ဆောင်းနှောင်းရွက်ကျင် (ဝတ္ထုတို)✍️ခင်မြဇင်
📔📔📔
ဆောင်းနှောင်းသစ်ရွက်တို့သည် ဝါရွှေသောအရောင်သို့ ပြောင်းကြလေသည်။ ထို့နောက် လေအဝှေ့မှာ ရင့်ရော်သောအရွက်တို့ မြေပေါ်သို့ ကြွေဆင်းကြသည်။ အမေနှင်းမှာ အဘခိုင်ဆုံးပြီးကတည်းက အထီးတည်း ပင် ရှိခဲ့သည်။ ဆောင်းနှောင်းလေရူးကလေးဝှေ့၍ ချမ်းအေးလာပြီဆိုလျှင် အမေနှင်း ရင်မှာကျဉ်ခနဲ၊ စစ်ခနဲ ကိုက်ခဲလာမြဲ ဖြစ်သည်။ ကိုခိုင်မင်းသာ ရှိခဲ့လျှင် မြေပေါ်မှာကြွေကျနေသော သစ်ရွက်တို့ကိုလှည်းကျင်းကာ ဗာဒံပင် အိုများ၏ခြေရင်း၌ အမှိုက်တို့ကို စုပုံမီးရှို့ကြပေလိမ့်မည်။ မီးဖိုကလေး၏ အနွေးဓာတ်ဘေးမှာထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ် ပြောကြမည်။ သူတို့မှာတော့ ပြောစရာတွေ မရေမတွက်နိုင်အောင် ရှိခဲ့ကြသည်။ ဆောင်း၏နှင်းငွေ့ နှင်းရည်ဖြင့် စိုစွတ်သော ရော်ရွက်တို့ကြောင့် မီးခိုးအူလျှင် အမေနှင်း ချောင်းတဟွတ်ဟွတ် ဆိုးတော့သည်။
“မနှင်းနှယ် ညည်းညှော်လှသယ်”
သစ်ရွက်မှိုက်များကို တံမြက်စည်းရိုးဖြင့် မီးတောက်ညီအောင် ထိုးဆွကာ သူ့အဘွားအိုထံသို့ မီးခိုးများမလာစေရန် ကာကွယ်သည်။ နှင်းကတော့ မှုန်ရီမှုန်ဝါးမျက်လုံးများဖြင့် မီးတောက်နီကြင်ကြင်ထဲမှခြောက်သွေ့မွဲရော်ကာ လွင့်ကြွေလိမ်ကောက်သွားသော အရွက်များကို ငေးနေသည်။
“ကိုခိုင်မင်းရဲ့… တော့်တူလေးလည်း ပေါ်မလာပြန်ဘူး”
“အေးကွယ် လုပ်ခင်းကိုင်ခင်း အတန်ဟန်ကျထင်ရဲ့”
အဘခိုင်ပြောလည်းပြောစရာပင်။ အဘခိုင်တူလေး မောင်ပန်းလှ (ခု တော့ အသက်လေးဆယ်ကျော်လို့ ငါးဆယ်တွင်းမှာပါကျပ်တည်းကျဉ်းမြောင်းမှ၊ လုပ်ခင်းကိုင်ခင်းအဆင်မပြေပါမှ လူအိုလူမင်းတွေကို သတိရတတ်သည်။
“အမေနှင်းရဲ့ ကျွန်တော့်မြေကလေး အပေါင်နဲ့ဆုံးတော့မှာမို့ ရွေးပေးစမ်းပါဦး၊ ကျွန်တော့်သမီးလေး အလှူသွားစရာရှိလို့ ကြိုးတစ်ကုံးလောက် ငှားပါဦး” ဆိုကာ ပေါက်ချလာတတ်သည်။ အမေနှင်းကတော့ ဆွေမျိုးသားချင်းနည်းပါးသူပီပီ သည်တူကလေးကို ခင်တွယ်သည်။ မြေးကလေးများ အလည်လာလျှင်လည်း ပေါက်ပေါက်ဆုပ်၊ မုန့်သြဇာချကျွေးရသည်မှာ အမော။ အင်း... ခုတော့ ဖိုးခိုင်မင်းမရှိမှ သူတို့ချူချာလို့ ဖြူကာပြာကာလည်း ကျပေါ့”
အမေနှင်းက ဗာဒံပင်အိုကြီးနှစ်ပင်အောက်က ရွက်ခြောက်တွေကို တန့်ကျွဲတံမြက်စည်းဖြင့် တဖြည်းဖြည်းချင်းလှည်းထုတ်ရင်း အတွေးတွေ စီနေသည်။ သူ့ဘေးမှာတော့ ကြောင်ကလေးနက်မှောင်က တညောင်ညောင် အော်နေသည်။ “ဪ... သူ့ခမျာ ဆာရှာပေါ့လေ၊ ငါ့မလည်း တမေ့တမြော”
အမေနှင်းက အမှိုက်လှည်းခြင်းကိုလက်စသိမ်းကာ ကြောင်နက်ကလေးကို ယုယစွာပွေ့သည်။ လေရူးတစ်ချက် ဝှေ့လိုက်ရာ၊ သစ်ရွက်တို့ ရုတ်ရုတ်သဲသဲ လွင့်သည်။
“ရော်... ကမြင်းမ... လေနှယ်...”
