” တကယ်ချမ်းသာတဲ့သူ ”(စ/ဆုံး)
———————————
ကျွန်တော်က အဖေ့ကို ရဲတိုင်ဖို့အထိတောင် စဉ်းစားခဲ့မိတာပါ။ နောက်တာပါလို့ ပြောချင်ပေမယ့် အတည်ပြောနေတာပါ။
အဖေ့ရဲ့ မီးဖိုချောင်စားပွဲမှာ ထိုင်ရင်း မမြင်သင့်တဲ့ ဘဏ်စာရင်းရှင်းတမ်းတစ်ခုကို ကျွန်တော်မြင်လိုက်ရပါတယ်။
အဲဒီစာရွက်က လျှော့စျေးကူပွန်တွေနဲ့ သက်တမ်းကျော်နေပြီဖြစ်တဲ့ ဆေးဖိုးဖြတ်ပိုင်းတွေအောက်မှာ မြုပ်နေတာပါ။
ကျွန်တော့်ရဲ့အဖေ ” ဖရန့်ခ်” _ Frank က၊ အသက် ၇၂ နှစ်ရှိပါပြီ။ သူက သံမဏိစက်ရုံမှာ အနှစ် ၄၀ လောက် အလုပ်လုပ်ခဲ့တာပါ။
ခါးနာတဲ့ဒဏ်နဲ့ အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီက၊ ပင်စင်ပေးဖို့ ပိုက်ဆံမရှိတော့တာကြောင့် အလုပ်နားခဲ့ရတဲ့သူပါ။
အခုတော့ အစိုးရက ထောက်ပံ့တဲ့ လူမှုဖူလုံရေးကြေးလေးနဲ့ပဲ…. ရုန်းကန်နေရပါတယ်။
ကုန်စုံဆိုင်သွားတိုင်း ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ တိုက်ပွဲ ဝင်နေရတဲ့သူပေါ့။ အဖေက စည်သွပ်ဘူးတွေ ဝယ်တဲ့အခါ လျော့စျေးရှိတဲ့ပိန်နေ၊ချိုင့်နေတဲ့ ဘူးတွေကိုပဲ ရွေးဝယ်ပါတယ်။
ပိုက်ဆံချွေတာဖို့အတွက် ဆောင်းတွင်းမှာ အပူပေးစက်ကို ၆၂ ဒီဂရီလောက်အထိပဲ လျှော့ဖွင့်ထားတတ်ပါတယ်။
ဒါပေမဲ့ ဘဏ်စာရင်းရှင်းတမ်းစာရွက်ထဲမှာ၊ အမြဲတမ်းဖြတ်တောက်နေတဲ့ အသုံးစရိတ်တစ်ခုကို တွေ့လိုက်ရတယ်။
“U-Store-It, Unit 4B , ၁၄၅ ဒေါ်လာ” တဲ့။
ထပ်ခါ ထပ်ခါ ကောက်ခံနေတဲ့ ငွေပမာဏတစ်ခုပါ။
လွန်ခဲ့တဲ့ ၆ နှစ်လုံးလုံး လစဥ်လတိုင်း ပေးနေခဲ့တာပါ။ သေသေခြာခြာ တွက်ကြည့်မယ်ဆိုရင် စုစုပေါင်း ဒေါ်လာ တစ်သောင်း ကျော်နေပါပြီ။
ကျွန်တော် တကယ်ပဲ စိတ်မကောင်းဖြစ်သွားတယ်။ “အဖေ တစ်ခုခု အလိမ်ခံနေရတာလား….? အမှိုက်တွေ ဝယ်စုနေတာလား….? ဒါမှမဟုတ် လောင်းကစားလုပ်နေတာလား….?” ဆိုတဲ့ အတွေးဆိုးတွေ ဝင်လာမိပါတယ်။
အိမ်လစာမတတ်နိုင်လို့ အဖေ့ကို အိမ်သေးသေးလေးတစ်လုံး ပြောင်းဖို့၊ ကျွန်တော်တို့ တိုင်ပင်နေချိန်မှာ၊ အဖေကတော့ ဒီပိုက်ဆံတွေကို အလဟဿ ဖြုန်းတီးပစ်နေခဲ့တာပါ။
”အဖေ… ကျွန်တော်တို့ Unit 4B အကြောင်း စကားပြောဖို့ လိုပြီ” လို့ ကျွန်တော် ပြောလိုက်တော့၊ အဖေက တုံ့ခနဲ ဖြစ်သွားပါတယ်။
ပြီးတော့ ရုတ်တရက် အရမ်းပင်ပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး….
