စည်းစိမ်ချမ်းသာ

 စည်းစိမ်ချမ်းသာ 

-----------------

ညီဖြစ်သူ ဘုရင်ထံ အစ်ကိုဖြစ်သူ တောပျော်ရဟန်းတစ်ပါးက တွေ့ဆုံရန် ရောက်လာသည်။


“ညီဒကာ ... ဘယ်နှယ်ရှိစ နန်းတော်ကြီးကလည်း ခမ်းနားလိုက်တာ။ သင်ဖြစ်ချင်တဲ့ ဘုရင်လည်း ဖြစ်ရပြီဆိုတော့ ပျော်မှာပေါ့နော်”


“မှန်လှပါဘုရား ... တပည့်တော် မပျော်ပါဘုရား”


“အလိုကွယ် လူ့စည်းစိမ်းကို နတ်စည်းစိမ်အလား ခံစားနေရတာ မပျော်ဘူးလို့ ဆိုနိုင်သလား။ နေစမ်း ... သင်နန်းတော်ကြီးက ခမ်းနားလှတယ် ... ငါ့လိုက်ပြစမ်း”


“မှန်လှပါ အရှင်ဘုရား ... ဤအချိန်သည် တပည့်တော်အနေဖြင့် ညဉ့်ယံ ညီလာခံ အရေးပေါ်ဝင်ရမည့် အချိန် ဖြစ်နေပါတယ်ဘုရား။ သို့ဖြစ်ပါသောကြောင့် အရှင်ဘုရားကိုယ်တော်တိုင်ပဲ နန်းတော်ကြီးထဲကို လှည့်ပတ် ကြည့်ပါဘုရား။ ဤ ဆီမီးခွက်လေးကိုတော့ ယူသွားပါဘုရား။ တစ်ချက်ပဲ သတိထားပါဘုရား။ ဆီမီးခွက်က မီးစာကို မငြိမ်းပါစေနဲ့ဘုရား။ နန်းတော်ကြီးက ကြီးကျယ်ခမ်းနားလွန်းတာကြောင့် မီးငြိမ်းသွားသည့်နှင့် လမ်းပျောက်သွားပြီး မျက်စိလည်သွားနိုင်ပါတယ်ဘုရား။ ဒါကြောင့် မီးကိုတော့ ဂရုစိုက်ပါဘုရား”


နောင်တော် ရဟန်းက ဆီမီးခွက်လေးကို ယူသွားသည်။


ညီတော်ဘုရင်လည်း ညီလာခံတက်သည်။


ဆွေးနွေးစရာ ကိစ္စများပြီးသည့်အခါတွင် ဘုရင်လည်း ညီလာခံကိုရပ်ပြီး နေထိုင်ရာ အဆောင်ကို ပြန်လာသည်။ ထိုအချိန်တွင် အစ်ကိုဖြစ်သူ ရဟန်းလည်း ဆီမီးခွက်လေးကိုကိုင်ပြီး ပြန်ရောက်လာသည်။


“အရှင်ဘုရား နန်းတော်ထဲမှာ လှည့်ပတ်ကြည့်ရှုခဲ့ပြီးပြီလား”


“လျှောက်တော့ သွားတာပဲကွယ် ... ဒါပေမဲ့ ဘာကိုမှ သေသေချာချာ မကြည့်ဖြစ်ခဲ့ပါဘူး”


“အဘယ်ကြောင့်နည်း ဘုရား"


“သင်ပေးလိုက်တဲ့ ဆီမီးခွက်လေးကို ငြိမ်းသွားမှာ စိုးရိမ်လို့ပေါ့။ ဒါကြောင့် ဆီမီးခွက်ကိုပဲ ဂရုစိုက်နေရတာ အဘယ်မှာလျှင် သင့်နန်းတော်ထဲက ကြီးကျယ် ခမ်းနားမှုတွေကို သေသေချာချာ ကြည့်နိုင်တော့မည်နည်း”


“ညီတော်၏ ဘဝလည်း ထိုနည်းနှင်နှင်ပါဘုရား”


“ထီးနန်းစည်းစိမ်ကို ရရှိပြီး ဖြစ်သော်လည်း ဘယ်နေ့ ငါ့ကို လုပ်ကြံမည်သူ ပေါ်လာလေမလဲ။ ဘယ်တိုင်ကွယ် ကနေ ဘယ်သူက ဓားနဲ့ ထွက်ခုတ်လိုက်လေမလဲ။ ဘယ်နေရာကနေ ပစ်လိုက်တဲ့ လှံသွား မြားတံတွေ ရောက် လာလေမလဲဆိုပြီး အမြဲပူပန်ကာ စိတ်ဆင်းရဲခြင်း ကြီးစွာဖြစ်နေလို့ ပတ်ဝန်းကျင်ကို မယုံသင်္ကာနဲ့ လိုက်ကြည့် နေရတာနဲ့ပဲ ရာထူးနဲ့စည်းစိမ်ချမ်းသာမှာ ကောင်းစွာ မပျော်နိုင်ပဲ ရှိနေရပါတယ်ဘုရား”


“ဪ ... ဝဋ်ကြွေးကြီးလှပါပေါ့ ဒကာရယ်။ ဒါဆိုရင် ရှင်းနေတာပဲ။ သင့်ပတ်လည်မှာ ရန်သူဝိုင်းနေတယ်ဆိုတဲ့ သဘောလား”


“မှန်ပါတယ်ဘုရား”


“ညီဒကာ ... ချစ်သူတွေကြားမှာ အန္တရာယ်ဆိုတာ မရှိဘူးကွယ်။ အင်း မုန်းသူတွေ ပတ်လည် ဝိုင်းနေရင်တော့ အန္တရာယ်ဆိုတာ အချိန်မရွေးရောက်လာနိုင်တယ်။ အင်းလေ စကတည်းက အမုန်းနဲ့တည်ဆောက်ထားတဲ့ တံတိုင်းကြီးဟာ ဘယ်မှာ လုံခြုံတော့မှာလဲ။ ငါပြန်ကြွတော့မယ်”


“ညကြီးမင်းကြီးပါဘုရား”


“သင်တောင် သင့်ကိုယ်သင့် မလုံခြုံသလို ခံစားနေရရင် အခြားသူတွေအတွက်ရော လုံခြုံလိမ့်မယ် ထင်သလား။ ငါ ဘုရားသားတော်အတွက် အလုံခြုံဆုံးနေရာရှိပါတယ်။ ကိုယ့်နေရာ ကိုယ်သွားပါ့မယ်”


(အိန္ဒိယပုံပြင်လေးတစ်ပုဒ်ကို မှီငြမ်းပါသည်)


တင်ညွန့်


၂၂.၁၂.၂၀၂၃