မစစ်သောခွေး

 မစစ်သောခွေး

-------------

ကျွန်တော်နဲ့ ကိုအေးမောင် ကန်ပေါင်ပေါ်တွင်ဆုံကြသည်


“ဆရာ မတွေ့တာကြာပြီ”


“ဒီကန်ပေါ်မရောက်တာပါ ... လမ်းတော့ နေ့တိုင်း လျှောက်ပါတယ် ... ရပ်ကွက်တွေထဲလျှောက်တာ များတယ် ... အသံတွေကြားချင်လို့”


“ဆရာနဲ့တွေ့မယ်ထင်ပြီး စာအုပ်ယူလာသေးတယ် ... နောက်မှ မလာတော့ဘူးထင်ပြီး လာပေးမလို့ မယူလာ တော့တာ”


“ဘာစာအုပ်လဲဗျ”


“ဆရာ့ဆီက ငှားထားတာလေ”


“မေ့တောင်နေပြီဗျာ”


“ဆရာကြီး ဦးသော်ဇင်စာအုပ်လေ .... လက်ရွေးစင်သုတ္တန်များဆိုတာ ... အားတော့နာပါတယ်ဆရာရယ် ... အပြန်လိုက်ယူပါလား ... အကြောကြီးနဲ့ ပြောတာ မဟုတ်ဘူးနော်”


“လမ်းကြုံနေတာပဲ ... ဝင်ယူသွားမှာပေါ့”


ကျွန်တော်က အပြန်တွင် ကိုအေးမောင်တို့လမ်းကဖြတ်ပြန်သည်။ ခြံဝသို့အရောက်တွင်


“ခွေးက ထိုးဟောင်သည်”


“ခင်ဗျားလည်း ခွေးမွေးသလား ... ကိုက်သလား”


“မွေးတယ်ဆရာ ... သိပ်ဟောင်တာ ... ဒါပေမဲ့ ဆရာလည်းသိသားပဲ ဟောင်လွန်းတဲ့ခွေး မကိုက်ဘူးဆိုတာ ... အဲဒါကို အင်္ဂလိပ်လို ဘယ်လိုဆရာ”


“A barking dog never bites လေဗျာ”


“ဟုတ်တယ် ... အဲဒီအတိုင်းပဲ ဟောင်ဖော်လေးပဲရတာ ... မကိုက်ဘူး”


သူ့ဇနီးက ထွက်လာပြီး


“ဆရာပါလာတာပဲ ... နားငြီးလိုက်တာ ... အိမ်နောက်ဖေးဆွဲသွားပြီး ချည်ထားလိုက်”


ကိုအေးမောင်က ခွေးကိုဆွဲသွားပြီး ချည်ထားလိုက်သည်။ ကိုအေးမောင်က


“အားနာလိုက်တာဆရာရယ်”


“ဘာလို့ အားနာရမှာလဲ ... A barking dog never bites ဆိုတဲ့စကားပုံကို ခင်ဗျားတို့ ကျွန်တော်တို့ပဲသိတာ ... ခွေးကသိမှ မသိတာ”


အိမ်ထဲက သူ့မိန်းမကရယ်သည်


“ဆရာရယ် ... ခုခွေးတွေက မဟောင်ဘူး ... အတင်းထွက်ကိုက်တာများတယ်နော်”


“ခွေးစစ်စစ်တွေမှ မဟုတ်တော့တာဗျာ ... ခွေးနဲ့နှိုင်းရင်တောင် ခွေးကနာတဲ့ မျိုးမစစ်ခွေးတွေဖြစ်နေတာ”


တင်ညွန့်


၁၉.၃.၂၀၂၁