ရင်ခွဲ ဖွဲမီး

 ရင်ခွဲ ဖွဲမီး(စ/ဆုံး)


————-


“ခင်ဗျားအမေ ဆုံးသွားပါပြီ။”


ဆရာဝန်ကြီးက စကားလုံးတွေကို ရေခဲတမျှ အေးစက်တဲ့လေသံ နဲ့ ရေရွတ်လိုက်တဲ့အခိုက်အတန့်မှာ ကျွန်တော် ပထမဆုံး လုပ်မိတဲ့ အပြုအမူဟာ လက်ထဲက ဖုန်းကို အားကုန် ကြမ်းပြင်ဆီ ပစ်ပေါက်လိုက်တာပဲ။ တစစီ ကွဲကြေလွင့်စင်သွားတဲ့ ဖုန်းဖန်သားပြင်ရဲ့ မြင်ကွင်း နဲ့အတူ ကျွန်တော့် ရင်ခေါင်းထဲက အသည်းနှလုံးဟာလည်း အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့ရတယ်။

ဘေးနားက သူနာပြုဆရာမတစ်ဦးရဲ့ ရင်တုန်လှိုက်မောသွားတဲ့ အသက်ရှူမှားသံကို သဲ့သဲ့လေး ကြားလိုက်ရသလားပဲ။ ကျွန်တော့် အပြုအမူက ရိုင်းစိုင်းကြမ်းတမ်း သလို ဖြစ်သွားခဲ့ပေမဲ့ အဲဒီအချိန်မှာ ဂရုမစိုက်နိုင်ခဲ့။ ကျွန်တော့် အတွေးထဲမှာ သံမှိုရိုက်သလို စူးဝင်လာတဲ့ တစ်ခုတည်းသော နောင်တ အသိတရားကတော့… အဲဒီ ဖုန်းထဲမှာ ‘မေမေ့’ အသံမေးလ် (Voicemail) ရှိနေခဲ့တယ် ဆိုတာပဲ။


######


ကျွန်တော့်အမေ ဒေါ်ခင်မာ ဟာ ကျွန်တော့်ကို နေ့တိုင်းလိုလို ဖုန်းဆက်လေ့ရှိတယ်။ အများအားဖြင့်က ညနေ (၆) နာရီခွဲ ဝန်းကျင်..ရန်ကုန်နဲ့ ကမ္ဘာတစ်ဖက်ခြမ်းက နိုင်ငံခြားသားဖောက်သည်တွေအတွက် ကွန်ပျူတာဖွင့် အလုပ်ပိနေချိန်၊ ဒါမှမဟုတ် ခပ်မှိန်မှိန်

အလင်းရောင်အောက်မှာ အလုပ်အားချိန် ညစာအမြန် မျိုချဖို့ ကြိုးစားနေရတဲ့အချိန်တွေ။


ကျွန်တော်က ရန်ကုန်မြို့က အောင်မြင်နေတဲ့ ပစ္စည်းအရောင်း ကုမ္ပဏီကြီးတစ်ခုရဲ့ အထွေထွေ မန်နေဂျာဆိုတဲ့ အခြေအနေတစ်ခုကို ပိုင်ဆိုင်ထားသူ။ ကျွန်တော့်ဘဝက သတ်မှတ်ထားတဲ့ကာလအတွင်း ရောင်းချနိုင်ရမယ့် ပမာဏ အရောင်း Target၊ ဖောက်သည်ကြီးတွေနဲ့ ဟန်ဆောင်ညစာစားပွဲ၊ ခန့်မှန်းတွက်ချက်မှုတွေနဲ့ လည်ပတ်နေတဲ့ ရှုပ်ထွေးမှုနဲ့အတူ လျင်မြန်ပြီး စိတ်မောဖွယ် စီးပွားရေးလောကထဲက ဘဝတစ်ခုပါ။