လေကို ကျိန်ဆဲသည်။ ကြောင်ကလေးနက်မှောင်မှာ သူမွေးမထားဘဲ သံယောဇဉ်တွယ်နေရသော ကြောင်ဖြစ်သည်။ ဖိုးခိုင်မင်းရှိစဉ်ကတော့ သူသည် သတ္တဝါတွေ သည်းညည်းခံခဲသည်။ ခွေးမွေးဖို့ဝါသနာပါသော ဖိုးခိုင်မင်းက သင်္ဘောခွေး၊ ချင်းခွေး၊ အင်းခွေး စုံအောင်ယူလာလေသမျှ…။
“ပြန်ပေးလိုက်စမ်းပါတော်... ဘယ့်နှယ် အိမ်ခေါ်လာပြန်ပြီ”
တဆူဆူတပူပူ လုပ်တတ်သည်။ ခုတော့ မောင်ပန်းလှတို့လင်မယား ၊ အစာဝဝကျွေးမထားလို့ မျက်ခမ်းကလေး ပေမှေးနှင့် မွေးရာပါ ဒုက္ခိတ ကြောင်ပိန်ကလေးတစ်ကောင် သူ့အိမ်ပေါ်သို့ မခေါ်ပင့်ချေရောက်လာခဲ့သည်။ ငါးကလေး၊ သားကလေးပင် ကိုယ့်တစ်ကိုယ် မစားရက်လို့ ချွေတာတာသာရှိမည်။ နက်မှောင်ကလေးကိုတော့ ကျွေးရသည်ပင်။
နက်မှောင်ပေမှေးက ခေါင်းကလေးထောင်ပြီး အမေအိုလက်ထဲက ဆင်းပြေးလေသည်။ ထို့နောက် အမေနှင်း၏အိုးမည်းခွက်မည်းကလေးများ ဗုံစီသလိုစီထားရာ၊ မီးဖိုချောင်ကလေးထဲမှ ပိုးဟပ်များကို လိုက်ဖမ်းပြီးစားသည်။
“ဟဲ့ကောင် အနှံ့စပ်ကရာစားလို့ နင် ပိန်နေသာဟဲ့”
အမေနှင်းက ကြုံးဝါးရင်း သူ့ကြောင်ကလေးလည်ပင်းမှ ချူသံကလေးကို ခေါင်းတညိတ်ညိတ် နားထောင်ကာ...
" ပူစီ..မီမီ..မီမီ..လာ..လာ "
ငါးကျပ်တင် ပေါက်စကလေးတစ်ကောင်ဖြုတ်ကာ ကျွေးသည်။ မီးဖိုထောင့်မှ သစ်သားငရုတ်ဆုံကြီးကိုသယ်ကာ သူ့အတွက် ငါးကျပ်တင် တစ်ကောင်ကို အရိုးသင်ပြီး ထောင်းသည်။ တစ်ဖက်က ထောင်းရင်း လက်တစ်ဖက်က ကျပ်ခိုးစင်နိမ့်နိမ့်ပေါ်မှ ကြက်သွန်တောင်းကို လှမ်းဆွဲသည်။ ကြက်သွန်များ မှောက်ကျပြန့်ကျဲကုန်သည်။
ကြက်သွန်တွေက အတက်အစို့တွေ ထွက်ပြီ။ မနှစ်က မောင်ပန်းလှတို့လင်မယား ကြက်သွန်ခင်းစိုက်လို့ တစ်တောင်းပေးထားသာပေါ့။ ကြက်သွန်အူပွတစ်လုံးကို ဓားမခပ်တုံးတုံးဖြင့် အခွံသင်သည်။ ကြက်သွန် သင်နေစဉ် နက်မှောင်မောင်မင်းကြီးသားက နှုတ်ခမ်းပါးနားသပ်ကာ ကျောဆန့်လာရာက အမေနှင်းဆုံထဲမှ ငါးဖတ်တစ်စကို နှိုက်ဖို့ကြိုးစားသည်။
အမေနှင်းက ဓားအမြီးဖျားလေးဖြင့် မရိုက်ရက်ရိုက်ရက် ရွယ်ရင်း “ဟင်းနော်... ဟင်းနော်... မင်းကြီးဘုရားက မျိုလို့စားလို့ မဝနိုင်ပေဘူးနော...”
