ကျန်ရစ်သူ(စ/ဆုံး)
————–
လက်တွေ့ဘဝတွေဆိုတာ ဇာတ်လမ်းတွေ၊ ဇာတ်ကြောင်းတွေထက် နာကျင် ရင့်သီးလွန်းလှပါတယ်။
ကျွန်မအမေရဲ့ဆွေမျိုးနီးစပ်ထဲမှာ မခိုင်ဆိုတဲ့ အမျိုးသမီးတစ်ယောက် ရှိပါတယ်။ ကျွန်မတို့အခေါ် အန်တီခိုင်ပေါ့။ အန်တီခိုင်ရဲ့မိဘတွေဟာ ရွာနီးချုပ်စပ်အထိ ဩဇာကိတ္တိမ ကြီးသူများဖြစ်ကြပြီး လယ်မြေပိုင်ဆိုင်မှုကလည်း လက်ညှိုးညွှန်သမျှ မလွဲနိုင်အောင်ကို များပြားလှပါတယ်။
အန်တီခိုင်မှာ ကိုဆန်းတင့်ဆိုတဲ့ မောင်အရင်းတစ်ယောက်ရှိပြီး ဂုဏ်ရည်တူမိသားစုအသိုင်းအဝိုင်းမှ မမြင့်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျပါတယ်။ သားသမီးလေးယောက်လုံးဟာ ပညာတတ်တွေချည်းဖြစ်ပြီး တက္ကသိုလ်မှာ ဆရာမတွေချည်းပါ။ ကျွန်မကတော့ ဦးလေးဆန်းလို့ ခေါ်တာပေါ့။
အန်တီခိုင်နဲ့ မတွေ့ဖြစ်တာ ခြောက်လခန့် ရှိပါပြီ။ ဦးလေးဆန်းဆုံးပြီးကတည်းက ဆိုပါတော့။ ဘုရားဒကာ၊ ကျောင်းဒကာ၊ ရဟန်းဒကာဖြစ်တဲ့အပြင် ရွာရဲ့ အကြီးအကဲလည်းဖြစ်တာကြောင့် နာရေးဟာ အင်မတန်စည်ကားခဲ့ပါတယ်။ ခရီးဝေးကနေ တကူးတကပို့ဆောင်ကြတဲ့ ကျွန်မတို့ ညီအစ်မသုံးယောက်ဟာ အချိန်ကို ချင့်တွက်နေရတာကြောင့် နာရေးချတဲ့အထိ မစောင့်နိုင်တော့ပဲ လောလော လောလော ပြန်ခဲ့တာကြောင့် ဆွေမျိုးတွေကို နှုတ်ဆက်ရုံမျှလောက်သာ တွေ့ဆုံနိုင်ခဲ့ကြပါတယ်။
အခုတော့ အချိန်ရတာနဲ့ အန်တီခိုင်တို့ဆီ ထပ်ရောက်ခဲ့ပါပြီ။ အန်တီခိုင်ရယ်၊ အန်တီခိုင့်ရဲ့ဝမ်းကွဲအစ်မ မရင်ရယ်နဲ့ တွေ့ပြီး ဟိုဟိုသည်သည် ဝိုင်းဖွဲ့စကားပြောဖြစ်ကြပါတယ်ရှင်။
“ ဦးလေးဆန်းရဲ့ ဖုန်းနံပါတ်ပဲသိတော့ ဦးလေးဆန်းဖုန်းနံပါတ်ကိုပဲ ဆက်ကြည့်တာ၊ ဖုန်းကိုင်မယ့်သူ မရှိဘူးဖြစ်နေတယ်။ အန်တီခိုင်တို့ ဘယ်လိုများ နေထိုင်စားသောက်နေပါလိမ့်လို့ သိချင်လွန်းလို့ လာခဲ့လိုက်တာပဲ အန်တီခိုင်ရယ် ”
ဆွေမျိုးနီးစပ် ဆိုပေမယ့်လည်း နွေရာသီကျောင်းပိတ်ရက်တိုင်းမှာ အန်တီခိုင်တို့အိမ်မှာနေထိုင်ပြီး ရွာရိုးကိုးပေါက် စက်ဘီးတစ်စီးနဲ့ လျှောက်လည်ရင်း ငယ်ဘဝကို အတူကုန်ဆုံးကြတဲ့ကျွန်မတို့တစ်တွေဟာ မောင်နှမ ရင်းချာသဖွယ် သံယောဇဉ် ကြီးကြပါတယ်။
ကျွန်မတို့ကို တွေ့ပြီး ပြုံးပျော်ရွှင်နေတဲ့အန်တီခိုင်ဟာ မမကြီးရဲ့အမေးစကားကြောင့် ပြိုမယောင်မိုးနှယ် မျက်ဝန်းတွေဟာ ညို့လာပါတော့တယ်။
“ မောင်နှစ်မလေး နှစ်ယောက်တည်းရှိတာ အန်တီခိုင်တစ်ယောက်ပဲ ကျန်ခဲ့တာဆိုတော့ စိတ်ပူမိတယ် ”
“ တစ်ယောက်တည်းရှိတဲ့ ငါ့မောင်ကတော့ မသေခင် ငါ့ကို သူတောင်းစား မဖြစ်ရုံတစ်မယ် ရက်စက်သွားသူကြီးပေါ့အေ။ ရက်စက်ချက်ကတော့ လွန်လွန်းပါတယ်။ ”
အန်တီခိုင်ရဲ့ မျက်ဝန်းထဲမှ မျက်ရည်တွေဟာ အတားအဆီးမဲ့စွာနဲ့ ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီးကျလာပါတယ်။ ကွမ်းသွေးတို့နဲ့ နီရဲနေတဲ့ နှုတ်ခမ်းပါးပါးလှပ်လှပ်ကလေးရဲ့အဖျားလေးဟာ အောက်သို့ ကွေးညွတ်လို့ လာပါတယ်။ ဆွတ်ဆွတ်ဖြူတဲ့အသားအရည်ကြောင့် အန်တီခိုင်ရဲ့ မျက်နှာဟာ ဂျပန်ဂေရှားမယ်အလား အထင်မှားလောက်ပါပေရဲ့။
