ကျွန်တော့်ဆရာ

 ကျွန်တော့်ဆရာ

---------------

ကျွန်တော် “ကျောင်းဆရာမှတ်တမ်းစာအုပ်” ဖြင့် ကျောင်းဆရာဘဝကို မှတ်တိုင် စိုက်နိုင်ခဲ့ပါသည်။ ထိုစာစုများ သည် Facebook ပေါ်တွင်သာရေးပြီး ကျွန်တော့်ဘဝအပြောင်းအလဲကို ဖြစ်စေခဲ့သော သမိုင်းတစ်ခုလည်း ဖြစ်ခဲ့သည်။ 


ထိုစာအုပ်နှင့် ပတ်သက်ပြီး ကျွန်တော့်ကို အင်တာလာဗျူးဖူးသည်။


“ဆရာ့ဘဝမှာ တပည့်ဆိုးလေးတွေကို တွေ့ဖူးသလား” ဟု မေးခွန်းမေးသူက မေးသည်။


ထိုမေးခွန်းအတွက် အဖြေက ရှိပြီးသားဖြစ်သည်။ ထိုအဖြေကို ကျွန်တော် ဆရာတစ်ဦးကိုလည်း ပြန်ဖြေခဲ့ ဖူးသည်။


“ကျွန်တော့်ဘဝမှာ တပည့်ဆိုးတွေနဲ့ မကြုံခဲ့ဖူးပါ ... ဆရာဆိုးတွေနဲ့ပဲ ကြုံဖူးပါတယ်” 


ကျွန်တော်က စိတ်ထဲ နှလုံးသားထဲက ခံစားချက်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။ 


ကျွန်တော်ကျောင်းဆရာဖြစ်သည့်အခါ 


တပည့်များကို ဘယ်သောအခါမျှ အထင်မသေးပါနှင့်၊ အထင်သေးသည့်စကား မပြောမိပါစေနှင့်၊ ဘယ်တော့မှ မနှိမ်ပါနှင့်” ဆိုသည့် “နှင့်” သုံး “နှင့်” ကို လက်ကိုင်ထားခဲ့သည်။ 


အဘယ်ကြောင့်နည်း


ကိုယ်တိုင်က အနှိမ်ခံဘဝမှ ရုန်းထွက်ကာ ယခုလို ဘဝမျိုးသို့ ရောက်လာရခြင်းကြောင့်ဖြစ်သည်။ 


ကျွန်တော်ကိုယ်တိုင်က ၇ တန်းကျောင်းသားဘဝလောက်တွင် ကောင်းသည့်ကောင်တစ်ယောက် မဟုတ်ခဲ့ပါ။ ထိုခေတ်က လမ်းသရဲခေတ်ဖြစ်သည်။ သမန်းကျားဆိုသည့် ရုပ်ရှင်ဇာတ်ကားကလည်း ခေတ်စားနေသည်။ ဆံပင်ရှည်ထားကြသည်။ ခေါင်းလောင်းဘောင်းဘီဝတ်ကြသည်။ 


ကျွန်တော်က ခေါင်းလောင်းဘောင်းဘီမဝတ်သော်လည်း ဆံပင်ရှည်ထားမိသည်။ ဆံပင်ရှည်ထားခြင်းနှင့် ပတ် သက်ပြီး သမန်းကျား ရုပ်ရှင်ထဲတွင်ပင်ထင်သည် ပြောသွားသော စကားလေးတစ်ခွန်းကို မှတ်မိနေသည်။


“ဆံပင်ရှည်တိုင်း လမ်းသရဲမဟုတ် ... လမ်းသရဲတိုင်းတော့ ဆံပင်ရှည်ကြသည်” ဆိုသော စကားလေးဖြစ်သည်။


ကျွန်တော်တို့ လူငယ်တွေက ဆံပင်ရှည်တိုင်း လမ်းသရဲမဟုတ်ဆိုသည့် စကားကို သဘောကျကာ ဆံပင်အရှည် ထားကြသည်။


