ငါးမဲလုံးက ပေးသည့်ဒုက္ခ

 ငါးမဲလုံးက ပေးသည့်ဒုက္ခ

------------------------

ကျွန်တော် ငါးခြောက်ကြိုက်သည်။ ကြာရှည်လည်းအထားခံသည့်အပြင် စားရလည်းလွယ်သောကြောင့် ဖြစ်သည်။ ကျောင်းဆရာဘဝ ငါးရံ့ခြောက်လည်း ဝယ်မစားနိုင်။ ရွာတွင်လည်းမရှိ။ ဈေးပေါသော အာပြဲခြောက် (ဒေသအခေါ် ငါးနှပ်ခြောက်) လောက်ကိုသာ စားနိုင်ပါသည်။ ရွာဈေးဆိုင်တွေကလည်း မိုးတွင်း ရောက်၍ ငါးခြောက်ရှားချိန် ဆိုလျှင် ဝါးခုတ်သမား အစားများသည့် ငါးမဲလုံးခြောက်တွေကိုသာ ဆိုင်တွင် အတင်များသည်။ ကျွန်တော်ကတော့ ငါးမဲလုံးကို မကြိုက်။ အသားကအူလည်းအူ၊ နံလည်းနံသောကြောင့် ဖြစ်သည်။


မူလတန်း ကျောင်းဆရာလေးဘဝ တာဝန်ကျရာရွာတွင် မိုးတွင်း၌ စားစရာရှားပါးလှသည်။ မျှစ်ကလွဲပြီး ဘာမျှစားစရာမရှိ။ မြို့ကကုန်ကို မှီခိုနေကြရသည့်ရွာဖြစ်သောကြောင့် ကုန်လှေတက်မလာ၊ ရေကြီးချိန်နှင့် ကြုံနေလျှင် ပဲပြုတ်ပင် စားစရာမရှိ ဖြစ်တတ်သည်။ စားတော်ပဲကလည်း မြို့ကလာမှ ပဲပြုတ်သည် မဝိုင်းက ပြုတ်ရောင်းရသည်မဟုတ်လော။


“ကုန်ပဲ့ထောင် ဆိုက်ပြီဟေ့”


ရေကျရက်ဖြစ်သောကြောင့် ကုန်ပဲ့ထောင်တွေ ပြန်တက်လာနိုင်သည်။ ပဲ့ထောင်စက်သံတွေကို တထုတ်ထုတ် ပြန်ကြားရသည်မှာ မင်္ဂလာရှိပါဘိ။ ညနေကျောင်းဆင်းလျှင် မြို့ကပါလာသည့် စားဖွယ်ရာ လေးတွေကို ဝယ်ရမည်။ ဂေါ်ဖီ၊ ဘဲဥ၊ ခရမ်းချဉ်သီး၊ ငါးခြောက်တစ်ခုခုတော့ ရမည်ဆိုကာ စိတ်ကူးယဉ် နေမိသည်။

ညနေကျောင်းဆင်းချိန်တွင် ဒေါ်မြ၏ ကုန်စုံဆိုင်ကို ဦးစွာဝင်သည်။


“ဒေါ်မြရေ ... ခရမ်းချဉ်သီးပါလား”


“ဆရာရေ ... ရေကြီးနေလို့ တံတားလွတ်အောင် စောင့်နေရတာနဲ့ ... ကုန်စိမ်းတွေ ပုပ်ကုန်လို့ လွှင့်ပစ် လိုက်ရပြီ”


ရွှေလှေတံတားကရေဦးတိုက်နေသဖြင့် ပဲ့ထောင်တွေ ဖြတ်မရ။ ရေကျချိန်ကိုစောင့်နေရသောကြောင့် ကုန်စိမ်းတွေ ပုပ်ကုန်သည်ကို ဆိုလိုခြင်းဖြစ်သည်။


“ဒါဆိုလည်းဗျာ ဘဲဥပါလား”


“ဘဲဥက ဒီတစ်ခေါက် ပါမလာဘူးဆရာ ... ဪ ဒါနဲ့ ငါးခြောက်ပါတယ်”


“ဘာ ငါးခြောက်လဲ”


“ငါးမဲလုံးခြောက်”


