ပန်းနဲ့ပေါက်တာ နာသွားသူ
--------------------------
တက္ကသိုလ်ကျောင်းသားဘဝက ပန်းနဲ့ပေါက်တာလည်း နာချင်တယ်ဆိုသည့် သီချင်းကိုကြားရစဉ် ရယ်ချင်မိပါသည်။ ပန်းနဲ့ပေါက်တာပဲ နာရမည်လားပေါ့။
သို့သော်
တစ်နေ့တွင် တစ်ဖက်သတ်ချစ်နေမိသည့် ကောင်မလေး၏ ထိုင်ခုံပေါ်ကို နှင်းဆီပန်းလေးတစ်ပွင့် သွားတင်မိသော သူငယ်ချင်းတစ်ယောက်၏ အဖြစ်ကို မျက်မြင်တွေ့မိသည်။ ကောင်မလေးက သူ့ကို
“ဟေ့ နေဦး” ဟု အော်လိုက်သည်။
သူက ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်သည်။ ကောင်မလေးက သူ့မျက်နှာကို သူတင်ထားခဲ့သည့် နှင်းဆီပန်းပွင့်လေးနှင့် ပစ်ပေါက်လိုက်သည်။ သူက နှင်းဆီပန်းလေးကို ပြန်ကောက်ပြီး ငိုင်နေသည်။ မျက်လုံးတွေမှာ မျက်ရည်တွေ ဝဲနေသည်။ ထို့နောက် အခန်းထဲက ထွက်သွားသည်။
ကျွန်တော်က သူငယ်ချင်းနောက်ကို လိုက်သည်။ သူက RC ခုံတန်းတွင် ထိုင်ပြီး ငိုင်နေသည်။
“ဘာဖြစ်နေတာလဲ”
ကျွန်တော်က အလိုက်ကမ်းဆိုး မသိစွာ မေးလိုက်မိသည်။
“နာလိုက်တာ”
“ပန်းလေးနဲ့ ပေါက်တာ နာသလားကွ”
“ဟောဒီကနာတာ”
သူက နှလုံးတည့်တည့်နေရာကို ပုတ်ပြသည်။ ထိုအခါကျမှ ပန်းနဲ့ပေါက်တာလည်း နာချင်တယ်ဆိုသော အဓိပ္ပာယ်ကို နားလည်သွားပါသည်။
ပေးသူက မေတ္တာနှင့်ပေးသည်။ ခံယူမည့်သူက မလိုချင်သောကြောင့် မျက်နှာကို ပစ်ပေါက်လိုက်သည်။ ပေးသူနှင့် အပေါက်ခံလိုက်ရသူသာသိသော နာကျင်မှုဖြစ်သည်။ နာတတ်သူက ရင်ထဲနှလုံးကနာသည်။ ထိုစဉ်ဆက်ဖြစ်စဉ်တို့မှာ သူတို့၏ အတွင်းရေး ဆက်သွယ်မှုနှင့် ခံစားချက်များသာဖြစ်သည်။
သူ့ကို ပန်းနှင့်ပေါက်သဖြင့် နာကျင်စွာ ခံစားရခြင်းမျိုး ငါ့တွင်မဖြစ်။ အဘယ်ကြောင့် ဆိုသော် ငါမှ သူ့ကို မချစ်ဟုလည်း တွေးလိုက်မိသည်။ ဒဿနိကတန်းတက်သူတစ်ဦး၏ ကြောင်တောင်တောင် အတွေးဟု ဆိုချင်ဆို
ကျွန်တော့် သူငယ်ချင်းက နောက်တစ်နေ့တွင် ကောင်မလေးဆီသွားကာ
“အဲဒီလောက်တောင် မုန်းနေလား” ဟု ပြောင်ပြောင်တင်းတင်း သွားမေးသည်။
ကောင်မလေးက
“နင့်မျက်ခွက်ကို မမြင်ချင်ဘူး” ဟု ပြောလိုက်သည်။
ဒုတိယအကြိမ် တပ်ခေါက်ပြန်သွားသည်။
အဆောင်ကို ကျွန်တော်ပြန်ရောက်သည့်အခါ သူ့အခန်းကို သွားမိသည်။ တံခါးပိတ်ထားသည်။ ကျွန်တော်က အော်ခေါ်မှ သူကတံခါးဖွင့်ပေးသည်။