အမေကတော့ တစ်ခါတလေ ကျွန်တော်ဆီ လာရောက်နေထိုင်ပေမယ့် အများဆုံးကတော့ ကျွန်တော် ကြီးပြင်းခဲ့တဲ့ မန္တလေးမြို့က အိမ်ကလေးရဲ့ အထီးကျန် တိတ်ဆိတ်ခြင်းထဲမှာ တစ်ဦးတည်း ပြန်နေရှာတယ်။ ကျွန်တော်နဲ့အတူ အပြီးတိုင် လာနေဖို့ ပြောပေမယ့် ပြောမပြနိုင်သော မန္တလေးက မြစ်ဖျားခံတဲ့ တချို့မိသားစုအကြောင်းတရားလေးတွေရှိတော့ အမေက ကြာကြာ မနေနိုင်ရှာဘူး။

ပြီးတော့ အမေ ဖုန်းဆက်တာ ဘယ်တော့မှ အရေးကြီးတယ်လို့ သတ်မှတ်နိုင်မယ့် ကိစ္စ မရှိခဲ့ပါဘူး။ အမေခေါ်ဆိုတာက… ကျွန်တော်နဲ့ စကားဖောင်ဖွဲ့လိုတဲ့ စိတ်သက်သက်၊ ကျွန်တော့်အကြောင်း ဂရုတစိုက် သိချင်တဲ့ မေတ္တာသက်သက် ပါပဲ။


“သားကြီး မောင်မင်းခန့် ရေ၊ ရန်ကုန်ဘက်ကို မိုးသက်လေပြင်း ဝင်လာတော့မယ်လို့ သတင်းမှာ မြင်လိုက်တယ်။ သား အနွေးထည် လုံလုံခြုံခြုံ ဝတ်ထားရဲ့လား။ အအေးမမိစေနဲ့နော်… သားလေးက အအေးမိတတ်တယ်မဟုတ်လား။”


“သားကို အလွမ်းပြေ နှုတ်ဆက်ဖို့ ခေါ်တာပါ။ သားကြိုက်တဲ့ ဝက်သားနှပ်လေး ချက်ထားတယ်။ နည်းနည်းလေး ပို့ပေးလိုက်ချင်ပေမယ့် ရန်ကုန်ထိတော့ မလွယ်ဘူး သားရယ်။ သား တစ်ခါတည်း ပြန်လာစားဖို့ ခဏလေး အချိန်ရရင်တောင် သိပ်ကောင်းမှာပဲ။”


• “သား ရေ၊ ဒီနေ့ စျေးဆိုင်မှာ ဘာဖြစ်ခဲ့လဲဆိုတာ သား ယုံမှာ မဟုတ်ဘူး။ ဆီတဘူးဝယ် တစ်ဘူးလက်ဆောင် ပေးမယ်လို့ ကြော်ငြာထားတာ၊ ဒါပေမဲ့ သွားဝယ်တော့ မပေးဘူး။ အဲဒါ သူတို့ကို ညာတာပေါ့။ မေမေ ပြန်ရှင်းပြရတာ တော်တော်လေး စိတ်ကုန်သွားတယ်…”

######

နေ့တိုင်းလိုလို ကြီးမားတဲ့တာဝန်များရဲ့ ဖိအားအောက် အစည်းအဝေးတစ်ခုခုမှာ ကျွန်တော့် နာရီ (Smartwatch) ရဲ့ မျက်နှာပြင်မှာ ချစ်ခင်ခြင်း အလင်းရောင်လေးသဖွယ် “မေမေ” ဆိုပြီး မီးနီလေး လင်းလာတိုင်း ကျွန်တော်က “လျစ်လျူရှုရန်” ဆိုတာကိုပဲ လက်မနဲ့ ခပ်မြန်မြန် နှိပ်ပစ်လိုက်တယ်။ အလုပ်ကိစ္စတွေကြောင့် ပူလောင်၊ စိတ်ဖိစီးပြီး အိမ်ပြန်လျှောက်လာရင်လည်း ဖုန်းကို ငြီးငွေ့စွာ မြည်ခွင့် ပေးထားလိုက်တယ်။

