ငါ့မောင်ရယ် (စ/ဆုံး)
—————-
သော်တာ တစ်ယောက် အိမ်ပေါ်သို့ တက်လာကာ အမေဖြစ်သူ ဒေါ်မြကြည် အနားတွင် ထိုင်လိုက်သည် ။
” အမေရယ် ဦးကိုလေး က သမီးဆီ ပိုက်ဆံ လှမ်းချေးတယ် ”
ဒေါ်မြကြည်သည် ကြက်သွန်အခွံနွှာနေရင်းက သော်တာ့ကိုကြည့်လိုက်သည်။
” ဘယ်လောက်တုန်း ”
” ငါးသိန်း တဲ့ ”
” ဟယ် အဲ့လောက်ကြီး သူက ဘာလုပ်ဖို့တုန်း ”
” ဆိုင်ကယ် ဝယ်ချင်လို့တဲ့အမေ ၊ သူ့အလုပ်ရှင်ဆီက ၁၀ သိန်းချေးထားတယ်တဲ့၊ သမီးဆီက ၅ သိန်းနဲ့ဆို ဆိုင်ကယ် second ထဲက အသင့်အတင့်ရလောက်မှာပါ ”
ဒေါ်မြကြည်က သက်ပြင်းအသာ ချသည်။
” နင် စဉ်းစားပါဦး ၊ အတိုး က ဘယ်လောက်လို့ပြောထားလဲ ”
” ၅ ကျပ်တိုးလို့ပြောတာကို အမေ့မောင်က ၅ ကျပ်တိုးမလုပ်ပါနဲ့တဲ့ ”
” ဟင်း ၅ ကျပ်တိုးတောင် မပေးချင်ဘူးလား ၊ သူတို့ သူများဆီမှာ ချေးရင် ၁၀ ကျပ်တိုးနဲ့ ချေးရတာ လေ ၊ ဒါ သက်သက် လူလည် ကျတာ ၅ ကျပ်တိုးမပေးရင် မချေးနိုင်ဘူး လို့ အပြ တ်သာ ပြောလိုက် … ”
သော်တာက သက်ပြင်းအသာချသည်။ အမေဖြစ်သူ၏ မောင် ကိုယ့် ဦးလေးမို့ မချေးဘူး ငြင်းရမှာလည်း မငြင်းရက်ပေ ။
” မနက်ကလည်း မိတ္ထီလာက အမေ့ညီမ လေးလေး စန်းမြင့်က သမီးဆီ ၇ သိန်းလောက်တဲ့ လှမ်းချေးတယ် ”
” အမယ်လေးအေ ၇ သိန်းလောက်တဲ့ လွယ်လွယ်ပဲ ၊ သူ ပေးထားတာ ရှိတာကျရော ၊ ဘာပြောလိုက်လဲ ”
” စဉ်းစားဦးမယ်ပြောလိုက်တယ် ”
” ဘာမှစဉ်းစားမနေနဲ့ မရှိဘူးလို့သာ ပြောလိုက် ၊ သူများကိုချေးထားတာ သူများဆီက ပြန်ရမှ ချေးနိုင်မှာ ၊ သူများကလည်း ပြန်မပေးသေးဘူး ၊ သမီးမှာချေးစရာမရှိဘူးလို့ ပြန်ပြောလိုက် ၊ သူတို့ မိတ္ထီလာမှာလည်း ချေးလို့ရပါတယ် ၊ သူတို့ မမှန်မကန် လုပ်ချင်လို့သာ ဒီကိုလှမ်းချေးတာ ၊ သူများကိုဆို အတိုးဘယ်လောက်ဆိုဘယ်လောက် ဘယ်နေ့ဘယ်ရက်ဆို ဘယ်နေ့ဘယ်ရက် အတိအကျ ပေးရတာလေ ၊ ဒီကိုဆို သူတို့ကအလေးမထားဘူး ပေးချင်မှပေးတာ ၊ ပေးသလောက်ပဲ ဒီက ယူယူထားတော့ သူတို့က လူပါးဝနေတာ မချေးနဲ့နော် သော်တာ ၊ ငါပြောပြီးပြီး နောက်မှ အမေ့ကြောင့် ချေးလိုက်ရတာဆိုပြီး ငါ့ကိုခေါင်းစဉ်မတပ်နဲ့ ”
သော်တာသည် စိတ်ညစ်ဟန်ဖြင့် ခေါင်းကိုအသာကုတ်နေစဉ် သူမဆီ ဖုန်းဝင်လာလေသည် ။
” ဦးကိုလေး ဆက်တာ ”
ပြောပြီး ဖုန်းကိုင်လိုက်တော့ တစ်ဘက်ကနေ ဦးကိုလေးက …