ထိုခေတ်က ဆံပင်ရှည်ထားရသည်မှာ ပြဿနာရှိသည်။ ပထမဆုံး အိမ်က မိဘတွေက မကြိုက်။ ဒုတိယ ကျောင်းတွင် ဆရာတွေကမကြိုက်။ မကြိုက်သည့်အထဲတွင် ဆရာတစ်ဦးကတော့ အဆိုးဆုံးဖြစ်သည်။ သူက ဆံပင် ဂုတ်ထောက်နေသူများကို ကြိမ်ဖြင့် လိုက်ရိုက်သည်။ အတင်းညှပ်ခိုင်းသည့်အထဲတွင် ပါသည်။ ဂက်စတာပို တစ်ယောက်လို လက်သံပြောင်သည်။ သူ့ကို ကျောင်းသားတွေက ကြောက်ကြသည်။ ကျွန်တော်လည်း အစပိုင်းက ကြောက်သည်။ သို့သော် သူ၏ ကျောင်းသားတွေအပေါ် ဆက်ဆံသည့်စိတ်ကို မကြိုက်သောကြောင့် အကြောက် တရားမှ အမုန်းတရားအထိ ကျွန်တော့်စိတ်က ပြောင်းသွားသည်။


အမုန်းဖြစ်သွားသည့်အခါတွင် အရွဲ့တိုက်တော့သည်။ အရွဲ့တိုက်ပြီး တားမြစ်ထားသည်များကို ဖောက်ဖျက်လေ၊၊ သူက နှိပ်ကွပ်လေ ကျွန်တော်က မုန်းလေဖြစ်သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုအမုန်းတရားက တွန်းအားတစ်ခုဖြစ်သွားစေခြင်းပင်။ 


ထိုဆရာက အင်္ဂလိပ်စာသင်သည်။ သူ့အချိန်ရောက်တိုင်း ကျွန်တော် အရိုက်ခံရသည်။ လူဆိုးတစ်ယောက် ဖြစ်သည့်အပြင် မျက်နှာကြောလည်း မတည့်ပုံရသည်။ စာမေးတိုင်း အရိုက်ခံရသည်။ ကျွန်တော်ကလည်း မည်သည့်ဆရာအချိန်မဆို ဒိုင်ခံ မတ်တတ်ထ၊ အပြစ်ပေးခံနေရသူများထဲတွင် ထိပ်ဆုံးကဖြစ်သည်။ လူကလည်း အကြောကမာ၊ ပေတေတေ ကပ်တတ်တတ်ဖြစ်သောကြောင့် နောက်ပိုင်းတွင် သိလည်း၊ မသိဘူးပြောသည်။ ရလည်း မရဘူးပြောသည်။ ထို့ကြောင့် အညံ့ဆုံး အဖျင်းဆုံးစာရင်းဝင်သော်လည်း ဆယ်တန်းကို နှစ်ချင်းပေါက် အောင်သည်။


ကျွန်တော် ၉ တန်းလောက်ကစပြီး စိတ်ပြောင်းသွားသည်။ စာတွေဖတ်လာသည်။ အင်္ဂလိပ်စာကို တတ်ချင် လာသည်။ ကိုယ့်ဘာသာကိုယ် ကြိုးစားလေ့လာသည်။


“အလကားကောင်” ဆိုသည့် စကားတစ်ခွန်းကို ခံယူလိုက်ရခြင်းက အင်္ဂလိပ်စာကို စူးစိုက်လေ့လာစေရန် တွန်းအား ကြီးတစ်ခု ဖြစ်သွားစေသည်။ ကိုယ်တိုင်လေ့လာရင်း အင်္ဂလိပ်ဝတ္ထုတွေကို ဖတ်နိုင်သည့် အနေအထားတစ်ခုကို ရောက်လာသည်။


ပြန်စဉ်းစားကြည့်သည်။


အင်္ဂလိပ်စာသင်သည့်ဆရာကို မခံချင်သောကြောင့် အင်္ဂလိပ်စာကို ကြိုးစားလေ့လာပြီး အနေအထားတစ်ခုကို ရောက်လာသည်ဆိုသော် “မခံချင်စိတ်” ၏ အရင်းခံသည် မည်သူဖြစ်သနည်း။


