ဘွဲ့ရူးနှင့်ဘွဲထူး

 ဘွဲ့ရူးနှင့် ဘွဲ့ထူး

---------------

ဘိုးတော်ဘုရားလက်ထက်တွင် ဝန်ထောက်ဦးရွှေလေးဆိုသူရှိသည်။ တစ်နေ့ ညီလာခံတွင် ဘိုးတော်မင်းကြီးက ဦးရွှေလေးကို မေးလေသည်


“ဟဲ့ ရွှေလေး … ရှေးမင်းတွေလက်ထက်က စပါးဈေးနဲ့ ငါ့လက်ထက် စပါးဈေး ဘယ်ခေတ်က များသလဲ။ ငါ့ခေတ်မှာ စပါးဈေး ပိုပြီး သက်သာမယ်ထင်တယ်” ဟု မေးလိုက်လေသည်။

 

ဦးရွှေလေးကလည်း သူ့ကိုယ်သူ လူတွင်ကျယ်လုပ်ချင်သောကြောင့် ပညာရှိလေသံဖြင့်


“မှန်လှပါ ဘုန်းတော်ကြောင့် ရှေးမင်းတွေ လက်ထက်က စပါးတစ်တင်း တစ်ကျပ် … အရှင်မင်းကြီးလက်ထက် ကျတော့ စပါးနှစ်ခွဲ တစ်ကျပ်ဖြစ်ကြောင်းပါဘုရား” ဟု ပညာရှိလေသံဖြင့် ပြန်လျှောက်လေသည်။


အမှန်တော့် ဦးရွှေလေးသည် ဘိုးတော်ကို ပညာပြကာ လျှောက်ထားခြင်းဖြစ်သည်။ စပါးတစ်တင်းတွင် နှစ်ခွဲရှိ သောကြောင့် အတူတူပါဘုရားဟု မပြော။ တစ်တင်းနှင့် နှစ်ခွဲကို ရောပြောကာ စကားစီးလိုက်ခြင်းဖြစ်သည်။ ဘိုးတော်အနေဖြင့် ဤစကားကို ဦးပေါ်ဦးပြောလျှင် ရယ်ဖွယ်ရာအဖြစ် သဘောထားကာ လက်ခံကောင်း လက်ခံနိုင်သော်လည်း ပညာမဲ့က ပညာရှိယောင်ယောင် စကားစီး ပြောသည်ကို စိတ်ထဲတွင် မျက်လေသည်။


“အင်း ဒီကောင်တော့ရှိစေ” ဟု စိတ်တွင်တေးကာ ညီလာခံသိမ်းလေသည်။


ဘုရင်ကို စကားစီးပိုးလျှောက်ခွင့်ရခဲ့သောကြောင့် မြောက်တောက်တောက်ဖြစ်နေသော ဦးရွှေလေးသည် အိမ်ပြန်ရောက်သည့်အခါတွင် သူ့ဇနီး ဝန်ကတော်ကြီးကို ပြောလေသည်


“မယ်မင်း … ငါ့အား ဘဝရှင်မင်းတရားကြီးက ရာထူးအဆင့်ဆင့်ပေးသနားတော်မူသဖြင့် ဝန်ထောက်ရာထူး ရခဲ့ပြီ။ သို့သော် ငါ့အား ရွှေလေးဟုသာ ခေါ်ကြသည်။ ငယ်မည် ရွှေလေးပျောက်စေရန် ဘွဲ့တစ်ခုခု မင်းဘုရား ထံတွင် တက်တောင်းရကောင်းမည်။ လက်ဆောင်ပဏ္ဏာများကို ပြင်ထားလော့” ဟုဆိုလိုက်သည်။


နောက်တစ်နေ့တွင် လက်ဆောင်ပဏ္ဏာများယူကာ မင်းဘုရားထံ အခစားဝင်သည်။ 


“မင်းကြီးဘုရား ကျွန်တော်မျိုးကို ရာထူးတွေ တိုးပေးသည်မှန်သော်လည်း ခေါ်ရိုးဖြစ်သည့် ရွှေလေးဟုသာ အများက ခေါ်နေကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ ရွှေလေးနာမည် ပျောက်စေရန်အတွက် ဘွဲ့ထူးတစ်ခုကို ပေးသနားတော်မူပါရန် လျှောက်ထားအပ်ပါသည်ဘုရား” ဟု တင်လျှောက်လေသည်။


မင်းတရားကြီးကလည်း ရွှေလေးကို လက်စားချေချင်နေသဖြင့် ဦးပေါ်ဦးကို ခေါ်လိုက်လေသည်။ 


“ဟဲ့ ပေါ်ဦး”


“ဘုရား”


“ရွှေလေးက သူ့ကို ဘွဲ့တစ်ခုပေးဖို့ လျှောက်သကွယ်။ သင့်တော်တဲ့ ဘွဲ့များ ရွေးပေးစမ်းကွယ်” ဟု ခိုင်းလေသည်။


