ဆုတောင်းကြသူများ
-------------------
မနှစ်က ဤလိုအချိန်တွင် ကျွန်တော် ဆုတောင်းမှု တစ်ခုကို ပြုဖူးသည်
“အသက်ရှင်လျှင်တော်ပါပြီ”
အတ္တကြီးသည်ဆိုချင်ဆို အသက်ရှင်ချင်ပါသည်။ မသေမီကိုယ်ဖြစ်စေချင်သော နိုင်ငံတော်သစ်ကို မြင်သွားချင်၍ ဖြစ်သည်။
ကိုဗစ်ကြောင့် စုဆောင်းထားသည့် ငွေထုပ်လေးက ပြုတ်သွားသည်။ လူကလည်း သေလုမြောပါး ဝေဒနာကို ခံစားနေရသည်။ အောက်ဆီဂျင်ကို သောကများစွာ ရှာဖွေနေရသည်။ ဆေးတွေကလည်း ရန်ကုန်အနှံ့ လိုက်ရှာနေရသည်။ ပိုက်ဆံပေးပြီး ဝယ်သည်ပင် အောက်ကျနောက်ကျ ဖြစ်နေရချိန်။ အောက်ဆီဂျင်ကလည်း ဘယ်ရှာလို့ ရှာရမှန်း မသိချိန်တွင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အားတင်းထားရသည်။
“သေလို့မဖြစ်ဘူး”
ကျွန်တော် ဆုတောင်းကောင်းလို့ပဲလားမသိ။ ငါမသေဘူး ရေကူးတတ်တယ်ဆိုသည့် စာရင်းဝင်သွားသည်။ သို့သော် မိတ်ဆွေ သူငယ်ချင်းတွေ တဖြုတ်ဖြုတ် ကြွေကုန်သည်။ စိတ်မချမ်းသာဖြစ်မိသည်။
ကျွန်တော်က မနှစ်က စိတ်ကူးထဲတွင် ဖြစ်မိသည်မှာ မွေးနေ့ မွေးရက်ကျော်လျှင် ကောင်းသွားလိမ့်မည်။ မနှစ်က စက်တင်ဘာ ၂၄ တွင် ကျွန်တော့် အသက် ၆၆ နှစ်ဖြစ်သည်။ ကျွန်တော်က ၆ ဂဏန်းကို စိုးရိမ်သည်။ အစွဲဟု ပြောရမည်လားမသိ။ ကျွန်တော့အမေဆုံးတော့ ၇၆၊ ကျွန်တော့်အဖေ ဆုံးတော့ ၈၆။
ကျွန်တော် အဒေါ်တွေ ဦးလေးတွေကလေး ၆ နောက်ပိတ်လျှင် ကွယ်လွန်ကုန်သည်က များသည်။
ထိုအစွဲက စိတ်ကိုစိုးမိုးနေသည်။ အယုံအကြည်မရှိသော်လည်း လူက အရုပ်ကြိုးပြတ်ဖြစ်နေချိန်တွင် အားငယ်ကာ ဆုတောင်းမိသည်
“၆၆ မြန်မြန်ကျော်ပါစေ”
မနှစ်က စက်တင်ဘာ ၂၄ ကျော်သွားချိန်တွင် ကျွန်တော် ပျော်သွားသည်
“ငါမသေနိုင်တော့ဘူး”
ဆုတောင်းကြောင့်လား၊ ကံကြောင့်လား၊ ကိုယ့်ကို ပြုစုပေးသောသားသမီးတွေ၏ စိတ်စေတနာ သံယောဇဉ် ကြောင့်လား တော့မသိ ကျွန်တော် အသက်ရှင်နေသေးသည်။
ကျွန်တော် ဆုတောင်းနှင့်ပတ်သက်ပြီး အကြောင်းအရာလေးတစ်ခုကို ဖတ်ဖူးသည်။
လူတစ်ယောက် ကားတစ်စီးကို မောင်းလာသည်။ ကားက အကောင်းစားကြီးဖြစ်သည်။ သူက ကားမောင်း လာရင်း အမှိုက်အိပ်ကိုထမ်းကာ လမ်းဘေးတွင် ဘူးခွံများကို လိုက်ကောက်နေသူအားတွေ့လိုက်သည်။ သူက တိုးတိုးလေး ညည်းလိုက်သည်