“ဒါ မင်းနဲ့မဆိုင်ဘူး သား” လို့ ပြောပါတယ်။
”ဆိုင်တာပေါ့! အဖေက ကိုယ့်အတွက်ကြတော့ မစားမသောက်ဘဲ…ဒီပိုက်ဆံကိုကြတော့ လတိုင်း ဘာအတွက် ပေးနေတာလဲ…..? သတင်းစာအဟောင်းတွေ ထားဖို့ အတွက်လား….? ကုလားထိုင် အကျိုးအပဲ့တွေ အတွက်လား….? ကျွန်တော် ဒီနေ့ပဲ အဲဒီဂိုဒေါင်ကိစ္စ သွားဖျက်သိမ်းလိုက်တော့မယ်”
” ‘မင်း အဲဒီလို လုံးဝ မလုပ်ရဘူး’ လို့ အဖေက ပြောပါတယ်။ အဖေ့ရဲ့ လေသံက ကျွန်တော် ဆယ်ကျော်သက်အရွယ်ကတည်းက မကြားဖူးတော့တဲ့ ခက်ထန်တဲ့ လေသံမျိုး ဖြစ်သွားပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက် အသံနဲ့
” မင်း ဘာမှ မလုပ်နဲ့။ အဲဒါက လူတွေအတွက် လိုအပ်တာတွေ ရှိတဲ့နေရာပဲ” လို့ ပြောပြီး ဆက်မပြောတော့ပါဘူး။
အဖေနဲ့အခြေအတင် စကားများပြီး နှစ်ရက်အကြာ၊ အေးစိမ့်နေတဲ့ အင်္ဂါနေ့မနက်မှာ ကျွန်တော်ကားကို လမ်းထိပ်မှာရပ်ပြီး အဖေ့ကို စောင့်ကြည့်နေပါတယ်။
အဖေအိမ်ထဲကနေ ခြေထောက်ကို ထော့နဲ့ ထော့နဲ့ နဲ့ထွက်လာပါတယ်။
သူ့ရဲ့ သံချေးတက်နေတဲ့ ပစ်ကပ်ကားအိုကြီးထဲ ဝင်ထိုင်ပြီး မြို့ပြင်က စက်မှုဇုန်ဘက်ကို မောင်းထွက်သွားတာကို ကားထဲကနေ ကျွန်တော် ကြည့်နေခဲ့ပါတယ်။
ကျွန်တော် အဖေ့နောက်ကို လိုက်ခဲ့တယ်။ ကျွန်တော့်နှလုံးခုန်သံတွေက အရမ်းမြန်နေပြီး ရင်ထဲမှာလည်း တဒိတ်ဒိတ် တုန်နေခဲ့ပါတယ်။
အဖေ့ကို အသုံးချနေတဲ့ လူလိမ်တစ်ယောက်ယောက်နဲ့ တွေ့ရင် ကျွန်တော် အော်ဟစ်ရန်ဖြစ်ဖို့ အသင့်ပြင်ထားပါတယ်။
အဖေက ဂိုဒေါင်ဝင်းရဲ့ လိမ္မော်ရောင် ဂိတ်တံခါးဝမှာ ကားကို ရပ်လိုက်ပါတယ်။ ပြီးတော့ လျှို့ဝှက်နံပါတ် ကုတ်ကို ရိုက်ထည့်ပြီး အနောက်ဘက်ဆုံး နေရာကို မောင်းသွားပါတယ်။
ဂိုဒေါင်အခန်းတွေ အများကြီးထဲကမှ လူမမြင်ရတဲ့ အနောက်ဘက် အစွန်ဆုံးနေရာကို သွားတာပါ။ အဲဒါက အခန်းနံပါတ် ၄-ဘီ ‘Unit 4B ‘ ပါ။