” သော်တာရေ ဆိုင်ကယ်ဖိုးက ၁၂ နာရီခွဲ နောက်ဆုံးထားပြီး လွှဲပေးရမှာ ၊ ငါ သူ့ Kpay အကောင့် ပေးမယ် ၊ အဲ့ကို ၅ သိန်းလွှဲပေးပါဟာ ၊ ငါ ငါးကျပ်တိုး ပေးပါ့မယ် ”
သော်တာက ဒေါ်မြကြည်ကို တစ်ချက်လှမ်းကြည့်ကာ မေးငေါ့ပြတော့ ဒေါ်မြကြည်က ခေါင်းအသာ ယမ်းပြသည်။ သော်တာသည် လောကြီးနေသော ဦးကိုလေး၏ အသံကြောင့် ကရုဏာ ဖြစ်ကာ မငြင်းရက်ပေ။ ဦးကိုလေး ဆိုင်ကယ် လိုချင်နေတာ ကြာလေပြီ ဆိုတာ သော်တာ သိထားတာမို့ ငြင်းရမှာ အားနာ နေလေသည် ။
” ဒါဆို ဦးကိုလေး သမီး ဦးကိုလေး အိမ်ကို ခုထွက်လာခဲ့မယ် ၊ ရောက်မှ လွှဲပေးမယ် ၊ သမီးကို ခဏစောင့် ”
နာရီကို ကြည့်တော့ ၁၁ နာရီသာ ရှိသေးတာမို့ ဦးကိုလေးအိမ်ကို သွားဖို့ သော်တာက ဆုံးဖြတ်လိုက်သည် ။
” အမေရေ သွားလိုက်ဦးမယ် ၊ ပိုက်ဆံကို ဒီတိုင်းတော့ လွှဲမပေးနိုင်ဘူး ဟိုရောက်လို့ လူချင်ေတွ့ ၊သေချာပြောဆိုပြီးမှ လွှဲပေးမှဖြစ်မယ် ”
ဒေါ်မြကြည်ကတော့ ချေးပင်မချေးစေချင်တော့ပေ ။ သော်တာသည် ညီမဖြစ်သူ ရွှေရည် ကို အတူခေါ်ကာ ဦးကိုလေးအိမ်သို့ဆိုင်ကယ်ဖြင့် ထွက်သွားလေသည်။ ဒေါ်မြကြည်သည် သူတို့ထွက်သွားတာကို ကြည့်ပြီး စိတ်မအေးလက်မအေး ဖြစ်နေရသည်။ သော်တာက သနားတတ်တော့ ချေးကိုချေးမည်ဆိုတာ ဒေါ်မြကြည်သိနေသည်။
အရင်ကဒေါ်မြကြည်၏မောင် ဦးကိုလေး မှာ ဆိုင်ကယ်ရှိခဲ့ဖူးသည် ။ လောင်းကစားလုပ်တော့ ဆိုင်ကယ်တွေပြုတ် အကြွေးတွေ တင်ပြီး အမွေရထားသည့် မြေကွက်ပင် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည် ။ထိုအကြောင်းများကိုပြောရလျှင် …
လွန်ခဲ့သည့် နှစ်နှစ်က ဦးကိုလေးသည် အကြွေးတွေတင်တော့ သူ့မြေကွက်ကို ဒေါ်မြကြည်တို့ သားအမိဆီမှာ အပေါင်ထားခဲ့သည် ။ ဒေါ်မြကြည်က အတိုး ၃ ကျပ်တိုးနှင့်မြေကွက်ကို အပေါင်ယူထားပေးသော်လည်း ထို၃ ကျပ်တိုးကိုပင် ဦးကိုလေးက မပေးခဲ့ပေ ။ နောက်တော့ ဦးကိုလေးက သူ့မြေကွက်ကို ဒေါ်မြကြည်အား အမ်းယူခိုင်းခဲ့သည် ။
” မမ ငါတို့မြေ နင်တို့ ယူလိုက်တော့ ၊ မြေကွက်က ၅၀ တန်ရင် အပေါင် ထားတဲ့ ၂၅သိန်း ကို နှုတ်ပြီး ကျန်တာ ငါတို့ကို အမ်းလိုက်တော့ ”
ဒေါ်မြကြည်က စဉ်းစားသည်။
” ဟဲ့ နင်တို့ မြေကွက်ကို အဲ့လို ငါတို့က အမ်းယူလိုက်တော့ နင်တို့ အိမ်ငှားဘဝရောက်သွားမှာပေါ့ ၊ ဘယ်လောက်ပဲ အဆင်မပြေပါစေ နေစရာ အပိုင်ရှိနေရင် တော်သေးတယ်၊ အိမ်ငှား ဘဝရောက်မှ ဒုက္ခရောက်မှာ ”
ဒေါ်မြကြည်က မောင်ဖြစ်သူကို နားချသည် ။
