ဆက်ကြိုး

 🖌️🖌️ဆက်ကြိုး🖌️🖌️


ရွာတွင် မသိန်းမြင့် တစ်ယောက် မီးဖွားပြီးနောက် သေဆုံးသွားပါသည်။ ကလေးလေးကတော့ အသက်ရှင် သည်။ မသိန်းမြင့်တစ်ယောက် မည်သူနှင့် ညားပြီးကိုယ်ဝန်ရှိခဲ့သည်ကို မည်သူမျှမသိ။ မြို့သို့ ၂ နှစ်ကျော်အကြာ ရောက်သွားသည့် မသိန်းမြင့်သည် ကိုယ်ဝန်အရင့်အမာကြီးနှင့် ရွာကို ပြန်ရောက်လာသည်။ ရောက်ပြီး တစ်ပတ်အကြာတွင် သမီးလေးကိုမွေးသည်။ ကလေးမွေးပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။


သူကွယ်လွန်ချိန်အထိ ကလေးအဖေမည်သူဖြစ်ကြောင်း၊ မည်သူနှင့်အကြောင်းပါခဲ့ပြီး ကလေးကို မည်သူနှင့် ရခဲ့မှန်းလည်း မည်သူ့ကိုမျှ ပြောမသွား။ မသိန်းမြင့်ဖခင်ကြီး ဦးစိုးတစ်ယောက် သောကတွေ ရောက်ပြီး ကလေးတစ်ယောက်နှင့် ဗျာများနေရတော့သည်။


“အေးမြင့်ရေ … နင်ကတော့ စောစောသေသွားလို့ ဝဋ်ကျွတ်သွားပေါ့။ ငါ့မှာတော့ သမီးမိုက်က အရှက်ခွဲ … ကလေးတစ်ယောက်နဲ့ ဒုက္ခရောက်ပါပေါ့ ထကြည့်ပါဦးလား အေးမြင့်ရယ်”


မသိန်းမြင့် အသုဘချသည့်နေ့တွင် ဦးစိုးက သူ့ဇနီးဒေါ်အေးမြင့်အုတ်ဂူရှေ့တွင် ပြောပြောပြီး ငိုရှာသည်။ ဒေါ်အေးမြင့်လည်း ထမကြည့်နိုင်တော့။ မသိန်းမြင့်ကို သူ့အမေ အုတ်ဂူဘေးတွင် မြှုပ်နှံလိုက်ကြသည်။


ဦးစိုးမှာ ကလေးငယ်လေးနှင့် ဒုက္ခများရလေတော့သည်။ ရွာထဲရှိ ကလေးမွေးကင်းစအရွယ် မကျည်းတန်ကို သူ့အိမ်ကိုခေါ်ထားရသည်။ မကျည်းတန်အပြင် သူ့ကလေးနှင့် သူ့ယောက်ျားကိုပါခေါ်ထားကာ အိမ်တွင် ဝိုင်းလုပ် ဝိုင်းစား သဘောမျိုးထားပြီး မြေးဖြစ်သူကို မွေးရသည်။


ကျွန်တော့်ကျောင်းကို မချစ်မွှေးလေး လာအပ်စဉ်က အဖေနေရာတွင် ဦးစိုး အမေနေရာတွင် မသိန်းမြင့်ဟူ၍ ထည့်သွင်းထားကြောင်းတွေ့ရသည်။ အဘိုးဖြစ်သူက အဖေနေရာတွင်နေကာ မချစ်မွှေးလေးကို ရှင်သန်အောင် မွေးရှာသည်။ ဖြူဖြူဖွေးဖွေး၊ သေးသေးသွယ်သွယ်နှင့် ချစ်မွှေးလေးသည် နာမည်နှင့်လိုက်အောင်ပင် ချစ်မွှေး ပါသူဖြစ်သည်။ ဆရာမတွေကလည်း ကျောင်းရောက်လာသည့် ချစ်မွှေးလေးကို ဝိုင်းချစ်ကြသည်။ ကျွန်တော်လည်း ချစ်မွှေးလေးကို မိဘမဲ့လေးဖြစ်သဖြင့် ဂရုစိုက်ရသည်။ သူ့အဘိုးကလည်း မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင်ပင်။ ကျောင်းပို့၊ ကျောင်းကြို သူကိုယ်တိုင်လုပ်သည်။