“ငါ အရမ်းပင်ပန်းနေပြီ” လို့ ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်တယ်။ “ဒီတစ်ပတ် တနင်္ဂနွေနေ့ကျမှ… အေးအေးဆေးဆေး စကားပြောဖို့ ပြန်ခေါ်လိုက်ပါမယ်။”

တစ်ခါတလေ ပြန်ခေါ်ဖြစ်ပါတယ်။ ဒါပေမဲ့ “ဒီတစ်ပတ် တနင်္ဂနွေ” ဟာ မကြာခဏဆိုသလို “နောက်တစ်ပတ် တနင်္ဂနွေ” ဖြစ်သွားခဲ့တယ်။ နောက်တစ်ပတ်ဆိုတာက… တကယ်တော့ ဘယ်တော့မှ ရောက်မလာတဲ့ နောက်တစ်ပတ် လို့ ရင်ဘတ်ထဲကနေ ဝန်ခံပြောရမလိုပါပဲ။

အဲဒီ နောက်ဆုံးတစ်ပတ် က တကယ်ကို ရက်စက်ကြမ်းတမ်းခဲ့တယ်။ သုံးလပတ် အပိတ်လည်း ဖြစ်နေတယ်။ ကျွန်တော့် အပိုဆုကြေး (ဘောနပ်စ်) ဆိုတဲ့ လောဘ၊ ကျွန်တော့် ဂုဏ်သိက္ခာ၊ ကျွန်တော့် တစ်နှစ်တာလုံးရဲ့ အခြေအနေက အရှုံး-အနိုင် စိန်ခေါ်မှုတွေရဲ့ ကြားမှာ ရောက်နေခဲ့တယ်။ ကော်ဖီနဲ့ စိတ်လှုပ်ရှားမှုဆိုတဲ့ မူးယစ်ဆေးတွေနဲ့ပဲ အသက်ဆက်နေရသလို ဖြစ်နေရတယ်။

• အင်္ဂါနေ့၊ အမေဖုန်းခေါ်ခဲ့တယ်။ ကျွန်တော် အကြီးဆုံး ဒါရိုက်တာနဲ့ အစည်းအဝေးခန်းထဲ အချေအတင်စကားပြောနေရသလို ရောက်နေချိန်။ အခြေအနေတွေ တင်းမာနေချိန်မှာ ကျွန်တော် အလျင်စလို ပယ်ချလိုက်တယ်။ အသံမေးလ်: မက်ဆေ့ချ်အသစ် ၁ ခုဝင်လာတာကို မြင်လိုက်တယ်။

“သား ဖုန်းမကိုင်လည်း ပြောချင်တဲ့အသံ ပို့ထားလို့ရတယ်အမေ”လို့ သင်ထားပေးဖူးတော့ အမေက ကျွန်တော်ဖုန်းမကိုင်ရင် အသံfile ပို့ထားတတ်တယ်။


• ဗုဒ္ဓဟူးနေ့၊ အမေ နှစ်ကြိမ်ခေါ်ခဲ့တယ်။ ကျွန်တော် ယာဉ်ကြောပိတ်ဆို့မှုထဲ နစ်မြုပ်၊ ပိတ်မိပြီး ဒေါသအိုးပေါက်ကွဲမတတ် ဖြစ်နေချိန်။ “အခုတော့ ဆီဘူးလက်ဆောင် အကြောင်း ပြောဖို့ အချိန်မရှိဘူး မေမေ။ ကျွန်တော် ရူးတော့မယ်။” လို့ စိတ်ထဲက ရေရွတ်ရင်း ဖုန်းကို ပစ်ထားလိုက်တယ်။ အသံမေးလ်: မက်ဆေ့ချ်အသစ် ၂ ခု။

