သူခိုးနှင့်ရသေ့

 သူခိုးနှင့်ရသေ့

----------------

တောထဲတွင် တစ်ပါးတည်း သီတင်းသုံးနေသည့် ရသေ့ကြီးထံ သူခိုးတစ်ယောက် ရောက်လာသည်။ သူခိုးက ပြေးရင်းလွှားရင်း ဒုက္ခရောက်လာသူဖြစ်သည်။ 


ရသေ့၏ တည်ငြိမ်သောအနေအထား၊ လှပသောအဆင်းကိုကြည့်ကာ သူခိုးက အံ့အားသင့်နေသည်။ ဤမျှ ချောမောသူသည် အဘယ်ကြောင့် ရသေ့အသွင်ဖြင့် တောထဲတွင် တစ်ပါးတည်း ဆင်းရဲစွာ အကျင့်ကိုကျင့်နေရ သနည်းဟု ဆင်ခြင်နေမိသည်။


“ဘယ်က လာသလဲဒကာ”


“တပည့်တော် အရှင်ဘုရားကို မလိမ်ဝံ့ပါ။ မှန်တာကိုပြောပါမည်။ သူခိုးဖြစ်သောကြောင့် ပြေးရင်းလွှားရင်း အရှင့် ကျောင်းကိုရောက်လာပါသည်”


“ခိုးတာကို အလုပ်တစ်ခုလို လုပ်နေတာလား”


“မှန်ပါအရှင် ... တပည့်တော်မှာ ခိုးခြင်းကလွဲပြီး အခြားမလုပ်တတ်ပါ။ မခိုးနဲ့ဟု ပြောဆိုဆုံးမတာတွေကိုလည်း ကြားပါသည်။ သို့သော် တပည့်တော်သည် သူခိုးမျိုးရိုးကလာပြီး ခိုးခြင်းတွင် သာယာနေသောကြောင့် ခိုးတာ မကောင်းဟု ပြောသည်ကိုလည်း နားဝင်မည်မထင်ပါအရှင်”


“သင့်ကြည့်ရတာ ကြောက်နေသလိုပဲ ... ဘာကိုကြောက်နေသလဲ ... ငါကသင့်ကို သူခိုးလို့ပြောနေလို့လား”


သူခိုးကကြောင်သွားပြီး ရသေ့ကို မော့ကြည့်လိုက်သည်။


“သူခိုး ဖြစ်နေသောကြောင့် သူတော်စင်များနှင့်တွေ့လျှင် စိုးရွံ့မိသည်မှာ အမှန်ပါအရှင်”


“ဘာဖြစ်လို့လဲ”


“သူတော်စင်တွေက တပည့်တော်ကိုတွေ့တိုင်း မခိုးနဲ့ဟု ပြောမည်ကို ကြောက်မိပါသည်”


ရသေ့က သူခိုးကိုကြည့်ကာ ရယ်လိုက်ပြီး


“အင်း သူခိုးဆိုတာ ရှိတာပဲ ... ရှေးအကျဆုံးအလုပ်ပဲ ... သင့်ဘာသာခိုးတာ ငါက ဘာဖြစ်လို့ သင့်ကို မခိုးနဲ့ လို့ ပြောရမှာလဲ”


သူခိုးက ရသေ့ထံမှ စကားကိုကြားလိုက်ရသောကြောင့် အားတက်ပြီး ပျော်သွားသည်


“တပည့်တော်ကို သူခိုး မခိုးနဲ့လို့သာပြောသူတွေကို ကြုံတွေခဲ့ရပါသည်။ အရှင်ဘုရားကတော့ မခိုးနဲ့ဟု မပြောပါလား ... တပည့်တော် ကြည်ညိုပါ၏ ... အရှင်ဘုရား တပည့်တစ်ဦးအနေဖြင့် လက်ခံပေးတော်မူပါ”


“လက်ခံပါတယ်ဒကာ ... သင်ကြိုက်တာ သင်လုပ်နိုင်ပါတယ်။ သင်ကခုဆိုရင် ငါ့တပည့်ဖြစ်သွားပါပြီ"


“ဝမ်းသာလိုက်တာဘုရား”


“တစ်ခုတော့ ပြောထားမယ်ဒကာ ... ခုဆိုရင် သင်က ငါ့တပည့်ဖြစ်သွားပြီဆိုတော့ သင်တစ်အိမ်အိမ်ကို ဝင်ခိုးတော့မယ်ဆိုရင် ... အိမ်ထဲကိုရောက်ပြီး တစ်ခုခုကို ယူတော့မယ်ဆိုရင် ငါ့ကို သတိမရမိပါစေနဲ့”


