ချောင်ကြားထဲက လူသားများ

 ချောင်ကြားထဲက လူသားများ


တင်ညွန့်


ကျွန်တော် အိမ်ထဲတွင် စာရေးနေသည်။


တစ်ပတ်လုံး ရွာလိုက်သည့်မိုး ယခုမှနေရောင်ကို မြင်ရတော့သည်။ ခေါင်းရင်းမှ ကားသံတွေကြားသည်။ လူသံတွေကြားသည်။ ငိုသံတွေရော ပါလာသည့် အခါတွင် ကျွန်တော်မနေနိုင်တော့။ ပြတင်းပေါက်မှထပြီး ကြည့်လိုက်မိသည်။


နာရေးကားတစ်စီး လမ်းထိပ်တွင် ရပ်ထားသည်။ လူလေးယောက်က အခေါင်းတစ်ခုကို မလာကြသည်။ ကျွန်တော်က အခေါင်းဘေးမှ စာတန်းကို ဖတ်လိုက်သည်။


မောင်အောင်လေး - အသက် ၃၁ နှစ်


အခေါင်းကို ကားပေါ်တင်သည်။ နောက်က ဟိုက်ဂျက်ကားပေါ်ကို လူတွေတက်ကြသည်။ ရှေ့က အသုဘကား၊ နောက်က အသုဘလိုက်ပို့သည့် ဟိုက်ဂျက်ကားအပြည့် လူတွေ။ ထို့နောက် ကားနှစ်စီး ရွာထဲက မောင်းထွက် သွားကြသည်။ 


ဆရာ


ခြံဝမှခေါ်သံကြားသဖြင့် ကြည့်လိုက်ရာ မောင်ကျော်စွာ။ ကျွန်တော်က တံခါးသွားဖွင့်ပေးလိုက်သည်။


လာကွ မောင်ကျော်စွာ ... ဒီကိုလာတာပဲလား


မဟုတ်ဘူးဆရာ ... အသုဘပို့မလို့လာတာ။ ကားမဆံ့တာနဲ့ နေခဲ့တာ


မိုးမရွာတော့လည်း ပူတယ်။ အပြင်မှာပဲ ထိုင်ကြတာပေါ့


ကျွန်တော်တို့ ခြံထဲမှာပင် ထိုင်လိုက်ကြသည်။


ဘယ်လိုဖြစ်တာလဲ ညနေ ၄ နာရီတောင်ကျော်နေပြီ။ ဒီအချိန်ကြီး အသုဘချသတဲ့လား


ဆရာ ... အသုဘက မချလည်း အဲဒီအိမ်မှာ နေစရာနေရာမရှိဘူး။ တစ်အိမ်လုံး စုစုပေါင်းမှ ၁၀ ပေ လောက်ပဲကျယ်တာ။ မိသားစုက ၆ ယောက်လောက်ရှိတာ။ ဘယ်သွားအိပ်ကြမလဲ


ဘာဖြစ်လို့သေတာလဲကွ


ဆရာရေ ... ခုချိန်မှာ ရွာထဲ ငယ်ငယ်ရွယ်ရွယ်နဲ့သေရင် ဘာကြောင့်လဲလို့ မမေးနဲ့။ အရက်ကြောင့်ပဲ။ တစ်ရွာလုံး အရက်ရောင်းတဲ့ဆိုင်က လက်ဖက်ရည်ဆိုင်ထက်များတယ်။ လက်ဖက်ရည်ဆိုင်တွေတောင် မကိုက်လို့ ဆိုပြီးတော့ အရက်ပြောင်းရောင်းနေကြပြီ။ အရက်ရောင်းမယ်ဆိုရင် စပွန်ဆာလည်း ပေးသတဲ့။ ဆိုင်လည်း ပြင်ပေးသတဲ့။ အရက်လည်း အကြွေးပေးသတဲ့။ အတင်းကိုလိုက်ပြီးတော့ စည်းရုံးရေးဆင်းပြီး အရက်ကို ရောင်းခိုင်းနေတော့တာ


