ကျောင်းဆရာဆိုတာ

 ကျောင်းဆရာဆိုတာ

----------------------

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကာလ ချောင်းဖျားတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကျွန်တော့်လက်ဦးဆရာများကို သတိရမိသည်။ ဇီးတော ဦးကျော်စိုး၊ တမာပင် ဦးဘစိန်ဟန်၊ အဆိပ်တောင် ဦးမြအောင်၊ အောက်ကမ္ဘာ ဦးထွန်းရွှေ။


ထိုဆရာကြီးများသည် ၁၉၈၀ ဝန်းကျင်ကဆိုလျှင် ချောင်းဖျားဒေသတွင် နာမည်ကျော်များဖြစ်သည်။ ဆိုးလည်း ဆိုးကြသည်။ တော်လည်း တော်ကြသည်။ မူလတန်းပြဆရာဘဝကို ဘာသင်တန်းမျှ မရှိဘဲ ဖြစ်ခဲ့ရသည့် ကျွန်တော့်ကျောင်းဆရာဘဝမှာ သူတို့လက်ထဲတွင် အတုယူစရာတွေ တပုံတပင်။ ကျောင်းဆရာဘဝကို နှစ်သက်မြတ်နိုးခဲ့ရသည်မှာ သူတို့ကြောင့်။


ဇီးတောကြီးဆိုလျှင် 


“ဒါသင့်ကျောင်း ကောင်းအောင်လုပ်” ဆိုသည့် ဆိုင်းဘုတ်ကြီးကို ကျောင်းတွင်ချိတ်ထားကာ ဂုဏ်ယူတတ် သည်။ သူ့ကျောင်းကို ကောင်းအောင်လုပ်ပြီး သူ့မိသားစုက ဖောင်စီးတဲလေးထဲတွင် ဖြစ်သလိုနေသူ။


တမာပင်ကြီးက အရွတ်တုံးကြီး။ ပဲခူးကိုလာပြီး သမဝါယမဆိုင်မှ ပစ္စည်းတွေထုတ်ကာ ပလက်ဖောင်းပေါ်တွင် အော်ရောင်းသူ။ လစာထုတ်လာလျှင် သူ့ကွန်ပါဘူးလေးထဲ၌ ချိတ်၊ အပ်ကအစ စုံလင်စွာထည့်လာတတ်သူ။ သူများထံက ပစ္စည်းကို ငှားသုံးရခြင်းကို ရှက်စေသူ။


အဆိပ်တောင်ကြီးကတော့ ကျွန်တော့ဆရာရင်း။ သူငယ်တန်းကအစ ကကြီးခကွေးကို ဘယ်လို သင်ရသည်ကို ကောင်းကောင်းပညာပေးခဲ့သူ။ ကျောင်းလာရင် တိုက်ပုံဝတ်ဗျ ... ဒါမှ ရွာသားနဲ့ခင်ဗျား ကွဲပြားမှာဟု ဆုံးမတတ်သူ။


အောက်ကမ္ဘာကြီးကတော့ စာရင်းဇယားဆိုသည်မှာ မည်သို့ ရေးဆွဲရသည်ကို ပညာပေးခဲ့သူ။ ကျောင်းဆရာ ဆိုတာ ရှိတာလေးနဲ့ ဝအောင်စားတတ်ရတယ်ဟု သွန်သင်ခဲ့သူ။


သူတို့နှင့် ပတ်သက်ပြီး ရေးလည်း ရေးခဲ့ဖူးပါသည်။ ပညာရေးအပေါ်တွင် သစ္စာရှိစွာဖြင့် အငတ်အပြတ်ခံကာ တောနေ လူတန်းစား ဆင်းရဲသားများကို ဒုက္ခခံကာ ပညာသင်ပေးသည်။ ကျောင်းတွေ ထူထောင်ပေးခဲ့သည်။ သို့သော် ထိုဆရာကြီးများမှာ ကျောင်းတွေက ကောင်းလာသော်လည်း ကိုယ်တိုင်က တဲစုတ်လေးတွေနှင့် နေထိုင်ကြသူတွေဖြစ်သည်။ 


သူတို့သည် တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်များတွင် ကျေးလက်တောခေါင် ချောင်ကြိုချောင်ကြား ဒေသများတွင် ဆရာဘဝကို လက်မထောင်ကာ ဂုဏ်ယူစွာဖြင့် အငတ်ခံပြီးထူထောင်ခဲ့သူများဖြစ်သည်။


သူတို့လေးယောက်စလုံးကို ကျွန်တော်သဘောကျသည်မှာ ကျောင်းအုပ်မာန် အပြည့်ရှိသူတွေဖြစ်သည်။ ရွာနှင့် ပတ်သက်လျှင်လည်းကောင်း၊ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပတ်သက်လာလျှင်လည်းကောင်း ကိုယ့်ကျောင်း သို့မဟုတ် ကိုယ့်ပညာရေးလောကကို အတင်စီးမခံ၊ အကျောမခံ၊ ဆတ်ဆတ်ထိမခံသူများ ဖြစ်သည်။ တစ်ဦးချင်းဆိုင်ရာ ကိုယ်ကျင့်တရားတွင် အားနည်းချက်တွေ ရှိကောင်းရှိနိုင်သော်လည်း ကျောင်းပေါ်သို့ တက်လာသည့် ကျောင်းအုပ်ဆိုသည့်မာန်ကတော့ သူတို့ကို ဘယ်ခေတ် ဘယ်ဆရာမျှ လိုက်မမီနိုင်ဟု ထင်ပါသည်။