“ဟေ့ကောင် ဘာဖြစ်နေတာလဲ”
“ရက်စက်လိုက်တာကွာ”
“မင်းကွာ စကားအဖြစ်ပြောတာပဲ”
“သူပြောတဲ့ စကားကြီးကကွာ … တောက်”
သူက တောက်ခတ်လိုက်သည်။ ထိုအချိန်မှ ကျွန်တော် ဒုတိယမ္ပိထပ်နားလည်သွားသည်။ စကား ကြောင့်လည်း တောက်ခတ်ကာ နာကျည်းသည်အထိ ဖြစ်တတ်သည်။
နောက်တစ်နေ့တွင် သူအဆောင်က ပျောက်သွားသည်။ သူ့အထုပ်အပိုးတွေ အားလုံးယူကာ ပျောက်သွားသည်။ ကျောင်းလည်း ဆက်မတက်တော့။
နောက် နှစ်အတော်ကြာမှ ကျွန်တော် သူနှင့် ပြန်ဆုံသည်။ သူငယ်ချင်းနှစ်ယောက် ပျော်ကြသည်။ ထိုအချိန်တွင် သူသည် အရာရှိကြီးဖြစ်နေပြီ။
“မင်းကွာ ပျောက်သွားလိုက်တာ … မပြောမဆိုနဲ့”
“အေးကွာ မခံချင်စိတ်ကြောင့်ပေါ့ … ပြီးတော့ သူ့ကိုလည်း မမြင်ရရင် ပြီးရောဆိုပြီး ထွက်သွားတာ”
“ဒါနဲ့ သူ့ကို ပြန်တွေ့သေးလား”
“တွေ့တယ်”
“တွေ့တော့ ?”
“ငါလည်း အရာရှိဖြစ်မှ သူ့ကို သွားရှာတာ … သူက တက္ကသိုလ်မှာ ဆရာမလုပ်နေတယ်”
“အရာရှိကြီးဖြစ်တော့ လက်ခံသွားသလား”
“ပိုဆိုးတယ်”
“ဘယ်လို”
“သူပြောလိုက်တဲ့စကားကွာ ရက်စက်တယ်”
“ဘာပြောလိုက်လို့လဲ”
“ရှင့်ကို ဒီလိုအနေအထား ပုံစံနဲ့တွေ့လို့ သဘောကျပြီး လက်ခံစကားပြောမယ့်အထဲမှာ ကျွန်မ မပါဘူးတဲ့ကွာ”
“အဲသလောက်တောင်ပဲလားကွာ”
“အေးကွာ ဘာဖြစ်လို့များ ငါ့ကို ဒီလောက်မုန်းနေသလဲ မသိပါဘူး”
တက္ကသိုလ်ရာပြည့်ပွဲတွင် အမှတ်မထင် ကျွန်တော် သူမကိုတွေ့လိုက်ရသည်။ ကျွန်တော်က မေးမိသည်
“နန်းမြတ်နိုး … သူ့ကို တွေ့သေးလား”
“ဘယ်သူလဲ”
“ခင်မောင်ဇော်”
“ဪ … တော်တော်ကြာပါပြီ နောက်ဆုံးတွေ့လိုက်တယ်”
“စပ်စုတယ်လို့ မထင်ပါနဲ့ … ဘာဖြစ်လို့ သူ့ကို မုန်းတာလဲ … ပြောချင်မှပြောပါ။ သိချင်လို့ မေးကြည့်တာ”
“ဟင်း … ဟင်း … စာရေးဆရာကြီး ရေးကွက်ရှာနေတာလား”
“ဆိုပါတော့”
“ကျွန်မက ယောက်ျားကြီးတန်မဲ့ မျက်ရည်ကျပြတဲ့ကောင်တွေကို မုန်းတယ်ရှင့်”
“သူ အရာရှိကြီးဖြစ်တော့ လာတွေ့သေးတယ်နော်”
“လာတွေ့သေးတယ်လေ”
“အဲဒီတော့လည်း ကောင်းကောင်းလက်ခံပြီး စကားမပြောလိုက်ဘူးလို့ သူနဲ့တွေ့တုန်းကပြောတယ်”
“ဟုတ်တယ်”
“ဘာဖြစ်လို့လဲ”
“ကျွန်မကို အဲဒီလို ယူနီဖောင်းဝတ်ပြလိုက်ရင် လက်ခံမယ် ထင်နေတာလေ … အလကားငပေါ … ဒီလောကမှာ ကျွန်မ အမုန်းဆုံးက အဲဒီဝတ်စုံပဲ”
“ဟင်”
တင်ညွန့်
၁၅.၇.၂၀၂၁