ပီတိစားသူများ

 ပီတိစားသူများ

-------------

ကျွန်တော်က နေ့လယ်ကျောင်းလွှတ်တိုင်း ဒေါ်သေးမ၏ ဘိန်းမုန့်ဆိုင်ကို သွားလေ့ရှိပါသည်။ 


ဒေါ်သေးမ သာဆိုသည် ဝဝတုတ်တုတ်နှင့် ရုပ်ရှင်ထဲမှ ဒေါ်စိန်ခင်ကြီးနှင့် အတော်လေးတူသည်။ ကျွန်တော်က သူ့ကို မစိန်ခင်ဟု ခေါ်သည်။ သူ့ယောက်ျား ဦးမောင်နီကတော့ အလိုလို ကြယ်နီကြီးဖြစ်သွားသည်။ တစ်ခေတ်က ကြယ်နီနှင့် မစိန်ခင်တို့သည် အတွဲညီကြသည့် သရုပ်ဆောင်များဖြစ်သလို ဆိုင်တွင်လည်း မစိန်ခင်က ဘိန်းမုန့်နှင့် မုန့်ပေါက်စီများကို ဒိုင်ခံဖုတ်၊ ကိုကြယ်နီက စားပွဲထိုး ရေနွေးတည်။


တစ်နေ့ ကျောင်းလွှတ်ချိန် နေ့လယ် ကျွန်တော်က သူတို့ဆိုင်ကိုလာပြီး


“ကိုကြယ်နီရေ ... ဘိန်းမုန့်တစ်ချပ်”


သူက ဘိန်းမုန့် ညှပ်နေရင်းမှ


“ဆရာ ... ပေါက်စီတစ်လုံး ကျန်သေးတယ် ညှပ်ထည့်လိုက်ရမလား”


“မထည့်ပါနဲ့ဗျာ ပိုက်ဆံက ဘိန်းမုန့်ဖိုးပဲ ပါလို့ပါ”


ကျောင်းဆရာဘဝ ဘိုင်ကျလှသည်ကို ပြောမယုံ လုပ်ဖူးမှသိမည်။ 


ဘိန်းမုန့်တစ်ဝိုင်း နှစ်ကျပ်သာဖြစ် သော်လည်း ပြတ်တုန်းလပ်တုန်း ၂၃ လောက်ဖြစ်နေသဖြင့် ဘတ်ဂျက်က သိသာလှသည်။ ယနေ့အဖို့ ထမင်းချိုင့်မပါ၊ လက်ဖက်ရည်ကိုပင်ချွေတာ၊ ဗိုက်ပြည့်ရန် ဘိန်းမုန့်လာစား နေခြင်းသာ။

 

တိုင်းဆချွေတာ ကျောင်းဆရာဘဝ


ကျွန်တော်က ဘိန်းမုန့်စား၊ ရေနွေးကြမ်းသောက်နေစဉ် ကျောင်းသားလေးတစ်ယောက်က ဆိုင်ထဲပြေးဝင် လာကာ


“ဘိန်းမုန့် ငါးမူးဖိုးပေးပါ”


မစိန်ခင်က


“ဘိန်းမုန့်ကုန်သွားပြီသားရဲ့ ... မုန့်ပေါက်စီ တစ်လုံးပဲကျန်တော့တယ်”


“ပေါက်စီက ဘယ်လောက်လဲ”


“ပေါက်စီက ငါးမူးလေ”


ကလေးက ပိုက်ဆံကို လွယ်အိတ်ထဲရှိ ကွန်ပါဘူးထဲက ထုတ်နေစဉ် အမျိုးသမီးတစ်ယောက်က ကလေး တစ်ယောက်ကို ဆွဲပြီး ဝင်လာသည်။ အမျိုးသမီးက မုန့်ဗန်းထဲမှ ပေါက်စီကို စပ်ခနဲ ယူလိုက်ပြီး သူ့သားကို ပေးကာ


“ရော့ သားစား” ဟုပြောလိုက်သည်


ကိုကြယ်နီက


“ဟေ့ ... ဟေ့ ... အဲဒီမုန့်က ဒီကလေးယူထားတာ”


“တစ်ခုတည်းရှိတာလား”


“ဟုတ်တယ် တစ်ခုပဲကျန်တော့တယ်”


“ကျွန်မ အရင်ယူတာလေ”


“ဘယ်သူယူယူပါကွယ် ... ဒီကလေးက ဦးနေတာ သူ့ကိုပဲပေးလိုက်ပါ”