“နေပါဗျာ ... ငါးမဲလုံးခြောက်တွေက မိုးတွင်းဆို အစိုပြန်ပြီး အတွင်းအူတယ်”


“ဒီမှာကြည့်ပါဦးဆရာ ... ကောင်းလို့ပြောတာပါ ... ငါးမဲလုံးက ခြောက်ပါတယ်”


ကျွန်တော်ကြည့်လိုက်တော့ ငါးမဲလုံးက ရဲတဲတဲ ဖြစ်နေသော်လည်း ခြောက်တောက်တောက်လေး ပုံပေါ်နေသောကြောင့်


“ကဲဗျာ ... ငါးမဲလုံးပဲ ချိန်တော့ ... ဒီတစ်ကောင်”


ကျွန်တော်က ငါးမဲလုံးခြောက်ကို မီးဖုတ်မည်၊ ငါးပိရည်ကောင်းကောင်းဖျော်ပြီး နယ်စားမည်။ တို့စရာကတော့ မျှစ်ဟု စိတ်ကူးလာသည်။ 


ကျောင်းဆရာဘဝ တစ်နေကုန်စာသင်၍ မောလာသော်လည်း ဝမ်းရေးအတွက် ညနေ ကျောင်းက ပြန်လာလျှင် ကိုယ်တိုင်ချက်ပြုတ်ရသေးသည်။ ထမင်းချက်ပြီးနောက် ငါးမဲလုံးခြောက်ကို မီးဖုတ်ရာ ခေါင်းရင်းအိမ်က မပြုံးက အော်တော့သည်


“ဟဲ့ ... ဘယ်က ဘာတွေ လုပ်နေတာလဲ ... ညော်လိုက်တာ ... ဒီမှာ မီးနေသည်ရှိတယ်လေ”


မပြုံးသမီးက ကလေးမွေးထားသည်မှာ ပူပူနွေးနွေး။ ကျွန်တော်က တဲပြင်ထွက်က


“မပြုံးရေ ... မေ့သွားလို့ပါနော် ... ကျွန်တော် ငါးခြောက်ဖုတ်နေတာ”


“ဪ ဆရာလေးလား ... ရတယ် ... ရတယ် ... သမီးကို စောင်အုပ်ထားလိုက်မယ်”


ကျွန်တော်က ငမဲလုံးကို မီးဖိုထဲကထုတ်ပြီး ငရုတ်ကျည်ပွေ့နှင့် ထုလိုက်သည်။ ထို့နောက် အမျှင်တွေမွှာ ပန်းကန်ထဲ ထည့်ထားသည်။ ငါးပိရည်ကတော့ မနက်ကတည်းက ကြိုထားသည်။ မျှစ်ပြုတ်ကလည်း လက်ကျန်ရှိသေးသည်။ ထို့ကြောင့် ရေချိုးရန် ချောင်းထဲကို ဆင်းခဲ့သည်။


ရေချိုးပြီးပြန်လာသည့်အခါတွင် ထမင်းစားရန်ပြင်ကာ ဇလုံထဲ ထမင်းထည့်သည်။ ဆန်က ဝန်ထမ်းဆန် ဖြစ်သောကြောင့် နီကြောင်ကြောင်ရုပ်ပေါက်နေသည်။ ထိုစဉ်ကတော့ နို့ဆီဗူး တစ်လုံးချက်လောက်ကို တစ်ထိုင်တည်း စားနိုင်သည်။ ထမင်းထဲကို ငါးပိရည်တွေ လောင်းထည့်လိုက်သည်။ ထမင်းက ပူစဉ်စားရသည်။ ငစိန်ဆန်ဖြစ်သောကြောင့် အေးသွားလျှင်မကောင်း။ ငရုတ်သီးမှုန့်ကို ထပ်ထည့်၊ အချိုမှုန့်ကို နည်းနည်း ထည့်ပြီး အားရပါးရနယ်ရသည်။ ပြီးလျှင် ဆီမရှိသဖြင့် ငါးခြောက်ကို နွှင်ထားသည့်အတိုင်း ကောက်ဝါးလိုက် ထမင်းတစ်လုတ်စားလိုက်၊ မျှစ်တစ်ကိုက် ကိုက်လိုက်နှင့် နတ်စည်းစိမ်ကို ခံစားနေမိ တော့သည်။ 


