ရင်ထဲကဆူး

 ရင်ထဲကဆူး

----------

ဒီနေ့မနက်လည်း ၈ နာရီတိတိမှာ သံပုံးတွေတီးကြတယ်။ ညက သံပုံးတီးပြီး အာဏာရှင်မောင်းထုတ်ပွဲ လုပ်တာ အကျယ်ဆုံး၊ အညံဆုံး၊ အညီဆုံးလို့ ဆိုရမယ်။ လူတွေက အိမ်ထဲသာမက လမ်းတွေပေါ်ပါတက်ပြီး သံပုံးတွေတီးကြတယ်။


ဟေ့ စစ်အာဏာရှင်တွေ အဲဒါ ပြည်သူတွေက မင်းတို့ကို မောင်းထုတ်နေတာ ... တောထုတ်နေတာ ထောက်ခံနေတာ မဟုတ်ဘူး။


မနက် ၈ နာရီမှာ သံပုံးသံတွေနဲ့ ပြည်သူတွေက


“ငါတို့တိုင်းပြည် အာဏာရှင်လက်အောင် ကျရောက်ပြီ” လို့ သတိပေးလိုက်တယ်


ည ၈ နာရီကျတော့


“ငါတို့ အာဏာရှင်ကို ငါတို့နည်း ငါတို့ဟန်တွေနဲ့ ဆန့်ကျင်ခဲ့ပြီ” ဆိုတာ နောက်တစ်ကြိမ် ပြန်ပြီးတော့ အတည်ပြုကြပြန်တယ်။


နယ်တွေတော့ မသိဘူး ... ရန်ကုန်ကတော့ စစ်အာဏာရှင်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုက်နေရာမှာ ရွေးကောက်ပွဲအကြိုကာလတွေ ထက်တောင် ညီညွတ်ကြတယ်။


လမ်းမကြီးတွေပေါ်မှာ ဆေးတွေနဲ့


“စစ်အာဏာရှင် ကျဆုံးပါစေ” ဆိုတာတွေ အကြီးကြီး ရေးထားတယ်။


ဓာတ်တိုင်တွေမှာ “စစ်အာဏာရှင်စနစ်ကျဆုံးရမည်” ဆိုတဲ့ စာရွက်တွေ လိုက်ကပ်တယ်


လမ်းတွေထဲမှာ လမ်းလုံးပြည့် ပူဖောင်းအနီတွေကို ချိတ်ဆွဲထားကြတယ်။


မနက်အစောကြီး လမ်းထလျှောက်တော့ လူငယ်လေးတွေ ပြင်ဆင်နေကြတယ်။ အလံတွေ၊ ဆိုင်းဘုတ်တွေ၊ ဓာတ်ပုံတွေ။ သူတို့ မြို့ထဲကို သွားကြတော့မယ်။ ဒီနေ့ဟာ စစ်အာဏာရှင်တွေ မတရား စိုးမိုးသိမ်းပိုက်ထားတဲ့ တစ်ပတ်ပြည့်နေ့ပဲ။ မြို့ထဲမှာ ပိုပြီးတော့ ကြီးကျယ်တဲ့ ပြည်သူ့ဆန္ဒဖော်ထုတ်မှုတွေ၊ စစ်အာဏာရှင်ဆန့်ကျင်မှုူ တွေ ဖြစ်လာမယ်ထင်တယ်။


လူငယ်တွေကိုပဲ အားကိုးရတော့မယ်။ ကျွန်တော်တို့ ၈၈ တုန်းက လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ခဲ့ကြ ပြီးပြီ။ မအောင်မြင်ခဲ့ပေမယ့် ခုတစ်ကြိမ် လူငယ်တွေရဲ့ အားနဲ့ ဆင်ခြင်စဉ်းစားနိုင်စွမ်းကို ယုံတယ်။ အောင်ရမယ်


ဟောင်ကောင်မှာ လူငယ်တွေ ဘယ်လို လှုပ်ရှားသလဲ


ထိုင်းမှာ လူငယ်တွေ ဘယ်လို လှုပ်ရှားနေကြသလဲ လေ့လာကြည့်ကြစေလိုပါတယ်။ 


၈၈ တုန်းက သတင်းအချက်အလက်တွေ ဒီလိုမသိရတော့ ကြိုတင် ဆောင်ရန်၊ ရှောင်ရန်တွေ မလုပ်နိုင်ခဲ့ကြ ဘူး၊ ခုအချိန်က သတင်းအချက်အလက်ဆိုတာ လူတိုင်းလက်ထဲမှာရှိနေတော့ ခိုင်လုံတဲ့ သတင်းတွေကို ရှာဖတ် ကြပါ၊ ဝေဖန်ပါ၊ ဆန်းစစ်ပါ၊ ယုံသင့်မှ ယုံကြပါ။


တိုင်းပြည်တစ်ပြည်ကို အာဏာသိမ်းတယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ကို လူအုပ်စုတစ်စုက သူတို့ လူတစ်စုအကျိုးအတွက် ဆောင်ရွက်တာပဲဖြစ်တယ်။


အာဏာသိမ်းမှုမှန်သမျှ ပြည်သူ့အကျိုးအတွက် လုပ်တာပြောရင်


“ချေးကြိုက်လို့ ချေးစားပြောတာ” လို့ ယူဆလိုက်ပါ။


အာဏာသိမ်းတာ 


တိုင်းပြည်အနာဂတ်ကို ဖျက်တာ


လူငယ်တွေရဲ့ အနာဂတ်ကို နင်းချေတာ


ပြည်သူတွေရဲ့ နှလုံးကို ဆူးအခါခါ ရိုက်သွင်းတာ


ယခင်ဆူးတွေ မထွက်သေးဘူးဟေ့ ... နောက်ဆူးတွေ ထပ်စိုက်နေတာ


ပြည်သူလူထု


အပြင်ကိုထွက်လာ


တိုင်းပြည်မပျက်ပါ


မင်းတို့လက်နက်တွေနဲ့ထွက်လာ


ပစ်ခတ်လာမယ်ဆိုမှသာ


ပြည်သူတွေက မင်းတို့အပေါ် 


ယုံကြည်ချက်တွေ ထာဝရ ပျက်သုဉ်းကုန်မှာ


“စစ်အာဏာရှင်စနစ် ပျက်သုဉ်းရမည်”


“ပြည်သူ့ဒီမိုကရေစီ အောင်ပွဲခံရမည်”


တင်ညွန့်


၈.၂.၂၀၂၁