“ဆရာလေး … မြေးလေးကို သတိထားပေးပါဗျာ။ သူလေ တစ်ခါတလေ ဘာမှန်းမသိဘူး ကိုယ်မှာ ဒဏ်ရာတွေ ပေါ်လာတတ်တယ်”


“ဘယ်လိုဒဏ်ရာတွေလဲဗျ”


“မသိပါဘူးဆရာလေးရယ် … နာတယ် … နာတယ်လို့အော်ရင်သွားကြည့်လိုက် အဲဒီနေရာက ရဲနေပြီး မကြာဘူး အနာဖြစ်တော့တာ”


“အမြဲအဲဒီလို ဖြစ်တတ်လား”


“အမြဲတော့မဟုတ်ဘူး … တစ်ခါတလေပါ”


ကျွန်တော့်ကျောင်းကို ဆရာလေး ကိုလေးမြတ်သူရောက်လာသည်။ သူက ဘွဲ့ရဆွဲခန့်များခေါ်စဉ် အလုပ် ဝင်လျှောက်ကာ ရောက်လာခြင်းဖြစ်သော်လည်း သူ့ဘွဲ့မှာ အင်ဂျင်နီယာဘွဲ့ဖြစ်သည်။


“ဆရာက ဘာဖြစ်လို့ အင်ဂျင်နီယာမလုပ်ဘဲ ကျောင်းဆရာဝင်လုပ်ရတာလဲ”


“ကျွန်တော်ရွာတွေကိုသွားချင်တာ။ အထူးသဖြင့်တော့ မျှော်တော်မူရွာကို လာချင်နေတာ။ ဘယ်မှာရှိမှန်းလည်း မသိဘူး။ အဲဒီရွာကို ရောက်ချင်လွန်းတာနဲ့ ကျောင်းဆရာအလုပ်ဝင်လျှောက်ပြီးတော့ အဲဒီရွာကိုသွားမယ် ဆိုရော ခန့်လိုက်တာပဲဆရာကြီး”


“အေးဗျ … ကျွန်တော်တို့ရွာက ဝေးလွန်း ခေါင်လွန်းတော့ တော်ရုံဆရာမလာချင်ကြဘူး”


ကျွန်တော်က ဆရာလေးမြတ်သူကို တတိယတန်းအတန်းပိုင်အဖြစ် ခန့်ထားပေးလိုက်သည်။ ဖြူဖြူချောချော ဆရာလေး ကိုလေးမြတ်သူကို ကျောင်းသူ ကျောင်းသားတွေက ချစ်ကြသည်။ သူကလည်း ကလေးချစ်တတ်သူ ဖြစ်ရာ ကလေးတွေတဝုန်းဝုန်းနဲ့ ပျော်နေတတ်သည်။


ထိုနေ့ညက လေပြင်းသဖြင့် ကျောင်းအိမ်သာအမိုးလန်သွားသည်။ ကျွန်တော်လည်း သွပ်ပြားအဟောင်းတွေ လိုက်ရှာပြီး ကျောင်းအိမ်သာကို ပြန်မိုးရန် စီစဉ်ရသည်။


“ဆရာကြီးရယ်ဖယ်ပါ ကျွန်တော်တက်မိုးပါ့မယ်”


“ဖြစ်ပါ့မလားဆရာ”


“ကျွန်တော် အင်ဂျင်နီယာပါဆရာရယ်။ သံတော့ ဖြောင့်အောင်ရိုက်တတ်ပါတယ်”


သူက ပြောပြောဆိုဆို ပုဆိုးကို ခါးတောင်းကျိုက်ပြီး တန်းကိုခိုကာ အိမ်သာအမိုးပေါ် တက်သွားသည်။ ကျွန်တော်က သူ့ကို အောက်မှ သွပ်ပြားကမ်းပေးသည်။ သူ့ကို သံနှင့် တူလှမ်းအပေးတွင် သူကအစွန်းကို နင်းလိုက်ရာ အစွန်းတန်းကဆွေးနေသဖြင့် တန်းကျိုးပြီး သူအောက်ကို ပြုတ်ကျသည်။