ကြောင်က ညောင်ခနဲမြည်သည်။ အမေနှင်း ခြေဖမိုးကိုပွတ်သပ်ကာ တအီအီလုပ်သည်။ သည်လိုချွဲပြလိုက်တော့ တင်းထားသောမာန်ကလေး လျှောကျသွားကာ
“ဟဲ့… ငါ့သား ဝပြီလားဟဲ့၊ ငနက်ကြီးရဲ့” ငါးအမြီးကို ဖဲ့ကာကျွေးလေသည်။
( ၂ )
နေခြည် တဝင်းဝင်းလင်းလာလျှင် အရှေ့ဘက်တောအုပ်၌ သစ်ပင်တို့၏အနားစွန်းဝယ် နေခြည်၏ရောင်လျှံဖြင့် တဝင်းဝင်းတလျှံလျှံ တောက်ပလာသည်။ အမေနှင်း၏အိမ်ခန်းထဲသို့ နွေးသော နေခြည်ပေါက်များပြောက်ကျိပြောက်ကျား ခုန်ဝင်လာသည်။ မနက်ခင်း၏လင်းခြင်း၊ သန့်ရှင်းခြင်းနှင့်အတူ ဆိတ်ဖလူးပင်နှင့် ကရမက်ပန်းချုံမှ ပန်းနံ့တို့ သန့်ခနဲဝင်လာသည်။ မေတ္တာပို့၊ ပုတီးစိပ်ပြီး မနက်ခင်းဝမ်းမီးကို ထမင်းရည်ဖြင့် ဖြည့်တင်းပြီးသော အမေနှင်းသည် ပြတင်းတံခါးများကို လိုက်လံဖွင့်လေသည်။ အမေနှင်း၏နှလုံးသားတွင်လည်း ပေါ့ပါးလျက် ဟောင်းမြင်းသောကြိမ်ခြင်း ဝိုင်းဝိုင်းကလေးကိုဆွဲကာ ဈေးသွားဖို့ ပြင်သည်။
“မမယ်သင်တို့ မထားမြင့်တို့၊ ဟဲ့... ဈေးလိုက်ကြဦးမလား”
အိမ်ရှေ့ဝင်းခြံအနီးမှာ ထူထပ်စွာပွင့်နေသော ကရမက်နွယ်ပင်မှ အခက်တို့ကိုချိုးကာ အိမ်နီးချင်းများကို ခေါ်ငင်နေသည်။
“သွားနှင့် အရီးရေ၊ သွားနှင့်”
အရီးမှာ မသွားနိုင်သေးပါ။ ပန်းရနံ့များက အေးသောဆောင်းလေထဲတွင် သင်းကြိုင်ပျံ့မွှေးနေသည်။ ပန်းအခက်အခက်အဆုပ်ဆုပ်နှင့် ပန်းချုံကြီးမှာ နှင်းပွင့်ဖြူတွေ သီးနေသည့်နှယ်။ ခိုင်မာသောနွယ်များက ဆီးချုံကို ယှက်ဖြန့်အုပ်မိုးကာ ပန်းထီးဖြန့်ကြက်သလို နွယ်တွေတခွေခွေ၊ ပန်းခိုင် အသွယ်သွယ် နွယ်ကျနေသည်။ သည်ပန်းရနံ့ကား အမေနှင်းယနေ့တိုင် မြတ်နိုးစွာ လိမ်းကျံဆဲဖြစ်သော ကရမက်သနပ်ခါး၏ရနံ့မျိုး ဖြစ်သည်။ ရင်ထဲလှိုက်အောင် တသင်းသင်း ရှိုက်ငင်မွှေးသည်။
ကိုခိုင်မင်း ရှိစဉ်ကပေါ့။ သည်ကရမက်ပင်ကလေးကို တခုတ်တရ ရှာကြံတောင်းလာပြီး အိမ်ရှေ့ဝင်းခြံနားမှာ ပျိုးပေးသည်။ ပန်းပင်ပေါက်ကလေးသွားတောင်းရင်း ဘုန်းကြီးလူထွက် ကိုစံခအိမ်ကခွေးကြီး ကိုက်လွှတ်လိုက်သမို့လား။ သင်းခြေထောက်မှာ ခွေးစွယ်ရာကြီးနက်ရှိုင်းလျက်၊ သွေးချင်းချင်း နီရဲလျက်။ သို့ပေတဲ့ သင်းက အပြုံးမပျက်။