ဟုတ်လား ... ဘယ်သူတွေက အဲဒီလိုလုပ်နေကြတာလဲကွယ်


မပြောချင်ဘူး ဆရာရေ


အေးကွာ လူငယ်တိုင်း ညနေဆို မူးလာနေကြတာတွေ။ အသက်အရွယ်မရွေး အရက်ဆိုင်မှာ အရက်ဝယ်နိုင် တာတွေ၊ အရက်သောက်နိုင်လောက်အောင် ဈေးပေါပေါနဲ့ အရက်တွေကို လှိမ့်ရောင်းခိုင်းနေတာတွေဟာ စဉ်းစားစရာတွေ ဖြစ်လာပြီပေါ့။ ဘာဖြစ်ဖြစ်ပါကွယ် အဲဒီလို ပျက်စီးမှုချောက်ထဲကို ဆွဲချနေတဲ့အထဲ မင်းမပါစေနဲ့


စိတ်ချပါဆရာရေ ... ဆရာက ကျွန်တော့်ကို စာတွေဖတ်ခိုင်းထားတာပဲ။ အဲဒီလောက် မိုက်ပါတော့မလား။ ခုဆို တစ်ရွာလုံးမှာ ကိုယ်နဲ့ သက်တူရွယ်တူတွေ အားလုံးလိုလို အရက်သမားတွေ ဖြစ်ကုန်ကြပြီဆရာ။ သေတဲ့ကောင်တွေလည်း သေကုန်ကြပြီ။ ခုဏက အသုဘချသွားတဲ့ အောင်လေးဆိုရင် ကြည့်။ ညကတည်းက ပြန်မလာတာ။ မနက်မိုးလင်းတော့ အိမ်ကလိုက်ရှာမှ အရက်ဆိုင်ရှေ့က တဲထဲမှာ မိုးရေတွေစိုပြီး သတိမေ့နေတာ။ တစ်ကိုယ်လုံးလည်း ဖြူဖွေးနေပြီ။ အိမ်ကို ပြန်ခေါ်လာပြီး ကုကြသေးတယ်။ မရတော့ပါဘူး။ ၃ နာရီလောက်မှ သေတာပါပဲ။ အဲဒါနဲ့ ချက်ချင်းပဲ အသုဘ ချနိုင်အောင် ဝိုင်းပြီး စီစဉ်ပေးလိုက်တယ်။ မကြာဘူး နောက်တစ်လောင်းလည်း လာလိမ့်ဦးမယ်


ဘယ်သူများလဲ


ဟို ရွာအနောက်ပိုင်းက အကြော်ရောင်းတဲ့ မိန်းမကြီးသိလား ခပ်ဝဝလေ


သိတာပေါ့ ငါလမ်းလျှောက်ပြန်လာတိုင်း သူ့ဆိုင်မှာ အကြော်ဝယ်နေကျ


အဲဒီအဒေါ်ကြီးသားလည်း အိပ်ရာထဲ လဲနေပြီ။ လူလည်း လူရုပ်နဲ့မတူတော့ဘူး။ မကြာတော့ပါဘူး


အေးကွာ ဘယ်လိုတွေ ဖြစ်ကုန်ကြပါလိမ့်


အဓိက ကတော့ အလုပ်ပဲဆရာ။ ဆရာလမ်းလျှောက်ရင် သတိထားမိလား။ ခုဆိုရင် အလုပ်သွားတဲ့ ယောကျ်ား မိန်းမ အတော်လေး နည်းသွားတာ


အေး သတိထားမိတယ်


စက်ရုံအလုပ်ရုံတွေက ပိတ်တာပိတ်၊ ပြန်တာတွေပြန်တော့ အလုပ်တွေ ရှားကုန်တယ်။ ရတဲ့ နေ့စားခတွေ ကလည်း တက်မလာဘူး။ မလောက်မငနဲ့ ရတဲ့လုပ်ခလေးတွေကို မိသားစုကို ပြန်ထောက်ရမယ့်အစား စိတ်ညစ်ညစ်နဲ့ အရက်တွေချည်းသောက်နေကြတော့ အိမ်က မိသားစုလည်းငတ်၊ ရှာကျွေးနေရတဲ့ သူတွေလည်း ကြာတော့ စိတ်ဓာတ်တွေ ကျလာတယ်။ ဆရာ ကျူးကျော်ရပ်ကွက်တွေထဲသွားကြည့်ရင် သိလိမ့်မယ်။ လူတွေဘဝ ဘယ်လောက် စုတ်ပြတ်သတ်နေကြသလဲဆိုတာ


