ဘုရင့်ကုလားထိုင်
------------------
အူလဒူနိုင်ငံတွင် အူတူတူမင်းဆက်၏ တတိယမြောက်မင်းကား ရောပူးပူးဖြစ်တော့သည်။ တိုင်းပြည်က ရွှေထွက်သော်လည်း ဆင်းရဲ၏။ အဘယ်ကြောင့်ဆိုသော ယောင်ကြူးကြူးနှင့် ရမ်းနှူးနှူးမင်းမှသည် ယခု ရောပူးပူး မင်းတိုင်အောင် တိုင်းပြည်ဘဏ္ဍာ ငါ့ဥစ္စာလုပ်ကာ အပိုင်သိမ်းထားသောကြောင့်ဖြစ်သည်။
ရောပူးပူးမင်းကြီးအား ဝန်ကြီးများကလျှောက်တင်စေ
“အရှင်မင်းကြီး ဤသည်ကား လျှပ်စစ်မီး ခေါ်ပါတယ်”
“အလို ဒါဆိုရင် ငါ့စံအိမ်တော်ထဲမှာ ဖယောင်းတိုင်တွေ ထွန်းစရာ မလိုတော့ဘူးပေါ့”
“မှန်ပါတယ်မင်းကြီး … လျှပ်စစ်မီးကို ဒီနိုင်ငံမှာတော့ အရှင်မင်းကြီးက ပထမဆုံး စတင်သုံးစွဲခွင့် ရတာပါမင်းကြီး”
“ကောင်းပေစွ … စံအိမ်ကြီး လင်းထိန်နေတာ ကောင်းပေစွ”
“မှန်လှပါ စိန့်တိုင်းက သံတမန်ရောက်နေကြောင်းပါ”
“တွေ့တော်မူမယ် … ခေါ်လိုက်”
စိန့်တိုင်းက သံတမန်ဝင်စေ
“အရှင်မင်းမြတ်ကို စိန့်တိုင်းကိုယ်စား ဂါရဝပြုပါတယ်”
“မော်ဖူးစေဗျား … ဘယ်အရေးကိစ္စကြောင့် သံတမန်ကြီး ရောက်လာရသနည်း”
“မှန်ပါ ကျွန်တော်မျိုးတို့တိုင်းပြည်က အကြီးအကဲက အရှင်မင်းကြီးကို ဖိတ်ကြားလိုက် ကြောင်းပါ”
“အလိုကွယ် ငါ့ကို မင်းတို့နိုင်ငံ ဘုရင်ကတောင် အသိအမှတ်ပြုပြီပေါ့”
“ရှေ့ကြောင်း နောက်ကြောင်း စီးပွားကောင်းအောင် ပင့်ဖိတ်ခဲ့ပါလို့ အမိန့်တော်ရှိကြောင်းပါ”
“အိမ်း … လိုက်ရတာပ”
ဤသို့ဖြင့် ရောပူးပူးမင်းကြီးသည် စိန့်တိုင်းသို့ ခရီးလှည့်လေတော့သည်။ စိန့်တိုင်းကား တိုးတက်လှပေ သည်။ မြေအောက်ရထားလမ်းများ၊ လျှပ်စစ်ကားများ၊ လေယာဉ်ပျံများကိုကြည့်ပြီး အားကျတော်မူ၏။
“ဒါတွေကို ကျွန်ုပ်၏တိုင်းပြည်ကို ယူလို့မရဘူးလား”
“ရပါတယ်မင်းကြီး … ပထမဆုံး လမ်းတွေဖောက်ထားရပါမယ်”
“ကောင်းပေစွ … လမ်းတွေဖောက်ဖို့ … တံတားတွေဆောက်ပို့ ပစ္စည်းတွေ ထောက်ပံ့ဖို့ စာချုပ်စေ”
“အရှင်မင်းကြီးအတွက် ရသင့်ရထိုက်တဲ့ ကော်မရှင်တွေအတွက် လက်ဆောင်များ ပေးလိုကြောင်း ကျွန်ုပ်တို့ မင်းကြီးက ပြောကြားပါတယ်”
“ကောင်းပေစွ … ကောင်းပေစွ”
“ရောပူးပူး ဘုရင်ကြီး ဤနိုင်ငံရောက်စဉ် ဘာတွေကို ကြည့်ချင်ပါသနည်း”
“ကျုပ်နိုင်ငံမှာ လူတွေကို သေနတ်တဲ့ ပစ်သတ်နေရတာ လူကြားတယ် … အဲဒါ အခြားသတ်တဲ့ နည်းများ မရှိဘူးလား”
“ဪ လူသတ်နည်းကို ကြည့်ချင်တယ်ပေါ့ … လိုက်ခဲ့ပါ”
စိန့်တိုင်းက အကျဉ်းထောင်အတွင်း လူသတ်ဆောင်ကို ခေါ်သွားသည်။ ထို့နောက် လျှပ်စစ်ကုလားထိုင်ဖြင့် လူသတ်ပုံကို ပြသည်။
“အလို ဘာသံမှမကြား တွန့်လိမ်ပြီး သေသွားအောင် ဘယ်လိုများ လုပ်လိုက်ပါ့”