• ကြာသပတေးနေ့၊ ကျွန်တော် အိမ်တံခါးဝကနေ မချိမဆန့် ခြေလှမ်းတွေနဲ့ ဝင်လာတဲ့အချိန်မှာပဲ အမေ ဖုန်းခေါ်ခဲ့တယ်။ ကျွန်တော် ချွေးတွေရွှဲ၊ မောပန်းမှုက အရိုးထဲထိ စိမ့်ဝင်နေပြီ။ အမေ့နာမည်ကို မြင်တော့ ရှည်လျားစွာ သက်ပြင်းချပြီး ဖုန်းကို ကောင်တာပေါ် ဒုန်းခနဲ ပစ်တင်လိုက်တယ်။ ဆေးလိပ် တစ်လိပ်နဲ့ ကျွန်တော် လိုချင်တဲ့ လောကကြီးရဲ့ ခဏတာ တိတ်ဆိတ်ခြင်း ကိုပဲ ရှာဖွေချင်တော့တယ်။


ကျွန်တော့် အသံမေးလ် သင်္ကေတမှာ နီရဲနေတဲ့ ‘၃’ လေးကို မြင်လိုက်တယ်။

“မနက်ဖြန် နားထောင်မယ်” လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်တယ်။ ဘာများ အရေးကြီးနေမှာမို့လို့လဲ… ထုံးစံအတိုင်းပဲပေါ့။


သောကြာနေ့ မနက်၊ ကျွန်တော် ရုံးစားပွဲမှာ မနက် ၇ နာရီ၊ ကော်ဖီပူပူရဲ့ ခါးသက်သက် အရသာနဲ့အတူ၊ ကျွန်တော့် အသက်မွေးဝမ်းကျောင်းရဲ့ အကြီးမားဆုံး အရောင်းအဝယ်ကို ပိတ်ဖို့ တက်ကြွစွာ အသင့်ပြင်နေပြီ။ ကျွန်တော့် ကိုယ်ပိုင်ဖုန်း မြည်လာတယ်။ ၀၂ နဲ့ စတဲ့ နံပါတ်ပဲ၊ ဒါပေမဲ့ အမေ့ နံပါတ် မဟုတ်ဘူး။

“ဒါ မောင်မင်းခန့် လားခင်ဗျာ” လို့ တည်ငြိမ်လွန်းပြီး လေ့ကျင့်ထားပုံရတဲ့ တစ်သံက မေးတယ်။

“ဟုတ်ပါတယ်ခင်ဗျာ။”

“ကျွန်တော် တွဲလက်များ ပရဟိတအသင်းက ဦးခင်ဇော်ပါ။ ခင်ဗျားအမေ ဒေါ်ခင်မာ ဒီမနက် သတိလစ်သွားတာ။ လေဖြတ်တာ ပြင်းပြင်းထန်ထန် ဖြစ်သွားတာပါ။ ခင်ဗျား အခု ချက်ချင်း အိမ်ပြန်လာဖို့ လိုပါလိမ့်မယ်။”

ရန်ကုန်-မန္တလေး လေယာဉ်ပေါ်က ဝေဝါးနေတဲ့ အခြေအနေတွေကို ကျွန်တော် သေချာ မမှတ်မိဘူး။ အထူးကြပ်မတ်ကုသဆောင် (ICU) ရဲ့ ဆေးနံ့ပြင်းပြင်း နဲ့ စောင့်ကြည့်စက်ကနေ ထွက်နေတဲ့ နားမခံသာအောင် တည်ငြိမ်လွန်းလှတဲ့ “ပီ… ပီ…” ဆိုတဲ့ အသံကိုပဲ မှတ်မိတယ်။

အမေ အဲဒီမှာ ရှိနေတယ်။ ဒါပေမဲ့ ကျွန်တော် သိတဲ့ သတိရှိတဲ့ အမေမဟုတ်တော့ဘူး။

နာရီပေါင်းများစွာ ထိုင်နေခဲ့တယ်။ အေးစက်စပြုနေပြီလားလို့ ထင်မှတ်ရတဲ့ အမေ့လက်ကို ကိုင်ထားတယ်။ အဲဒီလက်က နွေးနေတုန်းပဲ… ဘယ်လိုလုပ် နွေးနေရတာလဲ။

