အိပ်ဆေး

 အိပ်ဆေး(စ/ဆုံး)

———-

“သားရေ … အမေ ညညကျ အိပ်မပျော်ဘူးကွယ်။ အမေ သောက်နေကျ ဆေးလေး ပေးပါကွယ်”


“အမေ … အဲဒီ အိပ်ဆေးက ကြာကြာသောက်ရင် အမေ့အတွက် မကောင်းဘူးတဲ့”


“ဘယ်သူက ပြောတာလဲ … မင်း မိန်းမက ပြောတာလား”


“ဟုတ်တယ်အမေ …”


“ဟင်း … ပညာလေးတတ် … ဆေးခန်းမှာ နာ့စ်မလေး လုပ်ရတာနဲ့ သူ့ကိုယ်သူ ဆရာဝန်လောက် ထင်နေတဲ့ မိန်းမ … သူ ဒီအိမ်ကို မရောက်ခင်ကတည်းက ငါအိပ်မပျော်ရင် အဲဒီဆေးတွေ သောက်နေကျ ဘာမှ မဖြစ်ပေါင် တော်”


“အမေ … ဘာမှ မဖြစ်သေးလို့ … ဘာမှ မဖြစ်သေးတာပါ။ ဒါပေမဲ့ အိပ်ဆေးသောက်မှ အိပ်လို့ရတယ်ဆိုတာ ကတော့ သဘာဝမကျမှန်း အမေလည်း သိပါတယ်”


“ဟဲ့ … ငမောင် … နင်အိမ်ထောင်ကျတာ ၆ လ မပြည့်သေးဘူး … ဘာလဲ မယားစကားကို နားထောင်ပြီး အမေ့ စကားကို နားမထောင်တော့ဘူးဆိုတဲ့ သဘောလား။ ဘယ်မှာလဲ … ငါသောက်နေတဲ့ ဆေးတွေ … ငါ့ကို ပြန်ပေး”


“အမေရယ် … အဲဒီ အိပ်ဆေးတွေက မကောင်းဘူးတဲ့ … သူ့ဘေးထွက်ဆိုးကျိုးတွေ အများကြီးတဲ့ … ကြာလာရင် အမေခေါင်းကိုက်တာတွေ၊ အော့အန်တာတွေ ဖြစ်လာလိမ့်မယ်တဲ့”


“ဘယ်သူက ပြောတာလဲ … နင့်မိန်းမက ပြောတဲ့အတိုင်း ငါ့ကို ဆရာပြန်လုပ်နေတာလား။ မိန်းမစကားကို အမေ့ စကားထက်နားထောင်မှာလား … သွား ငါ့ကို အိပ်ဆေးသွားဝယ်ပေး”


ထိုစဉ် ချွေးမဖြစ်သူက ပြန်လာသည်။


“အမေ ထမင်းစားပြီးပြီလား”


“စားပြီးပြီ … ဘယ်အချိန် ရှိနေပြီလဲ”


“သမီး ပြန်လာတာ နောက်ကျသွားတယ် အမေရယ် … လမ်းမှာ ကားတွေ ပိတ်နေလို့ပါ။ အမေ့ကို ကိုမောင် ထမင်းခူးကျွေးလိုက်တာလား”


“အမလေး … ငါ့မှာ လက်မပါတာ ကျနေတာပဲ … ဝမ်းချင်း ဆုံတာ မဟုတ်ပေါင်တော် … ငါဆာတဲ့ အချိန် ထည့်စားမှာပဲ … ဟဲ့ ငမောင် … သွားလေ … ငါဝယ်ခိုင်းတာ သွားဝယ်”


“ကိုမောင် … အမေက ဘာဝယ်ခိုင်းနေတာလဲ”


“အိပ်ဆေးတဲ့ကွာ … ညဆိုရင် အိပ်မရလို့တဲ့”


“အမေ … အိပ်ဆေး မသောက်ပါနဲ့လား … သမီး အားဆေးတစ်မျိုးတိုက်မယ်လေ … အဲဒီအားဆေးက အမေအိပ် ပျော်မှာပါ”


“အို ညည်းအားဆေးတွေက ဝမ်းချုပ်တယ် … သောက်ချင်ဘူး … ငါ အိပ်ဆေးပဲ သောက်ချင်တယ်။ ဟဲ့ ငမောင် မသွားသေးဘူးလား”


“သွားမယ်အမေ … သွားမယ်”


သားဖြစ်သူက သူ့အမေ နားပူသည်ကို မခံနိုင်သဖြင့် အိမ်အပြင်ကိုထွက်သွားသည်။


“အမေရယ် … အိပ်ဆေးသောက်တာ …”


“ညည်းက ငါနားလည်တယ်ဆိုပြီး … ငါ့ကို ဆရာမကြီး မလုပ်နဲ့ … နင်တော်မှန်း … တတ်မှန်း … သိမှန်း နားလည်တယ်”


“အမေနဲ့တော့ ခက်တော့တာပဲ”


တစ်နာရီခန့်အကြာတွင် သားဖြစ်သူက အိမ်ပေါ်ကို တိတ်တိတ်လေး တက်လာသည်။


“အမေ … ရွှေစင်ကောဟင်”


“သိဘူး … ဘယ်မှာလဲ အိပ်ဆေး ပါလား”