” နင်တို့ တစ်လ ငါတို့ကို အတိုး ၃ ကျပ်တိုးပဲ ပေးရတာလေ ၊ ပေးပေါ့ ၊ နင်တို့မြေကို အပေါင်ယူထားတယ်ဆိုပေမဲ့လည်း ငါတို့က နင်တို့ကို ဖယ်ခိုင်းမယ့်လူတွေမှမဟုတ်တာ ၊ ဒီတော့ နင်တို့ ယူထားတဲ့ ၂၅ သိန်းကို တစ်လတစ်လ အရင်းလေး နည်းနည်းဆီ ထည့်ဆပ်နိုင်အောင် ကြိုးစားပေါ့ ၊ နင်တို့မှာ ပြင်ပ အကြွေးလည်း ရှိမှမရှိတော့တာပဲ ”
ဒေါ်မြကြည်က မောင်ဖြစ်သူကို မြေနေရာ မဆုံးရှုံးစေချင်တာမို့ လုပ်လို့ရသည့်နည်းလမ်းကို ပြောပြသည်။ အတတ်နိုင်ဆုံး နားလည်မှုပေးလေသည်။ အဆင်ပြေအောင်လုပ်ပေးကာ သဘောထားကြီးပေးလေသည်။ သို့သော် ဦးကိုလေးသည် အရင်းဖဲ့မဆပ်ချင်၊အတိုးလည်းမပေးချင်ဖြစ်နေခဲ့လေသည် ။ နောက်တော့ ဒေါ်မြကြည်၏မောင်အကြီးဆုံး၏ မိန်းမ ဖြစ်သူ စကားကို နားဝင်ခဲ့လေေတာ့သည်။
” သူတို့မှာ ရှိလျက်နဲ့ တမင်မအမ်းချင်လို့ မအမ်းတာ နေမှာပေါ့ ” ဆိုသည့်စကားတစ်ခွန်းကို ဦးကိုလေးက နားဝင်သွားခဲ့သည်။ ထိုစကားတစ်ခွန်းကိုပဲ ခေါင်းထဲထည့်ကာ ဒေါ်မြကြည်၏ စေတနာကို မတွေးတော မဆင်ခြင်တော့ပေ။
” မမ နင်တို့က တမင်ငါတို့ကို မအမ်းချင်တာမလား ” ဟု ဆိုလာခဲ့လေသည် ။ ထိုအခါ စေတနာအစော်ကားခံရပြီး အထင်လွဲခံရလေတော့ ဒေါ်မြကြည် ရင်နာမိတော့သည်။
” နင်တို့ ဆီက အမ်းတဲ့ပိုက်ဆံရရင် ငါတို့ဒီမှာ မနေဘူး စန္ဒာ့အမေ ရှိတဲ့ သံလျင်မှာ လိုက်နေမှာ ၊ ဟိုမှာ ငါ့အတွက် အလုပ်လည်း ပြောထားပြီးသား ”
ဦးကိုလေးက သူ့ မိန်းမ၏ အမေ ၊ သူ့ယောက္ခမဆီ သွားနေမည်ဟု ဆိုလာခဲ့သည် ။ စန္ဒာ့အမေဟာ နောက်ယောက်ျားယူထားခြင်းဖြစ်သည် ။ စန္ဒာ့ကို အတူခေါ်မထားချင်လို့တောင် ဒီမှာ ထားခဲ့ပြီး သူက နောက်ယောက်ျားနောက် လိုက်သွားခြင်း ဖြစ်သည် ။
” ကိုလေးရယ် နင်တကယ် အဆင်ပြေပါ့မလား ”
ဒေါ်မြကြည်က မောင်ဖြစ်သူကို စိတ်မချနိုင်ပေ ။
” နင်တို့မှာ လင်မယားနှစ်ေယာက်တည်းဆိုလည်းထားေတာ့ ၊ ခုက ကလေးငယ်နှစ်ယောက်နဲ့ ၊ ဒီမှာက ကျယ်ကျယ်ဝန်းဝန်း လည်းဖြစ်တယ် ၊ နင့်ကလေးနှစ်ကောင်ကို ငါတို့ တစ်ချက်တစ်ချက် ကြည့်ပေးလို့လည်း ရတယ် ၊ ဟိုကျ နင့်ကလေး နှစ်ကောင်ကို စန္ဒာ မအားရင် ဘယ်သူကြည့်ပေးမှာတုန်း ၊ ငါတို့လောက် ဟိုကပတ်ဝန်းကျင်က စိတ်ချရလို့လားဟယ် ”
” စန္ဒာ့အမေ ရှိတာပဲ ၊ စိတ်မပူပါနဲ့ ဒီလိုပဲ ဖြစ်သွားမှာပေါ့ ”
ဦးကိုလေးက အလွယ်ပြောေလသည်။
