မျိုးမစစ်အသံ

 မျိုးမစစ်အသံ

-------------

ဘုရားဟော ဇာတ်တော်တွေထဲမှာ “သီဟကောတ္ထုဇာတ်တော်” အကြောင်းဟာ သိပ်ကို ကိုးကားလို့ကောင်း တာပဲ။


မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဒေဝဒတ်တပည့် “ကောကာလိကရဟန်း” ကို အကြောင်းပြု ဟောခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိတဲ့သူတစ်ယောက်ကို ကောင်းကောင်းကြီး ဆုံးမခဲ့တဲ့ ဇာတ်ကြောင်း လေးပေါ့။


အတိတ်ဝတ္ထုအကြောင်းလေးပဲ ပြောပါရစေ


ခြင်္သေ့နဲ့ခွေးပေါင်းပြီး ခွေးလည်းမမည် ... ခြင်္သေ့လည်းမဟုတ် မွေးလာတဲ့ “ခွေးခြင်္သေ့” အကြောင်း


ခြင်္သေ့က ခွေးမနဲ့ညားပြီး မွေးလာတဲ့ကောင်လေ။  


အဖေတူတော့ ပုံစံက ခြင်္သေ့ ... ကြည့်လိုက်ရင် ကြောက်စရာ


ခြေချောင်း၊ လက်ချောင်း၊ လက်သည်း၊ ခြေသည်း အားလုံးက ခြင်္သေ့ဖြစ်နေပေမယ့် အဖေဖြစ်သူက သူ့သားအကြောင်း သူသိတော့ တားတယ်


“ငါ့သား ... မင်းပုံစံကတော့ အဖေနဲ့တူလို့ ခြင်္သေ့ပေါ့ကွယ် ... ဒါပေမဲ့ အဖေပြောမယ် ... ပုံစံပဲ အဖေနဲ့တူတာ ... ယောင်လို့များ မဟောက်လိုက်လေနဲ့ ... ငါ့သားအသံကတော့ အမေ့မျိုးလိုက်ပြီး ခွေးသံပေါက်နေတယ် ... ဒါကြောင့် သားရယ် တတ်နိုင်သမျှ တိတ်တိတ်လေးနေ ...ယောင်လို့တောင် ပါးစပ် မဟလေနဲ့ကွယ်”


ကဲ ဘယ်လောက် ခံပြင်းစရာကောင်းလိုက်သလဲ။ ခြင်္သေ့တွေကြားမှာ အဖေ့အရှိန်အဝါနဲ့ နေပေမယ့် အဖေက မဟောင် (မဟောက်) ပါနဲ့လို့ ပိတ်ပင်ထားခြင်းခံရတာ။ ဘယ်လောက်ရင်နာစရာ ကောင်းသလဲ။


အစ်ကိုတွေ၊ အစ်မတွေကြည့်လိုက်


“ဝေါင်း” ဆိုတာနဲ့ တောကောင်တွေကထွက်ပြေး ... ဘယ်လောက်ကြည့်ကောင်းသလဲ။ သူလည်း အသံကိုထုတ် “ဝေါင်း” ဆိုပြီးလုပ်နိုင်မယ့် အခွင့်အရေးကို အမြဲရှာ ... ဒါပေမဲ့


“သားရယ် ... ဒီမှာနေရင် တိုးတိုးတိတ်တိတ်နေပါနော် ... သားပါးစပ်ဟလိုက်တာနဲ့ သားကို ငါတို့အမျိုး မဟုတ်မှန်း သိသွားလိမ့်မယ်” လို့ ဖခင်ကတား, တားနေတော့တယ်


တစ်နေ့တော့ အစ်ကိုခြင်္သေ့က


“ဟေ့ကောင် ငါတို့မျိုးထဲမှာ ပါးစပ်ပိတ်ပြီး တိတ်နေတာ နင်တစ်ကောင်ပဲ ရှိတယ် ... ဘာလဲကွာ ... အမျိုးဂုဏ်ဆောင် ဟောက်ပြလိုက်စမ်းပါ”


မခံချင်အောင် ဝိုင်းပြော


“ငါဟဲ့ ခြင်္သေ့” မာန်ထ အော်လိုက်မကွဆိုပြီး တောင်ကုန်းပေါ်တက်


ရင်ကိုဖွင့်ကာ အော်ချလိုက်တာ


“ဝု ... အု ... အု ... ဝုတ်”


သူ့အဖေကတော့ တားသားပဲ


မနေနိုင်လို့ လည်ချောင်းယားပြီးဟောင်မှ အားလုံးက ခွေးမှန်းသိတော့တာ။


(ဇာတကပါဠိတော်မြန်မာပြန်၊ သီဟကောတ္ထုဇာတ်ကိုမှီငြမ်းပါသည်)


တင်ညွန့်


၂၉.၁၀.၂၀၂၀