သားရေး သမီးရေး

 သားရေး သမီးရေး

------------------

အလိမ်အညာတွေနှင့် ပြည့်နေသည့်ကာလတွင် ကျွန်တော်တို့၏ အနာဂတ်မျိုးဆက်တွေကို ထိုအလိမ်အညာ တွေအပေါ်၌ မသာယာမိစေရန်၊ နားမယောင်သွားစေရန်၊ မျက်စိမကစားစေရန် ထိန်းသိမ်းပျိုးထောင်ဖို့လို သည်။ အထူးသဖြင့် အိမ်တွင် ကလေးတွေနှင့် အများဆုံး လက်ပွန်းတတီးနေထိုင်ကြရသည့် မိဘများက မိမိတို့ သားသမီးများကို မလိမ်တတ်ရန်၊ မညာတတ်ရန်၊ အမှန်ကို အမှန်အတိုင်း ဝန်ခံပြောရဲဆိုရဲရှိစေမည့် စိတ်ဓာတ်တွေ သွပ်သွင်းပေးရန်အရေးကြီးသည်။


အဘယ်ကြောင့်နည်း


မုသာဝါဒ (လိမ်လည်ပြောဆိုခြင်း) တွေက ပတ်ဝန်းကျင်တွင် တဖြည်းဖြည်း အားကောင်းလာနေသောကြောင့် ဖြစ်သည်။


ထို့ကြောင့် မိဘတွေ အမြင်ကျယ်ရန်လိုသည်


သားသမီးတွေက မေးလာလျှင်လည်း ရှင်းပြနိုင်သည့် အရည်အချင်းရှိရန်လိုသည်


မိဘတွေကလည်း အမြင်ကျဉ်း၊ သားသမီးတွေကလည်း ကိုယ်တိုင် အမှန်တရားကို ဖွေရှာနိုင်သည့် အရွယ်ကို မရောက်သေးလျှင် မုသာဝါဒတွင် သာယာပျော်မွေ့သွားမည်ကို စိုးရိမ်ရသည်။


တော်လ်စတွိုင်းက ပြောဖူးသည်


“ဆိုးချင် ဆိုးပါစေ ... မလိမ်စေနဲ့” 


အရစ္စတိုတယ်ကလည်း လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်ဆိုသည်မှာ လူငယ်တွေကို အခြေခံရမည်။ လူငယ်တွေ အကျင့်စာရိတ္တမကောင်းဘဲ လူ့ဘောင်ကြီးကောင်းလာလိမ့်မည်မဟုတ်ဟု ဆိုဖူးပါသည်။ ကျွန်တော်တို့ လူငယ်တွေကို ကိုယ်တိုင်ကလည်း အမှန်တရားကို မြတ်နိုး၊ အမှန်တရားကို လုပ်ဆောင်လိုစိတ်ရှိသော၊ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ချပြရဲ ပြောရဲဆိုရဲသူများ ဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးကြရမည်။


လက်ဦးဆရာမည်သော မိဘတွေမှာ ကိုယ့်လက်ထဲတွင် ရှိစဉ်ကတည်းက လိမ်ညာခြင်းဆိုသည်မှာ ရွံစရာ စက်ဆုတ်စရာကောင်းသော မကောင်းမှုတစ်ခုဖြစ်သည်ဟု ပုံဖော်ပေးနိုင်အောင် ကြိုးစားရမည်။ ထို့ကြောင့် မိဘတွေကလည်း မလိမ်တတ်၊ မညာတတ်၊ လိမ်ညာခြင်းကို မုန်းတီးတတ်သူများ ဖြစ်အောင် နေထိုင်ရန် လိုသလို၊ သားသမီးတွေကိုလည်း စံပြုလောက်သည့်သူများဖြစ်နေစေရန် အရေးကြီးသည်။ 


ဘဝတွင် “တန်ဖိုး” ဆိုသည့် သဘောတရားကို ကလေးများ နားလည်အောင် ကလေးများကို သွန်သင်ပေးကြ စေချင်သည်။


အိုင်းစတိုင်းက ပြောဖူးသည်


“အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် မကြိုးစားနဲ့၊ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်လာအောင် ကြိုးစား”


ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အဆိုးမြင်စိတ်၊ အဆိုးမြင်ဝါဒ၊ အဆိုးမြင်သဘောတရားတွေနှင့် ကျွန်တော်တို့ သားသမီးတွေ၏ အနာဂတ်ကို ဖျက်လိုဖျက်စီး လုပ်လိုသူတွေ တဖြည်းဖြည်းများလာသည်။ အဓမ္မဘက်တော် သားတွေက ဓမ္မဘက်တော်သားတွေကို သူတို့တတ်နိုင်သည့် ဘက်ကတိုက်ခိုက် ဖြိုဖျက်ရန် ကြိုးစားရာ၌


- လူ့တန်ဖိုးတွေ ယုတ်လျော့ကျဆင်းအောင် လုပ်လာသည်


- ပုံရိပ်ကောင်းသူတွေ၏ ပုံရိပ်တွေကို ပျက်စီးအောင် လုပ်လာသည်


- အပျော်မှအပျက်လမ်းကို မရောက်ရောက်အောင် တွန်းပို့လာကြသည်


- အနာဂတ်၊ အိပ်မက်၊ စိတ်ကူး၊ အကြံဉာဏ်တွေကို ပေါ်ထွက်မလာစေရန် ပိတ်ပင်တားဆီးလာကြသည်


- တီထွင်ဖန်တီးနိုင်စွမ်းတွေကို ဖြစ်မလာအောင် တားဆီးလာကြသည်


- အစွမ်းအစ ထုတ်ပြ၍မရနိုင်လောက်အောင် အနေအထား အခွင့်အရေးတွေကိုပိတ်ပင်လာကြသည်


- ပြောရဲဆိုရဲ ဝေဖန်ရဲသည့် စိတ်ဓာတ်တွေ၊ အသိတွေဖြစ်မလာစေရန် ကန့်သတ်ချုပ်ချယ် လာကြသည်


