပ်တော့ အောင်မြတ်သာက လက်ကာပြပြီး“ အားလုံးနောက်ဆုတ်နေကြပါ…ကလေးတွေ ဘာမှမဖြစ်စေရပါဘူး…” လို့ပြောကာ အနားကပ်သွားခဲ့တယ်။“ သင်တို့ကဘယ်သူတွေလဲ…ကလေးတွေကို ဘာကြောင့် ပူးကပ်နှောက်ယှက်နေတယ်ဆိုတာ နှုတ်ဖွင့်စမ်း” လို့အမိန့်ပြန်လိုက်ပေမယ့် ပူးကပ်နေတဲ့သူတွေက ဘာမှမဖြေပဲ ငိုမြဲတိုင်းငိုနေတာကြောင့် သုံးကွင်အင်းကိုပြာချရေဖျော်ကာ လူအုပ်ထဲကို လက်ညိုးနဲ့ တောက်ထုတ်လိုက်တယ်။“ အမလေး… ပူတယ်… ပူလှချည်ရဲ့ … အဟီးအဟီး”“ ပူတယ်ဆိုရင် မေးတာကိုဖြေ… သင်တို့ဘာကြောင့် ကလေးတွေကို ၀င်ရောက်ပူးကပ်နေကြတာလဲ”“ စုတ်ဖွားကြီးခိုင်းလို့လုပ်ရတာပါ…”“ စုတ်ဖွားကြီးဆိုတာ ဘယ်သူလဲ… သူကဘယ်မှာနေတာလဲ”“ သူက စေတီပျက်တွေရဲ့အပြင်ဘက် ထန်းပင်မှာနေပါတယ်…”“ သူက ကလေးတွေကိုဘာလို့ ဒီလိုလုပ်ခိုင်းရတာလဲ.. အမှန်တိုင်းဖြေစမ်း”“ စုတ်ဖွားကြီးက စေတီတွေအသစ်ပြုပြင်တာကို မနှစ်သက်ပါဘူး… ဘုရားသံတရားသံတွေကြားရင် အထက်နတ်ကြီးတွေလာမှာစိုးတဲ့အတွက် ဒီပွဲကို မဖြစ်အောင် နည်းအမျိုးမျိုးနဲ့နှောက်ယှက်ဖို့ မှာထားပါတယ်”“ နင်တို့က သူပြောတဲ့အတိုင်း လိုက်လုပ်စရာလား…”“ မလုပ်လို့မရဘူးဆရာ.. ကျုပ်တို့က သူပိုင်နက်ထဲမှာ ခိုကပ်နေတဲ့သူတွေဖြစ်လို့ သူခိုင်းတာမလုပ်ရင် နေစရာမရှိအောင် မောင်းထုတ်တာကိုခံရပါတယ်”“ သူ့လက်အောက်မှာနေကြတဲ့သူတွေ ဘယ်လောက်ရှိလဲ”“ အတော်များပါတယ်ဆရာ… အတိအကျတော့ မသိပါဘူး”“ ဒီကောင်အတော်ကို ဆိုးသွမ်းနေပါလား… ဟင်း… မင်းတို့ရော သူ့လက်အောက်မှာ နေချင်သေးလား”“ မနေချင်ကြပါဘူးဆရာ… နေစရာမရှိလို့ ခိုကပ်နေရပေမယ့် နေဖို့နေရာရှိရင် သူ့ဆီကနေ ထွက်လာကြမယ့်သူတွေအများကြီးရှိပါတယ်”“ အိမ်း ဟုတ်ပြီ…အခုညကစပြီး သင်တို့နေဖို့ စေတီရဲ့ပရ၀ဏ်ထဲမှာ နေရာလုပ်ပေးမယ်… ဒါကြောင့် ကလေးတွေကိုယ်ထဲကနေ အခုချက်ချင်းခွာပြီး အိမ်ရှေ့လမ်းပေါ်မှာ စောင့်နေကြ”အောင်မြတ်သာအမိန့်ပေးလိုက်တယ်ဆိုရင်ပဲ ငိုယိုနေကြတဲ့လူငယ်တွေက လူကောင်းအတိုင်းပြန်ဖြစ်သွားပြီး ပတ်၀န်းကျင်ကို