“ပါတယ်အမေ … နေဦး သားရေသွားခပ်လိုက်ဦးမယ်”


သားဖြစ်သူက ရေခပ်ပြီးနောက်


“အမေ … ပါးစပ်ဟ … မြန်မြန်သောက်မှဖြစ်မယ် … တော်ကြာ ဆရာမကြီးက အော်နေဦးမယ်”


သားဖြစ်သူက ဆေးကတ်ထဲက ဆေးတစ်လုံးကို ကမန်းကတန်းထုတ်ပြီး သူ့အမေကို ပါးစပ်ထဲ အတင်းထည့် ပေးလိုက်သည်။


ထိုအချိန်တွင် ရွှေစင်က အိမ်ထဲက ထွက်လာသည်နှင့် တန်းတိုးပြီး


“ကိုမောင် … အမေ့ကို ဘာတွေ တိုက်နေတာလဲ”


“ဘာမှ မဟုတ်ပါဘူး … ဘာမှ မတိုက်ဘူး” ဟု မလုံမလဲနှင့်ပြောသည်။


မိခင်ဖြစ်သူက စိတ်မရှည်ဟန်နှင့်


“အိပ်ဆေးဟေ့ … အိပ်ဆေး သောက်နေတာ … တကတဲ အပင်းလျှိုနေရသလိုပဲ”


“အမေနဲ့ ကိုမောင်ကတော့လေ ခက်တော့တာပဲ … သမီးက စေတနာနဲ့ ပြောတာကို အကောင်းလည်း မထင်ကြဘူး”


ခင်ပွန်းဖြစ်သူက မိန်းမကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။


“အမေ အိပ်တော့မလားဟင်”


“အေး … အိပ်ရာထဲမှာပဲ ပုတီးစိပ်တော့မယ်”


“လာ အမေ သားလိုက်ပို့ပေးမယ်”


“ရပါတယ် … ငါ့ဘာသာသွားမယ်”


သို့သော် သားဖြစ်သူက မိခင်ဖြစ်သူကို ခြင်ထောင်ထဲပို့ … ခြင်ထောင်တွေကို ဖိပြီးမှ အခန်းထဲက ပြန်ထွက်လာသည်။


အပြင်တွင် ဇနီးဖြစ်သူ ရွှေစင်က ခုံပေါ်တွင်ထိုင်ပြီး စိတ်ပျက်စွာနှင့်


“ကိုမောင်တို့ကတော့လေ ခက်ပါတယ် … အမေ့ကို အိပ်ဆေးမတိုက်ပါနဲ့လို့ ပြောတာလည်း မရဘူး။ အမေ ကြာရင်ခက်တော့မယ်။ အဲဒီဆေးမှ မသောက်ရရင် အိပ်မပျော်တော့ဘူး ဖြစ်တော့မယ်။ ကဲ အမေ့ကို ဘာဆေးတွေ တိုက်တာလဲ”


“ဒီမှာ”


ခင်ပွန်းဖြစ်သူက သူ့အိတ်ထဲက ဆေးကတ်ကို ထုတ်ပြလိုက်သည်။


“ဟယ် … ဒီဆေးကို တိုက်တာလား”


“ဟုတ်တယ်လေ”


“ဗီတာမင်ဆေးပြားပဲ”


“ဟုတ်တာပေါ့ … အမေက သိတာမှ မဟုတ်တာ … ဒီလိုပဲ လိမ်တိုက်ရတော့တာပေါ့”


“ဒီဆေးဆိုရင်တော့ မဆိုးဘူး … အမေနဲ့ တည့်မှာပါ”


“အသာလေးသာနေ … ညတိုင်း မောင် သူ့ကို ဆေးခိုးတိုက်ရတဲ့ အလုပ်တစ်ခုကို လုပ်ရတော့မယ်။ ရွှေစင်က မသိချင်ယောင်ဆောင်ပေး”


“ဟင်း … တော်တော် ဉာဏ်များ”


နောက်တစ်နေ့ မိခင်ဖြစ်သူက ၆ နာရီလောက်မှ အိပ်ရာက နိုးလာသည်။


“အမေ နေကောင်းရဲ့လား … ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား”


“ကောင်းပါ့ … ငါ့နှယ် ပုတီးတောင် လွတ်ကျတယ် … အိပ်ချင်လိုက်တာများ … မနက်အထိ တစ်ရေးပဲ”


“ဆေးက ကောင်းတယ် အမေရယ့် … နိုင်ငံခြားဆေး”


“ဘာဆေးလဲ … ငါ့ကို ပြစမ်း”


“အမေ … အိမ်က ဆရာမကြီး သိသွားလို့ ပြဿနာရှာနေဦးမယ် … သားဝှက်ထားတယ်။ ညကျမှ အမေ အိပ်ခါနီး သားတိတ်တိတ်လေ လာတိုက်မယ်”


“အေး … အေး”


အခန်းထဲက ချောင်းကြည့်နေသော ရွှေစင်က ပြုံးလိုက်သည်။


“သားအမိနှစ်ယောက် လိုက်လည်းလိုက်တယ်” ဟု တိုးတိုးလေး ပြောလိုက်သည်။


တင်ညွန့်


၉.၁၀.၂၀၂၄