” စန္ဒာ့အမေက သူ့ဟာသူတောင် သူ့နောက်ယောက်ျားနဲ့ အဆင်ပြေအောင် ကြည့်ကြပ်နေနေရတဲ့သူ ၊ ဟိုတလောက ရန်ဖြစ်လို့တောင် ဒီရောက်လာသေးတဲ့သူလေ ကိုလေးရယ် ”
” ဘာမှတွေးပူမနေပါနဲ့ဟာ ဖြစ်တယ် ၊ ငါတို့ကို အမ်းသာအမ်းပေး ”
ဒေါ်မြကြည်က သက်ပြင်းချလိုက်ရသည် ။ တားမရသည့်အဆုံး ဦးကိုလေးတို့ကို ခွင့်ပြုလိုက်ရသည်။ ဦးကိုလေးတို့သည် အိမ်ကရှိသမျှပစ္စည်းအကုန်လုံးကို ကားလုံးချင်းငှား၍ သံလျင်ကို သယ်သွားခဲ့သည် ။ ေဒါ်မြကြည်မှာ ဦးကိုလေးတို့ အိမ်ကို ကြည့်ကြည့်၍ ငိုခဲ့ရလေသည်။ ထိုအခါ သော်တာက အမေဖြစ်သူခံစားနေရတာကို မကြည့်နိုင်တော့ ဦးကိုလေးတို့ အိမ်ကို ဖျက်ချ၍ မြေနေရာကွက်လပ်မှာ ပန်းပင်တွေ ထားလိုက်လေသည်။
” အမေရယ် အမေ့မတွယ်တာလို့ သွားတာ အမေက ဘာဖြစ်နေတာလဲ ၊ အမေလည်း တားခဲ့တာပဲ ၊ တားမှမရတာဘဲ မဟုတ်လား ၊ ခံစားမနေနဲ့ ၊ သူတို့အဆင်ပြေတယ်လို့ ပြောသွားတာပဲ ၊ ထားလိုက် ”
သော်တာက အမေဖြစ်သူကို ထိုသို့ ဖြောင်းဖျခဲ့ရသည်။
” အတော် မိုက်တဲ့ေမာင်ပါ အေ ၊ မြေအပိုင်ရှိနေတာကိုများ ထားခဲ့ပြီး အမ်းခိုင်းရတယ်လို့ ၊ ဒီက သူ့အလုပ်ဆိုရင်လည်း အဆင်ပြေနေတာပဲ ၊ ဒါကို သူမလို့ သံလျင် သွားဖို့ဆုံးဖြတ်တယ် ၊ ငါအံ့ဩလို့မဆုံးဘူး ”
” ဪ သူ့မိန်းမစန္ဒာက သံလျင်သွားမယ် ပြောလို့နေမှာပေါ့ ၊ အမေ့မောင် ချည်းသာဆို ဘယ်မှသွားမှာမဟုတ်ဘူး ”
သိပ်မကြာလိုက်ပေ ။ ၃ လ ၄ လလောက်ရှိတော့ စန္ဒာက ဒေါ်မြကြည်ဆီ ဖုန်းဆက်သည်။ အငယ်ဆုံးကောင်လေး အိမ်သာ ကျွင်းအသစ်လုပ်ဖို့ တူးထားသော ကျွင်းထဲသို့ လိမ့်ကျကာ ဆေးခန်းပြရသည်ဟု ဆိုသည် ။ ဒေါ်မြကြည်သည် မထိတ်သာမလန့်သာ ဖြစ်ရကာ ရင်ဘက်ကို ဖိလိုက်မိသည် ။ အကြီးမလေးကလည်း ပြန်လာချင်နေကြောင်း ပြောပြန်သည်။
” ညည်းတို့ အဆင်မပြေဘူး မဟုတ်လား ”
ဟု ဒေါ်မြကြည်ကမေးလိုက်တော့ စန္ဒာက အစုံပြောလေတော့သည် ။
” မကြီးမောင်ကလည်းခုထိ အလုပ်မရသေးဘူး ”
” မသွားခင်ကပြောဝောာ့ အလုပ်ပြောထားပြီးသားဆို ”
” ဟုတ်တယ် မကြီး ၊ ဒီရောက်မှ အလုပ်က အဆင်မပြေဖြစ်တာ ၊ ခု စရောက်ကတည်းက ပါလာတဲ့ပိုက်ဆံတွေနဲ့ပဲ စားသောက်နေနေရတာ ၊ ခု ကုန်လို့ အကြွေးပါတင်နေပြီ ”
” ဖြစ်ရလေလေ အေ ”
” မကြီးမောင်ကလည်း ပြန်ချင်နေတယ် ”
” အေး ငါမပြောဘူးလား ၊ ညည်းတို့ပဲ အဆင်ပြေလှပါတယ်ဆိုပြီး ထွက်သွားကြတာလေ ၊ ခု ပြန်လာတော့ ညည်းတို့ ဘယ်မှာ နေမတုန်း ပြော ၊ ညည်းတို့အေ သိပ် မိုက်မဲတာပဲ ”