“ဘာဖြစ်လို့လဲဘုရား”


“ငါက သူတော်ကောင်းအကျင့်ကို ကျင့်နေသူဖြစ်သည်။ သင်က ငါ့တပည့်ဖြစ်နေသည့်အတွက် သင်ခိုးတိုင်း ငါ့ကို သတိမရစေချင်ဘူး”


“မှန်ပါအရှင် ... တပည့်ကို ဝတ်ကြီးဝတ်ငယ် ပြုစုခွင့်ပေးပါ ... သို့သော် တပည့်တော် သွားခိုးလျှင်တော့ အရှင်ဘုရားကို သတိမရမိအောင် ကြိုးစားပါ့မယ်”


“ကောင်းပေစွ”


ဤသို့ဖြင့် သူခိုးသည် ကျောင်းတွင်ခိုနေပြီး တစ်ညတွင် မခိုးရမနေနိုင် ထွက်ခိုးတော့သည်။ မိုးလင်းခါနီးမှ ကျောင်းကိုပြန်ရောက်လာသည်။ ရသေ့ကြီးက ကျောင်းတွင်း၌ တံမြက်စည်းလှည်းနေသည်။


“ဒကာ ပြန်လာပြီလား”


“မှန်ပါဘုရား”


“သွားခိုးတာလား”


“တင်ပါ့ဘုရား”


“ရခဲ့သလား”


“ရတော့ရပါတယ် ...မယူခဲ့ပါဘုရား”


“ထူးဆန်းတဲ့စကားပါလား ... ရှင်းစမ်းပါဦး”


“တပည့်တော်ညက ဘုရင့် ဘဏ္ဍာတိုက်ကို ဖောက်ပါတယ်ဘုရား ... ဘဏ္ဍာတိုက်ထဲကိုလည်း အောင်မြင်စွာ ဝင်နိုင်ခဲ့ပါတယ်ဘုရား ... ဒါပေမဲ့ အရှင်ဘုရားပြောလိုက်တဲ့စကားမှာ ခိုးမယ်ကြံတိုင်း ငါ့ကိုသတိမရမိစေနဲ့ ဆိုတာကို ပထမဆုံး နားထဲကြားပါတယ်ဘုရား ... နောက်တော့ အရှင်ဘုရားမျက်နှာကို မြင်ပြန်ရောဘုရား ... အဲဒီမှာ ဒုက္ခရောက်တော့တာပဲဘုရား”


“ဘာတွေ ဒုက္ခရောက်တာလဲ ဒကာ”


“အရှင်ဘုရားကို သတိရလိုက်တော့ လက်ထဲမှာ ကိုင်ထားတဲ့ စိန်တုံးကြီးက ကျောက်ခဲတုံးကြီးလို ဖြစ်သွားရော ဘုရား ... ပတ္တမြားကြီးကို လှမ်းယူလိုက်တော့လည်း အရှင်ဘုရား မျက်နှာကို မြင်လိုက်မိတာနဲ့ ချက်ချင်း မြေစိုင်ခဲကြီး ဖြစ်သွားပြန်ရော ... မဖြစ်သေးဘူး ... အရှင်ဘုရားကို မေ့နိုင်အောင်ကြိုးစားတိုင်း မမေ့နိုင်တာကြောင့် ဘဏ္ဍာတိုက်ထဲက ဘာတွေကိုကြည့်ကြည့် တန်ဖိုးမရှိတာတွေ ဖြစ်နေတယ်ဘုရား”


“သင့်ကို ငါပြောသားပဲ ... ခိုးရင် ငါ့ကို သတိမရမိစေနဲ့လို့”


“တပည့်တော် ရတော့ ရခဲ့ပါတယ်ဘုရား ... ဒါပေမဲ့ မယူထိုက်ဘူးဆိုတာ သိသွားပါပြီ ... သူတော်ကောင်းကိုမြင် သူတော်ကောင်းစိတ်မွေးလိုက်ရင် တပည့်တော် ဘာကိုလိုချင်ချင် ရထိုက်မှရတယ်ဆိုတာ ကောင်းစွာ သိမြင် သွားပါပြီ။ တပည့်တော်ကို တပည့်အဖြစ်လက်ခံပြီး တရားရအောင်လမ်းပြပေးတဲ့အရှင့်ကို ဦးချပါရစေအရှင်”


သူခိုးလည်း သူတော်ကောင်းတရားနှင့် သူတော်ကောင်းမျက်နှာကို မြင်တတ်လျှင် ပြင်တတ်သည်။


(The Thief and Hermit)


တင်ညွန့်


၂၆.၄.၂၀၂၀