“နည်းနည်းလေးသာပ...၊ အစွယ်နဲ့ခြစ်သာပါ၊ ကျားစွယ်သွေးလိမ်းရင် ပျောက်မှာပဲ”
အမေနှင်းမတော့ ဘုန်းကြီးဦးရေဝက ရေမန်းလည်းတိုက်ရ၊ အညှော် မဝင်အောင် အုပ်ဆေးလိမ်းပေးရနှင့် ပူပင်ခဲ့ရသည်။
“ရှင်နှင်းရ… သည်အပင်မျိုးက တစ်ရုံကြီး ပွားမှာပ၊ မင်းမြေးတွေ တစ်ဝကြီးပန်ပေရော့”
အင်း... သင်းရော ငါရော ရယ်လိုက်ကြရတာလေ။ ဂျပန်သတ်တာကတစ်ယောက်၊ ကုန်ဝယ်ရင်း လှေမှောက်တာက အငယ်ကောင်၊ စစ်တွင်းက ငါ့သားနှစ်ယောက်လုံး ဆုံးခဲ့ပါရော့လား။ သည်ကတည်းက ငါ့မှာ ကလေး သားမြေးမရှိ။ သင်းမို့ ပြောရက်ပေသည်။
“ဘွားလေး... ပန်းတစ်မတ်ဖိုးပေးပါ ဘွားလေး”
တံချုကလေးကို လက်တစ်ဖက်ကကိုင်ရင်း၊ ပန်းများနှင့် ပီတိဖြစ်နေသော အဘွား၏ပါးခွက်ခွက်ကြီးချိုင့်ဝင်သွားအောင် ပြုံးလိုက်ပုံကို ကလေးမငယ်က နားမလည်သလို တွင်တွင်ခေါ်နေသည်။
“ဟဲ့... အို... ကြည်ကြည်တင်လေးပါလား၊ အေး... အေး အဘွား ခူးလိုက်ဦးမယ်”
အဘွားက ကလေးမအတွက် ပန်းများကိုခူးပေးရင်း မျက်ရည်စို့ချင်လာသည်။
“အင်း… သင်းကတော့ ငါ့တစ်သက်စာ စားရော့စိုက်ပေးသွားတာပဲ” ပန်းရနံ့က သင်းပျံ့နေသည်။ ဆယ့်နှစ်နှစ်သမီးကလေးကတော့ အမေနှင်း၏ တုန်ချည့်တုန်ချည့်လှုပ်ရှားက တံချူဖြင့်တစမ်းစမ်းပန်းခူးနေသောလက်များကို အားမလိုအားမရ မော့ကြည့်နေသည်။
( ၃ )
နေမွန်းတည့်လုပြီ။ သည်ကနေ့တော့ ဆွမ်းမီဖို့ မလွယ်တော့။ ဆွမ်းခံပြန်ချိန်လည်း တန်ပါပြီ။ ပန်းရောင်းပြီး ဈေးဝယ်ပြန်ခဲ့သော အမေနှင်း၏ ခြင်းအိုကလေးထဲတွင် အကောင်းဆုံးအစားအစာများ ပါပါသည်။ နက်မှောင်အတွက် ငါးစိုငါးစိမ်းကလေးများရယ်ပါ။
ကြက်တွေက စည်းရိုးမလုံသော သူ့ခြံထဲသို့တိုးဝင်ကာ မြေစမ်းခရမ်းပျိုးစိုက်ထားသော သစ္စာပန်းပင်ကလေးများကို ဆိတ်ဆွကြသည်။ နှီးရေပုံးစုတ်ထဲမှာ ပျိုးထားသော ဒန်းကြီးပင်ပေါက်ကလေးများ၊ သလဲပင် ပေါက်ကလေးများကိုလည်း ဆိတ်ဖဲ့စားကြသည်။
အမေနှင်းမှာ လက်ထဲကခြင်းကလေးကို အိမ်အောက်ကွပ်ပျစ်မှာတင်ကာ ခေါင်းပေါ်မှပဝါကိုပင် မဖြုတ်နိုင်သေးဘဲ
" ရွှေး..ရွှေး.."
