သူ့အရပ်နှင့်သူဇာတ်

 သူ့အရပ်နဲ့ သူ့ဇာတ်

------------------

ရွာတွင် တပေါင်းလပြည့်ဘုရားပွဲအတွက် ပွဲသွင်းရန် စီစဉ်ကြသည်။ ယခုနှစ်က စပါးလည်းအောင်၊ မြေပဲလည်း အောင်သဖြင့် တောင်သူရော လယ်သမားတွေပါ ငွေရွှင်ကြသည်။ ထို့ကြောင့် ရွာလူကြီးအိမ်တွင် အစည်း အဝေးကို တက်ကြွစွာ တက်လာကြသည်။ ဆရာတော်ဘုရားကလည်း ကြွလာသည်။ 


“အေး ... တိုတိုနဲ့ လိုရင်းပဲ လုပ်ကြရအောင် ... ဒီနှစ်ဘုရားပွဲ ပွဲငှားမယ် ... ရွာပွဲဖြစ်နေတဲ့အတွက် ပိုက်ဆံ မယူရဘူး။ ဗလာပွဲဖြစ်ရမယ်။ မင်းတို့ ငွေရွှင်တဲ့သူတွေ ပိုက်ဆံများများထည့်ကြ”


ဆရာတော်က လိုရင်းတိုရှင်း မိန့်တော်မူသည်။ 


“တပည့်တော်တို့ ပိုက်ဆံထည့်မှာပါဘုရား ... ဘယ်ဇာတ်ကိုငှားကြမလဲဘုရား”


ဆရာတော်က


“ငါကတော့ စိန်ကိုကိုဇာတ်ကို ငှားစေချင်တယ်”


“စိန်ကိုကိုဇာတ်က ခေတ်သစ်တီးဝိုင်းတွေ မပါဘူး ဆရာတော်ဘုရား ... ရွာက ကာလသားတွေက ခေတ်သီချင်း လေးတွေတီးတဲ့ တီးဝိုင်းပါတဲ့ ဇာတ်ကိုပဲငှားစေချင်တာ” 


“အေးလေ လူကြီးရော လူငယ်ပါ သဘောကျနိုင်တာကို လုပ်ကြပေါ့ ... ဇာတ်ငှားတာပဲ ခေတ်ပေါ်တီးဝိုင်း ထည့်ခိုင်းပေါ့ ... ပိုက်ဆံပေးငှားတာ အလကား လာကခိုင်းတာမှ မဟုတ်တာ”


နောက်ဆုံးတွင် မြို့ကို ပွဲတက်ငှားသူတွေက စိန်ကိုကိုဇာတ်ကိုပင် ငှားလာကြသည်။ ခေတ်ပေါ်တီးဝိုင်းလည်း ပါသည်။ ရွာမှ သီချင်းဝါသနာပါသူတွေ တက်ဆိုနိုင်ရန် စီစဉ်ပေးမည်ဟု ဆိုသည်။ 


ဆရာတော်ဘုရားက


“ဟေ့ နောက်ပိုင်းမင်းသားကြီး အောင်နိုင်ပါရဲ့လား”


“ပါတယ်ဘုရား ... ဒီနှစ်ကတော့ ဝေသန္တရာဇာတ် ကပေးမယ်လို့လည်း ပြောလိုက်သေးတယ် ဘုရား”


“ကောင်းလိုက်တာ ... ဒကာကြီးအောင်နိုင်ကို ငါသိနေတယ် ... သူက ပုဏ္ဏားနေရာကပါမှာ သေချာတယ်”


လပြည့်နေ့မတိုင်မီ တစ်ရက်၊ လပြည့်နေ့တစ်ရက်၊ လပြည့်ကျော် တစ်ရက် စုစုပေါင်း ပွဲက သုံးညကမည်။ နောက်ဆုံးညကတော့ လူအစည်ဆုံးဖြစ်သည်။ ဆရာတော်ဘုရားက သူကြိုက်သည့် ဝေသန္တရာဇာတ်တော်ကို ယနေ့ည ကမည်ဆိုသောကြောင့် လာကြည့်သည်။ 


ဆရာတော်အတွက် သီးသန့် ပက်လက်ကုလားထိုင်ချပေးထားသည်။ ဆရာတော်က စတိတ်ရှိုးပွဲတွေပြီးမှ လာသည်။ နှစ်ပါးသွားပြီးချိန်လေး အမီဖြစ်သည်။ မိုးလင်းတော့မည်။ စတိတ်ရှိုးက ရွာသားတွေ အစွမ်းပြိုင်ကြ သဖြင့် ကြာသွားသည်။ နောက်ပိုင်းဇာတ်တော်ကြီးထွက်ချိန်ကား မိုးလင်းတော့မည်။ 


