ငပိန်းနှင့်အစိမ်း

 ငပိန်းနှင့်အစိမ်း

--------------

တစ်လောကလုံးကို စိမ်းစေချင်လို့ တိုက်တွေကို အစိမ်းရောင် သုတ်ခိုင်း၊ လူတွေကို အစိမ်းရောင် ဝတ်ခိုင်း နေစရာမလိုပါ။ 


သင့်မျက်စိမှာ အစိမ်းရောင် မျက်မှန်လေးတစ်လက် တပ်လိုက်ရုံသာ။


ကျွန်တော် ထိုပုံပြင်လေးကို အလွန်ကြိုက်ခဲ့သည်။ ပညာဉာဏ်နည်းသော လူတစ်ယောက်အကြောင်းကို ပြဆိုသော ပုံပြင်ပေါင်းများစွာ ရှိသည့်အနက် လေးနက်သော ပုံပြင်တစ်ပုဒ်ဟုဆိုနိုင်သည်။


အားလုံးကို စိမ်းချင်သဖြင့် အကုန်လုံးကို အစိမ်းရောင် သုတ်ခိုင်းဖို့လိုပါသလား ?


အလွန်ကြွယ်ဝချမ်းသာသည့် သူဌေးကြီးတစ်ယောက်သည် ဝေဒနာနှစ်ခု ခံစားနေရသည်။ တစ်ခုမှာ ခေါင်းကိုက်ခြင်းဖြစ်ပြီး၊ နောက်တစ်ခုမှာ ဗိုက်နာခြင်းဖြစ်သည်။ သမားတော်တွေပင့် ဆေးထိုး၊ ဆေးသောက် အမျိုးမျိုးနှင့် ကုထုံးတွေ စုံလင်သော်လည်း ပျောက်ခြင်းမရှိ။ ရောဂါကပိုဆိုးလာသည်။ 


လောဘကြောင့် ရတာမလို၊ လိုတာမရဖြစ်ကာ ခေါင်းကိုက်သည်


ဒေါသကြောင့် မစားနိုင် မသောက်နိုင်ဖြစ်ကာ ဗိုက်နာသည်


ဘယ်တော့မျှ ပျောက်မည့်ရောဂါတော့မဟုတ်။ 


တစ်နေ့တွင် ဘုန်းကြီးတစ်ပါးက ကြွလာသည်


“ဒကာ … ဝေဒနာခံစားနေကြောင်း သိရတယ် … ဘာဖြစ်လို့ပါလိမ့်”


“မှန်လှပါ ကယ်နိုင်လျှင် ကယ်တော်မူပါ … ခေါင်းကိုက်တာနှင့် ဗိုက်နာသည့် ဝေဒနာကို ဆိုးရွားစွာ ခံစား နေရကြောင်းပါဘုရား”


ဘုန်းကြီးက စမ်းသပ်ကြည့်သည်


“ဒကာ အဓိကပြဿနာက မျက်လုံးမှာဖြစ်နေတာ။ ဒကာက အနီရောင်တွေ တွေ့နေရင် ပိုပြီးတော့ ဆိုးတယ်။ အနီရောင်တွေ့လေ ဒေါသကြီးလေ … ဒေါသကြီးလေ ဗိုက်နာလေ … ဒါကြောင့် အနီရောင် မတွေ့နိုင်အောင် လုပ်ပြီး အစိမ်းရောင်ကို များများမြင်နိုင် … တွေ့နိုင် … ကြည့်နိုင်အောင် လုပ်ရမယ်။ အစိမ်းရောင်ကို မြင်လိုက်တာနဲ့ အားလုံး အလိုလိုပျောက်သွားလိမ့်မယ်”


“တင်ပါ့ဘုရား အရှင်ဘုရား ပြောသည့်အတိုင်း လုပ်ဆောင်ပါ့မည်ဘုရား”


“ကောင်းပေစွ”


ရက်သတ္တပတ်အကြာတွင် ဘုန်းကြီးက ပြန်ရောက်လာသည်။ တစ်မြို့လုံး၊ တစ်တိုက်လုံး၊ တစ်လမ်းလုံး အစိမ်းရောင်တွေကို သုတ်ထားကြောင်းတွေ့လိုက်ရသည်။ 


“ဒကာကြီး အားလုံး အစိမ်းတွေ သုတ်ထားပါလား”


“တင်ပါ့ဘုရား”


“သက်သာလား”


“မသက်သာပါဘုရား”


“ဘာဖြစ်လို့လဲ”


“အလင်းရောင်ကို ကြည့်လိုက် မြင်လိုက်တာနဲ့ ရဲရဲတောက်နေလို့ ပိုဆိုးပါတယ်ဘုရား”


“တစ်မြို့လုံး တစ်လမ်းလုံး တစ်တိုက်လုံး ဆေးရောင်အစိမ်းတွေ လိုက်သုတ်ရလို့ ပိုက်ဆံအတော်လေး ကုန်မှာပေါ့”


“တင်ပါ့ဘုရား”


“မိုက်လိုက်တဲ့ဒကာ … ရော့ ဒီမှာ မျက်မှန် တပ်ကြည့်လိုက်”


သူဌေးက ဘုန်းကြီးပေးသော မျက်မှန်ကို တပ်လိုက်သည်။


“ပြတင်းပေါက်ကနေ အပြင်ထွက်ကြည့်လိုက်”


“အလို တစ်လောကလုံး စိမ်းနေပါလားပါဘုရား”


“အေးလေ … စောစောကတည်းက နေကာမျက်မှန်တစ်လက် ဝယ်တပ်လိုက်ရင် ပြီးတဲ့ဟာ … ခေါင်းကိုက် သေးလား”


“မကိုက်တော့ပါဘုရား”


“ဗိုက်နာသေးလား”


“မနာတော့ပါဘုရား”


“အိမ်း အားလုံး စိမ်းနေပြီကိုးကွယ့် … အစိမ်းသက်သက်မြင်ရဖို့ တစ်လောကလုံးကို အစိမ်းတွေ လိုက်သုတ်စရာ မလိုဘူးသိလား … နေကာမျက်မှန် အစိမ်းရောင်တစ်လက်ဝယ်တပ်လိုက်ရင်ပြီးတယ် သိလား”


“စောစောကမှ မပြောတာပဲဘုရား”


“ငါလည်း ဒကာက အဲဒီလောက် တုံးမယ် မထင်လို့ပေါ့”


ငပိန်းသည် ကောင်းကင်နှင့် နေမင်းကိုတော့ အစိမ်းမသုတ်နိုင်။


(You Cannot Paint the Whole World Green ကိုမြန်မာမှု ပြုပါသည်)


တင်ညွန့်


၁၄.၁၀.၂၀၂၁