အဖေဟာ တစ်ခုခုကို အတော်လေး လျှို့ဝှက်ပြီး လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
ကျွန်တော် သံဘောင်တံခါး ဘေးကနေ ချောင်းကြည့်လိုက်တဲ့အခါမှာတော့၊မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့ဩလွန်းလို့ အသက်ရှူတောင် ရပ်သွားမတတ် ဖြစ်သွားခဲ့ရပါတယ်။
အဲဒါက ဂိုဒေါင်တစ်ခု မဟုတ်ပါဘူး။ စတိုးဆိုင်လေးတစ်ခု ဖြစ်နေတာပါ။
ပစ္စည်းတွေက သေသပ်လိုက်တာ။ ဘယ်ဘက်နံရံမှာ မီးဖိုချောင်သုံး ပစ္စည်းတွေ၊ ညာဘက်မှာတော့ အရွယ်အစားအလိုက် စနစ်တကျ ချိတ်ထားတဲ့ အဝတ်အစားတွေ၊ ဆောင်းတွင်းဝတ် အင်္ကျီတွေ၊ ကလေးအဝတ်အစားတွေ၊ အလုပ်အင်တာဗျူးသွား ဝတ်စုံတွေ ရှိနေပါတယ်။
အလယ်မှာတော့ မွေ့ရာတစ်ခုနဲ့ ထမင်းစားစားပွဲ တစ်စုံရှိပါတယ်။စားပွဲတွေကို တောက်ပြောင်နေအောင် သန့်ရှင်းထားပါတယ်။
ပုံးတွေပေါ်မှာလည်း “ကျောင်းသုံးပစ္စည်း” “ကလေးနို့မှုန့်” စတဲ့ အညွှန်းလေးတွေ ကပ်ထားပါတယ်။
အဲဒီမှာ အဖေရှိနေတာပါ။ သူက အသုံးမဝင်တဲ့အမှိုက်တွေကို စုဆောင်းနေတာ မဟုတ်ပါဘူး။ ပစ္စည်းတွေကို သန့်ရှင်းရေး လုပ်နေတာပါ။
ခဏနေတော့ ဟောင်းနွမ်းနေတဲ့ ဆီဒင် ကားတစ်စီး အခန်းရှေ့ ရောက်လာပါတယ်။ အသက် ၂၅ နှစ်ခန့် အမျိုးသမီးလေးတစ်ယောက် ဆင်းလာပါတယ်။
ပါးမှာ ညိုမည်းစွဲနေတဲ့ ဒဏ်ရာ အဟောင်းတစ်ခုရှိပြီး၊ ကြောက်လန့်နေတဲ့ လမ်းလျှောက်တတ်စ ကလေးလေးတစ်ယောက်ရဲ့ လက်ကို ဆွဲထားပါတယ်။
အဖေက သူ့ကို ပြုံးပြတယ်။ အခုနောက်ပိုင်း ကျွန်တော် သိပ်မမြင်ရတဲ့၊ နွေးထွေးတဲ့ အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်။
” မင်္ဂလာပါ ဆာရာ။ သမီးတောင်းထားတဲ့ ကော်ဖီဖျော်စက် ဒီမှာရှိတယ်။ ပြီးတော့ ဒီကလေးအတွက်၊ ဆောင်းရာသီကုတ် အင်္ကျီလည်း ရှာတွေ့ထားတယ်။ အတွင်းဘက်မှာ စပိုက်ဒါမန်း ပုံ ပါတယ်။ ”