“အဲဒါ လျှပ်စစ် ကုလားထိုင်လို့ခေါ်ပါတယ် … အပြစ်သားကို လျှပ်စစ်ကုလားထိုင်မှာ လျှပ်စစ်ဓာတ်အား လွှတ်ပြီးတော့ သတ်တာပါ”
“ကောင်းလိုက်တာ … ကျုပ်လည်း တစ်လုံးလောက် လိုချင်လိုက်တာ”
“အရှင်မင်းကြီးတိုင်းပြည်မှာ လျှပ်စစ်မီးရှိလို့လား”
“အောင်မယ် အထင်တော်သေးလို့ ကျုပ်နန်းတော်ကြီးတစ်ခုလုံး လင်းထိန်နေတာ”
“ဒါဆိုရင် လျှပ်စစ်ကုလားထိုင်တစ်လုံး လက်ဆောင်ပေးလိုက်ပါ့မယ်”
“ကောင်းပါလေ့”
ရောပူးပူးမင်းကြီးသည် စိန့်တိုင်းကပေးလိုက်သည့် လျှပ်စစ်ကုလားထိုင်ကို အခမ်အနားဖြင့် ယူဆောင် လာစေပြီး ပြည်သူကို ပြသည်။
“အမတ်ကြီးတို့ … ဝန်ကြီးတို့ … ကျုပ်ကို စိန့်တိုင်းက ပေးလိုက်တဲ့ ကုလားထိုင် လက်တွေ့ပြချင်လွန်းလို့ … ဒီမှာ ဒီကုလားထိုင်ကို ဘာကုလားထိုင်ထင်သလဲ”
“သံရောင် ဒန်ရောင်ပြောင်ပြောင်လက်လက်နဲ့ အလွန်လှတဲ့ ကုလားထိုင်ပဲဘုရား”
“အေး … အဲဒီ ကုလားထိုင်နဲ့ လူသတ်လို့ရသကွယ့်”
“ဟုတ်ရဲ့လားဘုရား”
“မယုံဘူးလား … အကျဉ်းသားတစ်ယောက် ထုတ်ခဲ့စမ်း လက်တွေ့ပြမယ်”
အကျဉ်းသားတစ်ယောက် ထုတ်လာစေ
“မောင်မင်း ဒီခုံပေါ်ထိုင်စမ်း”
အကျဉ်းသားက ထိုင်လိုက်သည်
“ကဲ ဝန်ကြီးတို့ ဘယ်မှာလဲ လျှပ်စစ်ကြိုး ဒီကုလားထိုင်က ဒီနေရာကို ဆက်လိုက်စမ်း”
“မှန်လှပါ အရှင်မင်းကြီး”
လျှပ်စစ်ကုလားထိုင်ကို မီးပေးရမည်ဖြစ်သောကြောင့် မီးစက်ကို အပြေးအလွှား သွားယူလာကြသည်။
“ကဲ မီးဖွင့်လေ ဘာလုပ်နေကြတာလဲ”
မီးစက်ကို စက်နှိုးကြသည်။ တော်တော်နှင့် စက်ကမနှိုးသောကြောင့် ချွေးပြန်နေကြသည်။ စိန့်တိုင်းက ပါလာသည့် အင်ဂျင်နီယာက
“ဘာလုပ်နေကြတာလဲဗျ” ဟုမေးသည်
“မီးလိုတယ်ဆို စက်နှိုးနေတာလေ”
“ခင်ဗျားတို့ဆီမှာ လျှပ်စစ်မီး မရှိဘူးလား”
“ဒီတိုင်းပြည်မှာ လျှပ်စစ်မီးမှ မရှိတာ”
“ဒါနဲ့ ခင်ဗျားတို့မင်းကြီးက မီးရှိတယ်ဆို”
“ရှိတယ်လေ သူ့စံအိမ်အတွက် ဒီမီးစက်လေးနဲ့ ထွန်းပေးထားတာ … တစ်နိုင်ငံလုံးကတော့ မှောင်နေတာ”
“မင်းကြီး”
“ဘာလဲဗျ”
“ဒီမီးစက်နဲ့ လျှပ်စစ်ကုလားထိုင်ကို အသုံးမပြုနိုင်ပါဘူး”
“ဟုတ်ရဲ့လား”
“စောစောက ပြောပါလား မင်းကြီးတို့တိုင်းပြည် လျှပ်စစ်မီး မရှိဘူးလို့”
“သိဘူးလေ ကျုပ်စံအိမ်တော်မှာ မီးလင်းနေတာ”
“ဒါဆို ဒီကုလားထိုင်ကြီး ဘယ်လို လုပ်ရမလဲ”
“ခက်တော့တာပဲ ကုလားထိုင်ကြီးကို အခမ်းအနားနဲ့ လေဆိပ်က ယူလာတာ … တစ်နိုင်ငံလုံးလည်း သိနေပြီ … မထူးပါဘူး … မင်းကြီးဘုရားထိုင်ဖို့ စိန့်တိုင်းက လက်ဆောင်ပေးလိုက်တဲ့ ကုလားထိုင်လို့ ထုတ်ပြန်စေ … အဲဒီ ကုလားထိုင်ကို လွှတ်တော်ထဲပို့လိုက်”
နောက်တစ်နေ့ ညီလာခံတွင် ရောပူးပူးမင်းကြီးသည် လျှပ်စစ်ကုလားထိုင်တွင်ထိုင်ကာ မတရားစီရင်၏။
(အာဖရိက ပုံပြင်တစ်ပုဒ်ကို မှီငြမ်းပါသည်)
တင်ညွန့်
၂၆.၉.၂၀၂၁