ဒီလောက်လှတဲ့အန်တီခိုင့်ကို ထက်မြက်တဲ့မိဘတွေက မျက်စေ့အောက်က အပျောက်မခံပဲ ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့လည်း တစ်ကိုယ်တည်း အပျိုကြီး ဖြစ်နေတာပေါ့။ မိဘတွေချန်ထားခဲ့တဲ့ လယ်တွေခြံတွေကို စီမံခန့်ခွဲတတ်ရင် တစ်သက်လုံးအတွက် ကြောင့်ကြစရာမလိုအပ်အောင် ပြည့်စုံတဲ့သူပါ။ ဒါပေမယ့်လည်း တစ်ယောက်တည်းဆိုတော့ စိတ်ပူရတယ်ပေါ့။
“ ထွေလာဂျီနှစ်စင်းတိုက်နဲ့အေ၊ ပစ္စည်းတွေ တင်ပြီး မခိုင်အိမ်ကို ပြောင်းချလာတာပဲ ”
မခိုင်ရဲ့တစ်ဝမ်းကွဲအစ်မဖြစ်တဲ့ မရင်က ဝင်ပြောပါတယ်။
“ ကျွန်တော်သိတယ်၊ ဦးလေးဆန်းမဆုံးခင် တစ်လလောက်က ကျွန်တော့်ဆီကို ဖုန်းဆက်တယ်၊ ငါ့ကိုအခု မမက ကျွေးထားတာလို့ ပြောတယ်၊ ဪ… ဒါကြောင့်ကိုး ”
မမကြီးက ဦးလေးဆန်းထိန်းကျောင်းပေးခဲ့တဲ့ ကလေးဖြစ်ခဲ့တာကြောင့် မမကြီးက ဦးလေးဆန်းအပေါ်မှာ အင်မတန် သံယောဇဉ်ကြီးတာပါ။
“ အန်တီခိုင်ရယ်… ဦးလေးဆန်းမှ မရှိတော့တာ၊ ဘာလို့ အခုလို တစ်ယောက်တည်း နေနေတာလဲ၊ ဦးလေးဆန်းရဲ့ သမီးတစ်ယောက်လောက်ကို ခေါ်ပြီး အတူနေကြတာတော့ မဟုတ်ဘူး၊ အဖော်လေးဘာလေးရတာပေါ့ ”
မမကြီးရဲ့ စကားအဆုံးမှာ တအင့်အင့်နဲ့ ရှိုက်ငိုနေတဲ့ အန်တီခိုင်ဟာ ရုတ်ချည်းအငိုရပ်သွားပြီး မရင်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တဟားဟားနဲ့ အားပါးတရ အကျယ်ကြီး အတူတူ အော်ရယ်လိုက်ကြပါတော့တယ်။ အခုငို အခုရယ်တဲ့ အန်တီခိုင့်ကို နားမလည်နိုင်တဲ့ ကျွန်မတို့တစ်တွေဟာ ပါးစပ်အဟောင်းသားဖြစ်လို့ပေါ့။ အန်တီခိုင် ဘာဖြစ်သွားပါလိမ့်။
“ သူ့အဖေကို သူ့သမီးက နှင်ချလိုက်လို့ မောင်ဆန်းက မခိုင်အိမ်ကို အထုပ်အပိုးတွေယူပြီး ဆင်းလာတာလေ ”
“ ဟယ်… … ”
“ မောင်ဆန်းက မြေတွေပေါင်တယ်၊အပေါင်းအသင်းတွေဆီက ပိုက်ဆံချေးတဲ့အပြင် နှမ်းတွေသိမ်းတော့လေ ၊ ကိုယ့်နှမ်းကို ကိုယ် ရိတ်ပြီးခါစလည်း အစည်းလိုက် ခိုးပြီး ရောင်းစားပစ်တာအေ့ ”
မရင်နဲ့ အန်တီခိုင်တို့နှစ်ဝိုင်းက ကပ်လျက်ဆိုတော့ နှစ်အိမ့်တစ်အိမ်လို ဖြစ်နေကြတာပါ။
မရင်ရဲ့စကားအဆုံးမှာ အံ့အားသင့်နေတဲ့ မမကြီးက နားမလည်နိုင်လို့ ဝင်မေးပါတယ်။
“ အဲဒီပိုက်ဆံတွေ သူက ဘာလုပ်လိုက်တာလဲ၊ ဘယ်နေရာမှာ သုံးတာလဲ ”
“ မပြောတတ်တော့ပါဘူးအေ၊ ငါတို့လည်း မသိပါဘူး ”
“ တစ်ရက်မယ်အေ၊ ခေါင်းရင်းကအိမ်ဝိုင်းထဲ ဝင်သွားပြီး အမြည်းဘိုးမရှိလို့ ပိုက်ဆံတစ်ထောင်ချေးသတဲ့၊ ငါနဲ့တွေ့ပြီး မောင်ဆန်းကို အတင်းပြန်ဆွဲခေါ်လာခဲ့ရတယ်။ အမြည်းဖိုးပဲလိုလို၊ အရက်ဖိုးပဲ လိုလို၊ သူများဆီက လိုက်မတောင်းနဲ့၊ တစ်ဝမ်းထဲကွဲပေမယ့် ဝိုင်းချင်းကပ်လျက်နေတော့ မိသားတစ်စုတည်းပဲ၊ အားနာနေစရာမလိုဘူး၊ ငါ့ဆီကပဲ လာတောင်းလို့ ပြောရတယ်။ အဲသည်တစ်ထောင်လည်း ဘယ်ကရလည်းမသိပါဘူး၊ ပြန်ဆပ်တယ်တော့် ”
