အထင်နှင့်အမြင်

 အထင်နှင့်အမြင်

--------------------

လက်ထပ်ပြီးသူတွေက ကွာရှင်းချင်ကြသည်။


လက်မထပ်ရသေးသူတွေက လက်ထပ်ချင်နေကြသည်။


ကလေးတွေက လူကြီးဖြစ်ချင်ကြသည်။


လူကြီးတွေက ပြန်ပြီးငယ်ချင်နေကြသည်။


လူမသိသူတွေက ကျော်ကြားချင်ကြသည်။


ကျော်ကြားသူတွေက လူသိမခံဖြစ်ကြပြန်သည်။


နေ့တိုင်းလှုပ်ရှား မနေမနားကြိုးစားနေရသူတွေက နားချင်နေကြသည်။


မလှုူပ်ရှားနိုင်သူတွေက ခဏလေးဖြစ်ဖြစ် မတ်တတ်ရပ်ချင်ကြသည်။


ဖြစ်ချင်တာလည်းမဖြစ်ရ၊ မဖြစ်ချင်တာတွေ ဖြစ်နေရတာက ဘဝဖြစ်သည်။


မိမိနေရခိုက်အချိန်လေး၊ အသက်ရှင်နေရချိန်လေးတွင် ကြိုးစားကာ ရှင်သန်နေကြရန်လိုသည်။


လူဆိုတာကခက်သည်။ မိမိရပ်နေသောမြက်ခင်းထက် အခြားမြစ်တစ်ဖက်ကမ်းကမြက်ခင်းကို ပိုပြီးစိမ်းသည် ဟူ၍ ထင်နေတတ်ကြသည်။


လောကတွင် လူတွေက အစစ်ထက်၊ အတုကိုတန်ဖိုးထားနေတတ်ကြသည်။


အတုအယောင်တန်ဖိုးများ (Pseudo-Values) ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုတွင် အတွင်းလှိုက်ကာ တိုက်စားနေတတ်သည်။ အတုကို အစစ်ထက်တန်ဖိုးထားကာ ကိုးကွယ်လိုခြင်းမှာ အတွင်းလှိုက်စားနေသည့် ပြည်တည်အနာထက်ပင် ဆိုးရွားလှသည်။


အစစ်အမှန်တန်ဖိုး (Real Value) ဆိုသည်မှာ အဘယ်နည်း။


အစစ်အမှန်တန်ဖိုးဆိုသည်မှာ အမှန်တကယ်အကျိုးပြုနိုင်မှုအပေါ်တွင် အခြေခံသည်။ သို့သော် အတုအယောင် တွေက လွှမ်းမိုးလာသောအခါတွင် မူလတန်ဖိုးတွေ ကွယ်ပျောက်မှေးမှိန်နေရတော့သည်။ အများအကျိုးကို စေတနာထားကာ လုပ်ဆောင်နေသူထက်၊ ဟန်ဆောင်လုပ်ပြနေသူတွေအပေါ် သာယာအထင်ကြီးခြင်းကြောင့် လူတွေသည် အတုအယောင်တန်ဖိုး၏ သားကောင်များ ဖြစ်သွားကုန်ကြသည်။


ဥပမာပြရလျှင်


ရွှေအစစ်ကိုမပြဘဲ ရွှေရောင်သုတ်ထားသည် နွားချေးခဲကို အတင်းအဓမ္မလက်ခံခိုင်းနေသည့် စိတ်ဓာတ်မျိုး ဖြစ်သည်။


အတုအယောင်သမားတွေသည် တန်ဖိုးကို အပေါ်ယံဖြင့်သာ တိုင်းတာတတ်ကြသည်။


စာအုပ်ထဲကစာတွေကိုမသိဘဲ၊ စာအုပ်အဖုံးလောက်ကိုကြည့်ကာ စာအုပ်ကောင်းတစ်အုပ်ဟု ပြောဆိုခြင်းမျိုး လည်းဖြစ်သည်။ အတွင်းကစာသားတွေက ဝါဒဖြန့်၊ မှိုင်းတိုက်၊ အဆိပ်ခပ်စာပေများဖြစ်သော်လည်း မျက်နှာဖုံးက ရွှေရောင်စာလုံးတွေကိုကြည့်ကာ စာအုပ်ကောင်းဟူ၍ သတ်မှတ်နေခြင်းမျိုးလည်း ဖြစ်နိုင်သည်။


လူတွေကို မည်သူနည်း (Character) ဆိုခြင်းထက်၊ ထိုသူတွင် ဘာတွေပိုင်ဆိုင်သနည်း (Possession) ဆိုသည် ကိုသာကြည့်ကာ ထိုသူနောက်ကို အရူးအမူးလိုက်နေသောသူတွေကလည်း လောကတွင်များစွာ ရှိနိုင်ပါသည်။ လူထက် သူပိုင်ဆိုင်မှုနောက်ကိုလိုက်ရင်း (Possession) ၏ကျေးကျွန်ဘဝနှင့် အဆုံးသတ်သွားနိုင်သည်။


အတုအယောင်တွင် တန်ဖိုးရှိနေသည်။ ထိုတန်ဖိုးမှာ လူအများက “အဲဒါအမှန်” ဟူ၍ ဝိုင်းပြီး သတ်မှတ် လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် တန်ဖိုးတု တန်ဖိုးယောင်ဖြစ်သည်။ ဆိုလိုသည်မှာ ပညာနည်းလျှင် လူတစ်သောင်းလောက်က ထောက်ခံသည့်အပေါ် ယုံကြည်သွားတတ်သည့်သဘောဖြစ်သည်။


အတုအယောင်တန်ဖိုးသည် အမှန်တရားထက် လူကြိုက်များမှု (Popularity) ကိုပိုပြီးတန်ဖိုးထားသည်။


အကျိုးရှိမည့်စကားထက် နားဝင်ချိုမည့်စကားနောက်လိုက်ခြင်းမျိုးဖြစ်သည်။


အနာဂတ်လိုအပ်ချက်ထက် လက်ရှိရွှေချထားသည့် အတွင်းကနောက်ချေးတုံးကို ရွှေတုံးထင်ကာ တပ်မက် နေကြခြင်းမျိုးဖြစ်သည်။


အတုအယောင်တန်ဖိုးကြောင့် လူတစ်ယောက်၏စိတ်သည် ဟောင်းလောင်းဖြစ်သွားနိုင်ပါသည်။ ပညာမဲ့လျှင် အတွင်းဟောင်းလောင်းကိုမမြင်နိုင်၊ အပြင်ကပြောင်လက်လက်ကိုသာ အမှန်ထင်ကြသည်။


အတုအယောင်များကို မည်သို့တိုက်ဖျက်နိုင်သနည်း။


မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်းဖြင့်သာ တိုက်ဖျက်နိုင်ပါသည်။


“ငါသည် အပေါ်ယံရွှေမှုန်ကြဲပြီး အတွင်းကနွားချေးခံထားသည်ကို ယုံကြည်နေပြီလား”


တင်ညွန့်


၂၁.၁.၂၀၂၆