ထိုထိုသော အဓမ္မဘက်တော်သားတွေ၏ စနစ်တကျ တိုက်ခိုက်ဖျက်ဆီးနေမှုများမှ မိမိတို့သားသမီးများ ကင်းဝေးစေရန် ရှောင်ရှားခိုင်းရမည်။


ထို့ကြောင့် ဘဝတန်ဖိုးများကို မိဘများကိုယ်တိုင်က ပုံသွင်းနိုင်စေရန် အရေးကြီးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ 


ငယ်ရွယ်သည့်ကလေးများသည် ပုံသွင်းပြုပြင်ရာ၌ ထိလွယ်ရှလွယ်သည့် အနေအထားဖြစ်သည်။ ထို့ကြောင့်လည်း လက်ဦးဆရာ အရေးကြီးသည်ဟု ဆိုရခြင်းဖြစ်သည်။ အမှားတွေကို အတင်းရိုက်သွင်းခြင်း ခံလိုက်ရလျှင် ဇဝေဇဝါဖြစ်သွားလိမ့်မည်။ အမှားတွေသွင်းလိုသူတွေကလည်း အမှားကြာ အမှန်ဖြစ်လိမ့်မည် ဆိုသည့် သဘောဖြင့် အတင်းအဓမ္မရိုက်သွင်းရန် နည်းလမ်းမျိုးစုံ သုံးကြမည်သာဖြစ်သည်။ ဓမ္မအားကောင်းရန် ဓမ္မဘက်တော်သားများ ညီညွတ်ဖို့လိုသည်။ အဓမ္မကို ဓမ္မမဟုတ်ကြောင်း ရှင်းလင်းဖော်ထုတ်နေကြဖို့လိုသည်။


သားသမီးတို့သည် မိဘတို့ကို အရိပ်တကြည့်ကြည့်ဖြင့် အကဲခတ်နေကြသူများဖြစ်သည်။ မိဘကောင်းမှ သားသမီးကောင်းမည်။ မိဘတွေကို စံပြုလောက်အောင်နေနိုင်မှ သားသမီးတွေကလည်း မိဘခြေရာနင်းကြ ပေလိမ့်မည်။


 သူဌေးကြီး ရော့ခ်ဖဲလားသည် သူ၏ သားသမီးများကို ပြုစုပျိုးထောင်ရာတွင် နာမည်ကျော်သူဖြစ်သည်။ သူက သားသမီးတွေကို ငယ်ရွယ်စဉ်ကပင် ငွေကြေးကိုတန်ဖိုးထားတတ်ရန် သင်ကြားပေးသည်။ အမေရိကတွင် အချမ်းသာဆုံး သူဌေးကြီးတစ်ယောက်၏ သားသမီးများကြသော်လည်း သူတို့ကိုယ်စီသည် အိမ်မှုကိစ္စ လုပ်ငန်းတာဝန်များကို ကိုယ်တိုင်လုပ်ကြရသည်။ သူတို့အလုပ်လုပ်မှ သူတို့အတွက် ထောက်ပံ့ကြေးရရန် သူဌေးကြီးက စနစ်ကျစွာ စီမံခန့်ခွဲထားသည်။


ထို့ပြင် သားသမီးများကို ကိုယ်ရသည့် ငွေကြေးအားလည်း စနစ်တကျ သုံးစွဲတတ်စေရန် ရော့ခ်ဖဲလားက သင်ကြားပေးသည့်အပြင် ငယ်စဉ်ကတည်းက ငွေစုနည်း၊ မိမိပိုင်ဆိုင်သည့်ငွေထဲမှ အကျိုးရှိစွာသုံးနည်း၊ လှုဒါန်းနည်း၊ မည်သို့ရင်းနှီးမြှုတ်နှံပြီးအမြတ်အစွန်း ပြန်လည်ရယူနိုင်သနည်း ဆိုသည်ကအစ ဖခင်၏ စနစ်တကျ ဆုံးမလမ်းညွှန်မှုကို ခံခဲ့ကြရသဖြင့် သူ၏ သားသမီးအားလုံးသည် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများဖြစ်ကာ ဖခင်ခြေရာကို နင်းနိုင်ကြသူများ ဖြစ်လာကြသည်။ ငွေကြေး ချမ်းသာသော်လည်း ငွေကြေးတန်ဖိုးကို သိအောင် လုပ်ဆောင်နိုင်သည့် ဖခင်ကြောင့် တော်သော သားသမီးများ ဖြစ်လာကြခြင်းဖြစ်သည်။ 


လူတစ်ယောက်၏ တန်ဖိုးအား သူဘာကိုတန်ဖိုးထားသည်ဆိုခြင်းနှင့် ကြည့်ကာ ဆုံးဖြတ်နိုင်သည်။ 


တန်ဖိုးသိမှ တန်ဖိုးရှိသည်


တန်ဖိုးရှိအောင် ပြုစုပျိုးထောင်ကြစေချင်ပါသည်။ 


တင်ညွန့်


၂.၁၁.၂၀၂၂