အချစ်နှင့် လက်ထပ်ခြင်း
-----------------------
သားအဖနှစ်ယောက် လမ်းလျှောက်လာကြသည်။ သားက
“ဖေဖေ”
“ဘာလဲသား”
“အချစ်နဲ့ လက်ထပ်ခြင်း ဘာကွာသလဲဖေဖေ”
ဖခင်ဖြစ်သူက ပြုံးလိုက်သည်။ သူက ခုံတန်းလေးတွင် ထိုင်လိုက်ပြီး
“သား ... ဟိုမှာ နှင်းဆီပန်းခင်းကြီးတွေ့လား”
“တွေ့တယ်ဖေဖေ”
“သားရေ ... အဲဒီနှင်းဆီခင်းထဲက အလှဆုံး ပန်းတစ်ပွင့်ကို ဖေဖေ့ဆီယူလာပေးပါလား ... တစ်ပွင့်ပဲနော် ... သား တစ်ပွင့်ပဲ ဆုံးဖြတ်ပြီး ခူးလာရမှာ”
“ဟုတ်ကဲ့ဖေဖေ”
သားက နှင်းဆီခင်းထဲဝင်သွားသည်။ ခဏကြာသော် လက်ဗလာဖြင့် ပြန်ထွက်လာသည်။
“အလို ငါ့သားရယ် ... တစ်ပွင့်မှလည်း မပါလာပါလား”
“ဟုတ်တယ်ဖေဖေ ... နှင်းဆီတွေက အားလုံးလှနေတာလေ ... ရွေးလေ ... လှလေ ... သား ဘာရွေးရမှန်း မသိတော့တာနဲ့ ဒီအတိုင်းလှည့်ပြန်ခဲ့တာ”
“အေး ... သားရေ ... အဲဒါ အချစ်ပဲကွယ်”
သူတို့ လမ်းဆက်လျှောက်ကြသည်။ လျှောက်ရင်းနှင့် နေကြာပန်းခင်းကြီးတစ်ခုဘေးကို ရောက်လာသည်။
“သားရေ”
“ဗျာ ... ဖေဖေ”
“အဲဒီ နေကြာပန်းခင်းကြီးထဲက အလှဆုံး နေကြာပန်းတစ်ပွင့်ကို ခူးလာပေးပါလား ... ဆုံးဖြတ်ပြီးမှ ခူးနော် ... တစ်ပွင့်ပဲ ခူးရမှာ”
“ဟုတ်ကဲ့ဖေဖေ”
သားက နေကြာပန်းခင်းကြီးထဲကို ဝင်သွားသည်။ ခဏအကြာတွင် နေကြာပန်းတစ်ပွင့်ကို ကိုင်ပြီး ပြန်လာသည်။
“ဒီမှာဖေဖေ”
“သေချာပြီလား ဒီပန်းလေးက အလှဆုံးဆိုတာ”
“အလှဆုံးလို့တော့ မပြောနိုင်ပါဘူးဖေဖေရာ ... နှင်းဆီပန်းခင်းတုန်းက ရွေးရခက်လွန်းလို့ နောင်တရပြီး ဘာဖြစ်ဖြစ် တစ်ပွင့်တော့ ခူးမယ်လို့ ခူးခဲ့လိုက်တာပဲ”
“အေး ... သားရေ ... အဲဒါ လက်ထပ်ခြင်းပဲကွယ်”
သားဖြစ်သူက နေကြာပန်းလေးကို ကိုင်ထားသည်။ သူတို့ဖြတ်လာခဲ့သည့် နှင်းဆီခင်းကို လှမ်းကြည့်နေမိ သည်။
(Love and Marriage)
တင်ညွန့်
၁၇.၁၂.၂၀၂၀