သူနာပြုဆရာမက တိတ်ဆိတ်စွာ အမေ့ပစ္စည်းတွေကို ပလတ်စတစ်အိတ်ကြည်တစ်လုံး နဲ့ ယူလာပေးတယ်။ အမေ့ ပိုက်ဆံအိတ်… ဆယ်နှစ်လုံးလုံး သယ်ဆောင်ခဲ့တဲ့ သားရေဟောင်းနွမ်းနွမ်း အိတ်ကလေး။ အတွင်းမှာ အမေ့ရဲ့ စျေးပေါတဲ့ Android ဖုန်းလေး ရှိတယ်။

ဖန်သားပြင်က ကွဲနေတယ်။

ကျွန်တော် ဖွင့်လိုက်တော့ Lock Screen မှာ ကျွန်တော့်နာမည်ကို တွေ့တယ်။ လေယာဉ်ပေါ်က ကျွန်တော် ခေါ်


လိုက်တဲ့ Missed Call (လွဲချော်သွားသော ခေါ်ဆိုမှု) တစ်ခု။

ကျွန်တော့်ဖုန်းက အိတ်ကပ်ထဲမှာ အုတ်ခဲတစ်လုံးလို လေးလံနေတယ်။ လက်တွေက အရမ်းတုန်ယင်နေလို့ စကားဝှက် (Lock) ကိုတောင် မနည်း ဖွင့်ရတယ်။ အဲဒီမှာ သူတို့ ရှိနေတယ်။ ကျွန်တော် တမင်တကာ လစ်လျူရှုခဲ့တဲ့၊ ကျွန်တော် လျစ်လျူရှုပြီး နားမထောင်ခဲ့တဲ့ အသံမေးလ် သုံးခု။

ကျွန်တော် နောက်ဆုံးတစ်ခုကို ဖွင့်လိုက်တယ်။ ကြာသပတေးညက။

အမေ့ရဲ့ အသံ… သိမ်မွေ့ပြီး နည်းနည်း ပင်ပန်းနေတဲ့ အမောသံ ရောနေတဲ့ အသံက ပိုးသတ်ဆေးနံ့ထွက်နေတဲ့ လေးလံသော အခန်းထဲ ရင်နင့်ဖွယ် ပြန့်လွင့်သွားတယ်။

“ဟေး၊ သားကြီး မင်းခန့် ရေ။ မေမေပါ။ သား အရောင်း Target (ပန်းတိုင်) နဲ့ အရမ်း အလုပ်ရှုပ်နေတာ မေမေ သိပါတယ်။ အောင်မြင်ပါစေလို့ မေမေ ဆုတောင်းပေးပါတယ် သားရယ်။ မေမေက… သားရဲ့ အသံကို ကြားချင်ရုံ သက်သက်ပါ။ ရန်ကုန်မှာ တော်တော် ပူလာတယ်လို့ သတင်းဖတ်လိုက်ရတယ်။ သား အဆင်ပြေရဲ့လား၊ သား ရေသောက်ဖို့ မမေ့နဲ့နော်။ ခေါင်းမာတဲ့သူ မလုပ်နဲ့။ သား အချိန်ရတဲ့အခါ ပြန်ခေါ်ပါ။ ခဏလေးပဲ ရပါတယ်။ မေမေ သားကို ချစ်တယ် နော် ဘိုင်ဘိုင်။”

ကျွန်တော့် ပါးမှာ မျက်ရည်တွေ အလိုလိုစီးကျလာတယ်။

“အမေ ၊ အမေရေ ၊ သားကို ခွင့်မလွှတ်ပါနဲ့”