ကြက်ခြောက်ရပါသည်။ လူအိုတော့ ကြက်ကမလေးပါ။ ကြက်သားအမိသားအဖတစ်သိုက်သည် လည်တညိတ်ညိတ် ခေါင်းတခါခါနှင့် ကလွတ် ကလွတ်မြည်ကာ အစာရှာနေကြဆဲ ဖြစ်ပါသည်။ အမေနှင်းက ခဲလုံး သေးသေးလေးများနှင့်ပေါက်မှ ခြေဦးတည့်ရာ ပြေးကြသည်။ ခြေနာနေသော ကြက်ပေါက်စကလေးတစ်ကောင်မှာ အဖေနှင့်အမေကိုမမီဘဲ တကျည်ကျည် အော်ကာ ကျန်ခဲ့သည်။ နက်မှောင်က မီးဖိုချောင်ပြာပုံမှာ ကွေးရာက ပြေးထွက်လာပြီး ကြက်ကလေးနောက်ကလိုက်သည်။ ကြက်ကလေးက စူးစူးဝါးဝါးအော်သည်။ နက်မှောင်မာန်ဖီနေစဉ် အမေနှင်းက နက်မှောင်ကို ပွေ့ချီလိုက်ရသည်။
“အင်း… သင်းကလေးလည်း ငါ့လိုပဲ ထော့နင်းထော့နင်းနဲ့ သေမင်းနဲ့ တွေ့ဖို့ ကျန်ခဲ့သလိုပဲ၊ သွားပါစေသားရယ်”
“မောင်ပန်းလှတို့လင်မယားကတော့ ဒီအိမ်ကြီးကိုရောင်းပြီး သူတို့နဲ့ လာနေဖို့ခေါ်ပါတယ်။ ကျုပ်မှာက မရောင်းရက်လို့သာ၊ အငှားထားဖို့ကြံရတာ။ လူလေးတို့ မိန်းကလေးတို့ ကြည့်ကြပါ။ လသာဆောင်နဲ့အတွင်းခန်းတွေကလည်း အကျယ်ကြီးပါပဲ။ အပေါ်ထပ် အောက်ထပ် ကိုယ်လုံးပေါ်မှန်ကြီးလည်း နှစ်စုံတောင်ရှိပါတယ်၊ အင်း... ဖိုးခိုင်မင်းရှိစဉ်ကတည်းက ဒီမှန်ကြီးတွေ ဘုန်းကြီးကျောင်းလှူကြမလို့၊ မလှူဖြစ်သေးလို့ပဲ၊ ခုတော့ မိန်းကလေးသဘောရှိကြည့်ရသာပေါ့။ ဘုရားစင်ကဘုရားကလည်း ဒက္ခိဏသာခါ ရုပ်ပွားတော်ပါ၊ တစ်မြို့လုံး မီးကြီးနှစ်ခါလောင်တာတောင် ကွင်းခဲ့ပါတယ်။ ကျုပ်လည်း တစ်ကိုယ်ရေ တစ်ကာယသမား၊ အေးအေးနေတယ်။ လူကလေးတို့မိန်းကလေးတို့လည်း ဒီကလေးသုံးယောက် မဟုတ်လား။ အခန်းတွေက အကျယ်ကြီးပါ။ စိတ်ချမ်းသာသလိုသာ နေကြပေရော့။ ကျုပ်တော့ မီးဖိုနားက အဖီကလေးထဲမှာနေမယ်။လောလောဆယ်တော့ တစ်မီးဖိုတည်း အတူတူချက်ကြတာပေါ့”
မြို့သိမ်မြို့ငယ်ကလေးသို့ ရာထူးတိုးပြီး ပြောင်းရွှေလာရသည့် အရာရှိငယ်ကလေးသည် ကြုံလှီသောအဘွားအိုနှင့် မလိုက်အောင်ကြီးမားခန့်ထည်သော ဝါးကပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ အဖီသွပ်တန်းချအိမ်ကြီးကို အားရကျေနပ်စွာ ကြည့်သည်။ ဇနီးသည်ကလေးကတော့ အိမ်ပေါ်မှာ တဒုန်းဒုန်းပြေးလွှားဆော့ကစားနေကြသည့်ကလေးများကိုထိန်းရင်း...