ထူးဆန်းတဲ့မျက်လုံးတွေနဲ့ လိုက်ကြည့်နေခဲ့ကြတယ်။“ ခွန်းလှနဲ့ မောင်ကောင်းက သူတို့အားလုံးကို ရေမန်းလိုက်တိုက်ပေးပါ…ပြီးရင်တော့ လမ်းမမှာစောင့်နေကြတဲ့သူတွေကို ပရ၀ဏ်ထဲကို ခေါ်သွားလိုက်… ငါမကြာခင်လိုက်လာခဲ့မယ်”“ဟုတ်ကဲ့ပါဆရာ… ကျွန်တော်တို့ သေချာခေါ်သွားလိုက်ပါ့မယ်”အောင်မြတ်သာလဲ မြို့ခံလူတွေကို စိတ်မပူဖို့ပြောပြီးတာနဲ့ ထန်းပင်ရှိရာဘက်ကို တစ်ယောက်ထဲ ထွက်လာခဲ့လိုက်တယ်။+++++လရောင်က မှိန်ပြပြကျနေတာမို့ ပတ်၀န်းကျင်တစ်ခု လုံးကို ကောင်းစွာမြင်တွေ့နေရသလို တစ်ပင်ထဲ ထီးထီးကြီးဖြစ်နေတဲ့ နှစ်ချို့ထန်းပင်ကြီးက တစ္ဆေတစ်ကောင် မတ်တပ်ရပ်နေတဲ့အလား ထီးထီးကြီးတည်ရှိနေခဲ့တယ်။အောင်မြတ်သာက ထန်းပင်နဲ့ ဝါးတစ်ပြန်အကွာရောက်တော့ ရှေ့ကိုဆက်မတိုးတော့ပဲ အပေါ်ကိုမော့ကြည့်ကာ“ ဒီအပင်မှာနေထိုင်တဲ့ မြင်အပ်မမြင်အပ်ပုဂ္ဂိုလ် တွေအနေနဲ့ ကျုပ်တို့လုပ်ဆောင်နေတဲ့ ကိစ္စကို ထပ်မံမနှောက်ယှက်ဖို့ မေတ္တာရပ်ခံချင်တယ်” လို့ပြောလိုက်တယ်ဆိုရင်ပဲ ထန်းပင်ပေါ်ကနေ လက်သီးဆုပ်ခန့်ရှိတဲ့ ထန်းသီးခြောက်တွေ ကျဆင်းလာခဲ့တယ်။“ ကောင်းကောင်းမွန်မွန်ပြောနေတာကို အခုလိုပြုမူတယ်ဆိုတော့ ငါ့အနေနဲ့ သက်ညှာစရာမလိုတော့ဘူး”အောင်မြတ်သာက စူးရှတဲ့မျက်လုံးနဲ့ ထန်းပင်ပေါ်ကိုမော့ကြည့်ပြီး မိစ္ဆာနိုင်အင်းတစ်ရွက်ကို ထန်းပင်အမြစ်နားမှာ ချလိုက်တယ်ဆိုရင်ပဲ ထန်းရွက်တွေက လေမတိုက်ပဲ တဖျတ်ဖျတ်နဲ့လှုပ်ရှားလာပြီး ကြောက်လန့်တကြားအော်ဟစ်သံတွေထွက်လာခဲ့တယ်။ မကြာခင်မှာပဲ ထန်းပင်ပေါ်ကနေ အမွှေးအမျှင်တွေ ထူထဲစွာပေါက်နေတဲ့ လူလိုလို မျောက်လိုလိုအကောင်တစ်ကောင် တွယ်ဆင်းလာခဲ့ပြီး မြေကြီးနဲ့ တစ်လံလောက်အကွာမှာ ငြိမ်နေခဲ့တယ်။“ စုတ်ဖွားဆိုတာ မင်းလား”“ အေး.. စုတ်ဖွားဆိုတာငါပဲကွ”လေသံက မာထန်လွန်းတာကြောင့် အောင်မြတ်သာက မြေကြီးကိုဖနောင့်နဲ့ ပေါက်ချလိုက်ရာ ထန်းပင်မှာတွယ်ကပ်နေတဲ့ အကောင်က မြေကြီးပေါ်ကို ဗိုင်းခနဲပြုတ်ကျလာခဲ့တယ်။“ မင်းဘာလို့ လုပ်အားဒါနပေးတဲ့ ကလေးတွေကို ခြောက်လှန့်ခိုင်းတာလဲ”“ ငါမကြိုက်ဘူး…ဒီနေရာမှာ ဘာမှလာမလုပ်ကြနဲ့ ထွက်သွားကြ”“ ငါတို့ကလဲ ကိုယ်ကျိုးအတွက် လုပ်နေတာ တစ်ခုမှမရှိဘူး… ဝေနေယျသတ္တဝါတွေ ကျွတ်လွတ်ပါစေဆိုတဲ့စိတ်နဲ့လုပ်ပေးနေတာ… ဒါကို မင်းလိုမိုက်တွင်းနက်တဲ့ကောင်က ဘယ်သိနိုင်ပါ့မလဲ…”“ ငါ့ကိုတရားလာမဟောနဲ့…မသိချင်ဘူး… ငါ့နေရာကနေ သွားကြစမ်း”“ အတော်အကုသိုလ်ကြီးတဲ့ကောင်ပဲ… မင်းက ချွတ်လို့လဲကျွတ်မှာမဟုတ်တာကြောင့် မင်းနဲ့တန်ရာကိုပဲပြပေးရမှာပေါ့”အောင်မြတ်သာက ခပ်ပြုံးပြုံးနဲ့ပြောပြီး နှုတ်ခမ်းလှုပ်ရုံရေရွတ်လိုက်ရာ အသားနီနီ ကိုယ်ထည်တောင့်တောင့် မျက်လုံးပြူးပြူးနဲ့ လူထွားကြီးတစ်ယောက် ဘွားခနဲပေါ်လာခဲ့တယ်။“ နယ် နယ်ပိုင်သခင်ပါလား”စုတ်ဖွားရဲ့ အလန့်တကြားရေရွတ်သံ။“ ကျုပ်ကိုခေါ်တာ ဆရာလား”“ ဟုတ်ပါတယ်… ဒီကောင်က သင့်လက်အောက်မှာ ရှိနေတဲ့သူမဟုတ်လား”နယ်ပိုင်ပုဂ္ဂိုလ်က စုတ်ဖွားကို မျက်ထောင့်နီနဲ့ လှမ်းကြည့်ပြီးမှ“ ဒီကောင်က လက်တိုလက်တောင်းခိုင်းတဲ့အဆင့်ပဲ ရှိပါတယ်ဆရာ… ဘာများမလိမ်မာတာလုပ်မိလို့ ပါလဲ”နယ်ပိုင်က အောင်မြတ်သာက ရိုရိုကျိုးကျိုးပြောနေတာမြင်တဲ့ စုတ်ဖွားက အသားတွေတဆတ်ဆတ်တုန်တဲ့ထိ ကြောက်လန့်နေခဲ့တယ်။“ သင့်တပည့်က စေတီပျက်တွေပြုပြင်တာကို မနှစ်သက်တဲ့အပြင် လုပ်အားဒါနပေးတဲ့ လူငယ်တွေကို နှောက်ယှက်ခဲ့တယ်။ ဒါတင်မကသေးပဲ ကျုပ်ကိုတောင် ရန်ပြုမယ့်ပုံစံ လုပ်ခဲ့သေးတယ်”“ ကျုပ်တပည့်ရဲ့ ရိုင်းပြမှုအတွက် ဆရာကို တောင်းပန်ပါတယ်… ဒီကောင်ကိုလဲ နောက်နောင် အခုလိုမလုပ်ရအောင် ဆရာရှေ့မှာတင်ဆုံးမပေးပါ့မယ်… ဟေ့ကောင် စုတ်ဖွား လာစမ်း”နယ်ပိုင်လူထွားကြီးရဲ့အသံကြောင့် စုတ်ဖွားက တုန်တုန်ရီရီနဲ့ အနားကပ်လာခဲ့ရာ ဟိုက ဘာမှမပြောပဲ ခြေထောက်ကနေဆွဲကိုင်ကာ ထန်းပင်နဲ့ဆွဲဖွတ်ပါလေရော။“ ဖြောင်း”“ ဂျွတ်”“ ဝုန်း”“ ကြောက်ပါပြီ နောက်နောင် မလေးမစားမလုပ်ရဲတော့ပါဘူး… ဒီတစ်ခါ ခွင့်လွှတ်ပေးပါ”“ ဟမ်… ခွင့်လွှတ်ပေးရမယ်ဟုတ်လား… ဒီပုဂ္ဂိုလ်က