သူ့အမေက သူ့သားကို


“စား ... စား မြန်မြန်စားလိုက်” ဟုပြောလိုက်သည်။


ကလေးက ပေါက်စီကို ကိုင်ထားသော်လည်း ကြောင်ကြည့်နေသည်။ 


ကျွန်တော်က ကိုယ့်ပန်းကန်ထဲမှ ကျန်နေသေးသည့် ဘိန်းမုန့်နှင့် မုန့်မရလိုက်သော ကျောင်းသားကို ဖြေရှင်း ပေးမည်ဟု ကြံလိုက်သော်လည်း မြင်ကွင်းကို ဆက်ကြည့်နေမိသည်။


“ဟာ ခက်တော့တာပဲ ... ပေးလိုက်ပါ ဒီကလေးကို”


“မပေးနိုင်ပါဘူး ... ကျွန်မယူထားတာ”


ကိုကြယ်နီ အခက်တွေ့နေစဉ်


“ပေါက်စီတစ်လုံး ဘယ်လောက်လဲ” ဟု အမျိုးသမီးက မေးလိုက်သည်။


“တစ်ကျပ်”


တစ်ကျပ်ဆိုသည့်စကားကို မစိန်ခင်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။ ကျွန်တော်က ဘယ့်နှယ် ခေါက်ချိုး ဈေးတက်သွားပါလိမ့်ဟု စိတ်ထဲဖြစ်နေစဉ် ထိုအမျိုးသမီးက


“ရော့ ... ပေးတယ် ... ကျွန်မသား စားရရင်ပြီးရော” ဟုပြောကာ တစ်ကျပ်ထုတ်ပေးသည်။


မစိန်ခင်က ပိုက်ဆံတစ်ကျပ်ကို ယူလိုက်သည်။


ပထမဆုံးရောက်လာသည့် ကျောင်းသားမှာ ငိုမဲ့မဲ့ဖြစ်နေသည်။ ကျွန်တော်က


“ကိုကြယ်နီရေ ခက်တော့တာပဲ ... အတ္တကြီးလိုက်ကြတာနော် ... ဒါနဲ့ မစိန်ခင်ရေ ဘာဖြစ်လို့ ငါးမူးတန် ပေါက်စီကို တစ်ကျပ်ယူလိုက်တာလဲဗျ”


“မဟုတ်ဘူးဆရာ ... ကျွန်မလည်း အဲဒီလို ကြောတာမျိုးကို မကြိုက်ဘူး ... ဒါကြောင့် ငါးမူးတန်ကို မယူအောင် တစ်ကျပ်လို့ ပြောတာလည်း ကောင်မက မခံချင်လို့ထင်တယ် ပေးပြီးယူသွားတယ်”


ကျွန်တော်က


“လာ ... သားလေး ... ဒီမှာ ဘိန်းမုန်လာယူ”


“အို ဆရာက ဘာဖြစ်လို့ ကျွေးရမှာလဲ ... ကျွန်မ ဖယ်ထားတဲ့ ပေါက်စီတစ်လုံး ရှိတယ် ... ကျွန်မပဲ ပေးလိုက်မယ်”


မစိန်ခင်က ဗန်းအောက်မှ ပေါက်စီတစ်လုံးကိုထုတ်ပြီး သတင်းစာစက္ကူနှင့်ပတ်ကာ ကလေးကို ပေးလိုက် သည်။


ကလေးက သူ့လက်ထဲကိုင်ထားသော ပိုက်ဆံ ငါးမူးကို


“ရော့ ဒေါ်ကြီး” ဟုပေးလိုက်သည်ကို မစိန်ခင်က


“မပေးနဲ့တော့ကလေး ... သားပေးရမယ့် ပိုက်ဆံကို စောစောက သားဆီကလုဝယ်သွားတဲ့ ကောင်မက ပေးသွားပြီးပြီ”


ကလေးက မုန့်ထုတ်လေးကို ကိုင်ပြီး ပြန်ထွက်သွားသည်။


ကျွန်တော်က


“မစိန်ခင်ရေ”


“ရှင် ဆရာ”


“သာဓုပါဗျာ ... ဘိန်းမုန့်တော့ ဈေးမတက်ပါဘူးနော်” ဟု ကျွန်တော်က နောက်ပြောလိုက်ကာ ပိုက်ဆံနှစ်ကျပ် ထုတ်ပေးလိုက်သည်။ 


မစိန်ခင်က


“ဆရာရယ် ... ဆရာတို့ကို တတ်နိုင်ရင် အလကား ကျွေးလိုက်ချင်တာပါရှင့်” ဟုပြောလိုက်သည်။


ထိုစကားလေးတစ်ခွန်းနှင့်ပင် ပီတိဖြစ်ခဲ့ကာ ယနေ့တိုင် မမေ့နိုင်ခဲ့ပါ။ 


တင်ညွန့်


၁၄.၁၁.၂၀၂၀