တစ်ကပြန်စ

 တစ်ကပြန်စ

------------

၁၉၁၄ ခုနှစ် ဒီဇင်ဘာလက သောမတ်စ် အက်ဒီဆင်၏ အလုပ်ရုံ ဓာတ်ခွဲခန်းကြီးသည် မီးလောင်သွား သည်။ ထိုခေတ်ငွေတန်ဖိုးနှင့်ပင် ဒေါ်လာ ၂ သန်းကျော်ရှိမည်။ အားလုံးနီးပါး ပျက်စီးဆုံးရှုံးသွားခြင်း ဖြစ်သည်။


သူ့ဘဝတစ်လျှောက်လုံး ကြိုးစားအားထုတ်ခဲ့သမျှ၊ တည်ဆောက်ခဲ့သမျှ အားလုံး မီးထဲပါသွားသည်။ 


အသက် ၂၄ နှစ်အရွယ် သားဖြစ်သူ ချားလ်စ်က မီးလောင်နေချိန်တွင် သူ့ဖခင်ကိုလိုက်ရှာသည်။ မီးခိုးတွေကြားတွင်ရပ်ကာ မီးလောင်နေသည့် အဆောက်အအုံကြီးကို ကြည့်နေသည့် ဖခင်ဖြစ်သူကို တွေ့လိုက်ရသည်။

 

ချားလ်စ်က ပြန်ပြောပြသည်


“အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဖေဖေဟာ လူငယ်လေးတစ်ယောက် မဟုတ်တော့ပါဘူး။ သူ့ဘဝကြီး တစ်ခုလုံး မီးထဲပါသွားတာပါပဲ။ ဖေဖေက ကျွန်တော့်ကိုတွေ့တော့ လှမ်းအော်တယ်။ ချားလ်စ်ရေ မင်း မေမေဘယ်မှာလဲတဲ့။ ကျွန်တော်က မသိဘူးလို့ပြောလိုက်တော့၊ သွားရှာချေကွယ်။ တွေ့ရင် ဒီကိုခေါ်ခဲ့။ သူ့ဘဝမှာ ဒီလိုမြင်ကွင်းမျိုးကို နောက်ထပ်ဘယ်တော့မှ မြင်ရမှာမဟုတ်ဘူးတဲ့”


နောက်တစ်နေ့ နံနက်တွင် အက်ဒီဆင်သည် အပျက်အစီးပုံကြီးကို ကြည့်ကာ ပြောလိုက်သည်။


“ဟောဒီ မီးဘေးက အများကြီးတန်ဖိုးရှိတယ်။ ငါတို့မှားနေတာတွေအားလုံးကို ဖျက်ဆီးပေးလိုက်တာပဲ။ ကျေးဇူးတော် အနန္တပါဘုရားသခင်။ အားလုံးကို အသစ်ကပြန်စနိုင်ပါပြီ”


မီးလောင်ပြီး သုံးပတ်အကြာတွင် အက်ဒီဆင်၏အားထုတ်မှုဖြင့် phonograph ခေါ် ဓာတ်စက်ကို ပထမဆုံး တီထွင်ထုတ် လုပ်နိုင်ခဲ့သည်။


ဘဝတွင် အရှုံးထဲက အမြတ်တွေကို ထုတ်နိုင်လျှင်ရသည်။


သဘာဝဘေးတွေ၊ လူလုပ်သည့်ကပ်ဘေးတွေကို ကျွန်တော်တို့ ရင်ဆိုင်လိုက်ရသည်။ ကုန်းကောက်စရာ မရှိလောက်အောင် ဖြစ်သူတွေဖြစ်ကုန်သည်။ သေသူတွေသေသည်။ တန်ဖိုးရှိသည့် အသက်ပေါင်းများစွာ ပေးဆပ်လိုက်ရသည်။ မသေသင့်ဘဲ သေကုန်သည်။ ကမ်းကုန်အောင် ရက်စက်သည့် လူမဆန်သော လုပ်ဆောင်ချက်များကြောင့် ဘဝတွေသေကုန်ကြရသည်။


အက်ဒီဆင်နှလုံးသွင်းသည့် တရားသဘောကိုပဲ ယူရမည်


“ငါတို့မှားနေတာတွေ အားလုံးကို ဖျက်ဆီးပေးလိုက်တာပဲ”


အားလုံးပျက်ကုန်ပြီ၊ ပျက်ချိန်တန်လို့ ပျက်ရသည်။ မပျက်လည်း ဖျက်ရမည့်အတူတူ၊ မပျက်ပျက်အောင် ဖျက်နေခြင်းကိုပင် ဖြစ်ချိန်တန်လို့ဖြစ်၊ ပျက်ချိန်တန်လို့ ပျက်တာပဲဟု သဘောထားကာ အသစ်က ပြန်စနိုင်ရန် နှလုံးသွင်းထားဖို့လိုသည်။


“အားလုံးအသစ်က ပြန်စနိုင်ရန် အခွင့်အရေးတစ်ခုကို ရလိုက်ခြင်းဖြစ်သည်” ဟု သဘောထားပြီး လုပ်စရာ ရှိသည်တို့ကို ဆက်လုပ်နေကြရန်သာဖြစ်သည်။ 


အချိန်ယူထားသည်။ အားမွေးထားသည်။ ဓားသွေးထားသည်။ 


ပြန်စရအောင်ဟေ့ဆိုလိုက်လျှင် အားကြိုးမာန်တက်ဖြင့် ခေတ်သစ်ကို ထူထောင်နိုင်ရမည်။


တို့ခေတ်ကို ရောက်ရမည်။


အစကပြန် စမည်။


(Ref: Brain Cavanaugh’s The Sower’s Seeds)


တင်ညွန့်


၄.၉.၂၀၂၁