“ နောက်ပြီးအေ… ရွာထဲ မူးပြီး လဲနေရင်လည်း သူ့မိသားစုက သိလျက်နဲ့ လာမတွဲဘူး၊ ပစ်ထားတာပဲ ”
မျှော်လင့်မထားတဲ့အခြေအနေတွေကို မရင်က ပြန်ပြောပြတဲ့အခါ ကျွန်မတို့မှာ အံ့အားသင့်ပြီး တုန်လှုပ်ရပါတော့တယ်။ ဘယ်လိုများ ဒီလို ကြုံရပါလိမ့် ဦးလေးဆန်းရယ် ။
“ ငါ့ကိုလည်း ဒင်းက ဘယ်လိုခေါ်တယ်မှတ်လဲ။ ဒေါ်ခိုင်ခိုင်စိုး တဲ့လေ။ မိုက်ရိုင်း ဆိုးရွားချက်ကတော့။ တစ်သက်လုံး မမ မမ ခေါ်လာတဲ့သူက ဒေါ်ခိုင်ခိုင်စိုးတဲ့။ နင် မမိုက်ရိုင်းနဲ့ ပြောတော့ မိုက်ရိုင်းတော့ နင်ဘာလုပ်ချင်လဲတဲ့၊ ငါလေ ဒင်းကို ဒီလိုလုပ်ချင်တယ်ဆိုပြီး ပါး ရိုက်ပစ်လိုက်တာပဲ၊ အရမ်း ဆိုးတယ် ”
အန်တီခိုင်ရဲ့ စကားအဆုံးမှာ ကျွန်မ … တစ်ခုခုကို သတိ ရသွားပါတယ်။ သွားလေသူအပေါ်မှာ နာကျင် မုန်းတီးပြီး ကျန်နေခဲ့လို့ မဖြစ်ဘူးမဟုတ်လား။
“ သူက မူးနေတဲ့သူလေ။ အန်တီခိုင်က ပါးရိုက်လိုက်တော့ သူက ပြန်မလုပ်ဘူးလား ”
“ ပြန်မလုပ်ပါဘူး ”
“ အင်းလေ… အန်တီခိုင်ရယ်၊ ကိုယ့်အသားထိတာကို ပြန်မလုပ်တော့ ဦးလေးဆန်းကို ဆိုးတယ်လို့ပြောလို့ မရဘူးလေ၊ အစ်မအပေါ်မှာ ညှာတဲ့စိတ် ရှိနေသေးတာပဲ ”
“ မယားငယ်ကို တိုက်နဲ့ ရွှေတွေနဲ့ ကြော့မော့နေအောင်ထားခဲ့ပြီး ကိုယ့်အစ်မရင်းကို သူတောင်းစားဖြစ်အောင်လုပ်ထားခဲ့တာ ညှာတာလားအေ၊ ငါ့မှာ လယ်တွေလည်း ကုန်လုနီးပါး၊ မိဘပေးခဲ့တဲ့အထုပ်ကလည်း ဖြည်လိုက်ရတယ်၊ သူက လက်အုပ်ချီပြီး မှားပါတယ်လို့ တောင်းပန်နေမှတော့ ငါက ဘယ်လိုလုပ် စိတ်ကောင်းနိုင်တော့မလဲအေ ”
“ထမင်းကျွေးချိန်ရောက်လို့ သူ့အခန်းထဲ ထမင်းပန်းကန်ကိုင်ပြီး ဝင်သွားတော့၊ အိပ်ယာပေါ် ပက်လက်ကနေ လက်ဝါးနှစ်ဖက်ကလေ ဟောဒီလို ဟောဒီလို ရင်ဘတ်ပေါ်မှာ တဆတ်ဆတ် တုန်လို့ပေါ့ ”
အန်တီဆန်းက နှုတ်ခမ်းကို တစ်ချက်မဲ့လိုက်ရင်း လက်နှစ်ဖက်ကို ရင်ဝထက်နားဆီ တုန်ရီနေတဲ့သဏ္ဌာန်လုပ်ပြပါတယ်။
” နင့်လက်က ဘာဖြစ်နေတာလဲ လို့ ငါကလည်း ခပ်ငေါက်ငေါက်မေးလိုက်တာပေါ့၊ မမကို ကန်တော့ပြီး တောင်းပန်ချင်တာ၊ လက်နှစ်ဖက်ကို ပူးပြီး လက်အုပ်ချီမလို့၊ ငါ… အခုလက်အုပ်ချီမရလို့ လက်ဖဝါးနှစ်ဖက်ကို လာပြီးပူးပေးပါဦးတဲ့ လေ ”
အန်တီခိုင်ဟာ ပြောနေရင်းနဲ့ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျအောင် ဟီးချပြီး ငိုပါတော့တယ်။ ကျွန်မတို့ ညီအစ်မတတွေလည်း အန်တီခိုင့်ကိုကြည့်ရင်း ဝမ်းနည်းမှုတွေ ကူးစက်လို့လာပါတော့တယ်။
ဦးလေးဆန်းဟာ အကောင်းအဆိုး၊ အကြောင်းအကျိုးနားလည်တယ်လို့ ယူဆစရာရှိပေမယ့် ဘာကြောင့် ဒီလိုဖြစ်သွားရတာပါလိမ့်။ ကွမ်းခြံလုပ်ငန်း၊ သရက်ခြံလုပ်ငန်း၊ နှမ်း၊ ဆီစက် အစရှိသဖြင့် လုပ်ငန်းပေါင်းများစွာကို နောက်ဆုံးနှစ်တွေအထိ လုပ်ကိုင်ခဲ့ပေမယ့်လည်း ၊ နောက်ဆုံးနေရမယ့် ကာလတွေက ဒီလိုတဲ့လား။
အန်တီခိုင့်ဆီ ခြောက်လခန့်အတူနေထိုင်နေရင်း အသည်းရောဂါပြင်းထန်လာတဲ့အတွက် မိသားစုကို အကြောင်းကြားတဲ့အခါ ဇနီးဖြစ်သူနဲ့ သမီးတွေက ရက်နှစ်ဆယ်ခန့် ဆေးကုသမှုပေးရင်းပြုစုပေးခဲ့ပေမယ့် အန်တီခိုင့် အိမ်ကနေပဲ ဘဝကူးသွားခဲ့ပါတယ်။