ကျွန်တော်စာတွေဖတ်လာသဖြင့် စဉ်းစားတတ်လာသည်။ ကျွန်တော် အမုန်းဆုံးဆရာသည် ကျွန်တော့်ကို အနေအထားတစ်ခုသို့ရောက်အောင် တွန်းပို့လိုက်သူဖြစ်နေသည်။


“သူ့ကျေးဇူးငါ့မှာ ရှိပါလား ... သူ့ကို မခံချင်စိတ်နဲ့ ငါ ကြိုးစားခဲ့တာ မဟုတ်လား”


ကျွန်တော် ဆရာတစ်ယောက်ဖြစ်လာသည်။ 


ကျွန်တော့် ကျောင်းသားဘဝ ခံစားချက်လေးတွေက ရင်ထဲတွင် ကိန်းဝပ်နေသည်။ ထို့ကြောင့် ကျွန်တော်သည် ကျောင်းသားတိုင်းကို မိဘလိုတစ်မျိုး၊ ဆရာလိုတစ်နည်း၊ ညီအစ်လိုတစ်ဖုံ ဆက်ဆံသည်။ ကျွန်တော်က 


“မုန်းကြောက် ရိုသေ” ဖြစ်မှာ အလွန်စိုးရိမ်သည်။


ထို့ကြောင့်


“ချစ်ကြောက်ရိုသေ” ဖြစ်အောင် ကြိုးစားသည်။


ကျွန်တော် တာဝန်ကျသော ကျောင်းတိုင်းတွင် ဆိုးပေ့ဆိုသော ကျောင်းသားတွေကို သူတို့ မိဘတွေက အကောင်းဆုံးကျောင်းများမှထုတ်ကာ ကျွန်တော့်ထံ လာအပ်ကြသည်မှာ အဖြေတစ်ခု ဖြစ်ခဲ့သည်။


သူတို့ကျွန်တော့်ကို အကဲစမ်းကြသည်။ ဆိုးကြသည်၊ ရိုင်းကြသည်၊ မိုက်ကြသည်။ 


ကျွန်တော်က ကြက်ဥကို ကျောက်ခဲပေါ် ပစ်ချလျှင် ဘာဖြစ်သွားမည်နည်းဆိုသည့် မူကို လက်ကိုင်ထားသည်။ ကြက်ဥကို ရွှံ့ပျော့ထဲ ပစ်ချလိုက်လျှင်ရော ဘာဖြစ်သွားမည်နည်း။


သူတို့က သူတို့ရင်ဆိုင်နေရသည့်ဆရာကို အကဲစမ်းရင်း သူတို့ဆရာသည် ကျောက်ခဲမဟုတ်၊ ရွှံ့ဖြစ်နေမှန်း သိလိုက် ရသောအခါ အချိုးလေးတွေ စပြောင်းလာသည်။ ထို့နောက်တွင် ဥလည်းမကွဲ အသိုက်လည်းမပျက်ဖြစ်သွားသည်။


ယင်းသည် ကျွန်တော့်မူသာဖြစ်သည်။ 


ကျွန်တော့်ထံရောက်လာသည့် လူဆိုးလေးတိုင်း စာမေးပွဲတော့အောင်သည်။ ကျွန်တော့်မူက


“ဆိုးနိုင်သည် ... ဆိုးခွင့်ရှိသည် ... သို့သော် မရိုင်းရ”


တပည့်ဆိုးတစ်ယောက်က သူ့ဆရာတစ်ယောက်ကို အဖေလိုတစ်မျိုး၊ အစ်ကိုကြီးလိုတစ်နည်း စိတ်နှလုံးသွင်း မိသည်အထိ လက်ခံသွားလျှင် အောင်မြင်ပြီ။ ကျွန်တော့်ကျောင်းဆရာဘဝတွင် ဤနည်းကိုသာ ကျင့်သုံးခဲ့သည်။ 


တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်အမုန်းဆုံးဖြစ်ခဲ့မိသော ဆရာနှင့် ကျွန်တော် တစ်ကျောင်းတည်းတွင် ပြန်ကျသည်။ သူက ဆရာကြီး တစ်ယောက်ဖြစ်နေပြီး၊ ကျွန်တော်ကတော့ ဆရာပေါက်စတစ်ယောက်ဖြစ်သည်။ ဆရာက ကျွန်တော့်ကို တစ်နေ့တွင် ကော်ရစ်ဒါ၌တွေ့ရာ


“ဟေ့ကောင် ... ဘယ်လိုလဲကွ ... ဆရာဖြစ်တော့ ကိုယ်ချင်းစာတတ်ပြီလား”


“ဘာကိုပြောတာလဲဆရာ”


“မင်းလိုတပည့်ဆိုးမျိုးတွေနဲ့ ဘယ်နှယောက်တွေ့ခဲ့ပြီးပြီလဲ”


“တစ်ယောက်မှ မတွေ့ခဲ့ပါဘူးဆရာ”


“ဟုတ်လား ... ဘာဖြစ်လို့လဲကွ”


“ကျွန်တော်က ကျွန်တော် မဖြစ်စေချင်တဲ့ ဆရာပုံစံမျိုး မနေခဲ့တော့ တပည့်ဆိုး ဆိုတာတွေနဲ့လည်း တစ်ယောက်မှ မကြုံခဲ့ပါဘူးဆရာ ... ကျွန်တော့်ဘဝမှာ တပည့်ဆိုးဆိုတာ မရှိဘူးဆရာ ... ဆရာဆိုးဆိုတာပဲရှိတယ်”


ဆရာက ကျွန်တော့်ကို ဘာမျှမပြော နောက်ကိုလှည့်ထွက်သွားသည်။ 


ကျွန်တော်ကတော့ ဆရာသည်ဆရာဟု စိတ်ထဲတွင် ထားသော်လည်း ထိုနေ့က ပြောလိုက်မိသည့်စကားကိုပင် 


“ငါပြောလိုက်တာ မှားသွားသလား မသိဘူး” ဟု နောင်တရနေမိသည်။ 


ကျွန်တော် ဆရာလောကကို ကျောခိုင်းခဲ့ပါသည်။ 


ယမန်နှစ်က ဆရာ့ကို ကျွန်တော် ဘဏ်တွင် တွေ့သည်။ သူလည်း ပင်စင်လာထုတ်၊ ကိုယ်လည်း ပင်စင်လာ ထုတ်ခြင်းဖြစ်သည်။ 


ကျွန်တော်က ဆရာ့ကို ရိုသေစွာ သွားနှုတ်ဆက်သည်


“ဆရာ နေကောင်းတယ်နော်”


ဆရာက ကျွန်တော့်ကို သေသေချာချာကြည့်ကာ


“ဟာ ... တင်ညွန့်ကြီးပဲ” ဟု ဆိုသည်


ကျွန်တော်က


“ဟုတ်ကဲ့ဆရာ” ဟုပြန်ပြောသည်.


ဆရာက ကျွန်တော့်ကို သေသေချာချာကြည့်ပြီး


“တင်ညွန့် ... မင်း လူကြီးတစ်ယောက်ဖြစ်သွားပြီပဲ” ဟု ပြောကာ ဘဏ်ထဲမှ ထွက်သွားသည်။


ကျွန်တော်ငွေထုတ်ပြီး ဆရာ့နောက်ကို လိုက်ကြည့်သေးသည်။ သူက ဆိုက်ကားနှင့် ထွက်သွားသည်။ အဝေးကို ရောက်သွားသဖြင့် ကျွန်တော် မလိုက်တော့။


၁၆.၁၂.၂၀၂၀ နေ့က ဆရာကွယ်လွန်သွားသဖြင့် အသုဘချပြီးကြောင်း မိတ်ဆွေများတင်ထားသော ပို့စ်နှင့် ပုံကို တွေ့လိုက် မိသည်။  


စိတ်မကောင်းဖြစ်မိပါသည်။ 


တင်ညွန့်


၁၉.၁၂.၂၀၂၀