လက်ဦးဆရာ(စ/ဆုံး)
—————-
လူတိုင်း ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ပျိုးထောင်မှုပုံစံအမျိုးမျိုးတွင် ကြီးပြင်းကြရသည်။
ပထမပြောချင်သူမှာ ကျွန်တော့်မိခင်
အမေ့စနစ်ကိုပြောချင်ပါသည်။ အမေက ဆန်ဆေးလျှင် ဆန်ဆေးရည်ကို ဇလုံထဲထည့်ထားတတ်သည်။ ထိုဆန်ဆေးရည်ကို ပန်းကန်အကြမ်းဆေးသည်။ ထမင်းရည်ငှဲ့လျှင် ဇလုံနှင့် ခံထားသည်။
“ဝမ်းအေးတယ်” ပြောပြီး ထမင်းရည်ထဲ ထမင်းလေးနည်းနည်းထည့်ကာ ဆားနှင့်သောက်တတ်သည်။ သားတွေ သမီးတွေကို အကြော်ဝယ်ကျွေးချင် ဝယ်ကျွေးမည်။ သူကတော့ ထမင်းရည်နှင့်ထမင်းကိုသာ သောက်သည်။
အိမ်တွင် ထမင်းချက်လျှင် သွန်ပစ်ရသည်မရှိ။ ထမင်းကြမ်းမရှိ။ ဟင်းကိုလည်း သားသမီးများ ပန်းကန်ထဲ ဝေပုံနှင့် အတိအကျထည့်ပေးသည်။ အဖေ့အတွက်ဖယ်ထားသည်။ ငါးပိရည်နှင့်တို့စရာ ကြိုက်သလောက်ရ သည်။
အဖေ့စနစ်ကတစ်မျိုးဖြစ်သည်
အဖေကဈေးရောင်းသည်။ ကျွန်တော့်အထက်အစ်မနှစ်ယောက်က စောစီးစွာ အိမ်ထောင်ကျသွားသဖြင့့် ကျွန်တော်က အိမ်တွင် အကြီးဆုံးဖြစ်နေသည်။ အဖေက ကျွန်တော့်ကို မုန့်ဖိုးဘယ်တော့မှမပေး။ မုန့်ဖိုးပေး သည်ဆိုသည့်သဘောကို ဘယ်တော့မှမလုပ်။
ကျွန်တော့်အဖေနှင့် အမေက လမ်းဘေးတွင် ဈေးရောင်းပါသည်။ တမာဂူဆေးမှုန့်ကိုရောင်းသည်။ ပွတ်ချွန်းလိပ်သောက်ရသော ဆေးရွက်ကြီး အမှုန်များဖြစ်သည်။ အဖေက ကျွန်တော့်ကို ကျောင်းမှပြန်လာလျှင် အိမ်၌ ဆေးမှုန်များကို သဲချရန်ပြင်ဆင်ပေးထားတတ်သည်။ တစ်ည နှစ်အိပ်စာလောက် သဲချပြီးမှ ကျွန်တော် ကစားရသည်။
မနက်မိုးလင်းလျှင်လည်း ဈေးထဲကို ဆေးချထားသည့် ဆေးမှုန့်အိပ်များ စက်ဘီးနှင့် ပို့ပေးရသည်။ အလုပ်တွေ အားလုံးပြီးမှ
“သြော် … အေး … ကျောင်းသွားတော့လေ … ရော့ဒီမှာ မင်းလုပ်အားခ”
အဖေက ကျွန်တော့်ကို တစ်နေ့ ငါးမူးပေးသည်။ ပြား ၅၀ ကိုမုန့်ဖိုးဟု ပြောမပေး။ ကျွန်တော် ဆေးမှုန်များကို သဲချခ၊ ဈေးကိုပို့ဆောင်ပေးခအနေဖြင့်သာ သတ်မှတ်ပေးသည်။
ရေထမ်းလျှင်လည်း လမ်းထိပ်က ရေစက်ကို တစ်ထမ်း ၁၀ ပြားပေးရသည်။ အဖေက အိမ်ပြန်လာလျှင်
“မင်း ဒီနေ့ ရေဘယ်နှထမ်း ထမ်းထားသလဲ”
“၆ ထမ်းအဖေ”