ဦးလေးဆန်းကတော့ ခရီးရှည်ကြီးထွက်သွားပါပြီ။ အစ်မအရင်းဖြစ်တဲ့ အန်တီခိုင်ရဲ့ နာကျင်မှုကို ကျွန်မတို့ သေသေချာချာ မြင်ခဲ့ ကူးစက်ခံခဲ့ရပါပြီ။ ဦးလေးဆန်းရဲ့ ဇနီးဖြစ်သူနဲ့ သမီးတွေရော ဘယ်လို နာကျင်မှုတွေနဲ့ မထွေးနိုင် မအန်နိုင် ဖြစ်နေပါ့မလဲ။တကယ်တော့…
ကျန်ရစ်သူဆိုတာ…
****
မိဘအိမ်မှာ အတူနေတဲ့ကျွန်မဟာ အဖေ့ကို စိတ်ဆိုးတာ၊ စိတ်နာတာမျိုးရှိခဲ့ပေမယ့်လည်း အဖေ့ကြောင့် အိမ်ပေါ်ကဆင်းသွားတာမျိုး၊ အဖေ့ကို အိမ်ပေါ်ကနှင်ချတာမျိုး တစ်ကြိမ်မှ မရှိခဲ့ဖူးပါဘူး။
ဒါပေမယ့် အဲဒီလို သားသမီးမျိုး တကယ်ရှိကြပါတယ်။ ကိုယ့်အဖေကို ရှက်လို့၊ စိတ်နာကြည်းလို့၊ ခွင့်မလွှတ်နိုင်လို့ အဖေကို စွန့်ပစ်တဲ့ သားသမီးတွေ တကယ် ရှိကြပါတယ်။
×××××
“ ဒီနေ့ အဖေဆုံးတာတစ်နှစ်ပြည့်လို့ ဆွမ်းချိုင့်လာပို့တာပါဘုရား ”
“ ဪ… ဒကာကြီးဆုံးတာ တစ်နှစ်တောင်ပြည့်သွားပြီလား။ ဘုန်းကြီးတွေကို မကန်တော့ရုံသာမကဘူး၊ မျက်နှာချင်းတောင် မဆိုင်တဲ့ဒကာကြီးက ကြံကြံဖန်ဖန်၊ ကွယ်လွန်မယ့်နေ့ မနက်မှာ ဘုန်းဘုန်းကို ဝတ္ထုလှူသတဲ့။ ရိက္ခာထုပ်ကြီး အပါသယ်သွားတာကိုး ”
“ မှန်ပါ့ဘုရား ”
“ ကွန်မြူနစ်ကြီး၊ ကျောင်းအရှေ့ဖက်က အရပ်ထဲမှာလည်း ဒကာကြီးလိုပဲ၊ ကွန်မြူနစ်ကြီးတစ်ယောက်ရှိတယ်။ ကွန်မြူနစ်တွေက စိတ်ရင်းကောင်းသလောက် ကိုယ်မှန်တယ်ထင်ရင် အလျှော့မပေးတတ်ကြဘူး ”
“ အရှင်ဘုရားကသာ စိတ်ရင်းကောင်းတယ်မိန့်တာ၊ တပည့်တော်ဖြင့် အဖေ့ကို စိတ်ဆိုးပြီး စကားမပြောတာ ဆယ့်ငါးနှစ်ကြာတယ်ဘုရား ”
ကျွန်မရဲ့စကားကို ကြားရတဲ့အခါ ဆရာတော်က ပြုံးပါတယ်။
“ ဆယ့်ငါးနှစ်လောက်စကားမပြောတာ ဒကာကြီးက သိရော သိရဲ့လား ”
ဆရာတော့်စကားကို ကြားရတဲ့အခါမှ ကျွန်မလည်း ဇဝေဇဝါ ဖြစ်ရပါတော့တယ်။ ဟုတ်သား။ အဖေက ကျွန်မစိတ်လုပ်ခဲ့တာ နည်းနည်းလေးတောင်မှ မသိခဲ့တာပါလား။
အဲဒီတုန်းက ကျွန်မဖြင့် သုံးတန်းအရွယ်ပဲ ရှိသေးတာပါ။ သုံးတန်းအရွယ်ပေမယ့်လည်း စိတ်အနာကြီး နာခဲ့တဲ့သူဆိုတော့ ပုံရိပ်တွေဟာ ယနေ့ထက်တိုင် ထင်ရှားနေဆဲပါ။
အိမ်ရှေ့ ဧည့်ခန်းမှာ စာဖတ်နေတဲ့ အဖေ့အနီးမှာ ကျွန်မက ထိုင်နေခဲ့ပါတယ်။ နှစ်ယောက်ထိုင်ဆက်တီခုံကလေးထက်မှာပေါ့။
အမှတ်မထင်ပါ။ တကယ့်ကိုပဲ အမှတ်မထင်ပါ။
ကျွန်မက ကလေးပီပီ ရိုးရိုးတန်းတန်းမထိုင်မိပဲ ရှေ့စားပွဲရဲ့အောက်ခြေတန်းပေါ်ကို ခြေထောက်တင်ပြီး အမှတ်မထင် ဒူးနန့်မိပါတယ်။
“ ဒူးမနန့်နဲ့၊ ငြိမ်ငြိမ်ထိုင် ”
အဖေပြောတော့မှပဲ ဒူးနန့်မိနေမှန်း ကျွန်မလည်း ကိုယ့်ကိုကိုယ် သတိထားမိပါတယ်။ သို့ပေသော်ငြားလည်း ကျွန်မက ကလေးပဲ ရှိသေးတာ မဟုတ်လား။ အဖေက ရပ်ခိုင်းပေမယ့် အဖေ့ကို စချင် နောက်ချင်တဲ့စိတ် ဖြစ်လာတာကြောင့် အဖေ့စကားကို မကြားသလိုလုပ်ပြီး ဒူးနန့်တာကို မရပ်တန့်ခဲ့ပါဘူး။
