အမေ

 အမေ

-----

ယနေ့နံနက် ဈေးထောင့်မှ မုန့်ဟင်းခါးဆိုင်တွင် အလှည့်ကျသည်။ ကျွန်တော် မုန့်စားနေစဉ်မှာပင် ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ခုံတွင် အမျိုးသမီးကြီးတစ်ယောက် ဝင်ထိုင်သည်။ အမျိုးသမီးကြီးဟု ပြောရခြင်းမှာ ကိုယ်နှင့် အသက်မတိမ်းမယိမ်းဖြစ်နိုင်သောကြောင့်ပင်။


“မုန့်တစ်ပွဲ”


“အကြော်ထည့်မလားအစ်မ"


“အကြော်နဲ့ဆိုရင် ဘယ်လောက်လဲ”


“အကြော်နဲ့ ၅၀၀ လေ”


“မထည့်ပါနဲ့တော့ အလွတ်ပဲပေး”


ကျွန်တော်က မုန့်စားပြီး ပိုက်ဆံရှင်းကာ ထထွက်သွားသည်။ 


လမ်းဆက်လျှောက်လာရင်း ထမင်းကြော်ဆိုင်ရှေ့ ရောက်သည့်အခါတွင် မိတ်ဆွေကြီး ကိုခင်သောင်းက


“ဆရာ ... လာပါဦးဗျ ... မစားတော့ဘူးလား”


“ဒီနေ့ မုန့်ဟင်းခါး စားခဲ့တယ် ... ဟင်းတော့ ဝယ်သွားဦးမယ် ... နေ့လယ်စာ”


ကျွန်တော်က ဟင်းကြည့်ပြီး


“ကြက်သားဟင်းတစ်ပွဲ ပါဆယ်” ဟု မှာသည်။ 


ကိုခင်သောင်းနှင့် စကားပြောနေစဉ် စောစောက မုန့်ဟင်းခါးဆိုင်တွင် ဆုံခဲ့သော အမျိုးသမီးကြီးက ဆိုင်ထဲ ဝင်လာသည်။ သူက ကျွန်တော့် ဘေးမှ ထမင်းကြော်ထိုင်စားနေသော လူငယ်တစ်ယောက်ရှေ့တွင် ထိုင်လိုက်ပြီး


“သား အိမ်က ဘာမှ စားမလာဘူးလား”


“အမေ့ချွေးမက ဒီအချိန်မထသေးဘူး”


“ဟင် ... ထမင်းကြော်က ဟင်းလည်းမပါဘူးလား”


“ဟင်းနဲ့စားရင် ၁၀၀၀ တောင်အမေရ”


“အို ... ဟင်းလေးနဲ့တော့ စားမှပေါ့ ... အလုပ် လုပ်နေရတာ အားရှိအောင်တော့စားပေါ့”


သူက ပြောပြောဆိုဆို ထသွားသည်။ ထို့နောက် ဟင်းတစ်ပွဲကို ကိုင်ပြီး ပြန်လာသည်။


“ရော့ သား ... ငါ့သားက ဝက်သားကြိုက်တယ်”


သူ့သားရှေ့တွင် ဝက်သားပွဲကိုချပြီး သားဖြစ်သူ စားသည်ကို ပီတိနှင့် ကြည့်နေသည်။


“အမေ ... ဒီလလည်း အမေ့ကို မပေးနိုင်သေးဘူး ... အလုပ်အကိုင်တွေက မကောင်းဘူး”


“ရပါတယ်သားရယ် ... အမေလုံလောက်ပါတယ်”


ကျွန်တော်က သူတို့ သားအမိကို ငေးကြည့်နေမိသည်။ မုန့်ဟင်းခါးဆိုင်တွင် အကြော်ပင် ထည့်မစားသည့် မိခင်က သားကို ဟင်းလေးနှင့် စားစေချင်သော စေတနာကို ပီတိဖြစ်ကာ ခံစားနေမိခြင်းဖြစ်သည်။


သားဖြစ်သူက ထမင်းကြော်စားပြီးနောက်


“ရှင်းမယ်” ဟု အော်သည်


“အမေ ပေးခဲ့ပြီးပြီသား ... အမေရှင်းခဲ့ပြီးပြီ”


သူကထလိုက်ပြီး


“အမေ သွားတော့မယ်”


“အေး ... အေး ... သတိထား”


ထိုအမျိုးသမီးကြီးကလည်း ထသွားသည်။ သူ့သားက ကွမ်းယာဆိုင်ဝင်ကာ ကွမ်းယာမှာစားနေသည်။ ထို့နောက် ဖြတ်လာသော တက္ကစီကို တားလိုက်သည်။


ကားပေါ်ကို တက်သွားသော သားဖြစ်သူကို ကျွန်တော် ငေးကြည့်နေမိသည်။

 

ထိုစဉ် အမျိုးသမီးကြီးက ဆိုင်ထဲကို ပြန်ဝင်လာသည်။


“မကြည်ရေ ... သားစားသွားတဲ့ ထမင်းကြော်ဖိုးကို လာပေးမယ်နော် ... ဘယ်လောက်လဲ”


“တစ်ထောင်”


တင်ညွန့်


၇.၁.၂၀၂၁