ဦးပေါ်ဦးကလည်း မနေ့က ညီလာခံတွင် ဦးရွှေလေး၏ တင်လျှောက်ပုံနှင့် ပတ်သက်ပြီး မင်းကြီးစိတ်မရွှင်ပုံကို သိထားသည်။ ထို့ပြင် ဦးရွှေလေးသည် စာမတတ်။ ကကြီး ခခွေးကို ပုတ်လောက်ရေးကာ တုတ်ထောက် ပြလျှင်ပင် မဆိုတတ်သူဖြစ်သည်။ ထို့ကြောင့် ဦးပေါ်ဦးက


“မှန်လှပါဘုရား … ဦးရွှေလေးသည် ဝန်ထောက်တစ်ဦးဖြစ်သည့် အားလျော်စွာ သူ့ရာထူးနှင့် ကိုက်ညီမည့် ဘွဲ့ဖြစ်သော သုဝဏ္ဏ ဓနုံ ဆိုသည့် ဘွဲ့အမည်သာ အသင့်ဆုံး ဖြစ်ပါလိမ့်မည်ဘုရား” ဟုလျှောက်ထား လိုက်လေသည်။


မင်းကြီးက သုဝဏ္ဏ ဓနုံ ဆိုသည့် ပါဠိစကား၏ အနက်ကို ကောင်းစွာ သိသောကြောင့် ပြုံးလေသည်။


“ကိုင်း ယနေ့ကစပြီး ရွှေလေးကို သုဝဏ္ဏ ဓနုံဘွဲ့ ပေးအပ်လိုက်သည်” ဟု မိန့်တော်မူလိုက်လေသည်။ 


ဦးရွှေလေးလည်း နောက်တစ်နေ့ညီလာခံတွင် သူ့ကိုယ်သူ ကြေညာသည်


“ဘိုးဘိုးတို့ ယနေ့ကစပြီး ကျွန်ုပ်ကို ရွှေလေးဟု ခေါ်နေခြင်း မပြုကြနှင့် … မင်းဘုရားက ကျွန်ုပ်အား သုဝဏ္ဏ ဓနုံ ဆိုသည့် ဘွဲ့အပ်နှင်းပြီးသား ဖြစ်သောကြောင့် ဘွဲ့အမည်ကိုသာ ခေါ်ကြပါ” ဟုဆိုလေသည်။


ညီလာခံတက်ရန် ရောက်လာသော အမတ်တို့သည် ဝက်ဝက်ကွဲရယ်ကြလေသည်။


“မင်းကြီးတို့ အဘယ်ကြောင့် ရယ်ကြသနည်း”


“ဟဲ့ ရွှေလေး … နင့်ဘွဲ့အမည်ကို ဘယ်သူကပေးသနည်း”


“ဦးပေါ်ဦး ကပေးပါသည်”


“မင်းကွယ် အ,ရန်ကော … သုဝဏ္ဏဆိုတာ ရွှေ … ဓနုံဆိုတာ လေးကွယ့် … နင့်အမည် ရွှေလေးက ဘယ်မှာ ပျောက်လို့လဲ … ရွှေလေးက ရွှေလေးပါပဲ”


ဦးရွှေလေးသည် မကျေမနပ်ဖြင့် ဘိုးတော်ထံအခစားဝင်ကာ


“မှန်လှပါဘုရာ ညီလာခံပွဲသဘင်တွင် ကျွန်တော်မျိုးကို ဝိုင်းဝန်းလှောင်ပြောင်ကာ ရယ်မောနေကြပါသည် ဘုရား”


“အဘယ်ကြောင့်လဲ သုဝဏ္ဏ ဓနုံရဲ့”


“သုဝဏ္ဏ ဓနုံနဲ့ ရွှေလေးဆိုတာ အတူတူပဲတဲ့ဘုရား”


“အေးလေ နင်လည်း ငါ့ကို တစ်တင်းနဲ့ နှစ်ခွဲအတူတူဟာကို လျှောက်သေးတယ်မဟုတ်လား”


“ဘွဲ့ကို ပြန်ရုပ်သိမ်းတော်မူပါဘုရား”


“မတတ်နိုင်ပေဘူး မောင်မင်း … ပေါ်ဦးပေးထားတဲ့ဘွဲ့ ငါရုပ်သိမ်းလို့ မဖြစ်ပေဘူး” ဟုဆိုလိုက်ရာ ဦးရွှေလေးလည်း ညှိုးငယ်စွာဖြင့် ထွက်ခွာလာခဲ့ရသည်။


အကယ်၍သာ ယနေ့ခေတ်တွင်


ဦးပေါ်ဦးရှိမည်ဆိုလျှင်


“ရာဇာ ဇယ ဗဟု” ဘွဲ့ထူးကို တစ်ဦးဦးအားပေးမည်မှာ သေချာသည်။ 


(ကိုးကား - ဦးပေါ်ဦးလျှောက်ထုံး၊ စာတော်ပြန်ဆရာသိန်း)


တင်ညွန့်


၇.၁၀.၂၀၂၁