အလွဲ
-----
ယုန်နှင့် အတူပြေး၊ ခွေးနှင့်အတူလိုက်
ယုန်ပြေးသည့်နောက်ကို ခွေးတစ်အုပ်လိုက်ပြီ။
“ယုန်ကိုမိဦးမှာလား”
“ခွေးတွေက ယုန်ဖမ်းဖို့ အထူးကျင့်ထားတာပဲဗျ ... မိမှာပါ"
တောထဲတွင် ယုန်လိုက်ပွဲ ကျင်းပနေခြင်းဖြစ်သည်။
ခွေးတွေက ပြေးသည့်နောက်၊ လူကလည်း လိုက်နေရသည်။
“လူကဘာဖြစ်လို့ လိုက်နေတာလဲ ... ထိုင်နေလို့ မရဘူးလား”
“မရဘူး”
“ဘာဖြစ်လို့လဲ”
“ခွေးတွေကို မယုံလို့”
“ခွေးတွေကို ဘာဖြစ်လို့ မယုံတာလဲ”
“ယုန်မိရင် သခင်ကိုပြန်ပေးမှာ မဟုတ်ဘူး၊ သူတို့ အချင်းချင်း ဝေစားလိုက်မှာ”
လူကလည်း ပြေး၊ ခွေးကလည်းပြေး မောနေကြသည်။
ယုန်နှင့်အတူပြေး၊ ခွေးနှင့် အတူလိုက်
“တစ်ခုခုတော့ မှားနေပြီနဲ့တူတယ်”
“ဘာမှားလို့လဲ”
“ပြေးတာကြာပြီ ... ယုန်မှမတွေ့တာ”
ခွေးပိုင်ရှင်က ခရာမှုတ်လိုက်သည်။ ခွေးတွေက ရပ်လိုက်သည်။ အားလုံး ဘေးပတ်လည်ကိုကြည့်ကြသည်။
“ဟာ လွဲပြီဟေ့”
“ဘာလွဲတာလဲ”
“ယုန်ပြေးတာတောင် ... ခွေးလိုက်တာမြောက်”
တင်ညွန့်
၁၂.၈.၂၀၂၀