အဖြစ်အပျက်ဟာ မြန်ဆန်လွန်းလှပါတယ်။ ကျွန်မ ပေါင်ပေါ်မှာ ဗြုန်းကနဲဆို အောင့်သက် နာကျင်မှုကို ရုတ်ချည်းခံစားလိုက်ရပါတယ်။ မယုံနိုင်ခြင်း၊ အံ့ဩ ဝမ်းနည်းနာကျင်ရခြင်းတို့ကြောင့် မျက်ရည်တွေစီးကျရင်း အဖေ့ကို တွေတွေကြီး စိုက်ကြည့်မိပါတယ်။ ရက်စက်လိုက်တာ။ သမီးက နောက်ပြောင်တာကို အဖေက စီးထားတဲ့ ခုံဖိနပ်ကို ချွတ်ပြီး ကျွန်မရဲ့ ညာဘက်ပေါင်ကို ရိုက်ထည့်လိုက်တယ်ပေါ့။
ကျောင်းစာအုပ်ကြားထဲ ကာတွန်းစာအုပ်ညှပ်ပြီးဖတ်လို့၊ ရပ်ကွက်ထဲက ယောက်ျားလေးတွေနဲ့ ကျည်းသားရိုက်လို့၊ ယောက်ျားလေးတစ်အုပ်ကြီးအကြား တိုးဝှေ့ပြီး စွန်လုလို့၊ မာဃလုလင် ဖျော်ဖြေရေးတီးဝိုင်းနောက် တမေ့တမော လိုက်မော့ရင်း ကျုံးမြောက်ဘက်အထိ တစ်ယောက်တည်း ရောက်နေလို့၊ မောင်အငယ်နဲ့ မုန့်လုစားလို့ အစရှိသဖြင့် အကြောင်းအရာပေါင်း မြောက်များစွာနဲ့ အမေ့တုတ်နဲ့ အနှက်ခံရတဲ့အကြိမ်ပေါင်းဟာ မရေမတွက်နိုင်အောင် အများကြီး ရှိခဲ့ပါတယ်။
ဘယ်လောက်ပဲရိုက်ရိုက်၊ အမေ့မျက်နှာ ဟိုဘက် လှည့်လိုက်တာနဲ့ အကျင့်မပျောက်၊ နာကျင်မှုမရှိ၊ အမှတ်သည်းခြေမဲ့တဲ့ကျွန်မ၊ အဲဒီလို ကျွန်မဟာ တစ်သက်မှာ တစ်ခါတည်း ရိုက်ခဲ့တဲ့ အဖေ့ကို အမျက်အသိုထားပြီး နာကျည်း မုန်းတီးခဲ့ပါတယ်။
ဒူးအထက်သာသာလောက်ပဲရှိမယ့် စကပ် နီနီရဲရဲလေးကို မ ပြီး ကြည့်လိုက်တဲ့အခါ နီရဲနေတဲ့ ခုံဖိနပ်ရာ အဖီးနီနီရဲရဲကြီးကို ကြည့်မိတိုင်း သုံးရက်လောက် မျက်ရည် မစဲခဲ့ပါဘူး။ဒီလောက် အသားမည်းတာတောင်မှ ရဲရဲတွတ်နေတဲ့ဒဏ်ချက်ဟာ ကျွန်မ တစ်သက်တာလုံး မေ့ပျောက်လို့ မသွားခဲ့ပါဘူး။
ဒီလောက် အမှတ်သညာကြီးပေမယ့်လည်း ခြောက်တန်းရောက်တဲ့အခါ အစ်ကိုတွေရဲ့ ယောက်ျားစီးစက်ဘီးကြီးကို မနိုင့်တနိုင် တွန်းယူလာပြီး ဘောင်တန်းကြားခြေထိုးလို့ ဂျောက်ဂျက် ဂျောက်ဂျက်နင်းပြီး စက်ဘီးအစီးသင်နေတဲ့အခါ အဖေက ဖင်ထိုင်ခုံကို ထိန်းရင်း အစီးသင်ပေးတော့လည်း လက်ခံခဲ့တာပါပဲ။
စက်ဘီးနင်းနိုင်သွားပြန်တော့ရော၊
ဖင်ထိုင်ခုံမှာ ကျကျနနထိုင်ပြီး စက်ဘီးကောင်းကောင်းစီးနိုင်အောင် အတက်နင်းနည်း၊ အဆင်းနင်းနည်းတွေပါသင်ပေးတာလည်း အဖေပဲပေါ့။
“ လမ်းပေါ် စက်ဘီးနင်းတဲ့အခါ ကိုယ့်ရဲ့ ညာဘက် မှာ လမ်းကို တစ်ပေလောက်ချန်ပြီးနင်းရတယ်သမီး၊ ဒါမှ တစ်ခုခုဖြစ်တဲ့အခါ ရှောင်သာတဲ့ လမ်းရှိမှာပေါ့ ”
အဲဒီလိုအဖေဟာ တတိယသားရဲ့သူငယ်ချင်းက နေဖို့အခက်အခဲရှိမှန်းသိသွားတဲ့အခါ အနောက်ပြင်က အိမ်ကို အခမဲ့ နေထိုင်ဖို့ ခွင့်ပြုခဲ့ပြီး နန်းရှေ့က မြေဝိုင်းကျယ်ကျယ်နဲ့အိမ်သို့ အပြီး ပြောင်းရွှေ့ခဲ့ပါတော့တယ်။ နန်းရှေ့ကအိမ်ကိုရော အဖေ ဘယ်လိုစီစဉ်ထားခဲ့ပါသလဲ။
နေရေးထိုင်ရေးအခက်အခဲတွေ့နေတဲ့ အဖေ့ရဲ့ ရဲဘော်ရဲဘက်တစ်ဦးကို နေထိုင်ခွင့်ပြုထားပြီး အနောက်ပြင်အိမ်မှာ ရွှေ့နေကြရင်း နန်းရှေ့အိမ်ကို အခမဲ့နေထိုင်ခွင့်ပြုခဲ့တဲ့ မိသားစုက ဘယ်နှစ်စုတောင်မှပါလိမ့်။ ကျွန်မသိရသလောက်တော့ မိသားစု ခြောက်စုတောင် ရှိခဲ့ပါတယ်။
