နှလုံးသားနှင့်ပစ်ကြပါ

နှလုံးသားနှင့်ပစ်ကြပါ

--------------------

ကျွန်တော် ယခုတစ်လော ခါလီ ဂျီဘရန်း (Kahlil Gibran) ၏ စာတွေနှင့် ဓာတ်ကျနေသည်။ သူ့စာ၊ သူ့ကဗျာ တွေက အတွေးအမြင်တွေကို များစွာဖြစ်စေသည်။ ကျွန်တော် မနေ့က ဂျီဘရန်း၏ စာလေးတစ်ပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။ “ကလေးစကား” ဆိုသည့်စာတိုလေးဖြစ်သည်။ 


ဂျီဘရန်း၏စာတွေက ထူးဆန်းသည်။ ဖတ်ပြီးလျှင် မတွေးဘဲမနေနိုင်သည့် စာမျိုးတွေဖြစ်သည်။ ထို့ကြောင့်လည်း နှစ်သက် သဘောကျရခြင်းဖြစ်သည်။ သူ့စာတစ်ပုဒ်တိုင်းသည် အတွေးများ ဖြန့်ကြက်စရာ။


စားကောင်းသောက်ကောင်းတွေရလျှင် မိတ်ကောင်းဆွေကောင်းတွေကို သတိရမိသလို၊ စာကောင်း ပေကောင်း တွေနှင့် ဆုံရလျှင် သူတော်ကောင်းတွေကို ပြေးမြင်ကာ ဖတ်စေချင်မိသည်။


ကျွန်တော်တို့ လူ့ဘောင်တွင် အိမ်ထောင်သားမွေးမှုတွေကို ပြုကြသည်။ ရည်ရွယ်ချက်မှာ မျိုးဆက်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လူ့ဘောင်ကိုမြှင့်တင်ခြင်း။ အိမ်ထောင်ပြီးလျှင် သားမွေးဆိုသည့် စကားက နောက်ဆက်တွဲအနေဖြင့်လာသည်။ အိမ်ထောင်သားမွေး။


ကျွန်တော်တို့ သားလေးတွေ သမီးလေးတွေ မွေးကြသည်။ ထိုမွေးလိုက်သည့် သားလေးတွေ သမီးလေးတွေကို မိမိတို့ အမှန်တကယ်ပိုင်ပါသလား။ ကိုယ်မွေးသည့် သားသမီး ကိုယ်ပိုင်သည်ဟု ထင်ခဲ့ပါသည်။ သို့သော် ဂျီဘရန်း၏ “On Parenting” ဆိုသည့် စာဖတ်ပြီး အမြင် ပြောင်းသွားသည်။ 


“ကိုယ်မွေးသည့်ကလေးများသည် ကိုယ့်ကလေးမဟုတ်” ဟု သူကဆိုသည်။


ကလေးတွေကို ကိုယ်ကမွေးသည်မှာ မှန်ပါသည်။ သို့သော် မွေးပြီးလျှင် ကိုယ်ကမပိုင် ဘဝကပိုင်သွားသည်။ သူတို့သည် မွေးမိ မွေးဘတွေနှင် အတူနေသော်လည်း သူတို့ကို ကိုယ်ပိုင်ပစ္စည်းတစ်ခုပမာ ဘောထား၍မရပါ။ 


အဘယ်ကြောင့်နည်း


ကိုယ်မွေးလာသည့် ကလေးများကို ချစ်၍ရပါသည်။ သို့သော် သင့်အမြင် သင့်အတွေးတွေပေးကာ ပုံစံခွက်ထဲ ရိုက်သွင်း၍မရပါ။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် မွေးလာကတည်းက သူတို့ကိုယ်ပိုင် အတွေးအခေါ် တွေနှင့် မွေးဖွားလာကြသောကြောင့်ဖြစ်သည်။ 


မိဘများအနေဖြင့် သူတို့၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်ဟုမှာ မှန်ကောင်း မှန်ပါလိမ့်မည်။ သို့သော် သူတို့၏ စိတ် ဝိညာဉ်ကိုတော့ အပိုင်သိမ်းပိုက်ထား၍ မရနိုင်ကြောင်း သိထားသင့်သည်။ 


ကလေးတွေ၏ စိတ်ထဲတွင် သူတို့ကိုယ်ပိုင် စိတ်ကူးအိမ်လေးတွေ တည်ဆောက်ထားပြီးဖြစ်သည်။ သူတို့ တည်ဆောက်ထားသည့် အိမ်လေးတွေသည် သူတို့အတွက် အနာဂတ်တွေဖြစ်သည်။ ထိုအနာဂတ် အိမ်လေး တွေထဲကို မိဘတွေအား ခေါ်ချင်မှလည်း ခေါ်မည်။ ထိုအိမ်အတွက် မိဘတွေထံမှ အကြံဉာဏ်လည်း လိုချင်မှ လိုမည်။ တောင်းချင်မှလည်း တောင်းမည်။