“ဘုရားသခင် ... တပည့်တော်ကို သူ့လို ဆင်းရဲသားတစ်ယောက်၏ဝမ်းတွင် ဝင်စားခွင့်မပေးခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်အရှင်”
သူက ကားကို ဆက်မောင်းသွားသည်။
လမ်းဘေးတွင် အမှိုက်လိုက်ကောက်နေသူက ရေသန့်ဘူးခွံတစ်ခုကို အိတ်ထဲကောက်ထည့်ပြီး လမ်းဘေးတွင် ထိုင်နားလိုက်သည်။ သူ မနက်ကတည်းက ဘာမျှ မစားရသေး။ သူက လမ်းတစ်ဖက်ကို ငေးနေသည်။ အရူးတစ်ယောက်သည် မပေါ့တပေါ် အဝတ်အစားတွေနှင့် ခုန်ပေါက်ကာ ကနေသည်။
ဘူးခွံကောက်စားသူက တိုးတိုးလေး ပြောလိုက်သည်
“ဘုရားသခင် ... တပည့်တော်ကို ထိုအရူးလိုမျိုး မဖြစ်စေသည့်အတွက် ကျေးဇူးတင်ပါသည်အရှင်”
သူက အိပ်ကိုထမ်းကာ ဆက်ထွက်သွားသည်။ နေ့ထွက်လေးကိုက်အောင် လျှောက်ရပေလိမ့်ဦးမည်။
အရူးက ခုန်ပေါက်ကာ ကနေရင်းက သူ့ဘေးမှ လူနာတင်ကားတစ်စီး ဖြတ်သွားသည်ကိုကြည့်ပြီး ပါးစပ်ကလည်း ထိုကားမှအသံအတိုင်း လိုက်အော်သည်
“တီး … တော် ... တီး ... တော် ... တီး ... တော်”
ထို့နောက်သူက လူနာတင်ကားကို လက်ညှိုးထိုးကာ အော်လိုက်သည်
“ဘုရားသခင် ... ကျွန်ုပ်အား ထိုလူနာကဲ့သို့ မဖျားမနာ ... လွတ်လပ်စွာ ခုန်ပေါက်ကစေနိုင်သည့်အတွက် ကျေးဇူးတင်ပါသည်”
အရူးက ခုန်ပေါက်ကာ ဆက်ကနေသည်။ ပါးစပ်ကလည်း “တီး ... တော်” ၏ အော်နေသည်။
လူနာတင်ကားပေါ်က လူနာသည် ဆေးရုံကို ရောက်လာသည်။ သူ့ကို လူနာတင်လှည်းဖြင့်တင်ကာ စမ်းသပ်ရမည့် နေရာကို ခေါ်သွားကြသည်။ ထိုအချိန်တွင် သူ့ဘေးမှ လူသေအလောင်းကို အဝတ်ဖြူဖြင့် အုပ်ကာတွန်းလှည်းလေးဖြင့် ရေခဲတိုက်ဆီသို့ ခေါ်သွားကြသည်။
လူနာက တိုးတိုးလေး ပြောလိုက်သည်
“ဘုရားသခင် တပည့်တော်ကို ထိုလူကဲ့သို့ မသေအောင် စောင့်ရှောက်တော်မူပါ။ ဆေးရုံကို အချိန်မီရောက်လာ သည့်အတွက် အရှင်ဘုရားကို ကျေးဇူးတင်ပါသည်”
လူသေကို တင်သွားသည့် အလောင်းလှည်းက တကျွီကျွီအော်ကာ ရေခဲတိုက်ဆီကိုသွားနေသည်။
သေဆုံးသွားသူကတော့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လှည်းတွန်းသူနှင့်အတူ ပါသွားသည်။
ရေခဲတိုက်တံခါးကို ဖွင့်လိုက်သည်။ အလောင်းလှည်းက အထဲကိုဝင်သွားသည်။
လူသေတစ်ယောက်ထံကတော့ ဘာဆုတောင်းသံကိုမျှ မကြားမိ။
(Ref: Only the Dead Man)
တင်ညွန့်
၁၉.၉.၂၀၂၂