” ဟုတ်ပါတယ် မကြီးရယ် ”
စန္ဒာသည် ခုမှ လေသံလျှော့သွားလေ၏။ မသွားခင်ကတော့ ဒီလေသံမဟုတ်ပေ။ မောင်နှမ စုစုပေါင်း ၇ ယောက် ရှိသည်။ ဦးကိုလေး၏ အပူကို ၇ ယောက်လုံးကြားသိပေမဲ့ ဒေါ်မြကြည်ကလွဲလျှင် ဘယ်မောင်နှမကမှ ငွေစိုက်ထုတ်၍ ပြန်ခေါ်ချင်ကြောင်း မပြောပေ။ ဒေါ်မြကြည်မှာတော့ အစ်မကြီးအမိရာ ဆိုသလို မောင်ဖြစ်သူတို့ အဆင်မပြေကြောင်း ပြန်လာချင်နေကြောင်းကြားတော့ မနေနိုင်ခဲ့ပေ။ ကားခအကုန်အကျခံကာ ပြန်ခေါ်ခဲ့လေသည်။
” ငါ အရင်အလုပ်ပဲ ပြန်လုပ်မယ် မမ ၊ အလုပ်ရှင်က ငါတို့နေဖို့ နေရာပေးမယ်လို့ပြောတယ် ၊ စက်တွေထားတဲ့နေရာမှာ နေရမှာ ”
” အေးလေ ၊ အဲ့လိုဆို နေစရာ မပူရတော့ တော်သေးတာပေါ့ ”
နေစရာ မပူရပေမဲ့ အလုပ်ရှင်ပေးသော နေရာသည် ဈေးနှင့်လည်းဝေး ၊ ကျောင်းနှင့်လည်းဝေး ၊ အလုပ်နှင့်ပါ ဝေးသော နေရာ ဖြစ်နေလေသည်။ ထိုအခါ ဦးကိုလေး တစ်ယောက် ဆိုင်ကယ် လိုအပ်လာေတာ့သည်။ ထိုအချိန်ကတည်းက ဆိုင်ကယ် လိုချင်ကြောင်း အမြဲ ပြောနေခဲ့တာ ဖြစ်သည်။
ဆိုင်ကယ် အသစ်ဈေးသည် မြောက်လျက်ရှိသည် ။ တရုတ်ဘီးများတောင် ဈေးကကြီးလှသည့်အခါ အသစ်အနားသို့ တော်ရုံလူမကပ်နိုင်ပါ။ ထိုအခါ second ထဲကပဲ ဦးကိုလေး ရှာေဖွေနေကြာင်း သော်တာ သိထားသည်။ ခုတွေ့ထားလို့ ပိုက်ဆံလှမ်းချေးတာ ဖြစ်နိုင်ကြောင်း သော်တာ တွေးမိသည်။ ကိုယ့်ဦးလေးကို ဆိုင်ကယ်ရစေချင်တာမို့ ချေးကို ချေးမည်ဟု စိတ်ပိုင်းဖြ တ်ပြီး ဦးကိုလေးအိမ်ကို ရောက်လာခဲ့သည်။ ရောက်ရောက်ချင်းပဲ စန္ဒာသည် အငယ်ကောင်လေးကို လက်ဆွဲထွက်လာကာ …
” သော်တာရေ လာ ၊ ကိုလေး က ဟိုဘက်မှာ သူ့ဆီ လိုက်ခဲ့ ၊ ပိုက်ဆံက ခုလွှဲမှရတော့မှာ … ”
စန္ဒက အလျင်တလိုဖြင့် သော်တာ့ကို အတင်းခေါ်တော့ ရွှေရည်သည် အငယ်ကောင်လေးကို ထိန်းဖို့ ကျန်ခဲ့ရလေသည်။ ဦးကိုလေးသည် စက်တွေကို ကြည့်နေရာက သော်တာ့ကိုမြင်တော့ ပြေးလာကာ …
” သော်တာရေ ၊ ၁၂ ခွဲ မတိုင်ခင် ငွေလွှဲရမှာဟ ၊ ငါ ငွေလွှဲပေးမှ သူက ဆိုင်ကယ်ကို ပို့ပေးမှာ ၊ လာ ဒီ အကောင့် ကို လွှဲရမှာ ”
” ဘယ်သူရောင်းတာတုန်း ဦးကိုလေးရဲ့ ”
” လူမှု့ကယ်ဆယ်ရေးအသင်းကကောင်ဟ သူတို့ကိုပေးထားတဲ့ဆိုင်ကယ်တွေကို သူက ပြန်ရောင်းတာ ၊ ထားပါဟာ နောက်မှပြောမယ် ဒီမှာ ဒီ အကောင့်ကို ခု ၅ သိန်းအရင်လွှဲပေးစမ်းပါ ”
