ကြောက်စိတ်
------------
“အာဏာရှင်တွေဟာ သူတို့ရဲ့ ကုလားထိုင်လှလှကြီးတွေမှာထိုင်ပြီးတော့ သူတို့ဘေးပတ်လည်မှာ လှံစွပ်ကိုင် စစ်သားတွေကို ဝန်းရံထားကြတယ်။ နံပါတ်တုတ်ကိုင် ရဲတွေကိုလည်း အသင့်ထားကြတယ်။ သူတို့ဘေးမှာ အဲဒါတွေထားပြီး သူတို့စိတ်ထဲမှာတော့ မဖော်ပြနိုင်လောက်အောင် ကြောက်နေကြတယ်။
သူတို့ဘာတွေကြောက်သလဲ
သူတို့ စကားလုံးတွေကို ကြောက်တယ်
သူတို့အတွေးတွေကိုကြောက်တယ်
အဲဒီစကားလုံးတွေ၊ အတွေးတွေဆိုတာက ဘယ်လိုပဲတားမြစ်ထားထား၊ ဘယ်လောက်ပဲ ပိတ်ပင်ထားထား အိမ်တွေ (ပြည်သူတွေ) ဆီက ပေါ်ထွက်လာတဲ့ စကားလုံးတွေ အတွေးတွေပဲ
အဲဒီစကားတွေ
အဲဒီအတွေးတွေက သူတို့ကို ထိတ်လန့်တုန်လှုပ်စေတယ်။
ဘယ်လောက်တောင် သူတို့ဖြစ်နေသလဲဆိုရင်
ကြွက်လေးတစ်ကောင် အခန်းထဲမှာ ဖြတ်ပြေးသွားရင်တောင် သူတို့ကိုယ်သူတို့ စွမ်းအားအရှိဆုံး၊ အာဏာ အရှိဆုံးလို့ ထင်နေတဲ့ကောင်တွေဟာ ကြောက်ဒူးတွေတုန်ပြီး ကယောင်ချောက်ချားဖြစ်ချင်နေကြတယ်”
အထက်ပါစကားများကို ပြောကြားသွားသူမှာ ဗြိတိန်နိုင်ငံ၏ ထင်ရှားသော ဝန်ကြီးချုပ်ဟောင်း ဆာဝင်စတန် ချာချီဖြစ်ပါသည်။ လူတွေကြောက်လာလျှင် ဖြစ်လာတတ်သည့်သဘောကို အကောင်းဆုံး ဖော်ထုတ်ပြောသွား ခြင်းဖြစ်သည်။ အထူးသဖြင့် အာဏာရှင်စိတ်ဓာတ်ကို ဖော်ထုတ်ပြသခြင်းဖြစ်သည်။
မဟုတ်၊ မမှန်၊ မသင့်၊ မဆီလျော် တိုင်းပြည်ကမကြိုက်၊ လက်နက်အားကိုးဖြင့် စိုးမိုးချင်သော အာဏာရှင်တို့ သည် ကြောက်လာလျှင် စကားမမှန်တော့ကြောင်းကိုလည်း Marjane Satrapi က
“လူဆိုတာ ကြောက်လာရင် ဝေဖန်ပိုင်းခြား စဉ်းစားနိုင်စွမ်းတွေ ပျောက်သွားတတ်တယ်။ သူကြောက်လာတဲ့ အတိုင်း ထင်ဟပ်တဲ့ အပြုအမူ အပြောအဆိုတွေကို ပေါ်လွင်အောင် ဖော်ထုတ်ပြလာတတ်တယ်။ ကြောက်စိတ်က သူတို့ကို ခိုကိုးရာမရသလိုဖြစ်သွားစေပြီးတော့ သူတို့ ချုပ်တည်းထားရသမျှကို မဖုံးနိုင် မဖိနိုင် ပေါက်ကွဲပြတတ်တယ်၊ အဲဒါ အာဏာရှင်တိုင်းရဲ့ ငုပ်စိတ်ပဲ” ဟု ဆိုထားသည်။
ကြောင်ကြာကြာ ရေမငုပ်နိုင်ဘူးဟု ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကြောင်သည် ရေငုပ်နိုင်သော သတ္တဝါ မဟုတ်သောကြောင့်ဖြစ်သည်။
ရေငုပ်နိုင်သော ငါးသည်လည်း ကုန်းပေါ်တွင် ကြာကြာ အသက်မရှင်နိုင်ပါ။ ထိုအကြောင်းကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးက
“ရေ၌ပေါက်ဖွား ငါးစသည်ကို
မိမိ၏တည်ရာ ရေမှ ထုတ်၍
ကုန်း၌တင်ထားသော်
တဖြတ်ဖြတ်တုန်လှုပ်၍ နေသကဲ့သို့” ဟု တင်စားပြတော်မူခဲ့ပါသည်။ (ဓမ္မပဒ၊ စိတ္တဝဂ်)
သူ့နေရာနှင့်သူဆိုသည့်စကား ရှိပါသည်
ကိုယ့်နေရာကိုယ်ရှိနေဖို့လိုသည်။
ကြောင်က ကုန်းပေါ်မှာနေ ကြောက်စရာမလို
ငါးက ရေထဲမှာနေ ကြောက်စရာမလို
ကုန်းနေက ရေငုပ်ချင်
ရေနေက ကုန်းတက်ချင်လျှင် ဖြတ်ဖြတ်လူးတော့မည်သာဖြစ်သည်။
တင်ညွန့်
၁၅.၈.၂၀၂၀