အဲဒီအမျိုးသမီးဟာ ကျေးဇူးတင်စကား ပြောရုံလောက်တင်မဟုတ်ပါဘူး။ အဖေ့ရင်ခွင်ထဲ မှာ ငိုချလိုက်ပါတယ်။
“ကျွန်မမှာ ပိုက်ဆံမရှိသေးဘူး ဖရန့်ခ်။ နောက်အပတ်လောက်မှ လစာရမယ်။ကတိပေးပါတယ် ကျွန်မ ပြန်ပေးပါ့မယ်…”
” ကဲ တော်ပါပြီ သမီးရယ် ”
အဖေက သူမရဲ့ကျောကို အသာ ပုတ်ပေးရင်း
အားပေးနှစ်သိမ့်လိုက်ပါတယ်။
” ငါတို့ ဒီမှာ အဲဒီလို မလုပ်ပါဘူး။ အပြန်အလှန် ဘာမှ ပေးစရာ မလိုဘူး။ ဒါတွေကို ယူသွားပြီး မင်းရဲ့ အိမ်အသစ်လေးကို နွေးထွေးတဲ့မိသားစုလေး ဖြစ်အောင် လုပ်ပါ။ အဲဒါပဲ ငါလိုချင်တာ” လို့ ပြောလိုက်ပါတယ်။
အဖေ့ဘက်က ပစ္စည်းပေးမယ်၊ သူမဘက်က ဘဝကို အကောင်းဆုံး ပြန်စရမယ် ဆိုတဲ့ သဘောမျိုးပါ။
သူမ ထွက်သွားတဲ့အခါ ကားနောက်ဖုံးထဲမှာ၊ မရှိမဖြစ် လိုအပ်တာလေးတွေပဲ ပါသွားပါတယ်။
ပန်းကန်တွေ၊ စောင်တွေ၊ မီးအိမ်တွေနဲ့အတူ သူမရဲ့သားလေးအတွက် အရုပ်ကားလေး တစ်စီးတောင်ပါသွားပါတယ်။ စားပွဲတစ်လုံးလည်း ပါသွားပါတယ်။
ဒီပစ္စည်းတွေအတွက် ဒူးထောက်တောင်းပန်စရာ မလိုပါဘူး။ အရှက်တကွဲ အကျိုးနည်း မဖြစ်ခဲ့ပါဘူး။
သူမဟာ သိက္ခာရှိရှိ ပြန်ထွက်သွားခဲ့တာပါ။
ကျွန်တော် အဖေ့ရှေ့ကို ထွက်လာတော့ အဖေက လန့်သွားပြီး “မင်းကို မလာပါနဲ့ဆို” လို့ ညည်းတွားလိုက်တယ်။
”အဖေ…အဲဒီကောင်မလေး ငိုနေတယ်နော်” လို့ ကျွန်တော်ပြောတော့…… အဖေက ခုနက စားပွဲခုံရှိခဲ့တဲ့ နေရာလွတ်ကြီးကို စိုက်ကြည့်ရင်း ပြောပါတယ်။
“သူက ခိုလှုံရေးစခန်းက ထွက်လာတာ။အခုတော့ အစိုးရက ထောက်ပံ့တဲ့ အိမ်ခန်းလေးတစ်ခု ရသွားပြီ။ ဒါပေမယ့်အစိုးရက အိမ်အလွတ်ကြီးပဲ ပေးတာ။ အထဲမှာ သုံးဖို့ ပရိဘောဂတွေ၊ပန်းကန်ခွက်ယောက်တွေ၊ ခေါင်းအုံးတွေ တစ်ခုမှ မပါဘူး။ကြမ်းပြင်ပေါ်မှာ ဒီအတိုင်းအိပ်နေရရင် လူတစ်ယောက်ဟာ လူလို့ မခံစားရတော့ဘူး သားရဲ့” လို့ ပြောပါတယ်။
”ဒါပေမဲ့ တစ်လ ၁၄၅ ဒေါ်လာဆိုတာ အဖေ အတွက် မလွယ်ဘူးလေ…”
