‎ငါ့လင်နှင့် ငါ့သမီး(စ/ဆုံး)

 ‎ငါ့လင်နှင့် ငါ့သမီး(စ/ဆုံး)


‎——————–

‎“အမေရေ မီးလာတယ်တော့”

‎“ဟဲ့ မီးလာတာများ နင့်လင်ပြန်လာသလို ဘာဖြစ်လို့ အော်နေရတာလဲ”

‎“အမေကလည်း ဒီအချိန်က မီးလာချိန်မှ မဟုတ်တာ”

‎“အေး ဒါဆိုရင် သေချာတယ် … ဟို လူကြီးဆိုတဲ့ဟာတွေ လာလို့ပဲဖြစ်မယ်”

‎“အမေရယ် ကျုပ်တို့လို ရပ်ကွက်ကို ဘယ်လူကြီးက လာမှာလဲ”

‎“ဟဲ့ မီးလာတယ်ဆိုတာ နင့်တစ်အိမ်တည်းကို ပေးတာမှ မဟုတ်တာ။ မီးပေးရင်း တစ်လိုင်းလုံး ပေးရတာ။ တို့လိုင်းက အဲဒီ လူကြီးဆိုတဲ့ဟာတွေလာတဲ့ လိုင်းနဲ့ ဆက်နေလို့ ဖြစ်မှာပေါ့။ ကဲ မီးလာတုန်း ထမင်းတည် လိုက်။ မီးသွေးကုန်တော့မှာနဲ့ အတော်ပဲ။ မီးသွေးတစ်အိုးစာ သက်သာလည်း နည်းသလား”

‎“အမေကလည်း အမေ့မီးကို အမေ့ယောက်ျားကြီးလောက်ကို ယုံနေတာကိုး … စောင့်ကြည့်လိုက်ပါဦး။ မီးပေးတဲ့လူက ခလုတ်များ မှားချိန်းသလားမှ မသိတာ”

‎“လျှာမရှည်နဲ့ အသင့်ပြင်ထား … မီးလာတုန်းလေး ဟိုဘက်ရပ်ကွက်ကို ကူးလိုက်ဦးမယ်”

‎“အမေကလည်း ဘာသွားလုပ်မှာလဲလို့”

‎“ဟဲ့ ကိုရီးယားကားလေး လာတုန်းကြည့်ရမှာ။ ဒီအချိန်လောက်ဆိုရင် လာနေပြီ”

‎“အမေ့လင်ကြီးလာရင် ဘာပြောလိုက်ရမလဲ”

‎“ဟဲ့ အဲဒီသေနာက ဒီအချိန်ဆိုရင် အရက်ဆိုင်မှာ မလာသေးဘူး”

‎“အမေ မြန်မြန် ပြန်လာခဲ့နော် … အမေ့လင်ကြီးက မူးလာရင် ရစ်လွန်းလို့။ ကျုပ်က သိပ်ကြည့်ရတာ မဟုတ်ဘူး”

‎“အေးပါ ပြီးတာနဲ့ ပြန်ခဲ့မယ်။ ထမင်းအိုးသာ တည်ထားလိုက်”

‎“မဖြစ်သေးပါဘူး။ အမေချဲဖိုးပေးဖို့ ပေါင်ထားတဲ့ တီဗီလေး ပြန်ရွေးနိုင်အောင် လုပ်ပါဦး”

‎“ဟဲ့ ကောင်မ ရှည်လိုက်တာ … လွတ်ကုန်တော့မှာပဲ”

‎အမေဖြစ်သူက အိမ်ပေါ်မှ ပြေးဆင်းသွားသည်။

‎“အင်း … ထမင်းတည်ဦးမှ … မီးလာတုန်းလေး”

‎သူက ထမင်းအိုးတည်ရန်ပြင်သည်။ ဆန်ကို ရေဆေးသည်။ အိုးထဲထည့်ပြီး ခလုတ်နှိပ်လိုက်သည်။ ကန်စွန်းရွက်တွေကို ချွေရန် ပြင်နေစဉ်မှာပင်

‎“ဟဲ့ မိခင်လှ” ဟု အော်သံကြားလိုက်ရသည်။

‎“သေနာကြီး ပြန်လာပြီ” သူက ရေရွတ်လိုက်ပြီး မီးဖိုခန်းထဲက ထွက်လိုက်သည်။

‎“အမေမရှိဘူး … ဟိုဘက်လမ်းမှာ တီဗီသွားကြည့်တယ်”

‎“ဒီကောင်မ အိမ်ကို ကပ်တယ်မရှိဘူး … ထမင်းဆာတယ် … ထမင်းခူး”

‎“ထမင်းက ခုမှ တည်ထားတုန်း … ဟင်းကမရှိဘူး။ ကန်စွန်းရွက်ကြော်မလို့”

‎“မြန်မြန်လုပ် … ဆာနေပြီ”

‎“ထမင်းအိုးက ခုမှတည်တာ”

‎“သောက်ချိုးကို မပြေဘူး … ငါထကန်လိုက်ရ”

‎“ရှင်ကန်ချင်တိုင်း ကန်ရအောင် ရှင့်သမီးလား”

‎“စကားမများနဲ့ … နင့်အမေက ငါ့မယား”

‎“အမေက ရှင့်မယားဖြစ်တိုင်း ကျွန်မ ရှင့်သမီးမဟုတ်ဘူး။ ပထွေးက ပထွေးလိုနေ။ ရှင်ကန်ချင်တိုင်း ကန်လို့မရဘူး”

‎“တယ် … လျှာရှည်လိုက်တာ … နားငြီးတယ်”

‎“ဟာ”

‎ထိုစဉ် မီးပြတ်သွားသည်။

‎“ဟာ … ဒီမီးကလည်း … ထမင်းအိုး တန်းလန်းကြီး ဒုက္ခပဲ …”

‎သူက မီးဖိုခန်းထဲ ဝင်သွားသည်။ ဖယောင်းတိုင်ကို လိုက်ရှာသည်။ မီးခြစ်ကို ခြစ်လိုက်ပြီး ဖယောင်းတိုင်ကို ထွန်းလိုက်သည်။ ပေါင်းအိုးထဲမှ ထမင်းအိုးကို ထုတ်လိုက်သည်။

‎“စိတ်ညစ်တယ် … တိုးလိုးတန်းလန်းနဲ့ ပြန်တည်ရဦးမယ်”

‎“ဖူး”

‎သူ့နောက်က ဖယောင်းတိုင်ကို မှုတ်လိုက်သည်။

‎“အို ဘာလုပ်တာလဲ”

‎မီးမှောင်ကျသွားသည်။

‎“အား … အမလေး”

‎မီးကပြန်လာပြန်သည်။ သူ့လက်ထဲတွင် ဓားကိုင်ထားသည်

‎“ခွေးသူတောင်းစား … ဒါမျိုးလာမလုပ်နဲ့ မရဘူး”

‎“နင် … နင် ငါ့ကို ဓားနဲ့ထိုးတယ် … ကယ်ကြပါ”

‎လူတွေရောက်လာသည်။

‎သူ့အမေ ရောက်လာသည်။

‎“ဟင် … နင် ငါ့လင်ကို ဓားနဲ့ထိုးတယ် … ဟုတ်လား … အမလေး … ခွေးတိရစ္ဆာန်မ။ ငါ့လင်လေးသေပါပြီ”

‎တင်ညွန့်

‎၁၈.၂.၂၀၂၄