ဇာတ်ကလည်း ကောင်းသည်။ စိန်ကိုကိုက ဝေသန္တရာမင်းနေရာတွင် သရုပ်ဆောင်သည်။ တိုင်းချစ်ခင်လှရီက မဒ္ဒီမိဖုရားကြီးနေရာတွင်ဖြစ်သည်။ ကဏှာဇိန်နှင့် ဇာလီမင်းသားလေးနေရာတွင် သရုပ်ဆောင်သည့် ကလေး တွေကလည်းတော်ကြသည်။ ပုဏ္ဏားနေရာက သရုပ်ဆောင်သူမှာ ဆရာတော်အကြိုက် မင်းသားကြီး အောင်နိုင် ဖြစ်သည်။ အပြောလည်းကျ မာန်လည်းပါ။ လူတွေက မျက်ရည်သုတ်သူတွေ သုတ်ရသည်။


နောက်ဆုံး ဝေသန္တရာက သားနှင့်သမီးကို လှူလိုက်ပြီးနောက် ပုဏ္ဏားကြီးက တောထဲကို ကြိုးဖြင့် ဆွဲခေါ် ခန်းရောက်လာသည်။ ပုဏ္ဏားကလည်း ပီပြင်သည် ကလေးတွေကို ကန်လိုက်၊ ရိုက်လိုက်၊ ထိုးလိုက်။ အောက်မှ


“မလုပ်ပါနဲ့ ... မလုပ်ပါနဲ့” ဟု အော်သံပင် ထွက်လာသည်။


“ဘာတွေ ... လုပ်နီးကီးနေတာလဲ ... မိုးချုပ်တော့မယ် ... မြန်မြန်မလာနိုင်ဘူး။ ကဲ လကွယ် ... ကဲလကွယ်”


ပုဏ္ဏားက ကလေးနှစ်ယောက်ကို ခြေထောက်နှင့်ကန်သည်။ ကလေးတွေကလည်း


“ကယ်တော်မူပါ ... ကယ်တော်မူပါ .. ဖခမည်းတော် ကယ်တော်မူပါ” ဟု အော်ရှာသည်


ပုဏ္ဏား သူ့တောင်ဝှေးနဲ့ ကလေးတွေကို ရိုက်ပြန်သည်။ ကလေးတွေက လူးလိမ့်နေရှာသည်


ထိုစဉ်တွင် မမျှော်လင့်ထားသည့် အဖြစ်တစ်ခုက ဖြစ်သွားသည်။


ဆရာတော်ဘုရားက ပက်လက်ကုလားထိုင်မှ ဝုန်းခနဲထလိုက်သည်။ ထို့နောက် ဇာတ်စင်ပေါ်ကို လွှားခနဲခုန် တက်လိုက်ပြီး


“ခွေးမသား ပုဏ္ဏား ကလေးတွေကို ဒီလောက်နှိပ်စက်တာ မတော်သေးဘူးလား”


ဆရာတော်က ပြောလည်းပြော ပုဏ္ဏားလက်ထဲက တုတ်ကိုဆွဲကာ လိုက်ရိုက်သည်။ ဇာတ်ထဲက အဖွဲ့တွေက ထွက်လာပြီး ဆရာတော်ခြေထောက်ကို ဝိုင်းဖက်ကာ


“စိတ်ထိန်းတော်မူပါဘုရား ... ဇာတ်ကနေတာပါ ... တကယ်ရိုက်တာ မဟုတ်ပါဘူးဘုရား” ဟု‌ တောင်းပန်ကြ သည်။


ဆရာတော်က


“ဟာ ... ငါလခွမ်းတဲ့မှ ... မင်းသားကြီးအောင်နိုင် သရုပ်ဆောင်တာတော်ချက် ... ငါ့စိတ်လွှတ်သွားတယ်” ဟုပြောကာ ရယ်နေသည်။


မင်းသားကြီး အောင်နိုင်က ကြောက်ကြောက်နှင့်ထွက်လာပြီး ဆရာတော်ကို ဦးချသည်


“ဆရာတော်ဘုရား ... တပည့်တော် ပွဲကတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီဘုရား ... ဒီလို ဇာတ်စင်ပေါ်တက်လာပြီး ရိုက်တာမျိုး တစ်ခါမျှ မခံဖူးပါဘုရား”


“ဒကာက ဒီညအရမ်းအသက်ပါနေတာကိုး ... သရုပ်ဆောင်တာတော်လှကွယ်”


“မှန်လှပါ ... အကောင်းဆုံးကနေတာပါဘုရား ... ဆရာတော်ဘုရားရိုက်တာကို ခံရတာ ကျေနပ်လှပါတယ်”


“အိမ်း ... ကောင်းတော့ကောင်းတယ် ... ကလေးတွေကို နှိပ်စက်တဲ့အခန်းကျော်လိုက် ... ဒီလောက် မလိုဘူး ... မင်းသားကြီး တော်ပါပေတယ် ... ယုတ်မာပြတဲ့နေရာမှာပြောတာ”


ဆရာတော်က ပြန်ဆင်းလာသည်။


ဇာတ်ဆက်ကသည်


မိုးလင်းပြီ။


တင်ညွန့်


၁၄.၃.၂၀၂၁