“အမေရယ်... ရှစ်ဆယ်ဆိုတာတော့လျှော့ပါ၊ သမီးတို့လည်း သူ့ တစ်ယောက်လုပ်စာနဲ့၊ ဒီကလေးတွေနဲ့စားရတာဆိုတော့”
ချွဲသံကလေးဖြင့် တောင်းပန်သည်။ စိတ်ထဲမှာတော့ တစ်ရာမကတန်သည်ဟု လက်ခံယုံကြည်ပြီး ဖြစ်သည်။
အမေနှင်းပါးပြင်မှာ တင်းသွားသည်။ နေခြည်ဝင်းဝင်းက သူ့နားပေါက်ကျယ်ကြီးများမှ တွဲကျနေသော တစ်ဖက်ပိတ်နားတောင်းအစုံကို ရွှေရည်ဝင်းစေသည်။ သို့သော် သူ့မှာရင်ထဲက မချိလှ။ ဟိုစဉ်က လင်စုံမယားဖက် တပည့်တွေတစ်လှေကြီးနှင့် စားသောက်ဝိုင်းဖွဲ့ရာ အိမ်ကြီးပေါ်မှာ သူစိမ်း ပြင်ပြင်တွေ တင်ရဦးမည်။ ဈေးစကားပြောနေရသေးသည်ဆိုတော့ ရင်ထဲမှာ အနင့်သား။ သို့သော် သူ့မှာက ပန်းကလေးရောင်းလိုက်၊ ရာသီပေါ် သီးနှံကလေးဖလှယ်လိုက်နှင့်၊ လူပေးသူပေးစားနေသည့်ဘဝ၊ ရှိခဲ့သမျှလည်း လှူတာရော၊ ဆေးဖိုးဝါးခရော၊ အလိမ်ခံရတာရော ကုန်သလောက်ရှိခဲ့ပြီမို့ ရွှေနားတောင်းဝင်းဝင်းနှင့် မငြင်းသာတော့။ လေသံပျော့ကလေးနှင့်……
“အင်း... ဒါဆိုလည်း ခုနစ်ဆယ်တော့ထားပေါ့ သမီးတို့ရယ်၊ အမေ့မလည်း လှူရေးတန်းရေးနဲ့”
“ဟုတ်ပါတယ်ကွာ၊ မင်းကလည်း ပေးလိုက်ပါ”
“ကဲ… ညနေကျ တစ်ခါတည်းပြောင်းလာမယ်နော်... အမေ”
အမေနှင်းက ခေါင်းကို လေးလေးညိတ်သည်။ ကလေးတစ်ယောက်က ပြတင်းပေါက်မှနေပြီး ဆိတ်ဖလူးကိုင်းကို လှမ်းဆွဲသည်။
သူ့အဖေက “ဟဲ့ကောင်၊ သေတော့မှာပဲ” အော်ကာပြေးသွားသည်။ အမေနှင်းက ဘုရားတသည်။
( ၄ )
ရွက်ခြောက်ရွက်အိုတို့ကို လှည်းကြကျင်းကြသံများ ကြားနေရသည်။ သစ်ရွက်များအသံက တကျွမ်းကျွမ်းမြည်သည်။ ကလေးအဖေက တံမြက်စည်းလှည်းရင်း သီချင်းတစ်ပုဒ်ဆိုသည်။ သားများက လိုက်ဆိုကြသည်။ ထိုသီချင်းသံကို အမေနှင်း နားမလည်ပါ။
ထို့နောက် ညှော်နံ့စူးစူးရှရှ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ကြက်သွန်ဖြူဆီသတ်သော ညှော်နံ့ဖြစ်သည်။ အမေနှင်းက ချောင်းတဟွတ်ဟွတ်ဆိုးသည်။ ခြင်ထောင်ကလေးထဲသို့ ကပျာကယာဝင်သည်။
“ဟဲ့ကြောင်... ကြောင်စုတ်၊ ငါ့ ငါးကြော်တွေ ခိုးစားပြန်ပြီ”
မီးဖိုထဲမှ ကြုံးဝါးသံ၊ ရိုက်နှက်သံ၊ ကြောင်တစ်ကောင်၏ နာနာကြည်းကြည်းအော်သံများ ထွက်ပေါ်လာသည်။ အမေနှင်းစိတ်မှာ ထောင်းခနဲ ဖြစ်သွားကာ အုပ်ဆိုင်းမှ မထားတာ၊ ခိုးစားတာတောင်နည်းသေး”ဟု တွေးလိုက်သည်။ နက်မှောင်က ထုပ်တန်းမှ ဝုန်းခနဲခုန်ဆင်းလာပြီး အမေနှင်း ခြင်ထောင်ဘေးမှာ တညောင်ညောင်မြည်သည်။ အမေနှင်းက နက်မှောင်အမြီးကိုဆွဲကာ ခြင်ထောင်ထဲသို့ ဆွဲသွင်းသည်။ ခြင်ထောင်ဖွင့်စဉ်၊ လေအပင့်မှာ သစ်ရွက်ညှော်နံ့က ကြက်သွန်ဖြူညှော်နံ့နှင့်အတူ လုံးခနဲ တူးတူးခါးခါးကြီး ဝင်လာသည်။ ကြောင်က တအင်အင်ညည်းကာ အဘွားကိုယ်ငွေ့လှုံသည်။
အမေနှင်းက နက်မှောင်ကို စမ်းကာ..
“သား... သားကို နှိပ်စက်ကြပြန်ပလား”
ကြောင်က နားမလည်သော်လည်း တအင်အင် မြည်ကာတိုင်တန်းနေသည်။ အမေနှင်းက နက်မှောင်ကျောပြင်ကိုပွတ်သပ်ရင်း မီးလောင်၍ အမွေးစားသွားသောအနာရွတ်ကို စမ်းသပ်ကာ…
“သင်းတို့ ငရဲလားမယ့်ဟာတွေပါ သားရယ်၊ အကုသိုလ်များလိုက်ကြတာ "
ပြီးခဲ့သည့် တစ်ရက်နှစ်ရက်က နက်မှောင်မီးဖိုဘေးမှာ ခွေနေစဉ် အလတ်ကောင်က မီးစနှင့် ကောက်ထိုးသဖြင့် သည်ဒဏ်ရာရခဲ့သည်။ အမေနှင်း မျက်ရည်ကျရသည်။ အမေနှင်းကိုယ်တိုင် အားကိုးရာမဲ့မှတော့ သူ့ကြောင်မှာလည်း သည်လိုဖြစ်ရပေါ့။ တရားနှင့်ဖြေသည်။
“အိမ်ကြီးရောင်းပြီး မောင်ပန်းလှတို့လင်မယားဆီ သွားနေလည်း သင်းတို့က ပိုက်ဆံကလေးလက်ထဲရှိတုန်း ကြည်ဖြူကြမှာပဲ၊ အင်း... ဒီအိမ်ကြီးငှားတာတောင် သင်းတို့မတိုင်ပင်ကောင်းလားလို့ တဖျစ်ဖျစ်၊ ငါက ခုလိုပြောရင် ငါ့ကိုပဲ ဝိုင်းအပြစ်တင်ကြမှာ၊ သူ့မယားမိရွှေကလည်း စွာစွာနဲ့၊ ဪ... ကိုခိုင်မင်းရေ... ရှင်မရှိလို့သာနှော၊ ကျေးဇူးရှင်ကြီးရဲ့”
မျက်ရည်မကျတော့သော်လည်း တမ်းတမိသည်။ နက်မှောင်က တညောင်ညောင် တကျည်ကျည်လုပ်လာပြန်သည်။ လူအိုနံ့၊ ဆေးလိပ်နံ့နှင့် မွန်းပိတ်နေသော ခြင်ထောင်အိုကြီးထဲမှာ နေလိုဟန် မရှိပါ။ အမေနှင်း လက်ကို ကိုက်သည်။
“သင်းကလည်းလေ….”
အမေနှင်းက ခြင်ထောင်ကိုဖွင့်ကာ ကြောင်ကိုထုတ်သည်။ မီးခိုးများက အပေါ်ဆင့်ဝါးကပ်ကွက်ထဲမှ လုံးခနဲဝင်လာသည်။
“ရော်... အိမ်ကို မီးတင်ရှို့တော့မယ်ထင်ရဲ့”
ညှော်နံ့ကို ဂရုမပြုနိုင်ဘဲ ထထိုင်သည်။ ချောင်းတဟွတ်ဟွတ်ဆိုးသည်။ သစ်ရွက်တို့ တဖျစ်ဖျစ်မြည်သံကြားရသည်။
“အဖေကြီးတို့... ပြီးရင် လာကြတော့၊ ထမင်းစားမယ်”
“ခဏနေဦးဟေ့၊ အမှိုက်မကုန်သေးလို့”
ခါတိုင်းတော့ အမှိုက်ရှင်းသည့်အလုပ်ကို အမေနှင်းကိုယ်တိုင်လုပ်ခဲ့သည်။ ခုတော့ အမြင်မတော်လို့ထင့်။ ကလေးအဖေ အခွန်ဦးစီးမှူးကလေးက…“ကျွန်တော်တို့ လှည်းပါမယ်ဗျာ” ဟု ဆိုသည်။
အမေနှင်းကိုယ်တိုင် အပူပြန်လိုက်၊ အချမ်းပေါ်လိုက်နှင့် ကိုယ်တွင်း ဓာတ်တွေ ဖောက်ပြန်နေချိန်မို့ သင်းတို့ကို ခွင့်ပြုလိုက်ရသည်။
“အင်း…. သင်းမိန်းမကလည်း ထမင်းစားအတင်းခေါ်၊ မီးတန်းလန်းနဲ့ ထသွားရင်တော့ အမှိုက်တွေကလည်း ကြွပ်ရွလို့၊ ဖိုးခိုင်မင်းဆောက်သွားတဲ့အိမ်ကြီးပေါ် မီးပွားကျရင်တော့ ဘုရား... ဘုရား...”