ဦးကိုလေးက လောနေတော့ ေသာ်တာလည်း ပျာသွားကာ ဖုန်းကိုထုတ်၍ သူပြောသည့် အကောင့်ကို Kpay ကနေ ၅ သိန်းလွှဲပေးလိုက်လေသည်။
” အဲ့ ငွေလွှဲပြေစာကို ဒီ နံပတ်ဆီ viber ကေနလှမ်းပို့ပေးဦး ”
သော်တာသည် ဦးကိုေလး ပြောသည့်အတိုင်း သူပြသည့်နံပတ်ကို လှမ်းပို့လိုက်သည် ။ Viber အကောင့်နံမည်က ရဲနိုင်ဝင်း ဟု ခေါ်၏ ။ လူမှုကယ်ဆယ်ရေးအသင်း ကားကြီးကို နောက်ခံထား၍ ဓာတ်ပုံရိုက်ထားသော အမျိုးသားတစ်ယောက်ပုံ တင်ထားသည် ။ အမှတ်တမဲ့ ကြည့်လိုက်တော့ လူချော ဖြစ်သည်။ ထိုလူသည် Viber ကနေ ပို့ထားသော ငွေလွှဲပြေစာကို အသဲပြန်ေပးလေသည် ။
ငွေလွှဲပြီးမှ သော်တာသည် ဦးကိုလေးကို ကြည့်ကာ …
” ဆိုင်ကယ်က ဘယ်မှာတုန်း ဦးကိုလေး ၊ သွားကြည့်လို့မရဘူးလား ”
” သွားကြည့်စရာ မလိုတော့ဘူး၊ သူက ပို့ပေးမှာ ၊ ဒီမှာကြည့် ”
ဦးကိုလေးက သူ့ဖုန်းထဲကနေ ပုံတစ်ပုံပြသည် ။ ကားပေါ်ကို ဆိုင်ကယ်တင်နေသော ပုံဖြစ်သည် ။ ဆိုင်ကယ်ကိုကြည့်လိုက်တော့ Honda wave alpha အဖြူရောင်လေးဖြစ်သည် ။
” ဟင် ဒီဘီးမျိုးက အသစ်ဆို ဈေးမနည်းတော့ဘူး ၁၀၀ လောက်များရှိမလားပဲ ၊ ဦးကိုလေးက ဘယ်လောက်နဲ့ဝယ်တာတုန်း ”
” ၅ သိန်းနဲ့လေ ”
” ဟင် ”
” ဟုတ်တယ် ဟ ၊ သန့်တယ်မလား ”
” အင်းသန့်ပါတယ် ၊ အသစ်ကလေးအတိုင်းပဲ ”
” အေးဟ ငါလည်း သူများလက်ဦးသွားမှာစိုးလို့ ငွေလွှဲဖို့လောနေရတာ ”
“ဪ … ”
သော်တာ့စိတ်ထဲ တစ်မျိုးတစ်မည် ဖြစ်လာသည်။ ဆိုင်ကယ်ကိုကြည့်တော့လည်း ၅ သိန်း နှင့် ရနိုင်စရာ အကြောင်းမရှိ ။
” ဒါနဲ့ သူက ဘယ်အချိန်လာမှာတုန်း ဘယ်ကနေ လာပို့မှာတုန်း ”
” ညနေ ၆ နာရီမှ ဒီကိုရောက်မှာဟ ၊ ပဲခူးက ပို့မှာ ”
” ဟင် … ”
သော်တာ သည် နားကြားများ မှားသလားဟု ထပ်အတည်ပြုကြည့်မိသည် ။
” ပဲခူးက ”
” အေး ”
” ဟို ရန်ကုန် ဘက်က ပဲခူးလား ”
” ဟုတ်တယ် ”
” ဟာ ဦးကိုလေးရယ် ၊ သွားပြီပေါ့ ”
” ဘာကိုတုန်းဟ ”
” သမီးကတော့ မသိပါဘူး ဒီမြို့တွင်းက ထင်လို့ ၊ သွားပါပြီ ဦးကိုလေးရယ် ”
ပဲခူးသည် ဒီကနေဆို ၄ နာရီ ၅ နာရီလောက်ကားစီးသွားရသည် ။ ပဲခူးကနေ ဆိုင်ကယ်ကို ကားနှင့် ပို့မည်ဆိုတာ မဖြစ်နိုင်တော့ပေ။ ပြီးတော့ Honda wave alpha ကို ငါးသိန်းတဲ့လား ။ သော်တာသည် ကိုယ့်နဖူးကိုယ်သာ ရိုက်မိတော့သည် ။
” ဦးကိုလေး အလိမ်ခံရပြီ ”
” ဟာ မဟုတ်ဘူး ဒီမှာကြည့် သူက tiktok မှာလည်း ဒီလိုပဲ တင်ရောင်းနေတာ ၊ ငါ စောင့်ကြည့်နေတာ ကြာလှပြီ ၊ အမှန်အကန်ပါဟ ၊ ခဏ ငါဖုန်းဆက်ပြမယ် ”