ထမင်းနို့ဆီဗူးတစ်လုံးချက်နှင့် ငါးခြောက်နှစ်မြောင်းဖုတ်က ကုန်သွားသည့်အပြင်၊ မျှစ်တစ်စည်းလည်း ပြောင်သွားသည်။ ငါးပိရည်ကလည်း မကျန်တော့ပြီ။ ပန်းကန်တွေကိုဆေးပြီး ပက်လက်ကုလားထိုင်တွင် ထိုင်ကာ မှိန်းနေရသည့် အရသာမှာ မည်သည့်စည်းစိမ်နှင့်မျှ လဲနိုင်အံ့မထင်။


မှေးခနဲဖြစ်သွားရာမှ လန့်နိုးလိုက်ချိန်တွင် မှောင်နေပြီ။ ကျွန်တော်က မီးခွက်ထထွန်းပြီး မနက်ဖြန် သင်ကြားရေးအတွက် ပြင်ဆင်ရန် ထမင်းစားပွဲဝိုင်းတွင် ထိုင်လိုက်သည်။ ထိုအချိန်တွင်ပင် ပါးတွေက ယားသလို ဖြစ်လာသည်။ အိပ်နေစဉ် ခြင်ကိုက်သွားပုံရသည်။ ပါးကိုပွတ်လိုက် စာငုံ့ရေးနေလိုက် ပါးက ထပ်ယားလာသဖြင့် ကုက်လိုက်လုပ်နေရာမှ နှုတ်ခမ်းတွေကပါ ထူးအမ်းအမ်းကြီး ဖြစ်လာသလို ခံစား လိုက်ရသည်။ ထို့နောက် လက်တွေကပါ ယားလာသဖြင့် လက်တွေကို ပွတ်ရင်း ခြင်ကိုကြည့်သော်လည်း ခြင်မရှိ။


သေချာစေရန်အတွက် တဲအောက်ကိုဆင်းပြီး မီးဖိုကာ မီးခိုးမှိုင်းတိုက်လိုက်သည်။ ကျွန်တော့်လက်တွေ သာမက ကိုယ်တွေပါယားလာသည်။ နှုတ်ခမ်းကလည်း ထူအမ်းအမ်းကြီး ဖြစ်လာသောကြောင့် မှန်ထဲတွင် ကြည့်လိုက်ရာ ကျွန်တော့်နှုတ်ခမ်းတွေမှာ ဂဠုန်နှုတ်ခမ်းတွေလို စူထွက်ပြီး ဖောင်းကားနေတော့သည်။ 


တစ်ကိုယ်လုံးကလည်း မနေနိုင် မထိုင်နိုင်လောက်အောင်ပွတ်နေရသဖြင့် ခေါင်းရင်းအိမ်မှ မပြုံး၏သား လှမောင်ကို အော်ခေါ်ကာ ကိုမြကြီးကို ခေါ်ခိုင်းရတော့သည်။ ကိုမြကြီးက ရွာတွင်လိုင်စင်မဲ့ ဆေးပုန်းဆရာ။


ကိုမြကြီးရောက်လာသည့်အခါတွင် ကျွန်တော့်ကို ကြည့်ပြီးနောက်


“ဆရာ ဘာတွေစားလိုက်မိသလဲ”


“ထမင်းပဲစားပါတယ်ဗျာ”


“အင်းလေ ... ဘာဟင်းနဲ့လဲ”


“ငါးခြောက်နဲ့”


“ဘာငါးခြောက်လဲဆရာ”


“ငါးမဲလုံး”


“ကျန်သေးလား ... သွားယူပါလား ကြည့်ရအောင်”


ကျွန်တော်က မဖုတ်ပဲထားသည့် အပိုင်းတွေက သူ့အားယူပြသည်။


“အဲဒါပဲဆရာ ... ဒါကြောင့်ပဲ"


“ဘာလဲဗျ”


“ငါးမဲလုံးမှာ မပုပ်အောင်ဆိုပြီး ဆေးတွေဆိုးထားတယ်လေဆရာ ... ကြည့်ပါလား ရဲနေတာ ... အဲဒီ ဆိုးဆေးတွေကြောင့် ဆရာနဲ့ ဓာတ်မတည့်ဖြစ်ပြီး ခုလို ယားလာတာ"