အေးကွာ ကြားရတာ စိတ်မချမ်းသာလိုက်တာ


ဆရာရေ ... ငတ်လို့သေတဲ့လူတွေနဲ့ အရက်ဖြတ်လို့သေတာတွေ၊ အရက်မသောက်ရလို့ ရူးကြောင်ကြောင် ဖြစ်နေတဲ့ကောင်တွေ အများကြီး။ ဒီကြားထဲ ပိုဆိုးတာက အိမ်က အသက်အရွယ်ကြီးတဲ့ လူကြီးတွေကိုတောင် နှင်ထုတ်နေကြတာတွေ ကြုံနေရပြီ


ဟေ


ဘဝဆိုတာ မြို့ပေါ်ကလူနည်းစုတွေ တိုက်နဲ့ ကားနဲ့နေတဲ့သူတွေလောက်ကြည့်ပြီးတော့ အားလုံး အဆင်ပြေနေကြတာပဲလို့ ထင်လိုက်ရင် မှားမယ်ဆရာရေ။ အဲဒီလိုထင်ပြီးတော့ ဆန်ဆိုသည်မှာ ဆန်အိုးထဲက လာသည်လို့ အသိရှိသူတွေအနေနဲ့ တိုးတက်ဖွံ့ဖြိုးနေတာပဲလို့ ယူဆနေကြသလားတော့ မသိဘူး။ လက်တွေ့ ဘဝမှာတော့ အလုပ်မရှိ၊ ပိုက်ဆံမရှိ၊ ဘဝတွေကို ဖြစ်သလိုရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသလို လုပ်နေကြတဲ့သူတွေက များလာတယ်


ဘာလဲကွာ ... ကိုယ့်ကိုယ်ကိုယ် သတ်သေနေကြတယ်ဆိုတာ


ဆရာ တစ်ရက်လောက် ကျွန်တော်နဲ့ ရပ်ကွက်ထဲလိုက်ကြည့်ပါလား။ အရက်ဆိုင်မှာ ယောကျ်ားတွေတောင် မဟုတ်တော့ဘူး မိန်းမတွေပါ ထိုင်သောက်နေကြတာ။ သူတို့လည်း မထူးဇာတ်ခင်းနေကြတာလေ။ ညဆိုရင် ယောက်ျားကလည်းမူး၊ မိန်းမကလည်းမူး၊ အပြိုင်ဆဲဆိုရန်ဖြစ်နေကြတယ်ဆိုတာ ရပ်ကွက်ထဲက ယဉ်ကျေးမှု တစ်ခုတောင် ဖြစ်လာပြီဆရာရေ။ အရက်တွေသောက်ပြီး အသက်တွေပျောက်နေကြတာမှ


အေးကွာ ကြားရတာ စိတ်မကောင်းလိုက်တာ။ ဒီနေ့တော့ မင်းက ငါ့ကို အများကြီး ပညာပေးသွားတာပဲ


ဆရာက ကားတွေ ဆိုင်ကယ်တွေကြားလောက်ပဲ လမ်းလျှောက်တာကိုး။ ကားတွေ ဆိုင်ကယ်တွေက ရှောင်လို့ရတယ်ဆရာ။ လူတွေက ရှောင်လို့မရတဲ့ ဆင်းရဲခြင်းဒုက္ခနဲ့ ပွတ်တိုက်ပြီးတော့ တဖြုတ်ဖြုတ် သေနေကြတာ


တင်ညွန့်

၁၅.၁၀.၂၀၂၃