ဖုန်းဆက်တော့ ဝင်သည် ။ ဆိုင်ကယ် ခု ပို့ပြီ ဟု တစ်ဘက်က ပြန်ပြောတော့ သော်တာသည် အသည်းတွေယားကာ မနေနိုင်တော့ဘဲ …
” အဲ့တာ ဦးကိုလေးကို သူလိမ်နေတာ ” ဟု ဘေးကနေ အော်ပြောပစ်မိလိုက်သည် ။ ဦးကိုလေးသည် သော်တာ့စကားကို လုံးဝ လက်မခံပေ ။
” ဦးကိုလေးရယ် ဒီမြို့မှာလည်း ဆိုင်ကယ် second ရောင်းသူတွေ အမှန်အကန်တွေအများကြီးပါ ဘာလို့ ပဲခူးက ဆိုင်ကယ်ကို သွားမက်ရတာတုန်း ၊ သမီးက ၁၅ သိန်းလောက်နဲ့ ဝယ်မယ်ထင်တာလေ ၊ဦးကိုလေးပြောတော့ အလုပ်ရှင်ဆီကလည်း ၁၀ သိန်းချေးထားသေးတယ်ဆို ၊ ခု ဦးကိုလေး ပြောတဲ့ဘီးမျိုး ဘယ်မှာမှ ၅ သိန်းနဲ့မရဘူး။ second ၊လိုင်စင်မပါတာတောင် ၅ သိန်းနဲ့ မရနိုင်တာ ၊ ခု ပုံထဲက ဘီးက အသစ်ကြီး လုံးဝမဖြစ်နိုင်ဘူး ”
ဦးကိုလေးက သော်တာ ဘယ်လောက်ပြောပြော လက်မခံပေ ။ ဆူဆူညံညံကြားတော့ ရွှေရည်က ရောက်ချလာကာ ရဲနိုင်ဝင်း ဆိုသူ၏ ပုံကို ကြည့်လေသည်။
” ဟာ ဒါ AI ကြီး ဒီပုံက AI ကြီးနဲ့လုပ်ထားတာ ”
” ေ သပါရောလား ”
ညီအစ်မနှစ်ယောက် ဝိုင်းပြောတော့ ဦးကိုလေးက …
” စောင့်ကြည့်ပါဦးမယ်ဟာ ၊ တကယ်လို့ ဖြစ်တော့လည်း ဖြစ်ဖို့ကံပါလို့ လို့ပဲ သ တ်မှတ်ရမှာပေါ့ ” ဟု အလွယ်ပြောပြန်သည် ။ ထိုအခါ သော်တာက …
” ဦးကိုလေး ၊ သမီးပိုက်ဆံကတော့ သမီးပိုက်ဆံပဲနော် ဦးကိုလေး ပေးရမှာပဲ ၊ သမီးလည်း ကျောက်ခဲ သလဲ ကောက်ပေးတာမဟုတ်ဘူး ”
” အေးပါဟာ ငါကလည်း အဖြစ်ပြောပြတာပါ ၊ အလိမ်မဟုတ်လောက်ပါဘူး ၊ ခုနကဝောာင် ဖုန်းဆက်လို့ရနေသေးတာပဲ ၊ ဒီမှာကြည့် သူက ငါ့ကို ဘယ်မှာနေတာလဲ ဘာအလုပ်လုပ်လဲ မေးလို့တောင် ငါပြန်ဖြေထားသေးတယ် ”
” ဦးကိုလေးရယ် အဲ့တာက ဦးကိုလေးအကြောင်းသိချင်လို့မေးတာလေ ၊ ဒါမှ သူ့ကို တစ်ခုခု ပြန်လုပ်နိုင်စွမ်းရှိတဲ့လူလား မရှိတဲ့လူလား သူသိရမှာပေါ့ ၊ ဒါမျိုးတွေက ရဲတိုင်တောင် ရချင်မှရတာ ၊ ဘယ်သူကမှလည်းအဆုံးထိ လိုက်မပေးကြတော့ဘူး ၊ဒီငါးသိန်း အဆုံးလို့သာ မှတ်လိုက်တော့ ၊ ခုဆို အဲ့ကောင်က အကောင့်ထဲကနေတောင် ပိုက်ဆံထုတ်ထားပြီးလောက်ပြီ၊ ဘာမှလုပ်မရတော့ဘူး ”
ဦးကိုလေးက ဘယ်လောက်ပြောပြောလက်မခံပေ ။ စန္ဒာကလည်း မအူမလည် လုပ်နေသည် ။ သော်တာသည် လင်မယားနှစ်ယောက်လုံးကို အသည်းတွေယားနေမိသည်။ သူတို့ပြောသလို အမှန်အကန်ပဲ ဖြစ်ပါစေ ဟုသာ ဆုတောင်း ရင်း ပြန်လာရလေတော့သည်။ သို့သော်လည်း အမှန်အကန် ဖြစ်စရာကို အကြောင်းမရှိပေ။