“အား … ဆရာကြီး”


“ဆရာ … ရရဲ့လား”


ကျွန်တော်ကသူ့ကို ပြေးထူသည်။


“အား … လက်ကနာတယ်ဗျ။ ဖြည်းဖြည်းဆရာကြီး”


ကျွန်တော်က သူ့ကိုတွဲကာ ကျောင်းပေါ်ကို ပြန်ခေါ်လာသည်။


“ဆရာကြီးလုပ်ပါဦး … ချစ်မွှေးဘာဖြစ်မှန်း မသိဘူး”


“ဘာဖြစ်လို့လဲ လာပြီ … လာပြီ”


ဆရာလေးမြတ်သူကို လှေခါးတွင်ခေတ္ထထိုင်ခိုင်းထားပြီး ကျွန်တော် သူငယ်တန်းကို ပြေးရသည်။


“အား … နာတယ် … နာတယ်”


ကလေးသည် သူ့လက်လေးကို နှိပ်ပြီး လူးလှိမ့်နေသည်။


“ဘာမှလည်း လဲကျတာတွေဘာတွေမဖြစ်ဘူးဆရာကြီး။ စာသင်နေတုန်း နာတယ် ဆိုပြီး ထအော်တာ”


“သူ့အဘိုးကို တစ်ယောက်ပြေးခေါ်စမ်း … လေးတန်းက မင်းအောင်လာဦး။ ဦးစိုးကိုသွားခေါ်ချည်”


ဦးစိုးလည်း အပြေးအလွှားရောက်လာသည်။


“ဘာဖြစ်လို့လဲဆရာကြီး”


“ဒီမှာဗျာ ဘာဖြစ်တယ် မသိပါဘူး … လက်လေးကိုနှိပ်ပြီး နာတယ်ချည်း အော်နေတော့တာ။ ကျွန်တော့်မှာလည်း ဆရာလေးက အိမ်သာခေါင်မိုးပေါ်က ပြုတ်ကျပြီး လက်နာနေတာ။ ဘုန်းကြီးကျောင်းကို ခေါ်သွားရဦးမယ်။ ဆရာတော်ကိုပြကြည့်မလို့”


“ဆရာကြီး ကျွန်တော်လည်း မြေးလေးနဲ့အတူ လိုက်မယ်”


“လိုက်ခဲ့လေ”


ရွာဦးကျောင်းဆရာတော်က အကြောပြင်၊ အဆစ်လွဲသည်တို့ကို ကုသနိုင်သူဖြစ်သည်။ ကျွန်တော်က ဆရာလေးကိုတွဲ၊ ဦးစိုးက သူ့မြေးကို ချီကာ ဘုန်းကြီးကျောင်းကို ရောက်လာကြသည်။


ဆရာတော်က ဆရာလေးမြတ်သူ၏ လက်ကိုစမ်းသပ်ပြီး


“အဆစ်လွဲသွားတာပဲ ပြန်ထည့်မှရမယ်။ နည်းနည်းတော့ နာလိမ့်မယ်။ ရတယ်မဟုတ်လား”


“ရပါတယ်ဘုရား”


ဆရာတော်က ကျွန်‌တော့်ကို ဆရာလေးအားထိန်းထားရန် အချက်ပြလိုက်ပြီး လက်ကိုဆွဲဆန့်ကာ အရှိန်နှင့် ဆောင့်တွန်းလိုက်သည်။


“အား … အား”


ဆရာလေးက လူးလွန့်အံကြိတ်လိုက်ရင်း အော်လိုက်သည်။


ထိုအချိန်တွင် ငိုနေသည့် ချစ်မွှေးလေးမှာလည်း


“အား … အား … သေပါပြီ … ဘိုးဘိုး နာလိုက်တာ သေပါပြီ” ဟုအော်လေသည်။


ဦးစိုးလည်း ထိုင်မရထမရဖြစ်ကာ


“ဆရာတော်ဘုရား ကြည့်ပါဦးဘုရား” ဟုဆိုကာ သူ့မြေးကိုအပ်သည်။


“ဘယ်နေရာက နာတာလဲ”