 

မိဘတွေဟုဆိုကာ ငါကြိုက်တာ လိုက်ကြိုက်ရမည်ဟု ပြောခွင့်တော့ရှိပါသည်။ သို့သော် သူတို့စိတ်ထဲတွင် သူတို့ ကြိုက်ချင်ရာ ကြိုက်နိုင်သည်ကိုလည်း သတိပြုစေလိုသည်။ 


မိဘများ စိတ်ထဲတွင် မှတ်ထားရမည့် အချက်တစ်ချက်ရှိသည်


မိဘဆိုသည်မှာ လေးကိုင်းဖြစ်သည်


မိမိတို့ သားသမီးများသည် မြားတွေဖြစ်သည်


လေးကိုင်းအလုပ်သည် မြားကို ဝေးဝေးရောက်စေရန်နှင့် ပစ်မှတ်ကို တည့်တည့်ထိစေရန်အတွက် အထောက် အကူပြုပေးရမည့်အရာများဖြစ်သည်ကို မမေ့သင့်ပါ။ 


လေးသမားကောင်းတို့မည်သည် လမ်းကြောင်းကို တည့်မတ်စွာသိရမည်။ သူ့စွမ်းအားရှိသလောက် လေးကိုင်းကို ဆွဲဆန့်နိုင်ရမည်။ မြားကိုတင်ကာ ပစ်မှတ်ကို လေဟုန်ခွင်းပြီး ရောက်သွားစေရန် ပံ့ပိုးပေးနိုင်သူ များဖြစ်ရမည်။ 


မိဘဆိုသည်မှာ ကိုယ်လက်ထဲက ထွက်သွားသည့် မြားလေးကို ပီတိဖြင့်ကြည့်ပြီး ပစ်မှတ်ကို ရောက်သွားကာ တည့်တည့်ထိမှန်ပြီဆိုလျှင် ကျေနပ်နှစ်သက်ခြင်းဖြစ်ကာ ကျန်နေကြရမည့် သူများဖြစ်သည်။ 


ကျွန်တော် ခါလီ ဂျီဘရန်း၏ စာကိုဖတ်ပြီး အတွေးအမျှင်တန်းမိခြင်းဖြစ်ပါသည်။ 


ကျွန်တော်တို့ဆရာများဘဝသည်လည်း မိဘများနှင့် အတူတူပဲဖြစ်သင့်သည်။ 

လေးကိုင်းကို ကိုင်ထားသူတစ်ဦး၏ စိတ်ဓာတ်မှာ အဝေးကိုလည်း ရောက်စေ၊ ပစ်မှတ်ကိုလည်းထိစေ မဟုတ်ပါလော။


သို့သော် ပစ်မှတ်ကိုထိတိုင်း Good Shot ဟုမပြောနိုင်ပါ။ ပစ်မှတ်ကိုထိလျှင် ထိချက်ကောင်းဖြစ်သော်လည်း သူတစ်ပါးကို ထိခိုက်နစ်နာစေမည်ဆိုလျှင် Bad Manner ဖြစ်သွားစေတတ်သည်ကိုလည်း သတိပြုရမည်။ ကိုယ့်ကြောင့် သူတစ်ပါးကို နစ်နာ မထိခိုက်စေရေးလည်း သင်ရမည်။ ထို့ကြောင့် ဆရာတို့သည် စိတ်ကိုချည်းမသင်၊ စာတွေကိုချည်းမသင်၊ နှလုံးသားကိုပါသင်ရန် အရေးကြီးသည်ဟု ဆိုခြင်းဖြစ်သည်။  


စစ်မှန်သော ပညာရေး ဆိုသည်မှာ နှလုံးသားကို သင်ခြင်းဖြစ်သည်။

  

ကလေးတိုင်းသည် အံချီးဖွယ်ရာ သဘာဝကပေးလာသည့် ရတနာများဖြစ်သည်။ သူတို့သည် ကိုယ်ဖြစ်စေ ချင်သလို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး ဖြစ်ချင်မှဖြစ်မည်။ သို့သော် ကလေးတိုင်းကို ရှိတ်စပီးယားများ၊ မိုက်ကယ် အိန်ဂျလိုများ၊ ဘီသိုဗင်များ ဖြစ်ခွင့်ရှိသည်ကို သတိပြုရန်လိုသည်။ 


နှလုံးသားနှင့် ပစ်ကြစေချင်သည်။ 


တင်ညွန့်


၂၀.၆.၂၀၂၂