အိမ်ပြန်ရောက်လို့ ဒေါ်မြကြည်ကို ပြောပြတော့ ဒေါ်မြကြည်သည် ရင်ထုမနာ ဖြစ်ရတော့သည်။
” အေးပေါ့ ဒီမှာ ဆိုင်ကယ်ရှားတာကိုး ဒီမှာရှားလို့ ပဲခူးကဆိုင်ကယ် လှမ်းဝယ်တာ နေမှာ ” ဟု ယူကြုံးမရသာ ပြောလေတော့သည် ။
” အမေ့မောင်က လိုချင်လောဘကြီးနေတာပါ ဆိုင်ကယ် အသစ်လေး ၅ သိန်းနဲ့ရတယ်ဆိုပြီး လောဘတက် ၊ အမှန်မမြင်နိုင်တော့တာ ၊ လောဘကြီးပြီး ဘာမှမတွေးတောတတ်တော့တာ ”
” အမေ့မောင်က လေ တောသားထက်အကြောင်းဆိုးနေပြီ ” ဟု ရွှေရည်က ဝင်ပြောတော့ ဒေါ်မြကြည်က မဲ့လေသည် ။
” တောသားကိုတောင် ဒီလို လိမ်မရပါဘူးအေ ၊ တောသားတွေက လည်မှလည် ၊ လူ့အကြောင်း နပ်မှနပ် ၊ သူကကို ဦးနှောက်မရှိ အလွယ်လမ်းလိုက်လို့ ဒီလိုဖြစ်တာ ၊ သူတို့တွေ အလွယ်လမ်းလိုက်နေသ၍ ဒီလိုပဲဖြစ်နေဦးမှာပဲ ”
ရွှေရည်က ရယ်ရင်း …
” စောင့်ကြည့်ဦးပေါ့ ညနေ ၆ နာရီကျ ဆိုင်ကယ်စီးပြီး ရောက်လာချင် ရောက်လာမှာပေါ့ ” ဟု အရွှန်းဖောက်ေလ သည် ။ သော်တာက မဲ့ကာ …
” အဲ့လိုရောက်လာရင် ငါလည်လှီးခံလိုက်မယ် ” ဟု ဆိုလေသည်။ ဒေါ်မြကြည်သည် သက်ပြင်းမောကြီးကိုသာ ချလိုက်မိ၏ ။
ညနေ ၅ နာရီခွဲတော့ မဖြစ်နိုင်မှန်းသိသော်လည်း အမှန်အကန်ဖြစ်ပါစေ ဟု ဒေါ်မြကြည် ဆုတောင်းမိသေးသည် ။ ၆ နာရီထိုးတော့ သူမရင်ထဲ မီးခဲကြီး မျိုရသလို ခံစားနေရလေသည်။ ဦးကိုလေးဆီ ဖုန်းဆက်ရကောင်းနိုးဟု ဖုန်းကိုကိုင်လိုက်ချလိုက်လုပ်နေမိသည်။ ၆ နာရီခွဲသည် အထိ မဆက်မိသေးပေ။ ၇ နာရီ ထိုးလေသည် ။ထို့နောက် ၇ နာရီခွဲ ပြန်သည်။ ၈ နာရီ ထိုးတော့ ဦးကိုလေးဆီက ဖုန်းဝင်လာသည်။ ဒေါ်မြကြည်အပြေးအလွှား ကိုင်မိသည် ။ ဆိုင်ကယ် ရောက်လာတယ် ဟု ပြောစရာ အကြောင်းမရှိနိုင်တာ သိသော်လည်း မျှော်လင့်မိသည်။ လက်တွေတုန်နေသည် ။ ဖုန်းကိုနားနားကပ်၍ ဟယ်လို လိုက်တော့ …
” မမရယ် ၄ နာရီလောက်ကတည်းက အဲ့လူ ဖုန်းပိတ်လိုက်တာ ၊ ဘာမှလုပ်မရတော့ဘူးဟာ ”
မောင်ဖြစ်သူ၏ အသံထဲမှာ ဘယ်လိုအပူတွေရောယှက်နေသလဲ ဆိုတာ ဒေါ်မြကြည်ခံစားမိသည်။ သူမလည်ချောင်းထဲ အပူတွေ နင်နေတာကြောင့် ဘာမှပြန်မပြောနိုင်ပါ။
” ငါ့မောင် ရယ် ” ဟု တစ်ခွန်းသာ ပြန်ပြောမိလေသည်။
ပြီးပါပြီ ။
ဖြစ်ရပ်မှန်အခြေခံဝတ္ထုတိုတစ်ပုဒ်ပါ။
ဤ အကြောင်းအရာသည် မနေ့က ဖြစ်၏ ။
#JoJo