သူ့ဖိနပ်ကို မင်းခေါင်းပေါ်တင်ရင်တောင် မင်းမျက်လုံးတောင်မော်ကြည့်ခွင့်မရှိဘူးကွ.. ဖြောင်း ဖြောင်း ဖြောင်း”နားထင်ကို ကြီးမားတဲ့လက်ဝါးတွေနဲ့ဆင့်ကာ ဆင့်ကာရိုက်ချလိုက်ရာ စုတ်ဖွားတစ်ကောင် ထန်းပင်အောက်မှာ ပုံလျက်သားလဲကျသွားခဲ့တယ်။“ ဒီလောက်ဆို သူလဲမှတ်လောက်ပါပြီ… ထပ်မရိုက်ပါနဲ့တော့”“ ဆရာတို့ကို နောက်နောင် ဘယ်သူမှမနှောက်ယှက်စေရတော့ပါဘူး… ထီးတော်တင်ပွဲကျရင်လဲ ကျုပ်တို့အတွက် အမျှအတန်းထည့်ဝေပေးပါ…”“ ကောင်းပါပြီ သင့်နာမည်ကိုခေါ်ပြီး အမျှတန်းပေးဝေမှာဖြစ်သလို သင့်ငယ်သားတွေကိုလဲ ရည်စူးပြီးအမျှတန်းဝေပေးပါ့မယ်”စုတ်ဖွားလဲအဲဒီတော့မှ အောင်မြတ်သာရဲ့ရှေ့မှာ ဒူးထောက်ကာ အကြိမ်ကြိမ်အခါခါတောင်းပန် ပါလေရော။“ သင်အမှားကိုသိပြီဆိုရင် နောက်နောင် ဒီလိုမဖြစ်စေနဲ့…ကျုပ်လဲ အခြားအရေးကိစ္စတွေ လုပ်ရဦးမှာမို့ ဒီလောက်နဲ့သွားလိုက်ပါ့မယ်” လို့ပြောကာ ထန်းပင်အောက်ကနေ ထွက်လာခဲ့လိုက်တယ်။တဲကိုပြန်ရောက်တော့ မောင်ကောင်း၊ ခွန်းလှနဲ့ မိုးထက်မြင့်တို့ မအိပ်သေးပဲစောင့်နေကြတာကို မြင်လိုက်ရတယ်။“ ဘယ်လိုလဲ…နေရာချတာအဆင်ပြေရဲ့လား”“ အဆင်ပြေပါတယ်ဆရာ.. ဖိုးသူတော်ကြီးက ပါလာတဲ့ပုဂ္ဂိုလ်တွေအတွက် သင့်တော်တဲ့နေရာ စီစဉ်ပေးပါတယ်”“ အင်း… အချိန်လဲနောက်ကျနေပြီမို့ အနားယူလိုက်ကြဦး… မနက်ဖြန်ကျရင် လုပ်စရာတွေကျန်သေးတယ်”“ ဟုတ်ကဲ့ဆရာ.. ဒါဆို ကျွန်တော်တို့ နားလိုက်ပါ့မယ်”မောင်ကောင်းတို့ တဲပေါ်တက်သွားတော့ အောင်မြတ်သာက လောကမာန်အောင်စေတီပေါ်ကို တက်ကာ ပြုပြင်ထားတဲ့အခြေအနေတွေကို လိုက်ကြည့်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ စေတီရဲ့ အနောက်ဘက်လှေကားကနေ ခါးကုန်းကုန်းနဲ့ မိန်းမတစ်ယောက်တက်လာပြီး တစ်လံအကွာရောက်တော့ ခါးကိုဆန့်ထုတ်လိုက်ရာ အရပ်ခြောက်ပေကျော်အထိ မြင့်တက်သွားခဲ့တယ်။“ အသင်က ဘယ်သူပါလဲ”“ ကျွန်မက မြို့ပြင်ကျောက်ဂူမှာရှိတဲ့ ပစ္စည်းတွေကို စောင့်ရှောက်နေတဲ့သူပါ…နာမည်ကတော့ မိရွှေမြလို့ခေါ်ပါတယ်”“ သင်က