အဖေက ကျွန်တော့်ကို တစ်ထမ်း ၁၅ ပြားနှုန်း ရှင်းပေးသည်။ ပြား ၉၀ တိတိကျကျ ထုတ်ပေးသည်။ တစ်ကျပ်ထုတ်ပေးလျှင်လည်း အဖေ့ကို ၁၀ ပြား ပြန်အမ်းရသည်။
အဖေက ရေစက်ကို တစ်ထမ်း ၁၀ ပြား ကျွန်တော့်ကို ထမ်းခ ၅ ပြားနှုန်း သတ်မှတ်ပေးသည်။ ထိုရေထမ်းခ များကို ကျွန်တော်က စုထားသည်။ ရုပ်ရှင်ကြည့်ရန်ဖြစ်သည်။ အဖေက တစ်ကျပ်ပေးသဖြင့် ကျွန်တော့်တွင် ၁၀ ပြားပြန်အမ်းစရာမရှိလျှင် မှတ်ထားသည်။ နောက်တစ်နေ့ ဆေးမှုန့်ထမ်းခပေးလျှင် ၁၀ ပြားလျှော့ပေးသည်။
ဤသည်မှာ ကျွန်တော်တို့သားအဖကြားရှိ စနစ်တစ်ခုဖြစ်သည်။ တိကျစွာဆက်ဆံမှုကို အဖေက ငယ်စဉ်က တည်းက ပျိုးထောင်ထားသည်။
ကျွန်တော်က အစ်ကိုအကြီးဆုံးလိုဖြစ်နေသောကြောင့် အိမ်တွင် အဝတ်လျှော်ရသည်။ မီးပူတိုက်ရသည်။ ထမင်းချက်ရသည်။ ဟင်းချက်ရသည်။ အမေက အားလုံးသင်ပေးထားသည်။ ထို့ကြောင့် ကျွန်တော် ထမင်း ဟင်းလည်းကောင်းကောင်းချက်တတ်သည်။ အဖေလည်း ဟင်းချက်ကောင်းသည်။
“ကောင်းကောင်းစားချင်ရင် ကောင်းကောင်းချက်တတ်ရတယ်” ဟုအဖေကပြောပြတတ်သည်။
ကျောင်းပိတ်ခါနီးဆိုလျှင် အဖေက ကျွန်တော်တို့အားလုံးဆီက ဗလာစာအုပ်တွေတောင်းသည်။ သူက စိတ်ရှည်စွာ ဗလာစာရွက်အလွတ်တွေကို တစ်ရွက်ချင်းဖယ်ထားသည်။ ရေးထားပြီးသားတွေကို သီးခြား ဖယ်ထားသည်။ ဗလာစာရွက်လွတ်တွေကို သေချာစွာ စာအုပ်အဖြစ် ပြန်ချုပ်သည်။ ပြီးလျှင် ပုံနှိပ်စက်သွားပြီး စာအုပ်တွေကို အနှောင့်တိပေးသည်။ ကျောင်းမတက်မီ ဗလာစာအုပ်ပေါင်းချုပ်တွေက အသင့်ဖြစ်နေပြီ။
လမ်းဘေးတွင် ဆေးမှုန့်ရောင်းပြီး အဖေက ကျွန်တော်တို့လမ်းထဲတွင် ခြံကြီးတစ်ခြံဝယ်သည်။ ထို့နောက် အိမ်ကြီး တစ်လုံးဆောက်သည်။ တစ်အိမ်လုံး ကျွန်း ပျဉ်းကဒိုးတွေနှင့်ဖြစ်သည်။ ကျွန်တော် ၁၀ နှစ်သား လောက်က ဆောက်သည့်အိမ်ကြီးမှာ ယနေ့တိုင် အကောင်းအတိုင်းဖြစ်သည်။ အဖေက ထိုခေတ်ငွေနှင့် နှစ်သောင်းကျော်သာကုန်ကြောင်း မကွယ်လွန်မီ မှတ်တမ်းလေးထုတ်ပြဖူးသည်။
အဖေနှင့်အမေသည် ဘုန်းကြီးကျောင်းထွက်များဖြစ်သည်။ သို့သော် ဘာလုပ်လုပ် စနစ်နှင့်လုပ်သည်။ အပိုဖြုန်းတီးခြင်းကို မုန်းသည်။ ဘေးထွက်လွှင့်ပစ်လိုက်ရသည်များမရှိအောင် ဂရုစိုက်သည်။ သို့ဖြစ်ရာ ကျွန်တော်တို့ မောင်နှမများကို ဈေးရောင်းပြီး ပညာတွေသင်ပေးနိုင်သည်။ လူတစ်လုံး သူတစ်လုံးဖြစ်အောင် ထားနိုင်ခဲ့သည်။
အဖေနှင့်အမေတို့သည် စကားများများမပြောတတ်။ အလုပ်များများလုပ်သည်။ သူတို့ပြောချင်သည်ကိုလည်း အပြောနှင့်မဆုံးမ။ လက်တွေ့လုပ်ပြပြီး စံနမူနာယူစေသည်။
ဆိုလိုသည်မှာ ကျွန်တော်သည် ထိုသို့သော မိသားစုအတွင်း ကြီးပြင်းလာသဖြင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုံစံကျကျ စနစ်နှင့် နေထိုင်စားသောက်တတ်သည်။
ကျွန်တော့်အဖေနှင့်အမေသည် တစ်နေ့လုပ် တစ်နေ့စား တစ်ပြားမျှမရှိသည့်ဘဝက အိုးနှင့်အိမ်နှင့် မိသားစု ဘဝတစ်ခုကို ထူထောင်လာသူများဖြစ်သည်။ သူတို့သားသမီးဖြစ်သည့် ကျွန်တော်တို့ကို ဘာတစ်ခုမျှ အလကားမရ၊ အရာရာတိုင်းတွင် သူ့တန်ကြေးနှင့် သူ့တန်ဖိုးရှိနေကြောင်း အပြောနှင့်မသင်၊ လက်တွေ့ သင်သည်။
ကျွန်တော်သည် ကိုယ်ပိုင်ဘဝတစ်ခုကို တည်ဆောက်လာသည့်အခါ ကျောင်းဆရာဘဝနှင့် စတင်ရသည်။ တစ်လလျှင် သတ်မှတ်သည့်လစာဘောင်အတွင်းမှာပင် လုံလောက်အောင် ခြိုးခြံချွေတာနေခဲ့ရသည်။ ကျောင်းဆရာ စလုပ်စက ၁၄၇ ကျပ်ကျော်ကျော်လေးသာရသည်။ ထိုခေတ် ထိုငွေနှင့်တောတွင်ဖြစ်အောင် နေသည်။
ကျောင်းဆရာဘဝကထွက်ပြီး ရန်ကုန်တွင်နေသည့်အခါတွင်လည်း စာရေးစားသဖြင့် စာရေးခလေးနှင့်သာ ကျေနပ်ရသည်။ ရေးသလောက်ရသည်။ ရအောင်ရေးပြီး ရပ်တည်နိုင်အောင် ကြိုးစားရသည်။
သို့သော် မည်သည့်နေရာရောက်စေ အဖေနှင့်အမေက ကျွန်တော့်ကို ပေးခဲ့သော အမွေမှာ
“ရှိတာလေးနဲ့ မျှအောင်စား” ရန်သာဖြစ်သည်။
အမေက အမြဲပြောသည်
“အကြွေးမရှိရင် သူဌေးပဲကွ” စကားဖြစ်သည်။
အဖေနှင့်အမေတို့လည်း ကွယ်လွန်သွားချိန်အထိ အကြွေးကင်းသည်။
ကျွန်တော်လည်း ယနေ့တိုင် အကြွေးကင်းစွာဖြင့် ရန်ကုန်တွင် ရပ်တည်နိုင်သောကြောင့် စိတ်ချမ်းသာစွာ နေထိုင်နိုင်ခဲ့သည်။
ခြိုးခြံချွေတာပြီး ဘဝကိုအကောင်းဆုံးနှင့် စနစ်တကျရင်ဆိုင်နိုင်စေရန် လေ့ကျင့်ပျိုးထောင်ပေးခဲ့သော လက်ဦး ဆရာများကိုသတိရမိသည်။
သို့သော် ကျွန်တော် ပြုစုစောင့်ရှောက်နိုင်သည့် အနေအထားတစ်ခုတွင် သူတို့မရှိကြတော့ပြီ။
#တင်ညွန့်
၂၉.၈.၂၀၁၉