“ဒီနေရာ”


ကလေးက သူလက်နာနေသည် လက်ဆုံနေရာကို လက်ညှိုးထိုးကာပြသည်။ ဆရာတော်က သေချာစွာ ကြည့်ပြီး


“ဘာမှလဲမဖြစ်ပါဘူး”


“မသိပါဘူးဘုရား နာတယ်ချည်း အော်နေတော့တာ”


“ခဏနေဦး ဒီတစ်ယောက်ကို ပြီးအောင် လုပ်ပေးလိုက်ဦးမယ်”


ဆရာတော်က ဆရာလေးမြတ်သူကို သေချာစွာစမ်းပြီး


“နည်းနည်းကျန်နေသေးတယ်” ဆိုကာ လက်ကိုလှည့်ပြီး ဆွဲဆန့်သလိုနှင့် နောက်ကို တွန်းလိုက်ရာ “ဂလုတ်” ဆိုပြီး မည်သွားသည်။


“အမယ်လေး”


“အမယ်လေး”


ဆရာလေးနှင့် ချစ်မွှေးတို့ တစ်ပြိုင်တည်း အော်လိုက်ကြခြင်းဖြစ်သည်။


“ကဲဘယ်လိုလဲ လှုပ်ကြည့်စမ်း”


ဆရာလေးက လက်ကို လှုူပ်ကြည့်သည်။


“ရပြီဘုရား”


“အေး တည့်သွားပြီ”


“ဆရာတော်ဘုရား မြေးလေးကို ကြည့်ပေးပါဦး”


“မြေးလေးလာ … ဆရာတော်ကို လက်ပြလိုက်”


“မနာတော့ဘူး ဘိုးဘိုး”


“ခုဏက နာတယ်ဆို”


“ခုမနာတော့ဘူး”


“ကြောက်လို့ပြောတာလား … ဆရာတော်ကိုပြလိုက်”


“မနာတော့ဘူး”


ဆရာတော်က ကလေးလက်ကိုကိုင်ပြီး ဟိုလှည့် သည်လှည့်လုပ်သည်။


“ဘာမှမဖြစ်ပါဘူး … မနာဘူးမဟုတ်လား”


“မနာဘူး”


ကျွန်တော်က ထိုအဖြစ်အပျက်တွေကို သေချာစွာကြည့်နေရာမှ ဆရာတော်ဘုရား၏ ကွမ်းအစ်ထဲမှာ ကွမ်းညှပ်ကို ယူလိုက်ပြီး


“ကိုလေးမြတ်သူ”


“ဗျာဆရာ”


“ခင်ဗျား လက်သီးဆုပ်လိုက်စမ်းပါ”


“ဘာဖြစ်လို့လဲဆရာ”


“ဆုပ်လိုက်ပါ”


ဆရာလေးက လက်သီးဆုပ်ပြီး ကျွန်တော့်ရှေ့ထိုးပေးသည်။ ကျွန်တော်က လက်ထဲတွင် ကိုင်ထားသည့် ကွမ်းညှပ်ဖြင့် သူ့လက်သီးကို ခေါက်လိုက်သည်။


“အား နာလိုက်တာ … ဆရာဘာဖြစ်လို့လဲ”


ကျွန်တော်က သူ့လက်ကိုခေါက်လိုက်သော်လည်း ဘေးမှ ချစ်မွှေးကလည်း


“အား … နာတယ်” ဟုအော်ကာ ငိုသည်။


ကျွန်တော်က လက်ကိုပြန်ပေးပါဦးဟု ပြောလိုက်သည်။ သူက လက်ကို ပြန်ပေးသည်။ ကျွန်တော်က ထပ်ခေါက် သည်။ ချစ်မွှေးက နာတယ်ဟုအော်သည်။


“ဦးစိုး သတိထားမိသလား”


“ဟုတ်ကဲ့ဆရာ”