အဖေက ပလပ်စတစ် ပုံးတစ်ပုံးပေါ်မှာ ထိုင်ချလိုက်ပြီး…
“၁၉၉၈ ခုနှစ်ကို မှတ်မိလား?” လို့ မေးပါတယ်။
“အဖေနဲ့ အမေ ကွာရှင်းခဲ့တဲ့ နှစ်ကို ပြောတာလား?” လို့ ကျွန်တော်က ပြန်မေးလိုက်တာပါ။
၁၉၉၈ ခုနှစ်ဟာ ကျွန်တော်တို့မိသားစုအတွက် တော်တော်လေး ခက်ခဲခဲ့တဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ လင်မယား ကွာရှင်းကြတဲ့အခါ စီးပွားရေးအရရော၊ နေထိုင်ရေးအရပါ အခက်အခဲတွေ ရှိခဲ့ပါတယ်။
“အဲဒီတုန်းက အဖေ အိမ်ကိုဆုံးရှုံးခဲ့တယ်။အဖေ မင်းတို့ညီအစ်ကိုတွေကို ဒါတွေ မပြောပြခဲ့ဘူး။ မင်းတို့ကို မသိစေချင်ခဲ့လို့ပါ။ ဒါပေမဲ့ အဲဒီတုန်းက လေးလလောက်အထိ အဖေ ကားထဲမှာပဲ အိပ်ပြီး နေခဲ့ရတယ်။ အားကစားရုံမှာ ရေဝင်ချိုးပြီး ဘာမှမဖြစ်သလိုမျိုး အလုပ်သွားခဲ့ရတာပေါ့ ”
ကျွန်တော် အဖေ့ကို စိုက်ကြည့်နေမိတယ်။ ကျွန်တော် တကယ့်ကို ဘာမှ မသိခဲ့ပါဘူး။
“အဲဒီဒဏ်ရာက ငါ့ရဲ့ စိတ်ဓာတ်တွေကို ရိုက်ချိုးပစ်လိုက်တာပဲ…ဘဝက ဘာဆက်ဖြစ်မလဲတွေးရင်း ညဘက်တွေ အိပ်မပျော်ဘူး။ ”
အဖေက မျက်ရည်တွေဝဲရင်း ဆက်ပြောပါတယ်။
“တစ်ညမှာ ချာ့ခ်ျကျောင်းက လူတစ်ယောက်က ငါ့ကို စက္ကူပုံး တစ်ပုံးပေးတယ်။ အဲဒီထဲမှာ ဟင်းချက်စရာ ပစ္စည်းလေးတွေနဲ့ စောင်တစ်ထည်ပါတယ်။ အဲဒီညက ငါ ဟင်းရည်ပူပူလေးသောက်ပြီး နွေးနွေးထွေးထွေး အိပ်ခဲ့ရတယ်။ အဲဒီအချိန်မှာ ငါ ကတိပေးခဲ့တယ်။ငါတစ်နေ့ အဆင်ပြေသွားရင် ငါ့လို ဒုက္ခရောက်တဲ့သူတွေကို ငါတတ်နိုင်သလောက် ကူညီမယ်လို့ ”
”ဒါကို လုပ်နေတာ ဘယ်လောက်ကြာပြီလဲ?”
”၁၂ နှစ်ရှိပြီ” လို့သူက ပြောပါတယ်။
“ အဖေကူညီခဲ့တာ မိသားစုဘယ်နှစ်စုလောက်ရှိပြီလဲ….? ”
“ ရေတွက် မထားပါဘူး ”လို့ အဖေက ပခုံးတွန့်ရင်း ပြောပါတယ်။ ‘ဒါပေမယ့် မိသားစု ၃၀၀ လောက်ရှိမလားပဲ….? အဲဒီထက်လည်း ပိုနိုင်တာပေါ့။ ”
“ ‘အဖေက ဒီ ဂိုဒေါင်ခကို ကိုယ်တိုင် ပေးနေတာလား?’