အဲဒီလို အဖေဟာ ကျွန်မတို့အိမ်နောက်ဖေးက ကုန်းမို့မို့ကို ဖြိုချပြီး မြေတွေကို တူးလို့တောင်းထဲထည့်သယ်ကာ အိမ်ရှေ့လမ်းတလျှောက် ရေဝပ်တဲ့နေရာတွေကို ဖို့ပါတော့တယ်။
“ အဖေ ဘာလုပ်နေတာလဲ ”
“ မိုးရွာပြီးရင် ရေတွေက ဝပ်နေလို့ သွားတဲ့လာတဲ့သူတွေ အဆင်ပြေအောင် မြေဖို့ပေးနေတာလေသမီး ”
“ အဖေ့ကို ဘယ်သူမှ ကျေးဇူးတင်မှာ မဟုတ်ဘူး ”
အလုပ်မရှိ အလုပ်ရှာ၊ ကိုယ့်အိမ်ထဲကမြေတွေအပြင်ကိုသယ်ဖို့နေတဲ့အဖေကို ကျွန်မတို့မောင်နှမတွေကလေ၊ မကူညီကြတဲ့အပြင် အပြင်းအထန်ကို နှာခေါင်းရှုံကြပါတယ်။ ဘယ့်နှယ်… သူများတကာတွေက ကိုယ့်မြေ မြင့်သထက်မြင့်အောင် ငွေကုန်ကြေးကျခံပြီး မြေဖို့နေကြချိန်မှာ အဖေက ကိုယ့်မြေကို လမ်းဖို့ရတယ်လို့ပဲ။
×××××
“ 🎶 မအိပ်ချင်သေးရင် ဘိုးဘိုးကြီးက ပုံပုံပြောမယ်။ 🎶 နားထောင်စမ်းကွဲ့ မောင်ခွေးကလေးတို့ရယ်။🎶 ကစားတဲ့နေရာမယ် 🎶🎶 ထုပ်စည်းတိုးတမ်းများရယ်၊ လိုက်တမ်း ပြေးတမ်းများရယ်၊ မိန်းမလျာအလုပ်တွေကိုတော့ ရှောင်ကြဉ်စေချင်တယ်၊ 🎶🎶
ဒါးခုတ်တမ်းရယ်၊ သေနတ်ပစ်တမ်းရယ်၊ စစ်တိုက်တမ်းရယ်၊ ခေတ်အလိုက်စံထား ကစားကြစေချင်တယ်… 🎶🎶🎶
ရှေးသရော အခါဝယ် 🎶 🎶
ရှင်မိနောက်ခေါ် မိဖုရားတစ်ယောက်မှာကွယ် 🎶မင်းရဲကျော်စွာအမည်ရှိတဲ့ သားတစ်ယောက်ကို ဖွားမြောက်တော်မူတယ် 🎶 🎶
သက်ရွယ်တော်တစ်ဆယ့်သုံးမှာ လက်ရုံးစွမ်းရည်ရှိတဲ့မင်းရယ် 🎶 ဒါးခုတ်၊ လှံထိုး အမျိုးမျိုးနဲ့ရယ် 🎶 ဆင်စီးမြင်းစီးအတတ်ကိုတော့ ကျွမ်းကျင်ပါပေတယ် 🎶🎶🎶
အိမ်ရှေ့ ဧည့်ခန်းက ပက်လက်ကုလားထိုင်မှာ ကျကျနနထိုင်၊ ပေါင်နှစ်ဖက်ကို စု၊ လမ်းမလျှောက်နိုင်သေးတဲ့ မြေးကို ပေါင်ပေါ်မှာ ပက်လက်တင်၊ လက်ကလေးနဲ့အသာဖိ၊ ဒူးနှစ်ဖက်ကို အသာလှုပ်ရင်း မင်းရဲကျော်စွာသီချင်းနဲ့ မြေးတွေကို တစ်ယောက်ပြီး တစ်ယောက် ထိန်းကျောင်းပေးခဲ့တာလည်း အဖေပါပဲ။
ကလေးတွေကို ငြိမ်နေအောင် ထိန်းပေးတာတော့ သဘောကျပေမယ့် တစ်ပါတ်မှ တစ်ကြိမ်လောက်သာ ရေချိုးတဲ့ အဖေ့ရဲ့ ကိုယ်နံ့တွေ ဟာ ကလေးတွေကိုယ်မှာ စွဲပြီး ကျန်နေတတ်တာတော့ စိတ်ပျက်လက်ပျက်နဲ့ နှာခေါင်းရှုံ့ခဲ့မိပါတယ်။
“ ကလေးထိန်းတာက တော်တော်ရယ်၊
သီချင်းဆိုချင်တာနဲ့ အဖေက ကလေးထိန်းတာကို အကြောင်းပြတာ မသိတာ ကျလို့ ”
ကျွန်မဟာ အဖေ့အပေါ်မှာ အကောင်းမြင်စိတ် နည်းခဲ့မိတာကို ဝန်ခံပါတယ်။
ဘာ့ကြောင့် အကောင်းမမြင်နိုင်ခဲ့ပါလိမ့်…
ဒီလိုနဲ့ တစ်နေ့မှာတော့ အဖေဟာ ကျွန်မတို့အိမ်ကနေ ထွက်ခွာသွားပါတယ်။
*****
အိမ်ကနေ နှစ်ပါတ်အကြာအထိ ပျောက်ခြင်းမလှပျောက်နေခဲ့တဲ့အဖေဟာ အိမ်ပြန်ရောက်ရောက်ချင်းပဲ
“ လင်သေမှ ကျန်တဲ့ပစ္စည်း မယားက ရတယ်ဆိုပေမယ့် အခုလက်ရှိ နေ နေတဲ့တိုက်ရယ်၊ လမ်းသွားလာလို့ရအောင် မြေခုနစ်ပေရယ်ကို မင်းနဲ့ မင်းရဲ့သားသမီးတွေအတွက် အခုကတည်းက ခွဲပေးလိုက်မယ်။ ဟိုဘက်အခြမ်းကမြေနဲ့ အနောက်ပြင်အိမ်ကိုတော့ ငါယူမယ် ”
ကြည့်စမ်း၊ ကြည့်စမ်း။ အဖေက ခွဲရေး၊ ခြမ်းရေးတွေ လာပြောနေတာပါလား။