###########


ခြောက်လ ကြာခဲ့ပါပြီ။ ကျွန်တော် အဲဒီ အသံမေးလ်ဖိုင်ကို ဖုန်းကုမ္ပဏီကနေ နည်းမျိုးစုံနဲ့ ပြန်ယူခဲ့တယ်။ အလွယ်တကူ ပျက်စီးသွားမှာစိုးလို့ နေရာသုံးနေရာမှာ Backup (အရန်သိမ်း) လုပ်ထားတယ်။ ကျွန်တော့် တိုက်ခန်းထဲမှာ တိတ်ဆိတ်မှုက အရမ်း လေးလံ လာတဲ့အခါတိုင်း နားထောင်တယ်။ အဲဒါက အမေ ကျွန်တော့်နာမည်ကို နောက်ဆုံး ခေါ်ခဲ့တဲ့ အချိန်ပဲ။ အမေ ကျွန်တော့်ကို ချစ်တယ်လို့ ပြောခဲ့တဲ့ နောက်ဆုံးအကြိမ်ပဲ။

ပြီးတော့… ကျွန်တော်က ပြန်ဖြေဖို့ အရမ်း အလုပ်များနေခဲ့တယ်။ အမေ တောင်းဆိုခဲ့တဲ့ “ခဏလေး” ကိုတောင် ပေးဖို့ အချိန်မပေးနိုင်ခဲ့ဘူး။


ကျွန်တော် ဒီအကြောင်း ခင်ဗျားတို့ကို ပြောပြနေတာက… ကျွန်တော် ခင်ဗျားတို့ကို ကျွန်တော့်ကိုယ်ကျွန်တော် အတိတ်ကို ပြန်ကြည့်နေရသလို မြင်နေရလို့ပဲ။ ကော်ဖီဆိုင်မှာ ဖခင် ဖုန်းခေါ်တာကို မျက်မှောင်ကြုတ်၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး ကြည့်နေတဲ့ ခင်ဗျားကို ကျွန်တော် မြင်တယ်။ အဖွားက သနားစဖွယ် စကားပြောဖို့ ကြိုးစားနေချိန် စားပွဲအောက်မှာ စာရိုက်နေတဲ့ ခင်ဗျားကို ကျွန်တော် မြင်တယ်။ ကျွန်တော် လုပ်ခဲ့သလိုပဲ “လျစ်လျူရှုရန်” ကို နှိပ်နေတဲ့ ခင်ဗျားကို ကျွန်တော် မြင်တယ်။

ဒီမှာ နာကျင်ပြီး ဆိုးရွားတဲ့ အမှန်တရား ကို ကျွန်တော် ဆေးရုံခန်းထဲကနေ သွေးသားနဲ့ရင်းပြီး သင်ယူခဲ့ရတယ်။

• Deadline တွေက အမြဲ ရှိနေဦးမှာပဲ။

• အရောင်း Target တွေက နောက်သုံးလပတ်မှာ ပြန်လည်စတင်သွားလိမ့်မယ်။

• အလုပ်ကိစ္စတွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ဆူညံသံတွေက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။

ဒါပေမဲ့ ခင်ဗျားတို့ကို နှလုံးသားအပြည့် ချစ်တဲ့သူတွေကတော့ ထာဝရ ဖုန်းခေါ်နေမှာ မဟုတ်ဘူး။

တစ်နေ့ကျရင် အဲဒီဖုန်း မြည်တာ ရပ်သွားလိမ့်မယ်။ အဲဒီအခါကျရင် ခင်ဗျား ရှာဖွေခဲ့တဲ့ ပိုက်ဆံတိုင်း၊ ပွဲဆူခဲ့တဲ့ အရောင်းအဝယ်တိုင်းကို ပေးပြီး အဲဒီ “ဘာမှမဟုတ်ဘူးလို့ ထင်ခဲ့တဲ့ဖုန်းခေါ်သံ” ကို နောက်ထပ် တစ်ခါလေးပဲ ကြားချင်နေလိမ့်မယ်။

ကျွန်တော်လို မဖြစ်ပါစေနဲ့။ ခင်ဗျားဆီမှာ ကြေကွဲဖွယ် အသံဖမ်းထားတဲ့ ဖိုင်တစ်ခုပဲ ကျန်တဲ့အထိ မစောင့်ပါနဲ့။ကျေးဇူးပြုပြီး ဖုန်းကို ဖြေလိုက်ပါ။


#ဟမ်စိုင်း(ဆေး-မန်း)