“ဒါဟာ ငါ့ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းရဖို့အတွက် ပေးရတဲ့ ငှားရမ်းခလေ။” လို့ပြောပါတယ်။
ကျွန်တော် အိမ်ပြန်ရောက်တော့ မျက်ရည်ကျမိပါတယ်။ ကျွန်တော် မသိခဲ့တဲ့ အဖေ့အတွက်ရော၊ ကျွန်တော့်ရဲ့ မောက်မာမှုအတွက်ရောပေါ့။
ကျွန်တော့်လက်ပ်တော့ကို ဖွင့်လိုက်ပါတယ်။
အဖေ Unit 4B မှာ ရပ်နေတဲ့ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်ပေါ်မှာ တင်လိုက်တယ်။ ပိုက်ဆံတောင်းတာမျိုး မလုပ်ပါဘူး။ ကျွန်တော် ဒီလိုပဲ ရေးတင်လိုက်တာပါ။
” ကျွန်တော့်အဖေဟာ အသက် ၇၂ နှစ်ရှိပါပြီ၊ သူကိုယ်တိုင်လည်း ရုန်းကန်နေရသူပါ။ ဒါပေမဲ့ သူဟာ စားစရိတ်တွေကို ချွေတာပြီး၊ သူစိမ်းတွေ ဘဝသစ်ပြန်စနိုင်ဖို့ ကူညီပေးနေပါတယ်။ အခု ကျွန်တော်တို့မှာ ပိုကြီးတဲ့ ဂိုဒေါင်တစ်ခု လိုအပ်နေပါပြီ။ ပရိဘောဂတွေ လှူဒါန်းချင်တဲ့သူ ဘယ်သူရှိပါသလဲ..? ”
ဆွေမျိုးတွေ…. မိတ်ဆွေတွေဆီက Like အနည်းငယ်လောက်ပဲ ရမယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမဲ့ တစ်ညအတွင်းမှာပဲ အဲဒီပို့စ်ဟာ လူသောင်းချီ ပျံ့နှံ့သွားပါတယ်။
ပို့စ်ကို အကြိမ်ပေါင်း ၁၂,၀၀၀ မျှဝေတာ ခံခဲ့ရပါတယ်။
“ကျွန်တော့်မှာ ဆိုဖာရှိတယ်။” “ကျွန်မမှာ ကလေးကုတင်ရှိတယ်။” “ကျွန်တော်က ပြောင်းရွှေ့ရေးကုမ္ပဏီပိုင်တယ်၊ပစ္စည်းတွေအတွက် အခမဲ့ သယ်ပို့ပေးမယ်။” “ကျွန်တော် သိုလှောင်ရုံတစ်ခု ရှိတယ်။ လိုအပ်ရင်ယူသုံးပါ။ ”
”အပူချိန်ထိန်းစနစ်ပါတဲ့ အခန်းနှစ်ခန်း လှူမယ်။”ဆိုတဲ့ ကမ်းလှမ်းချက်တွေ အများကြီး ရောက်လာခဲ့တယ်။
စနေနေ့ရောက်တော့ “ဖရန့်ခ်ရဲ့ ဂိုဒေါင်” ဟာ Unit 4B အခန်းတစ်ခန်းထဲ မဟုတ်တော့ပါဘူး။
အခန်းသုံးခန်းဖြစ်လာပါတယ်။ ပြီးတော့ မကြာခင် ငါးခန်းအထိ ဖြစ်လာပါပြီ။
ဒေသတွင်း မွေ့ယာကုမ္ပဏီတစ်ခုက မွေ့ယာအသစ်စက်စက်၊ အခု နှစ်ဆယ် လာပို့ပေးပါတယ်။
အထက်တန်းကျောင်းက ဘောလုံးကစားသမားတစ်စုက လေးလံတဲ့ပစ္စည်းတွေ သယ်ဖို့၊ စနေနေ့မနက်မှာ လာပြီး ကူညီပေးပါတယ်။
စစ်မှုထမ်းဟောင်းတွေက ကျိုးနေတဲ့ပစ္စည်းတွေကို ပြုပြင်ဖို့ ကိရိယာတွေ ယူလာပါတယ်။