ကျုပ်ဆီရောက်လာတာ ဘာအရေးကိစ္စများရှိလို့ပါလဲ”“ ဆရာတို့ ဘုရားဌာပနာထည့်တဲ့အခါ ကျွန်မတို့မိဘစဉ်ဆက်ကိုးကွယ်လာတဲ့ မြဘုရားကိုပါ ထည့်စေချင်ပါတယ်”“ သင်ရဲ့ဆန္ဒပါတယ်ဆိုရင် ကျုပ်ထည့်ပေးပါ့မယ်… ဌာပနာပစ္စည်းကအခုပါလာတာလား”“ ပါပါတယ်ဆရာ…ဒီမှာပါ”မိရွှေမြက ပခုံးမှာတင်ထားတဲ့ သဘက်ကို ဆွဲဖယ်လိုက်ရာ လက်ပေါ်မှာတင်ထားတဲ့ တစ်ထွာသာသာမြဘုရားတစ်ဆူကိုဖူးမြင်လိုက်ရတယ်။“ အတော်ကိုလက်ရာမြောက်တဲ့ဘုရားတစ်ဆူ ပါလား”“ ဆရာတို့ရဲ့ကျေးဇူးကြောင့် အခုလို လှူဒါန်းခွင့်ရတာကို ကျေနပ်နေပါပြီ… ထီးတော်တင်မယ့်နေ့ကျရင်လဲ သာဓုခေါ်ဆိုဖို့စောင့်နေပါ့မယ်”“ သင့်ကိုလဲ မမေ့မလျော့ ပင့်ဖိတ်မှာပါ”အောင်မြတ်သာက မြဘုရားကို လက်ခံယူလိုက်ပြီးချိန်မှာတော့ မိရွှေမြက စေတီကို ဦးသုံးကြိမ်ချကာ အနောက်ဘက်လှေကားကနေ ပြန်ဆင်းသွားခဲ့တယ်။++++ဒီလိုနဲ့ ကိုးလတိတိပြည့်တဲ့နေ့မှာတော့ အလှူရှင်တွေရဲ့ စေတနာသဒ္ဒါတရားထက်သန် မှုနဲ့အတူ စေတီတွေအားလုံးကို ပြုပြင်နိုင်ခဲ့ပြီး ဌာပနာပစ္စည်းတွေလဲ တန်ဖိုးဖြတ်မရအောင် ရရှိခဲ့တယ်။အောင်မြတ်သာတို့လဲ မြို့ခံလူကြီးတွေနဲ့ တိုင်ပင်ပြီးချိန်မှာတော့ ထီးတော်တင်ပွဲကို တပေါင်းလပြည့်နေ့မှာကျင်းပပြုလုပ်ဖို့ သဘောတူညီခဲ့ကြတယ်။ထီးတော်လှည့်လည်ပွဲအခမ်းအနားကတော့ ရွှေပေါ်ကျွန်းမြို့ပေါ်မှာ အကြီးကျယ်အခမ်းနားဆုံးဖြစ်ခဲ့သလို အခြားမြို့ရွာက လူတွေတောင် အားကျရတဲ့ထိ ကြိတ်ကြိတ်တိုးစည်းကားခဲ့တယ်။ထီးတော်ကြီးကို လောကမာန်အောင်စေတီပေါ်ကို တင်တဲ့အခါမှာလဲ မိုးထက်မြင့်နဲ့အတူ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်၊ မြို့မိမြို့ဖတွေစုပေါင်းတင်လှူခဲ့ကြပြီး ရေစက်ချတဲ့အခါမှာလဲ ရေစက်ခွက်ပေါင်း ၃၀တိတိ ချထားပေးခဲ့ရတယ်။သာမန်လူတွေအမြင်မှာ ရေစက်ခွက်အချို့က အလွတ်အတိုင်းဖြစ်နေပေမယ့် အမျှဝေချိန်မှာတော့ လူမရှိတဲ့ရေစက်ခွက်တွေထဲမှာ ရေတွေအပြည့်ဖြစ်နေတာကို ထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။အောင်မြတ်သာလဲ အမျှဝေပြီးချိန် စေတီပတ်ပတ်လည်ကိုကြည့်လိုက်ရာ သင်္ကန်းအသစ်တွေ၀တ်ဆင်ပြီး ပြုံးရယ်နေကြတဲ့ သံဃာတော်တွေအပြင် ဖြူဖွေးတဲ့ပိတ်ဖြူသားကို ၀တ်ဆင်ထားတဲ့ ဖိုးသူတော်ဝါယမကိုပါ မြင်တွေ့လိုက်ရတယ်။စေတီရဲ့အရှေ့ဘက်လှေကားမှာတော့ သစ်လွင်တဲ့အ၀တ်အစားကို ကျနစွာ၀တ်ထားတဲ့ မောင်ရွှေသင်းက အောင်မြတ်သာကို ပြုံးပြုံးကြီးစိုက်ကြည့်နေသလို ရွှေတွေအိနေအောင် ၀တ်ဆင်ထားတဲ့ မြပန်းနွယ်ကတော့ ပရိတ်သတ်အလယ်မှာ ထိုင်နေတဲ့ မောင်ကျင်ကို ငေးကြည့်နေခဲ့တယ်။စေတီအောက်ခြေမှာရှိတဲ့ အရံစေတီငယ်လေးတွေမှာလဲ ပြေးလွှားဆော့ကစားနေကြတဲ့ ကလေးတွေရှိနေကြပြီး ထောင့်အစွန်မှာရှိတဲ့ အရံစေတီဘေးမှာတော့ ညစ်ပတ်ပေရေတဲ့အ၀တ်အစားကို ၀တ်ဆင်ထားတဲ့ လူတစ်ယောက်က သစ်ကိုင်းခြောက်တစ်ခုနဲ့ မြေကြီးတွေကိုတူးဆွနေခဲ့တယ်။ဒီလိုနဲ့ နှစ်ပေါင်းများစွာ ခြောက်ကပ်နေခဲ့တဲ့ ဘုရားငုတ်တိုကုန်းက အခုဆို ဆည်းလည်းသံ၊ ခေါင်းလောင်းသံတွေနဲ့ သာယာဖွယ်ကောင်းတဲ့ နေရာတစ်ခုဖြစ်လာခဲ့သလို တရားအားထုတ်လိုသူ မြို့ခံတွေအတွက်လဲ စိတ်ငြိမ်ရာအရပ်တစ်ခု ဖြစ်လာခဲ့တယ်။မိုးထက်မြင့်ကတော့ ထီးတော်တင်တဲ့နေ့မှာတင် မိဘတွေထံခွင့်တောင်းပြီး ရဟန်းဘ၀ကိုအပြီးတိုင် ခံယူကာ ပရိယတ္တိစာပေးတွေကို လေ့လာသင်ကြားခဲ့တယ်။အောင်မြတ်သာတို့လဲ ရွှေပေါ်ကျွန်းမြို့မှာ ဘုရားထီးတင်တဲ့ကိစ္စနဲ့ တစ်နှစ်နီးပါးနေထိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘယ်သူမှမသိလိုက်ပဲ ပျောက်ခြင်းမလှပျောက်ကွယ် သွားခဲ့တယ်။+++++ဒီလိုနဲ့ ၃လခန့်အကြာမှာတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတစ်ခုက ရွာတစ်ရွာမှာအောင်မြတ်သာတို့ဆရာတပည့်တွေပြန်လည်ပေါ်ထွက်လာခဲ့တယ်။ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်မြေတွင်းအောင်းတစ္ဆေဆိုတဲ့ ၀တ္တုမှာဖတ်ရှုပေးကြပါဦး။လေးစားစွာဖြင့်ဇေယန(ရာမည)အောင်မြတ်သာနှင့်ထီးတော်တင်ပွဲခြိမ့်ခြိမ့်သဲ
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.