“ဟုတ်လား ... ဘယ်လိုကုမလဲ ... လုပ်ပါဦး ... ဆေးတော့ မထိုးချင်ဘူး”


“ဆေးမထိုးရပါဘူးဆရာ ... ဒီလောက်ကတော့ ဘာမီတွန်သောက် ပျောက်”


သူက ကျွန်တော့်ကို ဘာမီတွန်နှစ်ပြားပေးကာ သောက်စေသည်။ ကျွန်တော်က ဆေးသောက်ပြီး နောက်တစ်နာရီခန့်အကြာတွင် အိပ်ပျော်သွားသည်။ မနက်လင်းမှ နိုးလာသည့်အခါတွင် နှုတ်ခမ်းတွေ ကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ ယားလည်းမယားတော့။ 


စိတ်နာနာနှင့် ကျန်နေသေးသည့် ငမဲလုံးခြောက် တစ်ပိုင်းကို ခွေးကျွေးရန်ဆုံးဖြတ်လိုက်သည်။


ထို့ကြောင့် ခြေရင်းအိမ်မှ ခွေးကို ခေါ်ရသည်။ ပေါက်ကျိုင်းဆိုသော ထိုခွေးက ဝမ်းသာအားရ ကျွန်တော့် အနီးကို ပြေးလာသည်။


“ရော့ကွာ မင်း စားရကံကြုံတာပဲ”


ကျွန်တော်က ငါးမဲလုံးခြောက်တစ်ပိုင်းကို ပေါက်ကျိုင်းအား ပစ်ကျွေးလိုက်သည်။


ပေါက်ကျိုင်းက ငမဲလုံးခြောက်ကို နမ်းကြည့်သည်။ ထို့နောက် ချာခနဲ လှည့်ကာ ထွက်သွားသည်။ လျှာလေးဖြင့် လျက်၍ပင်မကြည့်။


“ဟေ့ကောင် ပေါက်ကျိုင်း စားလေကွာ”


ပေါက်ကျိုင်းက လှည့်၍ပင်မကြည့်။ ကျွေးရသူမှာ စိတ်နည်းနည်းပေါက်သွားသည်။


“ဪ ငါ့ကို ဒုက္ခပေးတဲ့ ငါးမဲလုံးခြောက် ... ခွေးတောင်မစားပါလား”


ကျွန်တော်က ထိုငါးမဲလုံးခြောက်ကို အိမ်သာထဲ လွှင့်ပစ်လိုက်သည်။


ကျောင်းကိုလာရာတွင် ဈေးဆိုင်ကိုဝင်ပြီး ဒေါ်မြကို ပြောရသေးသည်


“ဒေါ်မြ”


“ဘာလဲဆရာ”


“မနေ့ကဝယ်သွားတဲ့ ငါးမဲလုံးခြောက်လေ”


“ဘာဖြစ်လဲဆရာ”


“ကျုပ်ဗျာ တစ်ညလုံး အဲဒီငါးခြောက်ကိုစားပြီး ယားလိုက်တာ ... ဆေးတောင်သောက်ရတယ်”


“ဟုတ်လား ... ကျွန်မတို့တော့ ညက ချက်တောင်စားတယ် ... ခုမနက်လည်း ကောက်ညှင်းဆီထမင်းနဲ့ အဲဒီ ငါးမဲလုံးခြောက်ဖုတ်ကို စားနေတာ ... ဘာမှမဖြစ်ပါဘူး”


“မနေ့က ငမဲလုံးခြောက်ပဲ ဟုတ်ရဲ့လား”


“ဟုတ်သပေါ့ဆရာ ... တစ်တောင်းထဲက ငမဲလုံးချင်းအတူတူ ဆရာ့ကျမှ ယားသတဲ့လား”


“အေးဗျာ ... ဓာတ်မတည့်လို့ ဖြစ်မှာပါ ... သတိထားစား”


ထိုနေ့ကစပြီး ငါးမဲလုံးခြောက်ဆိုလျှင် လှည့်၍ပင်မကြည့်။


တင်ညွန့်


၃၀.၁၁.၂၀၂၁

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည