ထောင်ကအပြန်

 ထောင်ကအပြန်

---------------

သားဖြစ်သူ ယနေ့ထောင်ကလွတ်မည့်ရက်ဖြစ်သည်။


ဖခင်က ထောင်ထဲတွင် ငါးနှစ်ခန့် သွားနေလိုက်ရသည့် သားဖြစ်သူကို အစီအစဉ်တစ်ခုဖြင့် ကြိုဆိုရန် ဆုံးဖြတ်လိုက်သည်။


သူက အိမ်ကို ဝင်ဝင်ချင်းနေရာတွင် စားပွဲတစ်လုံးကို ချထားသည်။ ထိုစားပွဲပေါ်တွင် အရက်ပုလင်းတစ်လုံး၊ ပိုက်ဆံတစ်ပုံ၊ သေနတ်တစ်လက်၊ တရားစာအုပ်တစ်အုပ်ကို ချထားလိုက်သည်။


သူ့ဇနီးက မေးသည်


“ဘာလုပ်တာလဲတော့”


“မင်း, သားကို ကြိုဆိုဖို့လေ”


“သားကို ကြိုတာ ဟုတ်ပါပြီ ... ဘာဖြစ်လို့ အရက်တွေ ပိုက်ဆံတွေ သေနတ်တွေ စာအုပ်တွေ ပြင်ထားရ တာလဲ”


“ဒီမှာ မိန်းမ ငါတို့သားနောင်ရေးကို စမ်းသပ်ချင်လို့ ... သူထောင်က လွတ်လာပြီးတော့ ဘာလုပ်မလဲဆိုတာ သိချင်လို့”


“ရှင့်ဟာက မရှင်းလိုက်တာရှင်”


“သူက အရက်ပုလင်းကို ကောက်ကိုင်လိုက်ရင် ... အဲဒီကောင် အရက်သမားဖြစ်သွားမယ်”


“ပိုက်ဆံကောက်ကိုင်ရင်ရောရှင်”


“ပိုက်ဆံကောက်ကိုင်ရင် ဒီကောင်စီးပွားရေးလုပ်လိမ့်မယ်”


“ထားပါ ... သေနတ်ကောက်ကိုင်ရင်ရော”


“သေနတ်ကောက်ကိုင်ရင် အဲဒီကောင် လူဆိုးလုပ်မှာ ကျိန်းသေ”


“တရားစာအုပ် ဆိုရင်ရော”


“ဘုန်းကြီးဝတ်မှာဗျ”


ထိုအချိန်တွင် အိမ်ရှေ့၌ လူသံကြားလိုက်ရသဖြင့် ဇနီးမောင်နှံနှစ်ယောက် အကွယ်လေးတွင် ပုန်းကာ သူတို့သား ဘာလုပ်မည်ဆိုခြင်းကို ချောင်းနေကြသည်။


သားဖြစ်သူက အိမ်ထဲဝင်လာသည်။ စားပွဲပေါ်တွင် ခင်းကျင်းထားသည်တို့ကို ကြည့်သည်။ အရက်ပုလင်းကို ကောက်ကိုင်ကာ ဖွင့်လိုက်ပြီး အရက်တစ်ငုံ သောက်လိုက်သည်။ ထို့နောက် ပုလင်းကို ပြန်ချပြီး ပိုက်ဆံကို ယူကာ အိတ်ထဲထည့်လိုက်သည်။ ထို့နောက် သေနတ်ကို ခါးကြားထိုးသည်။ ပြီးလျှင် တရားစာအုပ်ကိုယူပြီး အိမ်ထဲက ပြန်ထွက်သွားသည်။


ဇနီးဖြစ်သူက


“ကဲ ... ဘယ့်နှယ်ရှိစ” ဟု မေးလိုက်သည်။


“ကောင်းသကွယ် ... သေချာပြီ ... မင်းသား နိုင်ငံရေး လုပ်စားတော့မယ်” 


(Return from Prison ကိုမြန်မာမှုပြုပါသည်)


တင်ညွန့်


၁၈.၂.၂၀၂၂