ကျွန်တော့်လက်ဦးဆရာများကို ပြန်သတိရမိရာမှ ဆရာ့ဂုဏ် ဆရာ့မာန်ဆိုသည့် သဘောတရားလေးတစ်ခုကို ကျွန်တော်ဖတ်ဖူးသည့် အကြောင်းအရာလေးတစ်ခုမှ ထုတ်နုတ်ပြလိုပါသည်။ 


အင်္ဂလန်တွင် ထင်ရှားသော ကျောင်းကြီးတစ်ကျောင်းရှိသည်။ ထိုကျောင်း၏ ကျောင်းအုပ်ဆရာကြီးမှာ ဒေါက်တာ ဘုဇဘီဆိုသူဖြစ်သည်။ အင်္ဂလန် ဘုရင်မင်းမြတ်သည် ထင်ရှားသော ကျောင်းတော်ကြီးကို လေ့လာမည်ဆိုသည့် အမိန့်ထွက်လာသည်။ သူက ဒေါက်တာ ဘုဇဘီနှင့်လည်း တွေ့ဆုံလိုသည်။


ဘုရင်ကိုယ်တော်တိုင် ကျောင်းကိုလာမည်ဆိုသဖြင့် တပ်ထောင်တာဗိုလ်ထုနှင့် လူစုကာလာခြင်းကို ကျောင်းအုပ်ဆရာကြီးထံ ခွင့်တောင်းရလေသည်။ ကျောင်းအုပ်ကြီးကလည်း ခွင့်ပြုသည်။ 


ဘုရင်ကို ကျောင်းအုပ်ကြီးက ထွက်ကြိုပါသည်။ သို့သော် သူဆောင်းထားသော ဦးထုပ်ကိုမချွတ်။ ဘုရင်ကို ကျောင်းအုပ်ကြီးက စာသင်ခန်းများကို လိုက်ပြရာတွင်လည်း ဘုရင်က ဦးထုပ်ကိုချွတ်ကာ လက်တွင်ကိုင်ထား သည်။ သို့သော် ကျောင်းအုပ်ကြီးက ဦးထုပ်ကို ဆောင်းမြဲဆောင်းထားသည်။


ထိုအပြုအမူနှင့် ပတ်သက်ပြီး ဘုရင်နှင့်အတူပါလာသော သူများမှာ စိတ်ထဲတွင် အောင့်သက်သက် ဖြစ်နေကြသည်။ ကျောင်းအုပ်ကြီးကိုလည်း မပြောရဲကြ၊ ဘုရင်ကိုယ်တိုင်ကပင် ဦးထုပ်လေးကိုကိုင်ကာ နောက်က လိုက်နေသည် မဟုတ်ပါလော။ 


ကျောင်းအုပ်ကြီးက ဘုရင်ပြန်မည်ဟု ဆိုသည့်အခါတွင် ကျောင်းဂိတ်ပေါက်ဝအထိ လိုက်ပို့သည်။ နောက်ဆုံး ဘုရင် မြင်းရထားပေါ်တက်ခါနီးတွင် ကျောင်းအုပ်ကြီးက ဘုရင်ကို နှုတ်ဆက်ပြီး ပြောလိုက်သည်မှာ


“ခွင့်လွှတ်ပါအရှင် ... အရှင့်ကို လေးစားပါသည်။ သို့သော် ကျွန်ုပ်၏ ကျောင်းသားများအနေဖြင့် ဤကျောင်းတော်ကြီးတွင် ကျွန်ုပ်ထက် မည်သူကမျှ ကြီးမြတ်သည်ဟု မထင်မှတ်စေချင်သောကြောင့် ဦးထုတ် ချွတ်ကာ အရှင့်ကို အရိုအသေမပြုခြင်း ဖြစ်ပါသည်။ အရှင်သည် ဤနိုင်ငံကြီး၏ ကြီးမြတ်သော အရှင်သခင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်ုပ်၏ကျောင်းတွင်ကား ကျွန်ုပ်သည်သာ အကြီးမြတ်ဆုံး ဖြစ်သည် ဆိုသော ဂုဏ်ကိုထိန်းသိမ်းလိုသောကြောင့်ဖြစ်သည်။ ကျွန်ုပ်၏ကျောင်းကို မည်သူ့ကိုမျှ လွှမ်းမိုးမှု မခံနိုင်ပါအရှင်”


ကျွန်တော်က ဤအကြောင်းအရာကို ဖတ်မိပြီးနောက် လက်ဦးဆရာများကို သတိရကာ ဦးချမိပါသည်။


“ကျောင်းဆရာဆိုတာ ....” ဟု အစချီကာ သွန်သင်ဆုံးမတတ်သော ဆရာကြီးများကား ယခုမရှိကြတော့ပြီ။ 


လွမ်းမိပါသည်။


တင်ညွန့်


၂၉.၆.၂၀၂၂