အဖေဟာ ပစ္စည်းတွေ အားလုံးရဲ့ အလယ်မှာ မှတ်တမ်းစာအုပ်လေးကို ကိုင်ပြီး အံ့ဩဝမ်းသာစွာနဲ့ ရပ်နေခဲ့ပါတယ်။
အဖေဟာ အိမ်လခနဲ့ မီးဖိုချောင်စရိတ်အတွက် ပူပန်နေရတဲ့ မောပန်းနွမ်းနယ်နေတဲ့ အဖိုးကြီးတစ်ယောက် မဟုတ်တော့ပါဘူး။ သူဟာ အမိန့်ပေးညွှန်ကြားနေတဲ့ အရာရှိကြီး တစ်ယောက်လို ဖြစ်နေခဲ့ပါပြီ။
ဒါပေမဲ့ ကျွန်တော့်ရဲ့ ရင်ကို အထိခိုက်ဆုံး အခိုက်အတန့်ကတော့ ပြီးခဲ့တဲ့ အပတ်ကပါ။
ကျွန်တော်တို့က ဂိုဒေါင်မှာ မိုက်ခရိုဝေ့ဖ် စက်တွေ လှူဖို့အတွက် စီစဉ်နေကြတုန်း၊ လုပ်ငန်းခွင်ဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက် လမ်းလျှောက်ဝင်လာခဲ့ပါတယ်။
သူမက အောင်မြင်ကျော်ကြားပြီး ထက်မြက်မှုရှိတဲ့ ပုံစံမျိုးပဲ။ သူမရဲ့ လက်ထဲမှာ ချက်လက်မှတ် တစ်စောင်ကို ကိုင်ထားခဲ့တယ်။
အဖေက မျက်မှောင်ကြုတ်ပြီး၊ နားခေါင်းပေါ်လျောကျနေတဲ့ သူ့မျက်မှန်ကို ပြင်တပ်လိုက်တယ်။
‘ဟုတ်ကဲ့ ခင်ဗျာ၊ ဘာကူညီပေးရမလဲ?’ လို့မေးလိုက်ပါတယ်။
သူမက…
‘ဦးလေး… ကျွန်မကို မှတ်မိမှာ မဟုတ်တော့ပါဘူး’ လို့ အသံတုန်တုန်ယင်ယင်နဲ့ ပြောပါတယ်။
‘၂၀၁၄ ခုနှစ်တုန်းက… ကျွန်မ အသက်က ၂၂ နှစ်ပဲ ရှိသေးတယ်။ မျက်လုံးမှာ အညိုအမည်းစွဲနေတဲ့ ဒဏ်ရာနဲ့၊ သမီးလေးတစ်ယောက်ကို လက်စွဲပြီး ရောက်လာတာလေ… ဦးလေး ကျွန်မကို ထမင်းစားပွဲတစ်လုံးနဲ့ အဝါရောင်မီးအိမ်လေး တစ်လုံး ပေးခဲ့ဖူးတယ်လေ’ တဲ့။”
အဖေဟာ အံ့ဩလွန်းလို့ ပါးစပ်လေး အနည်းငယ် ဟသွားခဲ့တယ်။
” ‘ကျွန်မ သူနာပြုကျောင်း ပြီးသွားပြီ ဦးလေး ” လို့ သူမက ပါးပြင်ပေါ် မှာ မျက်ရည်တွေ စီးကျရင်း ပြောပြတယ်။
‘အခုဆိုရင် ကျွန်မ ဆေးရုံမှာ သူနာပြုအုပ်ချုပ်ရေးမှူး ဖြစ်နေပြီ။ ကျွန်မသမီးလေးကလည်း ကျောင်းမှာ ထူးချွန်ကျောင်းသူ ဖြစ်နေပြီလေ။ ကျွန်မတို့ ကိုယ်ပိုင်အိမ်လေးလည်း ပိုင်ဆိုင်နေပါပြီ’ တဲ့။
သူမက အဖေ့လက်ထဲကို ချက်လက်မှတ်လေး ကမ်းပေးလိုက်တယ်။ အဲဒါက ဒေါ်လာ ၅,၀၀၀ တန် ချက်လက်မှတ်ပါ။
“ဦးလေး ကျွန်မကို ပေးခဲ့တာက၊ စားပွဲတစ်လုံးတင် ပေးခဲ့တာမဟုတ်ဘူး။ ကျွန်မ ဆက်ပြီး ရှင်သန်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ပေးခဲ့တာပါ။ ဒီပိုက်ဆံကတော့ နောက်ထပ် ရောက်လာမယ့် ဒုက္ခသည် အမျိုးသမီးလေးအတွက်ပါ ” တဲ့။