ငွေမရှာနိုင်တဲ့ယောက်ျားနဲ့ အသုံးမကျတဲ့သားနှစ်ယောက်ကြောင့် ကိုယ်နဲ့ရင်းနှီးပြီး လုပ်ကိုင်စားသောက်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အဖေ တွေ့ကြလေသတည်း ပေါ့။
အပြောတတ်၊ အချွဲတတ်တဲ့အမျိုးသမီးမှာ ကျသွားပြီးတဲ့နောက် အဲဒီမိသားစုအတွက် ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ကြီးသဖွယ်အထင်ရောက်သွားဟန် ထင်ပါရဲ့။
ဒါလား တိုင်းပြည်ချစ်တဲ့ မော်ကွန်းဝင် ဆိုတဲ့လူ၊ ဒါလား အခွင့်အရေးတွေလုံးဝမယူပဲ ရိုးသားတဲ့လူ၊ ဒါလား သူများဆီ လက်ဝါးမဖြန့်တတ်တဲ့လူ၊
ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ ကျွန်မဟာ
“ အဖေ… ဒီမှာသမီးကိုကြည့်၊
အဖေနော် မိန်းမတစ်ယောက်ယူတယ်၊ သမီးလည်း ယောက်ျားတစ်ယောက်ယူမယ်။
အဖေ မိန်းမနှစ်ယောက်ယူရင် သမီးလည်း ယောက်ျားနှစ်ယောက်ယူမှာ။
အဖေ မိန်းမသုံးယောက်ယူမယ်နော်၊ သမီးလည်း ယောက်ျားသုံးယောက်ယူပြမယ်။
အဖေမယုံရင် စမ်းကြည့်လိုက်လေ ”
ဟောဒီအမိုက်မကြီး ကျွန်မဟာ အဖေ့ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ဒီလိုကြီး ရက်ရက်စက်စက် ပြောထွက်ခဲ့ပါတယ်။
ထင်မှတ်မထားတဲ့စကားကြောင့် အဖေဟာ ကြောင်အမ်းအမ်းဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်လို့ သွားပါတော့တယ်။ နောက် သုံးရက်လောက်အကြာမှာတော့ ယူဆောင်သွားတဲ့ ပစ္စည်းပစ္စယတွေနဲ့အတူ အဖေဟာ အိမ်ပေါ်သို့ ပြန်ရောက်လို့ လာပါတော့တယ်။ အဲဒီကတည်းက အဖေဟာ အမေမဟုတ်တဲ့ အခြားမိန်းမဆီသို့ လုံးဝ ခြေဦးမသန်းတော့ပါဘူး။
အမေ့ကို ချဉ်ပေါင်ရွက်ကလေးတွေကူဆိတ်ပေးရင်း၊ အိမ်ဝင်းထဲက ဘော့စကိုင်းပင်တွေကို အမြစ်ပါမကျန် လှဲပြီးထင်းခုတ်ပေးရင်း၊ မြေးလေးတွေကို ထိန်းကျောင်းပေးရင်း၊ ဇနီး၊ သားသမီးကိုးယောက်အပြင် အတူနေမြေးတွေ ရှိနေပေမယ့်လည်း ထမင်းစားပွဲမှာအမေချက်ကျွေးသမျှကို တစ်ယောက်တည်း အထီးကျန်စွာ မညည်းမညူစားရင်း နဲ့ပဲ ကျွန်မမျက်စေ့အောက်ကနေ အဖေ တစ်ယောက် ခရီးရှည်ကြီးသို့ ထွက်ခွာသွားပါပြီ။
အိမ်မှာ နေ့စဉ်ဆွမ်းခံကြွတဲ့ ဆရာတော်တစ်ပါးက ကျွန်မကို ဒီလိုမိန့်ပါတယ်။
“ ဒကာမကြီး၊ ဘယ့်နှယ်လဲ၊
သမီးဆိုတာ အဖေရှိစဉ်ဆိုရင် အိမ်မှာ ဗိုလ်ပဲ။
အခု ဒကာကြီးမရှိတော့ အားလုံးက အဖက်မလုပ်တော့ဘူးဆိုပြီး တနုံ့နုံ့နဲ့ ခံစားနေရမှာပေါ့ ”
အဖေ့ကို မှီခိုပြီး ရပ်တည်နေခဲ့ရတယ်လို့ ကိုယ့်ကိုယ်ကို မသိခဲ့တဲ့ကျွန်မဟာ အဖေမရှိတဲ့ကာလရဲ့ ခက်ခဲမှုတွေနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါပြီ။
ဆွမ်းခံဘုန်းဘုန်းမိန့်သွားတာ မှန်ပါတယ်။ ရုပ်ရှင်တွေထဲကလိုပဲ၊ နေရာတိုင်းမှာ အဖေ့ပုံရိပ်တွေကို လွမ်းဆွတ်ကြေကွဲစွာနဲ့ ပြန်မြင်နေရပါတယ်။
ဘုရားမရှိခိုးတဲ့၊ သံဃာတော်တွေကို မကန်တော့တဲ့အဖေလေ…
အမေ့အတွက် ဘုရားခန်းကို အိမ်တန်ဖိုးရဲ့ ၂.၅ % သုံးပြီး သပ်သပ်ယပ်ယပ်လေး တည်ထားပေးခဲ့တော့ နံနက်စောစော ဆွမ်းတော်ကပ်တိုင်း လွမ်းတယ်အဖေ…
ဆောင်းအကုန်နွေအကူးမှာ မန်ကျည်းပင်တွေ၊ ဆူးပုပ်ပင်တွေက အရွက်ကို လက်နဲ့သပ်ချပြီး အရွက်နုလေးတွေ ညီညီညာညာထိုးနေအောင် အဖေက နှစ်စဉ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ နေ့စဉ်နံနက်တိုင်း အိမ်ဝင်းထဲကရွက်ကြွေတွေကို တံမြက်စည်းလှဲရင်းနဲ့ လွမ်းတယ်အဖေ…
လေတိုက်ရင် မီးငြိမ်းတတ်လို့ သံပုံးလေးတွေကို လက်ကိုင်တပ်ပေးပြီး ဖယောင်းတိုင်မီးပုံးလေးတွေ လုပ်ပေးခဲ့တဲ့အဖေ…
အခုအချိန်ကာလ နံနက်ငါးနာရီထိုးတိုင်း အသက်ကိုးဆယ်ကျော်အမေ့အတွက် နောက်ဖေးခန်းမှာ၊ အိမ်သာထဲမှာ၊ ရေချိုးခန်းထဲမှာ ဖယောင်းတိုင်လေးတွေ ထွန်းပေးနေရင်း လွမ်းတယ်အဖေ…
အဖေက အသက်ကြီးနေလို့ စကားပြောရင် တစ်လုံးချင်း ဖြေးဖြေးနဲ့ တိုးတိုးပြောပါသမီးလို့ ပြောခဲ့တာ…
အခု… သမီးကိုလည်း အဲ့လိုပြောကြပါလို့ပြောရတဲ့အရွယ်ရောက်နေပါပြီ။ ဒီအရွယ်ပေမယ့်လည်း လွမ်းတယ်၊ လွမ်းရတယ်အဖေရယ်…
သူများရဲ့တွဲကူမှုကို လက်မခံပဲ ကိုယ်တိုင်လုပ်ဆောင်နိုင်အောင်လို့ အိမ်သာတံခါးရွက်မှာ လက်ကိုင်ကွင်းတွေ ခြောက်ခု ၊ ခုနှစ်ခုလောက် ကို အဖေကိုယ်တိုင် သံရိုက်ပြီး တပ်ထားခဲ့ပါတယ်။ အမေလေ… အခုဆိုရင် အဖေ့ရဲ့ လက်ကိုင်ကွင်းကလေးတွေကို ဆွဲယူအားပြုရင်း သန့်စင်ခန်းကို ကိုယ်တိုင်တစ်ယောက်တည်းဝင်ပါတယ်အဖေ။ အမေ့ကို အိမ်သာဆီတွဲပို့ပြီး လက်ကိုင်ကွင်းလေးတွေကို ပွတ်သပ်ကိုင်တွယ်ကြည့်ရင်း လွမ်းတယ်အဖေရယ်။
ကျွန်မတို့ဟာ ရင်နှစ်သည်းချာ သားသမီးတွေကို ကိုယ်ဖြစ်စေချင်သလို ပုံသွင်းပြုပြင်ကြသလို မိဘတွေ အပေါ်မှာလည်း မိဘရဲ့ဆန္ဒ၊သဘောထားကို အလေးမထားပဲ ပုံသွင်းခဲ့မိပါတယ်။
အဖေ့ရဲ့မိထွေးဟာ အဖေ့ရဲ့ဖခင်ကြီးကွယ်လွန်သွားပြီးတဲ့နောက် အိမ်ကြီးနဲ့ လယ်တွေအားလုံးကို ရောင်းချပစ်ပြီး အဖေ့ကို ရွာဘုန်းကြီးကျောင်းပို့ကာ သမီးရင်းနှစ်ယောက်ကို လက်ဆွဲလို့ ဇာတိရွာသို့ ပြောင်းသွားခဲ့ပါတယ်။ မန္တလေးမှာ အဖေအခြေကျတဲ့အခါ ဒီလိုမိထွေးမျိုးကိုတောင်မှ ခေါ်ထားပြီး စောင့်ရှောက်ပေးခဲ့တဲ့ အဖေ့စိတ်ရင်းကို ကျွန်မတို့ မမြင်ခဲ့ပါဘူး။
ကံကွက်ကြားလို့ အဖေနိမ့်ကျချိန်မှာ မလှမပတဲ့ဇာတ်ကြောင်းကိုပဲ အမြင်ဖုံးလွှမ်းပြီး ကျွန်မရဲ့စိတ်တွေဟာ အမှောင့်အပူးခံရပါတယ်။ အခုတော့ ဒါတွေဟာ ကျွန်မရဲ့နှလုံးသားကို ဆုပ်ကိုင်ညှစ်နယ်ထားသလို နာကျင်နေစေပါတယ်။
အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးက ဆုံးပါးသွားပြီဆိုရင် ကျန်ရစ်သူမိသားစုဟာ တစ်နည်းမဟုတ် တနည်းနည်းနဲ့တော့ ယိုင်နဲ့သွားတတ်ကြပါတယ်။ ယုတ်စွအဆုံး အမွေလုပွဲဆိုတာတောင် ဖြစ်တတ်ကြပါတယ်။
နာကျင်ရခြင်းကားချပ်တွေဟာ တစ်ချပ်ပြီးတစ်ချပ် ဖုံးလွှမ်းခံရပြီးမှ ရတဲ့နောင်တဟာ ဘာများ အသုံးဝင်ဦးမှာတဲ့လဲ။
မိသားစုတိုင်း သောကအပူလွှမ်းစေတဲ့ မောဟဟူသမျှ ခဝါချနိုင်ကြပါစေ။
ကျန်ရစ်သူမှန်သမျှ လွမ်းရခြင်းမှ ကင်းကြပါစေ။
#ခင်မိမိ_နန်းတော်ရှေ့