“ဆရာ သတိထားမိသလား။ ဆရာလက်ကျိုးတယ်။ ဒီကလေး နာတယ်လို့အော်တယ်။ ဆရာပျောက်တယ်။ သူလည်း ပျောက်တယ်။ ဆရာ့ကို ကျွန်တော်ခေါက်တယ်။ သူက နာနေတယ်။ ဘာဖြစ်လို့လဲ မထူးဆန်း ဘူးလား”


ဆရာတော်က ဘေးမှခုံပေါ်က ချိတ်လေးတစ်ချောင်းကိုယူလိုက်ပြီး


“ဒကာ လက်ပေးစမ်းပါ” ဟုဆိုကာ ဆရာလေးမြတ်သူလက်ထိပ်ကို ထိုးလိုက်သည်။ ချစ်မွှေးက အော်သည်။


“တစ်ခုခု‌တော့ တစ်ခုခုပဲ”


ထိုတစ်ခုခုကို ကျွန်တော်တို့အဖြေရှာရန် အချိန်မရှိ။ ကျောင်းကို အမြန်ဆုံးပြန်ခဲ့ကြသည်။


ထိုနေ့ကစပြီး ကျွန်တော်သတိထားမိသည်။ ဆရာလေးမြတ်သူသည် ချစ်မွှေးကို ပိုပြီး ဂရုစိုက်လာသည်။ ကျောင်းကိုလာလျှင် ချစ်မွှေးကို ဝင်ကြိုသည်။ ကျောင်းပြန်လျှင် ချစ်မွှေးကို လိုက်ပို့သည်။ ဦးစိုးလာလည်း သူက ဦးစိုးနှင့်စကားပြောကာ ချစ်မွှေးကို လက်ဆွဲပြီး အတူပြန်သည်။


နောက်ဆုံး ဆရာလေးမြတ်သူသည် ဦးစိုးအိမ်တွင် ဝင်ထွက်ရင်းက ထိုအိမ်မှာပင်နေလိုက်သည်။


ကျွန်တော်ကတစ်နေ့


“ဆရာ … ဆရာ့ကို မေးစရာတစ်ခုရှိတယ်”


“ဟုတ်ကဲ့ဆရာ”


“ဆရာနဲ့ ချစ်မွှေး ဘယ်လိုပတ်သက်နေသလဲ”


“ဘာဖြစ်လို့မေးတာလဲဆရာ”


“ခုဆိုရင် ဆရာက ဦးစိုးတို့အိမ်မှာနေတယ်။ ကလေးကိုလည်း ဂရုစိုက်လွန်းလို့မေးတာ”


“ကျွန်တော်က ချစ်မွှေးလေးကိုချစ်လို့ပါဆရာ”


“ဆရာတို့နှစ်ယောက် ဆက်စပ်နေမှုကရော သာမန်လို့ထင်သလား”


“ကျွန်တော်တော့မထင်ဘူး … ဒါပေမဲ့ ကျွန်တော်လည်း မပြောတတ်ဘူး”


“ကျွန်တော် ရှင်းရှင်းပဲမေးမယ်ဆရာ … ဆရာအိမ်ထောင်ကျခဲ့ဖူးသလား”


သူကျွန်တော်မေးသည့် မေးခွန်းကိုမဖြေပါ။


“ကျွန်တော့်အချိန်ရောက်ပြီဆရာ … ကျွန်တော်စာသွားသင်ဦးမယ်”


ကျွန်တော်လည်း မကြာမီ သင်တန်းတက်ရန် မြို့ကိုပြန်လာရသည်။ သင်တန်းပြီးသော် ရာထူးတိုးသည်။ ကျွန်တော်သူတို့နှင့် အဆက်အသွယ်ပြတ်သွားသည်။


ကျွန်တော် ၂ နှစ်လောက်အကြာတွင် မျှော်တော်မူရွာကို တစ်ခေါက်ပြန်ရောက်သည်။ ဦးစိုးကွယ်လွန်သွားသည်။ ဆရာလေးမြတ်သူနှင့် ချစ်မွှေးတို့ ဤရွာမှထွက်သွားကြောင်း သိလိုက်ရသည်။ ယနေ့အထိ သူတို့သတင်း ကျွန်တော်မကြားပြီ။


ဆရာကြီးတင်ညွန့်