မျက်ရည်ဆိုတာ ဘယ်တော့မှ မကျခဲ့တဲ့သူ၊ သံမဏိစက်ရုံတွေမှာ အလုပ်လုပ်ခဲ့ပြီး ကားထဲမှာပဲ အိပ်စက်နေထိုင်ခဲ့တဲ့ ကျွန်တော့်အဖေဟာ၊ သူ့မျက်မှန်ကို ချွတ်လိုက်ပြီး၊ ကလေးတစ်ယောက်လို ရှိုက်ကြီးတငင်ငင် ငိုချလိုက်ပါတော့တယ်။
ပြီးတော့ အောင်မြင်နေတဲ့ အဲဒီအမျိုးသမီးလေးကို သူ့ရဲ့ သမီးအရင်းလေးတစ်ယောက်လိုမျိုး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့မှာ အကျိုးအမြတ်မယူတဲ့ ပရဟိတအဖွဲ့အစည်း တစ်ခု ရှိနေပါပြီ။
အဲဒီအဖွဲ့ကို ”ဒုတိယအကြိမ် ဘဝကို ပြန်လည်စတင်ခြင်း” လို့ နာမည်ပေးထားပြီး မြို့သုံးမြို့မှာလည်း ဌာနခွဲတွေ ရှိနေပါပြီ။
ဒါပေမဲ့ အဖေကတော့ Unit 4B အတွက် ဂိုဒေါင်ခ ၁၄၅ ဒေါ်လာကို သူ့အိတ်ကပ်ထဲကနေပဲ အခုထိ စိုက်ထုတ်ပေးနေတုန်းပါပဲ။ ကျွန်တော်တို့က သူ့ကို တားပါသေးတယ်။ ဒီအဖွဲ့အစည်းက အကုန်အကျစရိတ်တွေကို တာဝန်ယူနိုင်နေပြီလို့ ပြောတာပေါ့။
အဖေက ခေါင်းခါလိုက်ပြီး ‘ဟင့်အင်း’ လို့ ငြင်းတယ်။ ပြီးတော့ တုန်ယင်နေတဲ့ လက်တွေနဲ့ ချက်လက်မှတ်ပေါ်မှာ လက်မှတ်ထိုးရင်း ပြောပါတယ်။
“ဒီ Unit 4B ရဲ့ ငှားခ ကတော့ ငါ့တာဝန်ပဲ။ အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရတဲ့ ခံစားချက်ကို ငါအခုထိ မှတ်မိနေသေးတယ်လေ။ ငါအသက်ရှူနေသရွေ့တော့… ဒီအခန်း ငှားခကို ငါကိုယ်တိုင်ပဲ ဆက်ပေးသွားမှာပါ။ ” တဲ့။
ကိုယ့်အတွက်ပဲ စုဆောင်းဖို့၊ ချွေတာဖို့နဲ့ ဘေးပတ်ဝန်းကျင်က လူတွေကို သတိထားနေဖို့ သင်ကြားပေးနေတဲ့ ဒီလောကကြီးထဲမှာ၊ ကျွန်တော့်အဖေက ကျွန်တော့်ကို အမှန်တရားတစ်ခု သင်ပေးခဲ့ပါတယ်။
အဲဒါက…
”မင်းမှာ သူတစ်ပါးကို ပေးကမ်း စွန့်ကြဲချင်တဲ့ စေတနာမျိုး မရှိသရွေ့ မင်းဟာ တကယ် ချမ်းသာတဲ့သူ၊ မဟုတ်သေးဘူး” ဆိုတာပါပဲ။
Saya U Khin Zaw ( ဘာသာပြန် )
#SayaUKhinZaw
(ကျမတို့မြန်မာနိုင်ငံမှာလည်းဒီလိုမျိုးတွေတအားလိုအပ်လာတော့မှာပါ..llikeပေးယုံတင်မက
စုပေါင်းပြီးလုပ်နိုင်အောင်ကြိုးစားကြရအောင်လား