အာဏာရူးများသို့သင်ခန်းစာ
--------------------------
ကျွန်တော် ဒီအကြောင်းလေးကို ကြားဖူးနေတာကြာပါပြီ။ မိတ်ဆွေတို့လည်း ကြားဖူးကြမှာပါ။
“ခံနိုင်ရည်ဆိုတာ ကိုယ် ကိုင်ထားနိုင်တဲ့အပေါ်မှာပဲ တည်တယ်” ဆိုတာ
ပါမောက္ခကြီးက အခန်းထဲကို ဝင်လာတယ်။ သူက ကျောက်သင်ပုန်းပေါ်မှာ စာတစ်ကြောင်းရေးချလိုက်တယ်။
“ခံနိုင်ရည်စွမ်းအင်ကို ဆန်းစစ်လေ့လာခြင်း” တဲ့
သူက စားပွဲပေါ်မှာ ချထားတဲ့ ဖန်ခွက်ကို ကောက်ကိုင်လိုက်တယ်။ ပြီးတော့ သောက်ဖို့ ချထားတဲ့ ရေဘူးကို ဖွင့် လိုက်တယ်။ ဖန်ခွက်ထဲကို ရေလောင်းထည့်လိုက်တယ်။ တစ်ဝက်တိတိ
ပြီးတော့ ကျောင်းသားတွေကို မေးလိုက်တယ်
“ရေတစ်ဝက်တည်းလား .... တစ်ဝက်ကြီးများတောင်လား”
ပြီးတော့ သူက သဘောကျလို့ရယ်လိုက်တယ်။ ဆက်ပြောတယ်
“ဒီအကြောင်းက ရိုးနေပါပြီကွာ ... ဆရာက ဒါကို ပြောချင်တာ မဟုတ်ပါဘူး။ တပည့်တို့ ဖြေကြည့်စမ်းပါ။ ဆရာကိုင်ထားတဲ့ ဖန်ခွက်က ဘယ်လောက်လေးသလဲကွ”
ပါမောက္ခကြီးက လက်ဝါးပေါ် ဖန်ခွက်ကိုတင်ပြီး မြှောက်ကိုင်ထားလိုက်တယ်
ကျောင်းသားတွေက တစ်ယောက်တစ်ပေါက် ဖြေကြတယ်။ ပါမောက္ခကြီးက နားထောင်နေတယ်
“အင်း မှန်းချက်တွေက အမျိုးမျိုးပါလားဟေ့ ... ဆရာပြောမယ် ... ဆရာ့လက်ထဲမှာ ကိုင်ထားတဲ့ရေဖန်ခွက်ရဲ့ တိကျတဲ့ အလေးချိန်ကို ချိန်ပြီးတော့ပြောလည်း မမှန်နိုင်ဘူးကွယ်”
“ဟာ ဆရာကြီးကလည်း အလေးချိန်ကို ချိန်ပြောမှတော့ တိကျတဲ့ အဖြေထွက်ပြီမဟုတ်လား”
“မဟုတ်ပါကွယ် ... ဆရာလက်ထဲမှာ ကိုင်ထားတဲ့ ရေနဲ့ဖန်ခွက်ရဲ့ အလေးချိန်ဟာ ဆရာကိုင်ထားနိုင်တဲ့ အချိန် အတိုင်းအတာပေါ်မှာပဲတည်တယ်။ တစ်မိနစ် ... နှစ်မိနစ်လောက် ကိုင်ထားနိုင်ရင် ပေါ့တယ်ပေါ့ကွယ် ... တစ်နာရီလောက် ဒီအတိုင်း ဆက်ကိုင်ထားနိုင်မှာလား ... ၁၅ မိနစ်လောက် ဆက်ကိုက်ထားရင်ပဲ လက်တွေ တုန်လာမယ်။ တစ်နာရီလောက်ဆိုရင်တော့ ကျိန်းသေတယ် ကိုက်ခဲလာမယ်။ လနဲ့ချီ ... နှစ်နဲ့ချီပြီး ဒီအတိုင်း ဆက်ကိုင်ထားနိုင်မလား ... မကိုင်ထားနိုင်ပါဘူး။ ရေနဲ့ဖန်ခွက် အလေးချိန်က မပြောပလောက်ပေမယ့် အချိန်အကြာကြီး မကိုင်ထားနိုင်ပါဘူး”
ပါမောက္ခကြီးက နားပြီးဆက်ပြောတယ်
“ငါ့လက်ထဲမှာ ရေတစ်ဖန်ခွက်ဆိုတာ လွှတ်ချလို့လည်း မရတော့ဘူး။ လွှတ်ချရင် ကွဲမယ်။ ငါ့လက်ထဲမှာ ရေတစ်ခွက်ကို ကိုင်ထားရပြီဆိုကတည်းက စိတ်ထဲမှာ သောကတွေ ဖိစီးနေရပြီ။ အာရုံက ဖန်ခွက်နဲ့ရေဆီကို ရောက်လေ ပိုပြီးတော့ ဖိစီးလေ။ ပိုပြီးတော့ ဖိစီးလေ ကြာရှည် မကိုင်နိုင်လေပဲ။ ဒါကြောင့် ခံနိုင်ရည်ဆိုတာ မင်းတို့ ကိုင်စွဲထားနိုင်တဲ့ ကာလအပေါ်မှာပဲ တည်တယ်”
ပါမောက္ခကြီးက သင်ခန်းစာကို နိဂုံးချုပ်လိုက်တယ်
မင်းတို့ ဖန်ခွက်ထဲကို ရေထည့်လိုက်ပြီ
ဖန်ခွက်ကို လက်ထဲထည့်ပြီး မြှောက်ထားပြီ
မင်းတို့
ဘယ်လောက်ကိုင်ထားနိုင်မှာလဲ
ခံနိုင်ရည်ဆိုတာ အတိုင်းအတာရှိတယ်
မင်းတို့ တစ်သက်လုံး ကိုင်မထားနိုင်ပါဘူး။
(The Weight of the Glass)
တင်ညွန့်
၃.၂.၂၀၂၁