အမေနှင်းက တောင်ဝှေးကို အားပြုကာ လှေကားမှ ဆင်းသည်။ မပြုံးချင်ဘဲ ပါးချိုင့်ကြီးခွက်အောင် ပြုံးလိုက်ပြီး...
“ဟဲ့… သားအဖတစ်တွေ မပြီးကြသေးဘူးလား”
သူ့အမေးကို ကြားကြဟန်မတူ။ ကလေးများသည် မီးဖိုဘေးမှာ ဝိုင်းထိုင်ကာ မီးစများကို ထိုးဆွကစားနေကြသည်။ စိမ်းဝါပြာလဲ့နီရွှေသော မီးတောက်ထဲမှာ ပျော်စရာ ကမ္ဘာကလေးတစ်ခုရှိသည့်နှယ်။ မီးပွားမီးစများက လေရူးအဝှေ့မှာ တဖျစ်ဖျစ် တဖြောက်ဖြောက်မြည်ကာ ဝဲပျံကျသည်။ ကလေးအဖေက ရေတွင်းမှာ ရေငင်နေသည်။
အမေနှင်းက မီးဖိုနားသို့သွားကာ...
" ဟဲ့..ဟဲ့..မဆော့ကြနဲ့ "
နက်မှောင်က သူ့ခြေထောက်ကို တိုးဝှေ့လျက်၊ တညောင်ညောင်မြည် ပြန်သည်။ အမှတ်တမဲ့မို့ လဲမလိုဖြစ်သွားကာ...
“ဟဲ့... ပလုတ်တုတ်”
ယောင်လိုက်သည်။ ကလေးများက အမေနှင်းကိုကြည့်ကာ ရယ်လိုက်သည်။ အမေနှင်းက နက်မှောင်ကို ပွေ့ချီလိုက်သည်။
ဆောင်းနှောင်းရွက်ကျင်များက မီးထဲမှာတွန့်လိပ်ကာ မည်းနက် ကြေမွသွားကြသည်။ နီရဲသောမီးပွားကလေးများ တဖျပ်ဖျပ်လွန့်လူးပြီး ရွက်အိုဘဝကို အဆုံးသတ်သွားကြသည်။ ညနေ၏ နီရဲသောကောင်းကင် တိမ်တိုက်များသည် နေရောင်ကို ပွေ့ပိုက်လျက်မည်းမှောင်သော အိမ်ကြီးပေါ်၌ လှပစွာ ကွန့်မြူးနေကြသည်။
ကလေးငယ်တစ်ယောက်က ဗာဒံပင်အိုပေါ်မှ ရွက်ခြောက်နီကြင်ကြင်ကိုကောက်ကာ မီးထဲသို့ပစ်ထည့်လိုက်သည်။ နီရဲငြိမ်းသေစမီးထဲတွင် ရွက်အိုကလေးသည် ခဏမျှတည်ငြိမ်နေသေးသည်။ ပြီးတော့ တဖျစ်ဖျစ် မြည်ကာတွန့်လိမ်လာသည်။ နောက်တော့ မည်းမှောင်လောင်ကျွမ်းသွားသည်။ မီးပွားအမှုန်အစကလေးများ မြေပေါ်သို့လွင့်စဉ်သွားပြီး ပြာစကလေးများအဖြစ် ဘဝပြောင်းသွားသည်။
အမေနှင်းက ငြိမ်းသေသွားသော မီးပွားမီးစကလေးများကို စိုက်ကြည့်နေစဉ် ကြောင်ကလေးနက်မှောင်က တအင်အင်မြည်လေသည်။
▪️▪️▪️
ခင်မြဇင်
ရှုမဝမဂ္ဂဇင်း၊ ၁၉၈၃၊ ဖေဖော်ဝါရီ၊
#ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